- By CNI
- Category: နိုင်ငံရေး
- Hits: 82
CNI International News
နယူးဒေလီ၊ ဇူလိုင် ၈
အိန္ဒိယနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံအား အသံထက်မြန်သည့် BrahMos ခရုစ်ဒုံးကျည်များနှင့် ဝေဟင်မှ ဝေဟင်ပစ် Astra ဒုံးကျည်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi) သည် နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ဂျာကာတာမြို့တော်သို့ ရောက်ရှိချိန်တွင် ထိုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
တန်ဖိုးအားဖြင့် ဒေါ်လာ သန်း ၆၃၀ ခန့်ရှိမည့် ထိုသဘောတူညီချက်ကို မိုဒီ၏ ခရီးစဉ်အတွင်း လက်မှတ် ရေးထိုး နိုင်ခြေရှိကြောင်း အိန္ဒိယသတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် BrahMos အာကာသနှင့် လေကြောင်းလုံခြုံရေး ပုဂ္ဂလိကလီမိတက် (BrahMos Aerospace Private Limited) က ထုတ်လုပ်သည့် ထိုခရုဇ်ဒုံးကျည်များကို ဝယ်ယူရန် သဘောတူညီချက် လက်မှတ်ရေးထိုး သည့် တတိယမြောက်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။
ယခုသဘောတူညီချက်သည် အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးပစ္စည်းများ ပြည်ပတင်ပို့မှုကို သိသိသာသာ တိုးချဲ့ လိုက်ခြင်းဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသအတွင်း ဩဇာလွှမ်းမိုးမှုရရှိရန် တရုတ်နိုင်ငံနှင့် ပြိုင်ဆိုင်မှု ပြင်းထန်လာချိန် တွင် အာဆီယံ၏ စီးပွားရေး အင်အားအကြီးဆုံး အင်ဒိုနီးရှားနိုင်ငံနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ပိုမို နက်ရှိုင်းစေမည် ဖြစ်သည်။

BrahMos ဒုံးကျည်များကို တွေ့ရစဉ်
အိန္ဒိယနှင့် ရုရှားနိုင်ငံတို့ ပူးတွဲထုတ်လုပ်ထားသည့် BrahMos ဒုံးကျည်များသည် ကမ္ဘာ့အမြန်ဆုံး ခရုစ်ဒုံးကျည်များ ထဲတွင် ပါဝင်ပြီး မြေပြင်၊ ဝေဟင်နှင့် ရေပြင်အခြေစိုက် ပလက်ဖောင်းများမှ ပစ်လွှတ်နိုင်သည်။
ထို့ပြင် ဝေဟင်မှဝေဟင်ပစ် Astra ဒုံးကျည်များကို အင်ဒိုနီးရှားလေတပ်ရှိ ရုရှားနိုင်ငံထုတ် Sukhoi တိုက်လေ ယာဉ်များတွင် တပ်ဆင်အသုံးပြုနိုင်သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အိန္ဒိယအစိုးရနှင့် နယူးဒေလီမြို့ရှိ အင်ဒိုနီးရှားသံရုံးတို့က မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခဲ့ခြင်း မရှိပေ။
ပြီးခဲ့သည့် မတ်လအတွင်းက အင်ဒိုနီးရှားနိုင်ငံသည် အိန္ဒိယနှင့် ရုရှား အစိုးရတို့ ပူးတွဲပိုင်ဆိုင်သော BrahMos ဒုံးကျည်စနစ်ကို ဝယ်ယူရန် အိန္ဒိယနိုင်ငံနှင့် သဘောတူညီချက်တစ်ရပ် ရရှိထားကြောင်း ပြောကြားခဲ့သည်။
ထိုအချိန်က အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနက ထိုသဘောတူညီချက်သည် နောက်ဆုံးအဆင့်သို့ ရောက်ရှိ နေပြီဖြစ်ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ သန်း ၂၀၀ မှ သန်း ၃၅၀ ခန့်အထိ ရှိနိုင်ကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် BrahMos ဒုံးကျည်များကို ရောင်းချရန် ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 81
CNI International News
အန်ကာရာ၊ ဇူလိုင် ၈
တူရကီနိုင်ငံတွင် ပြုလုပ်မည့် နေတိုးထိပ်သီး အစည်းအဝေးပွဲ၌ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များသည် ဒေါ်လာဘီလျံချီ တန်ဖိုးရှိသည့် လက်နက်ရောင်းဝယ်ရေး သဘောတူညီချက်များကို ထုတ်ဖော်ကြေညာရန် စီစဉ်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဇူလိုင် ၇ ရက်နှင့် ၈ ရက်နေ့များတွင် ပြုလုပ်မည့် နေတိုးထိပ်သီး အစည်းအဝေးပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) လည်း တက်ရောက်မည်ဖြစ်သည်။
