- By CNI
- Category: နိုင်ငံရေး
- Hits: 221
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃
မြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်ရခြင်း၏ ရည်မှန်းချက်သည် ပြည်သူလူထု အကျိုးအတွက် ဆိုသော် ငြားလည်း လက်ရှိမြေပြင်တွင် ပြည်သူများသာ နစ်နာဆုံးရှုံးနေရကြောင်း မြန်မာ့နိုင်ငံရေး အသိုင်းအဝန်းက ပြောသည်။
မြန်မာနိုင်ငံ၏ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပေါ်လာသည့် အဓိကပြဿနာမှာ တိုင်းရင်းသားများ၏ မူလ အခွင့် အရေးများ မရခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွင် လက်နက် ကိုင်ဆောင်ထားသည့် အဖွဲ့အစည်း အသီးသီးအနေဖြင့် ကိုယ်ကျိုးစီးပွားကို အခြေခံ စဥ်းစားပြီးမှသာ နိုင်ငံအတွက် စဥ်းစားနေ ကြသည် ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် လက်နက်ကိုင် တော်လှန်ခြင်းသည် လူထုအကျိုး အတွက် ဟု ညွှန်းဆိုကြသော်လည်း တကယ့် လက်တွေ့တွင် ပြည်သူလူထုသာ နစ်နာဆုံးရှုံး နေရသည်ဟု ရခိုင့်ဦးဆောင် ပါတီ(ANP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဗန်းမောက်မြို့နယ်မှ စစ်ပြေးရှောင်များကို ကူညီထောက်ပံ့ပေးနေစဉ်
၎င်းက “လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းစေချင်တယ်။ လက်နက်ကိုင် ပဋိပက္ခတိုင်းမှာ သက်ဆိုင်ရာ လူမျိုးတွေကို ဦးတည်ပြီးမှ နိုင်ငံရေးအားဖြင့် လက်နက်ကိုင်တယ်ဆိုတာ လူထုအတွက်လို့ ပြောကြတာကို။ တချို့ကလည်း ကိုယ်မင်းကိုယ်ချင်းနဲ့ နေလာတဲ့ သူတွေဆိုရင် နိုင်ငံတော်ကို ပြန်တည်ဆောက်မယ်။ ရခိုင်လည်း ဒီလိုပြောမှာပဲ၊ မွန်လည်း ပြောမှာပဲ၊ ရှမ်းလည်းပြောမှာပဲ။ အကုန်လုံးက လက်နက်ကိုင်ပဋိပက္ခရဲ့ ညွှန်းရာကတော့ လူထုကိုပေါ့ ဗျ။ လူထုကောင်းစားဖို့အတွက် လူထုအတွက်ဆိုတာ ဒီလိုပဲ ပြောကြတာကို။ တကယ့်တကယ် ပဋိပက္ခဖြစ်တဲ့ အထဲမှာ လူထုပဲ ခံရတာလေ။ မငြိမ်းချမ်းမှုရယ်၊ အိုးပျက်အိမ်ပျက် ဥစ္စာပျက် အဓိက,က လူထုကို ကိုယ်ချင်းစာ စေချင်တယ်။ ဥပမာဆိုပါတော့ ဒီပြဿနာကြားမှာ နှစ် ၈၀ ရှိပြီ။ မြန်မာလူထုသည် လည်းကောင်း၊ ရခိုင်လူထု သည်လည်းကောင်း၊ မွန်လူထုသည်လည်းကောင်း နိုင်ငံသားအားလုံးကို ရှေးရှုပြီးမှ ပေးသင့်ပေးထိုက်တဲ့ ဥစ္စာတွေ ကို ပေးလိုက်ကြတော့ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းအောင်ပဲ လုပ်ကြပါ ဒါမျိုးလည်း လူထုက တောင်းဆိုလာ နိုင်တယ်လေ။ အဲဒီတော့ ဟိုဘက်ကလည်း လူထုအတွက် ဒါရမှ၊ ဒီဘက်ကလည်း လူထုအတွက် ငါဒါရမှ ဆိုတာ မျိုးထက် လူထု တကယ် ဘာလိုချင်သလဲ အခြေခံဥပဒေ အဲဒီကို ဦးတည်ပြီးမှ နိုင်ငံတော်အသစ်ရဲ့ တည်ဆောက် ပေးစေချင်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေး ရရှိခဲ့သော်လည်း မတ်လ၌ ပြည်တွင်းစစ် စတင် ဖြစ်ပွားခဲ့ရာ ယနေ့အထိပင်ဖြစ်သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်က NLD အစိုးရကို ဖြုတ်ချ၍ အာဏာရရှိလိုက် ပြီးနောက် နိုင်ငံတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခများ အပြင်းအထန် ဖြစ်ပွားခဲ့သလို မြို့သိမ်းတိုက်ပွဲများ ဖော် ဆောင်ခဲ့ကြသည်။
အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိသလို ကျောင်းနေ အရွယ် ကလေးငယ် ၆ ဒသမ ၃ သန်းကျော်သည် စာသင်ကျောင်းများကို စွန့်ခွာလျက်ရှိသည်။

KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်
လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ပြည်သူအကျိုးအတွက် လက်နက် ကိုင်နေရခြင်းသည်မှာ ယုံကြည်ရ ခက်ခဲကြောင်း၊ ၎င်းတို့၏ ကိုယ်ကျိုး၊ အဖွဲ့အစည်း၏ အကျိုးကြောင့်သာ လှုပ်ရှားနေကြခြင်း ဖြစ်သည်ဟု ယူဆ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တစ်နိုင်ငံလုံးအတိုင်းအတာအရ ပေါ်ပေါက်ခဲ့တဲ့ နွေဦးတော်လှန်ရေးလို့ ပြောတဲ့ထဲကနေ ပေါ်ပေါက်လာ တဲ့ PDF ဘာညာပေါ့လေ။ တစ်နိုင်ငံလုံးရဲ့ အကျိုးလို့ ပြောသော်ငြားလည်း တကယ်တမ်းတော့ သူတို့သည်လည်းပဲ အစိတ်စိတ်အမွှာမွှာ ကွဲပြားနေပြီးတော့မှ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုး သို့မဟုတ် ဝါဒတစ်ခု၏ အကျိုးအတွက်ပဲ ဖြစ်တော့ တစ်နိုင်ငံလုံး အကျိုးအတွက် လုပ်နေတယ်ဆိုတာမျိုး ဒါကြားကောင်းအောင်လုပ်တဲ့ စကားလုံးလို့ပဲ ခံယူတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပြောတဲ့ ပြည်သူ့အကျိုးဆိုတာ ဘယ်ပြည်သူလဲ၊ မြန်မာလူထု ၅၁ သန်းသော ပြည်သူကို ပြောတာလား၊ သူတို့တွေ ဆက်စပ်သော ပြည်သူကို ပြောတာလားဆိုတဲ့ စကားကို ပြန်မေး ရလိမ့်မယ် တကယ်ကို ပြည်သူ့အကျိုး လုပ်မယ်လို့ ရည်ရွယ်တယ်ဆိုတာတောင်မှ တစ်နိုင်ငံလုံး ပြည်သူအကျိုးကို လုပ်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ရင် ဒါနည်းနည်း ဆန့်ကျင်နေတဲ့ သဘောလေးတွေ ရှိတယ်ပေါ့နော်။ ဒါက ပြော တဲ့အတိုင်း တကယ်လုပ်မှ သူတို့ပြောတာတွေ တကယ်မှန်မှ ဒီတိုင်းရော တကယ် ပြည်သူ့အကျိုး ဟုတ်ရဲ့လား မိမိရဲ့ တစ်ကိုယ်ရည်အကျိုး သို့မဟုတ် မိမိအဖွဲ့အစည်းရဲ့ အကျိုး မိမိရဲ့ သက်ဆိုင်သော ပြည်သူလူထုရဲ့ အကျိုး လား ဆိုတာကတော့ သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့သော်လည်း ယနေ့အထိ သဘောတူညီမှုများ မရရှိသေးပေ။
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မြန်မာ့တပ်မတော်၊ အစိုးရတို့ကြား အာဏာခွဲဝေရေး၊ အုပ်ချုပ်ရေး ခွဲဝေရေး၊ သယံဇာတနှင့် ဘဏ္ဍာရေး ခွဲဝေရေး တို့မှာ သဘောတူညီမှု မရယူနိုင်ဘဲ ဖြစ်နေသည်။
ထို့ကြောင့် လက်နက်ကိုင် ပဋိပက္ခများလည်း ချုပ်ငြိမ်းရန် မလွယ်ကူသေးသလို ဒီမိုရေစီစနစ်နှင့် ဖက်ဒရယ်စနစ် ထွန်းကားရေးမှာလည်း မလွယ်ကူနိုင်သေးကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 75
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃
လာအိုနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် တို့သည် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော်မှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်က တွေ့ဆုံ ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကို ဆွေးနွေးကြကြောင်း သိရသည်။

သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုသမ္မတ ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်မှ ၅ ရက်နေ့ထိ သွားရောက်လျက်ရှိသည်။
မြန်မာသမ္မတ၏ ယခုခရီးစဉ်သည် မြန်မာ-လာအို နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ၁၉၅၅ -၂၀၂၆ နှစ်(၇၀)ပြည့် မြောက်သည့် နှစ်ဖြင့်လည်း တိုက်ဆိုက်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 248
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးခရီးစဉ်တွင် အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များကိုပဲ ချော့၍ အခွင့်အရေး ပေးနေမည်ဆိုပါက မဖြစ်နိုင်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
ငြိမ်းချမ်းရေးသည် အဓိကအားဖြင့် သက်ဆိုင်ရာ ဒေသအလိုက် ဌာနေတိုင်းရင်းသားများအပေါ် အစိုးရမှ အခွင့် အရေး ဘယ်လောက် ပေးမလဲဆိုသည့် အပေါ်တွင်လည်း အရေးကြီးကြောင်း ၎င်းက ပြောသည်။
ဦးလီပေါ်ရဲ့က “တစ်ဖက်က လက်နက်ကိုင် အဖွဲ့အစည်းကလည်း ဌာနေတိုင်းရင်းသားတွေက စိတ်ကျေနပ်မှု ရှိ တယ်။ ဌာနေတိုင်းရင်းသားတွေက ကျနော်တို့ ပြည်မအစိုးရက ဌာနေတိုင်းရင်းသားတွေကို ဦးစားပေးပြီး လုပ်ပေး တယ်၊ အခွင့်အရေး ပေးတယ်ဆိုရင် ဌာနေတိုင်းရင်းသားတွေ အနေနဲ့ ပြည်ထောင်စုအစိုးရကို အမြင်မစောင်းတော့ ဘူး။ အမြင်မစောင်းတော့ရင်တော့ ငြိမ်းချမ်းရေး ဆိုတာလည်း အနှေးနဲ့အမြန် ဖြစ်လာမယ်။ တစ်ဖက်က လက်နက်ကိုင် အဖွဲ့အစည်းတွေကိုပဲ ကျနော်တို့က ချော့နေတယ်၊ ပြုနေတယ်၊ အခွင့်အရေး ပေးနေတယ် အဲဒီ လောက်ပဲ လုပ်နေရင်လည်း ငြိမ်းချမ်းရေးက မရနိုင်ဘူးလေ။ ငြိမ်းချမ်းရေးက မဖြစ်နိုင်ဘူး။ အဲဒီတော့ အဓိက အရေးကြီးတာကတော့ ဌာနေတိုင်းရင်းသားတွေ အပေါ်မှာ နိုင်ငံတော်အစိုးရက ဘယ်အတိုင်းအတာအထိ ကျနော် တို့ ဌာနေတိုင်းရင်းသားတွေ အပေါ်မှာ အခွင့်အရေးတွေ ပေးမလဲ၊ ချီးမြှောက်မလဲ၊ ချီးမြှင့်မလဲဆိုတဲ့ အပိုင်းမှာ လည်း သိပ်အရေးကြီးတယ်” ဟု ပြောသည်။

UWSA နဲ့ NSPNC တို့တွေ့ဆုံဆွေးနွေးကြစဉ်
ခေတ်အဆက်ဆက် ဗဟိုအစိုးရများသည် တိုင်းရင်းသားဒေသများ၌ ဒေသန္တရဖွံ့ဖြိုးရေးအတွက် လမ်းခင်းပေးခြင်း၊ စာသင်ကျောင်းဆောက်ပေးခြင်း၊ စီးပွားရေး လုပ်ပိုင်ခွင့် အချို့ ပေးခြင်းများအား အခွင့်အရေး ပေးသည်ဟု သတ်မှတ်ခဲ့ကြကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထိုသို့ လုပ်ဆောင်ပေးခြင်းသည် စစ်မှန်သည့် ငြိမ်းချမ်းရေးကို မရရှိစေကြောင်း၊ တိုင်းရင်းသားများ တောင်းဆိုခြင်း က အစိုးရမှ ဖဲ့ပေးသည့် အခွင့်အရေးမျိုး မဟုတ်ဘဲ၊ မိမိတို့၏ ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးခွင့်ရှိသည့် ဖက်ဒရယ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မျိုးဖြစ်ကြောင်း ၎င်းတို့က သုံးသပ်ကြသည်။