ဥရောပအစိုးရများသည် နေတိုး ကာကွယ်ရေး စက်မှုလုပ်ငန်းဖိုရမ် တစ်ခုတွင် လက်နက် ရောင်းဝယ်ရေး သဘောတူညီချက်များကို ကြေညာသွားမည်ဖြစ်သည်။
ထို့နောက် ထရမ့်သည် တူရကီသမ္မတ အာဒိုဂန် (Tayyip Erdogan) နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

နေတိုးကာကွယ်ရေး အသုံးစရိတ် ကြေညာနေစဉ်
နေတိုးအတွင်းရေးမှူးချုပ် မာ့ခ် ရူတေ (Mark Rutte) က ဥရောပနိုင်ငံများသည် ကာကွယ်ရေး အသုံးစရိတ်ကို အံ့အားသင့်ဖွယ် တိုးမြှင့်ခဲ့ကြကြောင်း ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ဥရောပနိုင်ငံများကြား စိုးရိမ်မှုများ မြင့်တက်လာ ခဲ့ကာ ထရမ့်ကလည်း ဥရောပနိုင်ငံများအား ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်ရန် တိုက်တွန်းခဲ့သဖြင့် ဥရောပ၌ ကာကွယ်ရေး အသုံးစရိတ်များ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ထရမ့်သည် စစ်အေးတိုက်ပွဲ အစောပိုင်း ကာလများကတည်းက ဥရောပတိုက်ကို အကာအကွယ် ပေးလာခဲ့သည့် NATO အဖွဲ့မှတဆင့် ဥရောပနိုင်ငံများသည် အမေရိကန်အပေါ် အလွန်အမင်း မှီခိုအားထားနေကြောင်း စွပ်စွဲလာ ခဲ့သူ ဖြစ်သည်။

နေတိုးက စစ်လေယာဉ်တစ်စင်းကို ထုတ်ပြန်စဉ်
နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများနှင့် ကနေဒါနိုင်ငံတို့သည် ၂၀၂၄ ခုနှစ်ထက် ၂၀၂၅ ခုနှစ်တွင် ကာကွယ်ရေး အသုံးစရိတ်ကို ဒေါ်လာ ၉၀ ဘီလျံ ပိုမို သုံးစွဲခဲ့ကြပြီး စုစုပေါင်း ဒေါ်လာ ၅၇၀ ဘီလျံကျော်အထိ ရှိလာခဲ့ကြောင်း၊ ထိုပမာဏသည် တစ်နှစ်အတွင်း ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်းဖြစ်ကြောင်း ရူတေက ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။
ကြီးမားသည့် အပြောင်းအလဲ တစ်ခုအနေဖြင့် ထရမ့်သည် တူရကီနိုင်ငံအား F-35 ကိုယ်ပျောက် တိုက်လေယာဉ် အစီအစဉ်တွင် ပြန်လည်ပါဝင်ခွင့်ပြုရန် အဆင်သင့်ရှိကြောင်း အာဒိုဂန်ကို ပြောကြားလိမ့်မည်ဟု သတင်းရင်းမြစ် များက ဖော်ပြခဲ့သည်။
တူရကီသည် ၂၀၁၉ ခုနှစ်တွင် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဝယ်ယူခဲ့ပြီးနောက် အမေရိကန်အစိုးရသည် တူရကီအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပြီး F-35 တိုက်လေယာဉ် အစီအစဉ်မှ ဖယ်ထုတ်ခဲ့ခြင်း ဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 117
CNI International News
နယူးဒေလီ၊ ဇူလိုင် ၈
မကြာသေးမီက ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံကြား စီးပွားရေးဇုန်တစ်ခု ဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီချက် တစ်ရပ် လက်မှတ်ရေးထိုးခဲ့မှုအပေါ် အိန္ဒိယလုံခြုံရေးလေ့လာဆန်းစစ်သူများက စိုးရိမ်ပူပန်နေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုစီးပွားရေးဇုန်သည် အိန္ဒိယအရှေ့ဘက် ကမ်းရိုးတန်း မြောက်ဘက်စွန်းနှင့် နီးကပ်သည့် ဘင်္ဂလားဒေ့ရှ်၏ မုံဂလာ (Mongla) ဆိပ်ကမ်းအနီးတွင် တည်ရှိသည်။
အဆိုပါ စီးပွားရေးဇုန် စီမံကိန်းကြောင့် တရုတ်အနေဖြင့် အိန္ဒိယရေတပ်နှင့် စစ်တပ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ခွင့် ရရှိသွားစေနိုင်မည်ကို အိန္ဒိယကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရသစ်သည် တုံ့ဆိုင်းနေသော ပြည်တွင်းစီးပွားရေးကို ပြန်လည် ဦးမော့လာစေရန် တရုတ်နိုင်ငံ ထံမှ ပိုမိုကြီးမားသော ရင်းနှီးမြှုပ်နှံမှုများနှင့် မိတ်ဖက်ဆက်ဆံရေးကို ကြိုးပမ်းနေသလို တစ်ဖက်တွင်မူ အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည်ချိန်ညှိရန် ကြိုးပမ်းနေသည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တာရစ် ရာမန် (Tarique Rahman) သည် ပြီးခဲ့သည့်လက ၎င်း၏ ပထမဆုံး ပြည်ပ တရားဝင် ခရီးစဉ်အဖြစ် မလေးရှားနှင့် တရုတ်နိုင်ငံတို့သို့ သွားရောက်ခဲ့သည်။
ထိုခရီးစဉ်သည် ဘင်္ဂလားဒေ့ရှ် အစိုးရသစ်၏ နိုင်ငံခြားရေးမူဝါဒ ဦးတည်ချက်ကို အရိပ်အယောင် ပြသလိုက်ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
ထိုခရီးစဉ်များသည် ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် ၎င်းတို့၏ မဟာဗျူဟာမြောက် ဦးစားပေး လုပ်ငန်းစဉ်များကို ပြန်လည်ချိန်ညှိရန် ကြိုးပမ်းမှုကို ထင်ဟပ်နေကြောင်း လေ့လာဆန်းစစ်သူများက ပြောကြသည်။
ရာမန်သည် မလေးရှားနိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့သော်လည်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ် သည် ပိုမိုအရေးပါပြီး ထိရောက်မှုရှိသော ခရီးစဉ်အဖြစ် ရှုမြင်ခံထားရသည်။
သမိုင်းကြောင်းအရ တောင်အာရှနိုင်ငံများတွင် ရွေးကောက်ခံ အစိုးရအဖွဲ့သစ်များ၏ ခေါင်းဆောင်များသည် ၎င်းတို့၏ ပထမဆုံး ပြည်ပခရီးစဉ်များအဖြစ် အိန္ဒိယနိုင်ငံကို ရွေးချယ်သွားရောက်လေ့ရှိသည်။
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ် ရာမန်၏ တရုတ်ခရီးစဉ်သည် ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ (Sheikh Hasina) နှင့် ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်း ထားသော အိန္ဒိယအစိုးရကို ပြတ်သားသည့် မက်ဆေ့ချ်တစ်ခု ပေးပို့ခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ် ခဲ့သည်။
ရာမန်၏ တရုတ်ခရီးစဉ်အတွင်း ရရှိခဲ့သည့် သဘောတူညီချက် များစွာထဲတွင် တီးစတား (Teesta) မြစ်အား စီမံခန့်ခွဲရေးတွင် ကူညီပေးရန် တရုတ်နိုင်ငံကို ကမ်းလှမ်းခြင်းနှင့် မုံဂလာဆိပ်ကမ်းအနီး အထူးစီးပွားရေးဇုန်တစ်ခု ထူထောင်ရန် သဘောတူညီချက်များသည် အိန္ဒိယကျွမ်းကျင်သူများ၏ အာရုံစိုက် စောင့်ကြည်ခြင်းကို ခံခဲ့ရသည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 106
CNI International News
ဘေဂျင်း၊ ဇူလိုင် ၇
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်းသည် ဇူလိုင် ၆ ရက်က ပစိဖိတ်သမုဒ္ဒရာအတွင်း ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
လေ့ကျင့်ရေးထိပ်ဖူး တပ်ဆင်ထားသည့် ဒုံးကျည်ကို ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၀၁ မိနစ်တွင် ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ပြောကြားခဲ့သည်။
ယခုဒုံးကျည်ပစ်ခတ်မှုသည် PLA ၏ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုအတွက် ပုံမှန်အစီအစဉ် တစ်ခုဖြစ်ပြီး နိုင်ငံတကာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် ပစ်မှတ်ကိုမှ ရည်ရွယ်ခြင်း မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တရုတ်ရေငုပ်သင်္ဘောကို တွေ့ရစဉ်
ယခုစမ်းသပ်မှုသည် တရုတ်နိုင်ငံ အနေဖြင့် ၁၉၈၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ပြုလုပ်ခဲ့ သည့် ရေငုပ်သင်္ဘော အခြေပြု ဒုံးကျည်စမ်းသပ်မှုဖြစ်ပြီး၊ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်းပေါ်မှ ပစ်ခတ်ခဲ့သည့် ပထမဆုံး စမ်းသပ်မှုလည်းဖြစ်သည်။