အစိုးရတစ်ရပ်က ပေးသည့် အခွင့်အရေးသည် ဥပဒေကြောင်းအရ အာမခံချက် မရှိလျှင် နောက် အစိုးရသစ် တက်လာသည့်အခါ သို့မဟုတ် ပေါ်လစီ ပြောင်းသွားသည့်အခါ အချိန်မရွေး ပြန်ရုပ်သိမ်းခံရနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။
ထို့ကြောင့် အစိုးရက ပေးမည့် အခွင့်အရေးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ခိုင်ခိုင်မာမာ ပါဝင်ရန်လိုသည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက သုံးသပ်သည်။
ငြိမ်းချမ်းရေးအတွက် ဆွေးနွေးအဖြေရှာသည့် တံခါးပွင့်နေချိန်တွင် ဆွေးနွေး၍ တောင်းဆို ညှိနှိုင်းလို့ရကြောင်း၊ ထိုနည်းလမ်းသည် ထိခိုက်ဆုံးရှုံးမှုနည်းကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြော သည်။

တိုင်းရင်းသား လူငယ်များကို တွေ့ရစဉ်
၎င်းက “ဌာနေတိုင်းရင်းသားတွေကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေပါပဲ သိပ်မကွာကြပါဘူး။ အဲဒီတော့ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တိုင်းရင်းသား လက်နက်ကိုင်တွေက ဆွေးနွေး ဖြေရှင်းတဲ့နည်းနဲ့ ရယူ ဖို့၊ တိုင်းရင်းသား အခွင့်အရေးရတာက အတူတူပါပဲ။ လက်နက်နဲ့ပဲ တိုက်တိုက်၊ နိုင်ငံရေးနဲ့ပဲပြောပြောပါ။ သို့သော် လည်းပဲ ဆွေးနွေး အဖြေရှာတဲ့နည်းလမ်းက တံခါးပွင့်နေသေးတယ် ဆိုရင်တော့ ဆွေးနွေး အဖြေရှာတာက အထိ အခိုက် အဆုံးအရှုံး နည်းတာပေါ့။ ဆွေးနွေးရေးအတွက် တံခါးပိတ်နေရင်တော့ လက်နက်နဲ့တောင်းဆိုတာ ရှိပါ တယ်။ သို့သော် ဆွေးနွေးရေး တံခါးပွင့်နေရင်တော့ ဆွေးနွေးပြီးတော့လည်း တောင်းဆို ညှိနှိုင်းလို့ရတယ်ဆိုတာ ကျနော်တို့ အတွေ့အကြုံ ရှိဖူးပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ၏ ဒဏ်များအား အဆိုးရွားဆုံး ခံစားရသည်မှာ ဌာနေလူထု များသာဖြစ် သော်လည်း အင်အားချိန်ခွင်လျှာကို ထိန်းညှိရန်နှင့် နိုင်ငံရေး စားပွဲဝိုင်းများတွင် စကားပြောနိုင်ရေးမှာ EAO များက အဓိကကျသည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
EAO များသည် နိုင်ငံရေးအရ အာဏာခွဲဝေမှု၊ နယ်မြေစိုးမိုးမှုနှင့် အုပ်ချုပ်ရေး ယန္တရားများအား ပို၍ ဦးစားပေး တတ်ကြကာ ဒေသခံ ဌာနေတိုင်းရင်းသား လူထုများကမူ စိုက်ပျိုးရေး၊ မြေယာပိုင်ဆိုင်ခွင့်၊ စားဝတ်နေရေး၊ မိသားစုလုံခြုံရေးနှင့် လက်နက်ကိုင်ပဋိပက္ခများဘေးမှ ကင်းဝေးရန်ကို အဓိက လိုလားကြကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 106
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃
လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိနေသော မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို လာအိုသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်က သမ္မတအိမ်တော်(Presidential Palace)၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းမှာ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။

သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်မှ ၅ ရက်နေ့ထိ သွားရောက်လျက်ရှိသည်။
မြန်မာသမ္မတ၏ ယခုခရီးစဉ်သည် မြန်မာ-လာအို နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ၁၉၅၅ -၂၀၂၆ နှစ်(၇၀)ပြည့် မြောက်သည့် နှစ်ဖြင့်လည်း တိုက်ဆိုက်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 93
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃
ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုသည် မြန်မာနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂ ရက်က ရောက်ရှိလာပြီး မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ထိတွေ့ ဆက်ဆံမှုများ တိုးမြှင့် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ ၂၀၂၆-၂၀၂၈ ခုနှစ်ကာလအတွက် ပူးတွဲဆောင်ရွက်မည့် လုပ်ငန်းစီမံချက်(Joint Action Plan) ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများ၊ နှစ်နိုင်ငံအကြား စီးပါားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် တိုးမြှင့် ဆောင်ရွက်သွားနိုင်မည့် အခြေ အနေများကို ဆွေးနွေးခဲ့ကြသည်။