ဂျပန်နှင့် ဩစတြေးလျ အစိုးရတို့ကမူ တရုတ်သည် ယခုဒုံးကျည် ပစ်ခတ်မှုနှင့်ပတ်သက်ပြီး ကြိုတင် အကြောင်း ကြားစာ ပေးပို့ခဲ့ကြောင်း အတည်ပြုခဲ့သည်။
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင် (Penny Wong) ကမူ ယခုကဲ့သို့ ဒုံးကျည် ပစ်ခတ်မှုသည် ဒေသတွင်းကို မတည်မငြိမ်ဖြစ်စေကြောင်း ပြောကြားခဲ့သည်။
နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး ဝင်စတန် ပီတာ (Winston Peters) ကလည်း တရုတ်၏ ဒုံးကျည်စမ်းသပ်မှုကို အလွန်စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 111
CNI International News
မနီလာ၊ ဇူလိုင် ၇
ဖိလစ်ပိုင်အထက်လွှတ်တော်သည် စွပ်စွဲပြစ်တင်ရေးခုံရုံးအဖြစ် တာဝန်ယူပြီး ဒုတိယသမ္မတ ဆာရာ ဒူတာတေး (Sara Duterte) အား ရာထူးမှဖယ်ရှားရေး တရားစီရင်စစ်ဆေးမှုကို ဇူလိုင် ၆ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ယခုဖြစ်စဉ်သည် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) နှင့် ဆာရာဒူတာတေး ကြား ဖြစ်ပွားနေသော နိုင်ငံရေး ပဋိပက္ခနှင့်အတူ အလွန်ကျိုးပျက်လွယ်သည့် နိုင်ငံရေးအခင်းအကျင်း တစ်ခု ဖြစ်သည်။
အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၆၀၀၀ ကျော်ကို အထက်လွှတ်တော် အဆောက် အအုံ လုံခြုံရေးအတွက် ချထားခဲ့ရပြီး အဆောက်အအုံ အပြင်ဘက်တွင်မူ ဆာရာ ဒူတာတေးကို ဆန့်ကျင်သူ ၄၀၀ ခန့် စုဝေးကာ ၎င်းအား ချက်ချင်း ပြစ်ဒဏ်ချမှတ်ရန် တောင်းဆိုခဲ့ကြသည်။
ယခုတရားစီရင် စစ်ဆေးမှုကို ဆာရာဒူတာတေး ကိုယ်တိုင် တက်ရောက်ခဲ့ခြင်း မရှိသော်လည်း တရားစီရင်မှု အစတွင် ၎င်း၏ ရှေ့နေများက ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။

ဖိလစ်ပိုင်တရားရုံးကို တွေ့ရစဉ်
လုပ်ထုံးလုပ်နည်းများအရ တရားစီရင်မှုသည် ၉၂ ရက် ကြာမြင့်လိမ့်မည်ဖြစ်ကြောင်း အေပီသတင်းဌာနက ဖော်ပြ သည်။
တရားဝင် ဝင်ငွေအရင်းအမြစ်ထက် ကျော်လွန်ပြီး ကြွယ်ဝချမ်းသာလာမှုနှင့် သမ္မတ မားကို့စ်အား လုပ်ကြံ သတ် ဖြတ်ရန် လူသိရှင်ကြား ခြိမ်းခြောက်မှု အပါအဝင် အခြားသော စွပ်စွဲချက်များအတွက် ပြစ်မှုထင်ရှား စီရင်ခံရပါက ဆာရာ ဒူတာတေးသည် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ရာထူးများမှ ရာသက်ပန် ပိတ်ပင်ခံရနိုင်သည်။
အကယ်၍ ပြစ်ဒဏ်ချမှတ်ခံရပါက ဆာရာဒူတာတေး အနေဖြင့် ၂၀၂၉ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မည် မဟုတ်ပေ။
မားကို့စ်နှင့် ဆာရာဒူတာတေးတို့ နှစ်ဦးသည် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံ၏ သြဇာအကြီးမားဆုံး နိုင်ငံရေး မိသားစုနှစ်ခု၏ မဲပေးပိုင်ခွင့်အာဏာကို ပေါင်းစပ်ပြီး အတူတကွ ပူးပေါင်းခဲ့ကြသော်လည်း ၎င်းတို့နှစ်ဦးကြား ဆက်ဆံရေးမှာ လျင်မြန်စွာ ပျက်စီးသွားခဲ့သည်။

ဆာရာဒူတာတေး ထောက်ခံသူများကို တွေ့ရစဉ်
ယခု ဒုတိယသမ္မတ ဆာရာဒူတာတေးသည် သမ္မတမားကို့စ် မတိုင်ခင်က ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) ၏ သမီးဖြစ်သည်။
သမ္မတဟောင်း ဒူတာတေးသည် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ၏ အမိန့်အရ ပြီးခဲ့သည့်နှစ်က ဖမ်းဆီးခြင်း ခံခဲ့ရပြီး လက်ရှိတွင် သည်ဟိဂ် (The Hague) မြို့၌ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။
ဒူတာတေးသည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က မူးယစ်ဆေးဝါးနှိမ်နင်းရေး စ-စ်ပွဲအတွင်း လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု စွပ်စွဲချက်များအတွက် လာမည့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တရား ရင်ဆိုင်ရမည် ဖြစ်သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 114
CNI International News
နယူးဒေလီ၊ ဇူလိုင် ၇
ကမ္ဘာလုံးဆိုင်ရာ နေထိုင်ခွင့်နှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ အကြံပေးလုပ်ငန်းဖြစ်သည့် Global Citizen Solutions (GCS) က ထုတ်ပြန်သော ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ပတ်စ်ပို့ညွှန်းကိန်း (Global Passport Index - GPI) တွင် အိန္ဒိယ၏ပတ်စ်ပို့သည် အဆင့် ၁၂၅ နေရာ၌ ရပ်တည်နေကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ယခုနှစ်တွင် အိန္ဒိယ၏ ပတ်စ်ပို့ အဆင့်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ထက် အဆင့်တစ်ဆင့် ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ အထက် အဆင့် ၁၂၄ တွင် နမ်မီးဘီးယားနိုင်ငံက ရပ်တည်နေပြီး အိန္ဒိယနိုင်ငံ၏ အောက် အဆင့် ၁၂၆ တွင် အဇာဘိုင်ဂျန်နိုင်ငံက တစ်ဆင့်နိမ့်ကာ ရပ်တည်နေသည်။
GCS ၏ ကမ္ဘာ့ပတ်စ်ပို့ ညွှန်းကိန်းသည် ဗီဇာကင်းလွတ်ခွင့်ဖြင့် ခရီးသွားလာနိုင်မှုကို အဓိက တိုင်းတာလေ့ရှိသည့် အခြားသော ပတ်စ်ပို့အဆင့် သတ်မှတ်ချက်များနှင့်မတူဘဲ ကမ္ဘာလုံးဆိုင်ရာ သွားလာလှုပ်ရှားနိုင်မှု၊ ရင်းနှီးမြှုပ်နှံမှု အလားအလာနှင့် လူနေမှုဘဝ အရည်အသွေး စသည့် အချက်အလက်များကို ထည့်သွင်းစဉ်းစားပြီး ပတ်စ်ပို့တစ်ခု ၏ အဆင့်အတန်းကို ဆန်းစစ်တွက်ချက်ခြင်း ဖြစ်သည်။

အိန္ဒိယပတ်စ်ပို့ကို တွေ့ရစဉ်
GCS ၏ ၅ ကြိမ်မြောက် ကမ္ဘာ့ပတ်စ်ပို့ညွှန်းကိန်း အစီရင်ခံစာအရ နိုင်ငံပေါင်း ၁၉၇ နိုင်ငံအနက် အိန္ဒိယနိုင်ငံသည် အဆင့် ၁၂၅ တွင် ရှိနေသည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၅ ခုနှစ်က အဆင့် ၁၂၄ ရှိခဲ့ရာမှ အဆင့်ကျ ဆင်းသွားခဲ့ခြင်း ဖြစ်သော်လည်း ၂၀၂၁ ခုနှစ်က အဆင့် ၁၂၇ ရှိခဲ့ရာမှ ပြန်လည်တိုးတက်လာခြင်းဖြစ်သည်။
ထို့ပြင် အိန္ဒိယပတ်စ်ပို့သည် နိုင်ငံပေါင်း ၂၆ နိုင်ငံသို့ ဗီဇာမလိုဘဲ သွားရောက်ခွင့်ရှိကြောင်း GCS ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
အိန္ဒိယပတ်စ်ပို့ ကိုင်ဆောင်ထားသူများသည် ဘူတန်၊ ဂျမေကာ၊ မက္ကာအို၊ နီပေါ၊ ပါလက်စတိုင်း၊ တူနီးရှား၊ အင်ဂိုလာနှင့် ဘာဘေးဒိုးစ် အပါအဝင် အခြားနိုင်ငံများနှင့်ဒေသများသို့ ဗီဇာကင်းလွတ်ခွင့် သို့မဟုတ် ဆိုက်ရောက် ဗီဇာဖြင့် သွားရောက်နိုင်ကြသည်။
သို့သော် အိန္ဒိယနိုင်ငံသားများသည် အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုရာ၊ ယူအေအီး စသည့် နိုင်ငံများနှင့် ဒေသပေါင်း ၈၈ ခုသို့ သွားရောက်ရန်အတွက် ဗီဇာ လိုအပ်နေဆဲဖြစ်သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 104
CNI International News
တိုကျို၊ ဇူလိုင် ၆
¤ ဖိလစ်ပိုင် ဒုသမ္မတ ဆာရာ ဒူတာတေး အပေါ် စွပ်စွဲပြစ်တင်ချက်များကို စစ်ဆေးမည်
ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) အား လုပ်ကြံရန် ကြံစည်မှု၊ နိုင်ငံပိုင် ရန်ပုံငွေများကို အလွဲသုံးစားလုပ်မှုနှင့် အဂတိလိုက်စားမှု စွဲချက်များဖြင့် ဒုသမ္မတ ဆာရာ ဒူတာတေး (Sara Duterte) အပေါ် စွပ်စွဲပြစ်တင်ချက်များအား တရားဝင် စစ်ဆေးကြားနာခြင်းကို စတင်မည် ဖြစ်သည်။
ထိုအမှုအား စစ်ဆေးမှုသည် လပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း ခန့်မှန်းထားကြသည်။
¤ အင်ဒိုနီးရှားနိုင်ငံသို့ မိုဒီ သွားရောက်လည်ပတ်မည်