အလားတူ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍ၊ လူသားချင်းစာနာ ထောက်ထားမှုကဏ္ဍ နှင့် အခြား နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ကဏ္ဍပေါင်းစုံ၌ ဆက်လက် တိုးမြှင့် ဆောင် ရွက်သွားမည့် အခြေအနေများကိုလည်း သမ္မတ လူကာရှန်ကိုနှင့် သမ္မတ ဦးမင်းအောင်လှိုင်တို့ ဆွေးနွေးခဲ့ကြ သည်။

ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် မြန်မာနိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလက ပထမဆုံးအကြိမ် လာရောက်ခဲ့ ပြီး ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂ ရက်တွင် ဒုတိယအကြိမ် လာရောက်ခဲ့သည်။
အလားတူ သမ္မတ ဦးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က တစ်ကြိမ်၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လက တစ်ကြိမ် သွားရောက်ခဲ့ပြီး သမ္မတ လူကာရှန်ကိုနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
သို့သော်လည်း သမ္မတ ဦးမင်းအောင်လှိုင်နှင့် သမ္မတ လူကာရှန်ကိုတို့သည် ၅ ကြိမ် တိတိ တွေ့ဆုံ ဆွေးနွေးထား ပြီးဖြစ်ကြောင်း နှစ်ဦးစလုံးက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 118
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃
လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုဆစ်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင် သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်လေဆိပ်ကနေ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ သည်။
ထို့နောက် သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဖြစ်သူ ဒေါ်ကြူကြူလှတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် လာအိုနိုင်ငံသို့ ရောက်ရှိခဲ့သည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံခရီးစဉ်ကို ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ သွားရောက်ခြင်းဖြစ်သည်။

အဆိုပါ ခရီးစဉ်သည် မြန်မာ-လာအို နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၁၉၅၅ -၂၀၂၆ နှစ်(၇၀)ပြည့်မြောက်သည့် နှစ်ဖြင့်လည်း တိုက်ဆိုက်လျက်ရှိသည်။
သမ္မတ ဦးမင်းအောင်လှိုင်၏ လာအိုခရီးစဉ်မှာ လာအိုသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုဆစ်နှင့် တွေ့ဆုံ ဆွေးနွေး မည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 311
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂
မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် နောက်ကွယ်မှာ အကျိုးစီးပွားများ ပါနေခြင်း ကြောင့် အလှမ်းဝေးနေနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရပြီးနောက် မတ်လမှာ ပြည်တွင်းစစ်ဖြစ်ပွား ခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။
ထို့နောက် ခေတ်အဆက်ဆက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ရာမှာလည်း ယနေ့ထိ မရရှိသေးဘဲ အလှမ်းဝေးနေဆဲဖြစ်သည်။
ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေမှုများ ရှိသော်လည်း မိမိ၏ ကိုယ်ကျိုးစီးပွားနှင့် မိမိ၏ ဒေသအကျိုးစီးပွားများ ကိုသာကြည့်ပြီး တိုင်းပြည်နှင့်ပြည်သူလူထုအတွက် စဉ်းစားမှု နည်းပါးနေသည်ကို တွေ့ရှိရသည့်အတွက် ငြိမ်းချမ်းရေးသည် ကြန့်ကြာလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အတွေ့အကြုံ များစွာရှိသော်လည်း နောက်ကွယ်တွင် အကျိုးစီးပွား ပါဝင်လာနေခြင်းကြောင့် ငြိမ်းချမ်းရေးရရှိရန် အလှမ်းဝေးနေခြင်း ဖြစ်သည်ဟု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)မှ ပြောရေးဆိုခွင့်ရှိသူ စောခွန်ကျော်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “အဓိကတော့ ကျနော်တို့ ခေါင်းဆောင်တွေပေါ့နော် တာဝန်ရှိတဲ့ ခေါင်းဆောင်တွေ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုက ရှိဖို့လိုတယ်။ နောက် ပွင့်ပွင့်လင်းလင်း ရှိဖို့လိုတယ်။ နောက်တစ်ခုက အခု ခေါင်း ဆောင် တစ်ဦးချင်းစီတိုင်းပေါ့။ အစိုးရဘက်ကသော်လည်းကောင်း၊ တိုင်းရင်းသားခေါင်းဆောင်တွေ သော်လည်း ကောင်း တိုင်းပြည်မျက်နှာကို ကြည့်ဖို့လိုတယ်ပေါ့နော်။ တိုင်းပြည်ရဲ့ အနာဂတ်ကောင်းဖို့အတွက် ငါတို့ ဘယ်လို လုပ်သင့်သလဲ ဆိုတာကိုတော့ ကိုယ့်အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီးပွား မဟုတ်ဘဲနဲ့၊ ကိုယ့်အရပ် ဒေသတစ်ခု တည်းရဲ့ အကျိုးစီးပွားလည်း မဟုတ်ဘဲနဲ့ပေါ့ တိုင်းပြည်တစ်ခုလုံး အဲဒီလို စဉ်းစားမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေရှိ တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်ရဲ့ အမြင်အရဆိုရင် ပြောမယ်ဆိုရင် သမ္မတကြီး ဦးသိန်းစိန် လက်ထက် ကတည်းကပေါ့။ ကျနော်တို့ တိုင်းပြည်နဲ့ ပတ်သက်တာ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာ အတွေ့အကြုံတွေက မြောက်များစွာ ရှိနေပြီ။ အဖွဲ့အစည်းတွေနဲ့ လုပ်တာတို့၊ နိုင်ငံခြားမှာ သွားလေ့လာတာတို့ အဲဒီလိုပေါ့နော် ဒီလို အတွေ့အကြုံတွေ။ အစိုးရဘက်ကရော၊ တိုင်းရင်းသား ခေါင်းဆောင်တွေ ဘက်ကရော အားလုံး သိပြီးသားပေါ့ နော်။ ဒါပေမယ့် ဆက်သွားဖို့အတွက်က ခေါင်းဆောင်တွေက တိုင်းပြည်အတွက် စဉ်းစားမယ်ဆိုရင် ကျနော်တို့ အဖြေက သိပ်မဝေးတော့ဘူး။ ဒါပေမယ့် တိုင်းပြည်အတွက် မစဉ်းစားဘဲနဲ့ ကိုယ့်ရဲ့ အကျိုးစီးပွားဆိုတဲ့ဥစ္စာက နောက်ကွယ်ကနေ ပါလာမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး ရဖို့အတွက်က အလှမ်းဝေးနေအုံးမှာပေါ့နော်” ဟု ပြော သည်။
လက်ရှိတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရက် ၁၀၀ စီမံကိန်းရေးဆွဲပြီး ငြိမ်းချမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နေသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း ဇူလိုင် ၃၁ ရက် နောက်ဆုံးထား ဆွေးနွေးရန် ဖိတ်ခေါ်လျက် ရှိနေသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကောင်းမွန်သည့် ရလဒ်သည် အစိုးရအဆက်ဆက်၌ ထွက်ပေါ်လာခြင်း မရှိသည့် အတွက် ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြသည့် နည်းလမ်းကို အသုံးမပြုဘဲ နည်းလမ်းအသစ်များကို စဉ်းစားရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

NCA နှစ်ပတ်လည် တက်ရောက်လာသူများကို တွေ့ရစဉ်
၎င်းက “ခေတ်အဆက်ဆက်က အစိုးရတွေ လုပ်လာခဲ့တဲ့ ငြိမ်းချမ်းရေး ပုံသဏ္ဍာန်တွေ မျိုးစုံရှိတယ်။ အကျိုးစီးပွား တွေကို ပေးပြီးတော့မှ ညှိနှိုင်းတာရှိတယ် မျိုးစုံပေါ့လေ။ တစ်ခုမှ အဆင်ပြေပြေ ဖြစ်ခဲ့တာ မရှိဘူး။ အဲဒါဆိုတော့ ကျနော်တို့က ဝမ်းသာစရာအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် အဆင်မပြေတဲ့ နည်းတွေတော့ တွေ့ပြီပေါ့။ အဆင်ပြေ တဲ့နည်း ဘာလဲဆိုတာ ပြန်ရှာဖို့ပေါ့။ အရှေ့မှာ မှားထားပြီးသားတွေကိုပဲ ထပ်တလဲလဲ လုပ်နေရင် တူညီတဲ့ ရလဒ် ပဲ ထွက်မှာလေ။ အရင်တုန်းကအတိုင်း လုပ်ကြည့်တယ် ဒီအတိုင်းပဲ ဒီလိုပဲ ပြန်ထွက်လာတယ်ဆိုတာ ဖြစ်နေ တယ်။ ဆိုတော့ ကျနော်တို့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ရှိရင်တော့ နည်းနာအသစ်တွေက သေသေချာချာ စဉ်းစားဖို့တော့ လိုအပ်တယ်။ နည်းနာအသစ်တွေ စဉ်းစားတဲ့အခါမှာလည်း ကိုယ်တစ်ယောက်တည်းက တစ်ရေး နိုးတော့ အကြံပေါ်ဆိုပြီးတော့ စဉ်းစားပြီးတော့ ဒီနည်းက အသစ်ပဲ ငါလုပ်ကြည့်အုံးမှ ဆိုတဲ့ဟာမျိုး တွက်တာ ထက် စာလို့ရှိရင် တိုင်ပင်ပြီးတော့မှ အားလုံးက လက်ခံနိုင်တဲ့ နည်းစနစ်တွေ ဖော်ထုတ်ပြီးတော့မှ လုပ်တဲ့ဟာမျိုး ဆိုရင် ပိုပြီးတော့မှ သင့်လျော်မလားလို့ ထင်မိတယ်။ ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေးက တစ်ဦးတစ်ယောက် တည်းနဲ့ သက်ဆိုင်နေတာ မဟုတ်ဘူးလေ။ အားလုံးနဲ့ သက်ဆိုင်နေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အားလုံးရဲ့ ပိုင်တဲ့ ပိုင်ခွင့်ဖြစ်တာပေါ့။ ဒီထဲမှာ တစ်ဦးတစ်ယောက်တည်း ရသွားတာမျိုး မဟုတ်ဘဲနဲ့ အားလုံးက ငါတို့အားလုံး ပူးပေါင်းလိုက်ပြီးတော့မှ ဒီရလဒ်လေး ထွက်လာတယ်၊ ဒါသည် အားလုံး ပူးပေါင်းမှုရဲ့ ရလဒ်ဖြစ်တယ်ဆိုတဲ့ဟာမျိုး ဘယ်လိုပုံစံမျိုး ဖော်ထုတ်ပေးမှာလဲ ဆိုတဲ့ဟာက အရေးကြီးတယ်လေ” ဟု ပြောသည်။
လက်ရှိတွင် NSPNC သည် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် ဇွန်လ ၄ ရက်ကလည်းကောင်း၊ NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ (7 EAO Alliance) တို့နှင့် ဇွန်လ ၉ -၁၀ ရက်များ က လည်းကောင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် ဇွန်လ ၁၂ ရက်က လည်းကောင်း တွေ့ဆုံ ဆွေးနွေး ထားသည်။