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi) သည် အင်ဒိုနီးရှားနိုင်ငံသို့ ဇူလိုင် ၆ ရက်မှ ဇူလိုင် ၈ ရက် အထိ သွားရောက် လည်ပတ်မည်ဖြစ်သည်။
ထိုမှတဆင့် ဇူလိုင် ၉ ရက်တွင် ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံများသို့ ဆက်လက် ထွက်ခွာမည်ဖြစ်သည်။
မိုဒီသည် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) နှင့် တွေ့ဆုံမည်ဖြစ်ပြီး အရေးကြီး တွင်းထွက်သတ္တုဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားဖွယ် ရှိသည့်အပြင် ဂျကာတာမြို့ရှိ အိန္ဒိယနိုင်ငံ သားများကိုလည်း မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
¤ တူရကီနိုင်ငံက နေတိုးထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
တူရကီနိုင်ငံသည် အန်ကာရာ (Ankara) မြို့၌ နှစ်ရက်ကြာ ကျင်းပမည့် နေတိုးထိပ်သီး အစည်းအဝေးကို အိမ်ရှင် အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။
ထိုအစည်းအဝေးသည် နေတိုး၏ သမိုင်းတလျှောက်တွင် အရေးအကြီးဆုံး အစည်းအဝေးများထဲမှ တစ်ခုဖြစ် နိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ပြောကြားထားသည်။
အဆိုပါ အစည်းအဝေးကို နေတိုးအဖွဲ့ဝင် ၃၂ နိုင်ငံအပြင် ယူကရိန်းနိုင်ငံနှင့်အတူ နေတိုးအဖွဲ့၏ အင်ဒို-ပစိဖိတ် ဒေသတွင်း မိတ်ဖက် ၄ နိုင်ငံဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ တက်ရောက် မည်ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသတွင်း မိတ်ဖက်နိုင်ငံများဖြစ်ကြသော ဘာရိန်း၊ ကူဝိတ်၊ ကာတာနှင့် ယူအေအီး တို့လည်း တက်ရောက်ကြမည်ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ အင်ဒိုနီးရှားသမ္မတကို တွေ့ရစဉ်
¤ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု အလားအလာ အစီရင်ခံစာ ထွက်ရှိမည်
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် အာရှဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု အလားအလာ အစီရင်ခံစာ၏ နောက်ဆုံး ထုတ်ပြန်ချက်ကို ကြေညာမည်ဖြစ်သည်။
ထိုထုတ်ပြန်ချက်တွင် အမေရိကန်-အီရန် စစ်ပွဲကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲ သက်ရောက်မှုများကို အဓိကထား အလေးပေး ဖော်ပြသွားဖွယ်ရှိကြောင်း မျှော်လင့်ရသည်။
¤ မလေးရှားနိုင်ငံ၏ ငွေကြေးမူဝါဒ ဆုံးဖြတ်ချက် ထွက်ပေါ်မည်
မလေးရှားဗဟိုဘဏ်သည် ၎င်း၏ နောက်ဆုံး ငွေကြေး မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာမည်ဖြစ် သည်။
ဗဟိုဘဏ်သည် အတိုးနှုန်းကို ၂၀၂၃ ခုနှစ်၊ မေလကတည်းက ၃ ရာခိုင်နှုန်းအဖြစ် ပုံသေထိန်းထားခဲ့ပြီးနောက်၊ တိုးမြင့်လာနေသည့် ကမ္ဘာ့မရေရာမှုများအကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် အခြေခံအမှတ် ၂၅ မှတ်အထိ လျှော့ချခဲ့သည်။
စီးပွားရေးပညာရှင် အများစုကမူ မူဝါဒ ချမှတ်သူများသည် ခိုင်မာအားကောင်းနေသည့် ပြည်တွင်း ဝယ်လိုအားနှင့် ပြည်ပကုန်သွယ်ရေးအပြင် ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများကို မျှတအောင် ထိန်းညှိသည့်အနေဖြင့် ၂၀၂၆ ခုနှစ်၏ ကျန်ရှိနေသော ကာလတစ်လျှောက်လုံးတွင် အတိုးနှုန်းကို ပြောင်းလဲခြင်းမရှိဘဲ ယခုနှုန်းထားအတိုင်း ဆက်ထားလိမ့်မည်ဟု မျှော်လင့်ထားကြသည်။

ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကို တွေ့ရစဉ်
¤ ဂျိုဟိုးပြည်နယ် ရွေးကောက်ပွဲ
မလေးရှားနိုင်ငံ တောင်ပိုင်း ဂျဟိုး (Johor) ပြည်နယ်ရှိ မဲဆန္ဒရှင်များသည် ပြည်နယ်လွှတ်တော် အမတ်နေရာ ၅၆ နေရာ စလုံးအတွက် ရွေးကောက်တင်မြှောက်ရန် စနေနေ့တွင် မဲရုံများသို့ သွားရောက်ကြမည်ဖြစ်သည်။
ထိုရွေးကောက်ပွဲကို ကိုယ်စားလှယ်လောင်း ၁၇၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ရွေးကောက်ပွဲရလဒ်သည် နောက်ထပ် တက်လာမည့် ပြည်နယ်အစိုးရအဖွဲ့ကိုသာ ဆုံးဖြတ်ပေးမည်ဖြစ်ပြီး လက်ရှိ ဖက်ဒရယ်အစိုးရအဖွဲ့အပေါ် သက်ရောက်မှုရှိမည် မဟုတ်ပေ။
သို့သော် ရွေးကောက်ပွဲရလဒ်သည် ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) ၏ အစိုးရအပေါ် ပြည်သူ လူထု၏ ထောက်ခံမှု မည်မျှရှိသည်ကို မီးမောင်းထိုး ပြသနိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 113
CNI International News
မော်စကို၊ ဇူလိုင် ၆
ယူကရိန်းစစ်တပ်သည် ဇူလိုင် ၄ ရက်က စိန့်ပီတာစဘတ်ချ် (St. Petersburg) မြို့ရှိ ရေနံသိုလှောင်သည့် စက်ရုံဝင်းတစ်ခုကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ယူကရိန်းနိုင်ငံက ရုရှား၏ ရေနံအခြေခံ အဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေ သည်။
ယူကရိန်းသည် ရုရှားရေနံချက် စက်ရုံများနှင့် ရေနံသိုလှောင်ရုံများကို နေ့စဉ်နီးပါး တိုက်ခိုက်မှုများ ပြုလုပ်နေ ခြင်းကြောင့် ရုရှားတွင် စက်သုံးဆီ အကျပ်အတည်း ဖြစ်ပေါ်စေခဲ့ပြီး ရုရှားအစိုးရအပေါ် နိုင်ငံရေးအရ ဖိအားများ သက်ရောက်စေခဲ့သည်။
ဘော်လ်တစ်ပင်လယ် (Baltic Sea) ကမ်းခြေရှိ ကီရော့ဗ်စကီး (Kirovsky) အုပ်ချုပ်ရေးခရိုင် တိုက်ခိုက်ခံခဲ့ရ ကြောင်း အုပ်ချုပ်ရေးမှူး အလက်ဇန္ဒား ဘက်ဂလော့ဗ် (Alexander Beglov) က ပြောကြားခဲ့သည်။

ယူကရိန်းစစ်သားတွေကိုတွေ့ရစဉ်
ထို့ပြင် ရုရှား၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် စိန့်ပီတာစဘတ်ချ်နှင့် ၎င်း၏ ပတ်ဝန်းကျင် ဒေသတစ်ဝိုက်တွင် ယူကရိန်းဒရုန်း ၇၂ စင်းကို လေကြောင်းရန် ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
စိန့်ပီတာစဘတ်ချ်ကမ်းလွန်ရှိ ခရွန်စတတ်ဒ် (Kronstadt) ကျွန်းပေါ်မှ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တစ်ခုကိုလည်း ယူကရိန်းတပ်ဖွဲ့များက ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) က ပြောကြားခဲ့သည်။
“ယူကရိန်းကာကွယ်ရေး တပ်ဖွဲ့တွေဟာ ရုရှား စ-စ်ပွဲအတွက် ငွေရှာပေးနေတဲ့ ဆိပ်ကမ်း ရေနံ အခြေခံ အဆောက် အအုံကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့သလို အရေးပါတဲ့ စစ်ဘက် ပစ်မှတ်တစ်ခုဖြစ်တဲ့ ခရွန်စတတ်ဒ်ကျွန်းကို လည်း ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်” ဟု ၎င်း၏ တယ်လီဂရမ် (Telegram) စာမျက်နှာတွင် ရေးသား ဖော်ပြခဲ့သည်။

ရုရှားသမ္မတ ပူတင်ကိုတွေ့ရစဉ်
စိန့်ပီတာစဘတ်မြို့၏ ကီရော့ဗ်စကီး (Kirovsky) ခရိုင်သည် ရုရှား၏ အထင်ကရ စိန့်ပီတာစဘတ်ချ် နိုင်ငံတကာ စီးပွားရေးဖိုရမ် မကျင်းပမီ ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ယူကရိန်း၏ တိုက်ခိုက်ခြင်း ခံခဲ့ရဖူးသည်။
ရုရှားနိုင်ငံက ၂၀၁၄ ခုနှစ်တွင် သိမ်းပိုက်ခဲ့သော ခရိုင်းမီးယားကျွန်းဆွယ်သည် ပြင်းထန်သော တိုက်ခိုက်မှုဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရပြီး ဒေသန္တရအာဏာပိုင်များ အနေဖြင့် အရပ်သားပြည်သူများထံ စက်သုံးဆီ ရောင်းချမှုကို ဆိုင်းငံ့ထားရသည်အထိ ဖြစ်ပွားခဲ့သည်။