အလားတူ NSPNC သည် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA)နှင့် ဇွန်လ ၁၇ ရက်တွင် လည်းကောင်း၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နှင့် ဇွန်လ ၁၈ ရက်တွင်လည်းကောင်း တွေ့ဆုံ ဆွေးနွေးထားသည်။
သို့သော် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များသည် အာဏာခွဲဝေရေး၊ အုပ်ချုပ်ရေး ခွဲဝေရေး၊ သယံဇာတနှင့်ဘဏ္ဍာရေး ခွဲဝေရေး တို့တွင် အကျိုးစီးပွားများ ပါဝင်နေခြင်းကြောင့် ညှိနှိုင်းရေးမရဘဲ ယနေ့ထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အလှမ်းဝေးနေဆဲဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 224
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများသည် လက်နက်မကိုင်လျှင် လူရာမဝင်သည့် အသိစိတ်ဓာတ်များ ဝင်ရောက်နေသည်ဟု လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများသည် တိုင်းရင်းသား တန်းတူညီမျှ အခွင့်အရေး ရရှိရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီစနစ် ထွန်ကား ရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေးစသည့် အချက်များအား တောင်းဆိုကာ လက်နက်ကိုင်တော်လှန် လျက် ရှိသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်များ အားလုံးသည် လက်နက်ကိုင် တော်လှန်နေကြခြင်းမျိုး မဟုတ်သကဲ့သို့ လက်နက်ကိုင် တော်လှန်နေကြသည့် လူမျိုးများမှာ အနည်းငယ်သာရှိကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် ကျန် တိုင်းရင်းသား မျိုးနွယ်များ အပေါ်တွင် ရသင့်ရထိုက်သည့် အခွင့်အရေးများ ပေးရန်လည်း စဥ်းစားသင့်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်များသည် လက်နက်မကိုင်လျှင် အရာမဝင်ဘူးဟု အသိစိတ် ဝင်နေ ကြောင်း၊ အစိုးရအနေဖြင့် တိုင်းရင်းသား လူမျိုးများ အားလုံးအပေါ် တန်းတူညီမျှမှု ရရှိနိုင်ရေးအတွက် လက်တွေ့ ဆောင်ရွက်ရန် လိုအပ်သည်ဟု လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနား တက်ရောက်လာသူများကို တွေ့ရစဉ်
၎င်းက “ကျနော်ပြောသလိုပေါ့နော် အဓိက,က တန်းတူရေးပဲ။ ကျန်တဲ့တိုင်းရင်းသား မျိုးနွယ်စုတွေကိုလည်း လက်နက်ကိုင်တဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ရသလို သူတို့ကို အခွင့်အရေးပေးသလို ပေးရပါမယ်။ ဘာဖြစ် လို့လဲဆိုတော့ တိုင်းရင်းသားတွေ အခု ၉၀ ရာခိုင်နှုန်း တိုင်းရင်းသားတွေက အခုသူတို့ရဲ့ ခံယူချက်ထဲမှာ မြန်မာ နိုင်ငံမှာ လက်နက်မကိုင်ရင် လူရာမဝင်ဘူးလို့ လက်နက်ရှိမှ လူရာဝင်တယ်ဆိုတဲ့ အသိစိတ်ဓာတ်တွေက ဝင်နေ တယ်။ အဲဒီတော့ အဲဒီ အသိစိတ်ဓာတ်ကို နိုင်ငံတော်အစိုးရ၊ နိုင်ငံတော် ခေါင်းဆောင်များက ဒါကို ပြေပျောက် အောင် လုပ်နည်းလုပ်ဟန်နဲ့ လုပ်ရပါမယ်။ အဲဒါမှလည်း ကျန်တဲ့တိုင်းရင်းသား မျိုးနွယ်စုကလည်း ကျေနပ်မှုရှိပြီးမှ သူတို့အနေနဲ့ နိုင်ငံတော်အပေါ်မှာ အစဉ်အမြဲပဲ ကျေးဇူး တင်နေမှာ ဖြစ်တယ်။ ဒီကိစ္စမှာ အချို့တိုင်းရင်းသား လူမျိုးတွေရဲ့ လက်နက်ကိုင် အဖွဲ့အစည်းလည်းရှိတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတဲ့ လူမျိုးကလည်း လူမျိုးအကုန်လုံးက အဲဒီလက်နက်ကိုင် အဖွဲ့အစည်းကို ထောက်ခံတာ မဟုတ်ဘူး။ အများစု ဖြစ်တဲ့ တိုင်းရင်းသားတွေကို နိုင်ငံတော်အစိုးရက တကယ်ပဲ လက်တွေ့ကိုပြရမှာ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်း များစွာရှိနေသည့်တိုင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြောင်းလဲသွားသည့် နိုင်ငံရေး အခင်းအကျင်းနှင့်အတူ လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ရာနှင့်ချီ ထပ်မံ ပေါ်ပေါက်လာခဲ့သည်။
လက်ရှိ အခင်းအကျင်းအရ အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် အသိ အမှတ်ပြုရန် တွန့်ဆုတ်နေခြင်းသည်လည်း စစ်ပွဲများ ကြာရှည် နေနိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း၊ တိုင်း ရင်းသား လက်နက်ကိုင်များ အနေဖြင့်လည်း ဖြစ်သင့်ဖြစ်ထိုက်သည် များကိုသာ တောင်းဆိုရန် လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်နက်ကိုင် တော်လှန်နေကြသည့် တိုင်းရင်းသား လူမျိုးများနှင့်သာ ငြိမ်းချမ်းရေး စကားပြောရုံနှင့် ထာဝရ ငြိမ်းချမ်းရေးကို ရရှိနိုင်သေးမည် မဟုတ်ကြောင်း လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသား လူငယ်များကို တွေ့ရစဉ်