ဇူလိုင် ၃ ရက်က ယူကရိန်း၏ တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အခြားလူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်းမီးယားကျွန်းဆွယ် အုပ်ချုပ်ရေးမှူး ဆာဂျေ အက်ဆီယွန်နော့ဗ် (Sergei Aksyonov) က ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 115
CNI International News
ပြုံယမ်း၊ ဇူလိုင် ၆
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် တန်ချိန် ၅၀၀၀ ရှိသော ရေတပ်ဖျက်သင်္ဘော အသစ် တစ်စင်းပေါ်မှ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်များနှင့် အခြားလက်နက်များ စမ်းသပ်မှုကို ကိုယ်တိုင် ကြီးကြပ်ခဲ့သည်ဟု The Korea Times မှ ဖော်ပြခဲ့သည်။
ထိုစစ်သင်္ဘောကို လာမည့် ၂ လအတွင်း ရေတပ်သို့ လွှဲပြောင်းပေးရန် ကင်မ်ဂျုံအန်က ညွှန်ကြားခဲ့သည်။
ကင်မ်သည် ဇူလိုင် ၃ ရက်က ကန်ကွန်(Kang Kon) ဖျက်သင်္ဘောပေါ်မှ ခရုဇ်ဒုံးကျည်များ၊ ရေတပ်အမြောက်ကြီး များ၊ စက်သေနတ်များနှင့် အီလက်ထရွန်နစ် စစ်ဆင်ရေးဆိုင်ရာ နည်းလမ်းများ စမ်းသပ်မှုကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဇူလိုင် ၅ ရက်တွင် ဖော်ပြခဲ့သည်။

ဖျက်သင်္ဘောမှ ဒုံးကျည်ပစ်လွှတ်မှုကို တွေ့ရစဉ်
ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက မြောက်ကိုရီးယားသည် ကန်ကွန်(Kang Kon)ဖျက်သင်္ဘောကို ရေချခဲ့ခြင်းဖြစ် သည်။
တောင်ကိုရီးယားစစ်တပ်ကမူ မြောက်ကိုရီးယားနိုင်ငံသည် ဇူလိုင် ၃ ရက်တွင် ထိုစစ်သင်္ဘောပေါ်မှ အရှေ့ပင်လယ် (East Sea) ဆီသို့ ခရုဇ်ဒုံးကျည်များ ပစ်ခတ်ခဲ့သည်ကို ထောက်လှမ်းသိရှိခဲ့ကြောင်း ဇူလိုင် ၅ ရက်က ပြောကြား ခဲ့ပြီး တောင်ကိုရီးယားနှင့် အမေရိကန်တို့က မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှုများကို အသေးစိတ် လေ့လာနေသည်။
မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့သည့် ဗွီဒီယိုမှတ်တမ်းများအရ ခရုဇ်ဒုံးကျည် ၁၀ စင်းခန့် သည် ကောင်းကင်ယံသို့ ဆက်တိုက် ပျံတက်သွားသည်ကို မြင်တွေ့ရသည်။
ယခု နောက်ဆုံးပြုလုပ်သည့် လက်နက် စမ်းသပ်မှုများသည် ဖျက်သင်္ဘောပေါ်တွင် တပ်ဆင်ထားသော လက်နက် စနစ် အမျိုးမျိုးကို တိုက်ပွဲအတွင်း လက်တွေ့ အသုံးချနိုင်စွမ်း ရှိ/မရှိ စစ်ဆေး အတည်ပြုရန် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း KCNA က ဖော်ပြခဲ့သည်။

ဖျက်သင်္ဘောမှ ဒုံးကျည်ပစ်လွှတ်မှုကို တွေ့ရစဉ်
ထို့ပြင် ကင်မ်သည် စစ်သင်္ဘော တည်ဆောက်ရေး လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရေးကြီးသော အစည်းအဝေး တစ်ခုကိုလည်း ခေါ်ယူကျင်းပခဲ့ကြောင်း KCNA က ဖော်ပြခဲ့သော်လည်း အသေးစိတ် အချက် အလက်များကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
မြောက်ကိုရီးယားက ယခုအကြိမ် ပစ်ခတ်စမ်းသပ်ခဲ့သည့် ဒုံးကျည်များသည် ဟွာဆယ်(Hwasal) အမျိုးအစား ခရုဇ်ဒုံးကျည်များ ဖြစ်ပုံရပြီး မြောက်ကိုရီးယား အနေဖြင့် ထိုဒုံးကျည်မျိုးကို ဖျက်သင်္ဘော အသစ်များတွင် တပ်ဆင်ရန် ရည်ရွယ်ထားပုံရကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လကလည်း မြောက်ကိုရီးယားသည် ချိုဟွန်း(Choe Hyon)ဟု အမည်ပေးထားသည့် တန်ချိန် ၅၀၀၀ ရှိ ဖျက်သင်္ဘောတစ်စင်းကို ရေတပ်သို့ လွှဲပြောင်းပေးခဲ့သည်။
ချိုဟွန်း(Choe Hyon) ဖျက်သင်္ဘောကို လွှဲပြောင်းအပ်နှံသည့် အခမ်းအနားတွင် ကင်မ်က မြောက်ကိုရီးယား ရေတပ်ကို နျူကလီးယား လက်နက်များ တပ်ဆင်ပေးရန်နှင့် တန်ချိန် ၁၀,၀၀၀ ရှိသော ဖျက်သင်္ဘောအသစ်များ တည်ဆောက်သွားရန် ကတိပြုခဲ့သည်။
Source: The Korea Times