၎င်းက “ကျနော်တို့က အဲဒီလို လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပဲ ဆွေးနွေးလို့လည်း မပြီးဘူးပေါ့။ ဘာဖြစ်လို့ မပြီးလဲဆိုတော့ တိုင်းရင်းသားတွေက ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသား အများကြီးရှိတယ်။ ၁၀၀ နီးပါးလောက် ရှိတယ်။ အဲဒီတော့ ဒီအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီးမှ အပစ်အခတ် ရပ်စဲပြီ၊ ငြိမ်းချမ်းရေးရသွားပြီ။ ဒါပေမယ့် နောက်တိုင်းရင်းသား အဖွဲ့တွေက ပြန်ပြီးမှ လက်နက်ကိုင်ပြီးမှ မတော်လှန်နိုင်ဘူးဆိုတာတော့ ပြောလို့မရဘူး။ ဒါက လက်နက်ကိုင်အဖွဲ့နဲ့ပဲ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ဟာက အားလုံးပြီးပြည့်စုံတယ်လို့ ပြောလို့မရဘူး။ အဲဒီ တော့ ဒီဒေသမှာရှိတဲ့ ပြည်နယ်များမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေ ၁၀၀ ရာခိုင်နှုန်းထဲက လက်နက်ကိုင် အဖွဲ့အ စည်းက ၁၀ ရာခိုင်းနှုန်းတောင် မရှိဘူးလေ။ အဲဒီတော့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်း တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တွေ၊ ရပိုင်ခွင့်တွေ၊ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ အစိုးရက ပေးဖို့လိုတယ်။ အဲဒီလိုပေးမှပဲ ထာဝရ ငြိမ်းချမ်း ရေးဆိုတာ ဖြစ်လာနိုင်မှာ။ မပေးဘဲနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေလောက်ပဲ ငြိမ်းချမ်းရေးရပြီ ငြိမ်းချမ်းရေး ဆွေးနွေးတာ အောင်မြင်ပြီလို့ ပြောလို့တော့ မရသေးဘူး။ အဲဒီတော့ အဓိက အရေးကြီးတာက ၉၀ ရာခိုင်နှုန်း လောက်ရှိတဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ အဲဒါ တကယ့်လက်တွေ့ ပြည်ထောင်စုအစိုးရက လုပ်ပေးဖို့ လိုတယ်လို့ ကျနော့် တစ်ဦးတစ်ယောက်ရဲ့ အမြင်နဲ့ မြင်တယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
တန်းတူညီမျှမှု မရှိခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပဋိပက္ခ များ ဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းများ ဖြစ်သည်ဟု တိုင်းရင်းသား ခေါင်းဆောင်းများနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများနှင့် လူမျိုးစု ပဋိပက္ခများ ပြေလည် စေရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တိုင်းရင်းသားများ၏ ရပိုင်ခွင့် အခွင့်အရေးများနှင့် ပတ်သက် ပြီး တိတိကျကျ ထည့်သွင်းပေးသင့်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 206
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂
ဗမာမဟုတ်သော တိုင်းရင်းသားများအနေဖြင့် ၎င်းတို့လူမျိုးများ နေထိုင်ရာ ဒေသအချို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး တောင်းဆိုနေကြခြင်းသည် ဂုဏ်သိက္ခာအတွက် တောင်းဆိုနေကြခြင်းလား ဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းခြင်းသည် ဂုဏ်သိက္ခာအရလည်း ပါဝင်ကာ တစ်စုံတစ်ရာ သတ်မှတ်ခြင်း မခံရသည် ထက်စာလျှင် အခွင့်အရေး ပိုရသည့်အတွက်ကြောင့် ဖြစ်သည်ဟု ယူဆ၍ရကြောင်း NCA ထိုးထားသည့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ကိုယ်ပိုင်အုပ်ချုပ်ခွင့်က ဂုဏ်သိက္ခာလည်းပါတယ်။ နောက်နည်းနည်း ကိုယ့်ကြမ္မာကိုယ် ဖန်တီးလို့ရတဲ့ အခွင့်အလမ်းလေး နည်းနည်းပါးပါး ရှိနိုင်တာပေါ့။ ဥပမာ ပအိုဝ်းကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ် ၃ ခုဆိုလည်း အဲဒီမြို့နယ် ၃ ခုမှာ ဖွံ့ဖြိုးရေးဘာလေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းလေး လုပ်နိုင်တာ ရှိတာ ပေါ့လေ။ နည်းနည်းတော့ ဘာမှသတ်မှတ်ခြင်း မခံရတာထက် စာရင်တော့ အခွင့်အရေး ပိုရတယ်လို့တော့ ယူဆရ တာပေါ့” ဟု ပြောသည်။

ရှမ်းနီတိုင်းရင်းသားများ ပြည်နယ်တောင်းဆိုနေကြစဉ်
အများစုသော တိုင်းရင်းသားလူမျိုးများ အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဖြစ် တောင်းဆိုကြခြင်း မိမိတို့ နေထိုင်ရာ ဒေသရှိ တိုင်းရင်းသားလူမျိုးများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ရည်ရွယ်ကာ တောင်းဆို ကြခြင်းဖြစ်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “အဓိက,ကတော့ ဒီကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းတဲ့ဒေသတွေက တော်တော်လေး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတယ်၊ နိမ့်ကျနေတယ်၊ လူမှုဘဝ တိုးတက်မှု နှောင့်နှေးနေတဲ့ ဒေသတွေ တောင်းတာ များတယ်။ အဲဒီတော့ ကိုယ့်ဒေသကိုယ် ဖွံ့ဖြိုးတိုးတက်ဖို့၊ ဒေသမှာရှိတဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ကို အဓိက ရည်ရွယ်ပြီးမှ တောင်းတယ်လို့ အဲဒီလိုယုံကြည်ပါတယ်။ ဒါတော့ ကျနော်တို့ နိုင်ငံတော်မှာ ခေါင်းဆောင် နေတဲ့ နိုင်ငံအကြီးအကဲတွေက အဓိက ကျနော်တို့က လိုချင်တာကတော့ ကိုယ့်ဒေသကိုယ် တာဝန်ရှိပုဂ္ဂိုလ်တွေ၊ တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသား တာဝန်ရှိ ပုဂ္ဂိုလ်တွေ ခန့်အပ်တာတို့၊ ရာထူးတိုးမြှင့် ပေးတာတို့ တိုင်းရင်းသားတွေကတော့ အဲဒီလို ဆန္ဒရှိတာပေါ့။ ဒါပေမယ့် အခုလက်ရှိ အချိန်မှာတော့ ဒီကိစ္စက ဒီဟာလုပ်နိုင် တဲ့ အာဏာပိုင် အဖွဲ့အစည်းကတော့ ကျနော်တို့ ဗမာတိုင်းရင်းသားထဲမှာပဲ ရှိတာကို။ အဲဒီတော့ ဗမာ တိုင်းရင်း သားတွေဘက်က လုပ်နိုင်ရင်တော့ အတိုင်းအထက်အလွန် ဝမ်းသာပျော်ရွှင်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
တိုင်းရင်းသားများသည် ၎င်းတို့ရရှိထားသည့် နိုင်ငံရေး အဆင့်အတန်းကို မလျှော့ချင်ကြကာ ၎င်းတို့ သက်ဆိုင်ရာ နယ်မြေအလိုက် စီမံချင်ကြသည့်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဖြစ် တောင်းဆိုကြခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသားလူငယ်များကိုတွေ့ရစဉ်
သို့သော် အချို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဖြစ် ပေးထားသည့် တိုင်းရင်းသားလူမျိုးစုများတွင်မူ ၎င်းတို့ သဘောအရ သေဒဏ်များပေးနေခြင်းကိုမူ လက်မခံနိုင်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအောင်မျိုးက “ဂုဏ်သိက္ခာအတွက်ဆိုလည်း ပြောနိုင်ပါတယ်။ ဂုဏ်သိက္ခာအတွက်တွေ၊ ဘာတွေ မပြောပါနဲ့ တကယ်ကို သူတို့လိုချင်တာပေါ့နော်။ လက်ရှိရထားတဲ့ status ကို ဘယ်လျှော့ချင်မလဲ။ များသော အားဖြင့်တော့ ကိုယ့်နယ်မြေကိုယ် စီမံကြချင်တယ်ပေါ့။ ဒီသဘောတရားကိုတော့ ဒီဘက်က ပြည်မ နိုင်ငံရေး သမားတွေ အနေနဲ့ကလည်း ဒါက လက်ခံနိုင်ပါတယ်။ ကိုယ့်ဘာသာကိုယ် စီမံပိုင်ခွင့်ဆိုတာကို လက်ခံတယ်။ သို့သော် တစ်ခုရှိတာက သေဒဏ်ပေးတာလို ကိစ္စမျိုးတွေကို ပြည်ထောင်စုကို အတည်ပြုမှု ခံယူတာတွေ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့၊ သမ္မတရဲ့ အသနားခံပိုင်ခွင့်တွေ ဒါတွေမထားဘဲနဲ့ ကိုယ့်သဘောနဲ့ ကိုယ် လုပ်နေတာမျိုးကတော့ လက်မခံနိုင်ဘူးပေါ့။ အဲဒီတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာကြတော့လည်း အတိုင်း အတာ ရှိတာပေါ့။ သူ့ကို ဘယ်လောက် ပေးမလဲဆိုတာရှိတာပေါ့။ အဲဒီတော့ အတိုင်းအတာ တစ်ရပ်အထိ ပေးခြင်း ကိုတော့ ကျနော်တို့က လက်ခံပါတယ်။ ဒါကတော့ ကျနော်တို့ နိုင်ငံရေးသမား တော်တော်များများ လက်ခံမှာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခု စုစုပေါင်း ၆ ခု သတ်မှတ်ထားသည်။
ထို့ပြင် လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ရရှိရေးကို ပိုမိုတောင်းဆိုလာကြကာ ရှမ်းနီ၊ လားဟူ၊ လီဆူ၊ အာခါ စသည့် တိုင်းရင်းသားလူမျိုးများက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ပြည်နယ် သတ်မှတ်ပေးရန် တွေ့ဆုံ ဆွေးနွေးမှုများကနေ တဆင့် တောင်းဆိုလျက် ရှိနေသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားမယူခင်က တိုင်းရင်း သား လက်နက်ကိုင်များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသနှင့် တိုင်းပြည်အတွက် လိုအပ်သည့် သဘောတူညီချက်များ၊ ဆွေးနွေးချက်များကို လွှတ်တော်ထဲတွင် ပြန်လည် ဆွေးနွေး သွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး တောင်းဆိုမှုကြား ရောယှက်၍ ယူဆ လို့မရကြောင်း၊ အဘယ်ကြောင့်ဆို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိပြီး ဗဟိုချုပ်ကိုင်မှုဖြင့် လည်ပတ်နေခြင်း ကြောင့် ဗမာမဟုတ်သော တိုင်းရင်းသားများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုသော အခွင့်အာဏာကို တောင်းဆိုနေကြ ခြင်းဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
