- By CNI
- Category: နိုင်ငံရေး
- Hits: 273
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆
မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး နှစ်ဖက် စေ့စပ် ညှိနှိုင်းရေးလုပ်ငန်းစဥ်မှာ ပါဝင်ကြသူများသည် ဘယ်လောက်အရေးပါသလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်သည် ပဋိပက္ခများကို အနိုင်အရှုံး မခွဲဘဲ အပြန်အလှန် အကျိုးရှိစေရန်နှင့် နှစ်ဦးနှစ် ဖက် လက်ခံနိုင်သော သဘောတူညီချက်များ ရရှိရန်အတွက် အလွန်အရေးပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် စေ့စပ်ဆွေးနွေးရေး လုပ်ငန်းစဥ်တွင် ပါဝင်သူများ အနေဖြင့် နိုင်ငံရေးအရ ချုပ်ကိုင် ထားတာများ မရှိသင့်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “စေ့စပ်ညှိနှိုင်းတယ်ဆိုတာက ဘယ်နေရာမှာမဆို၊ ဘယ်လုပ်ငန်းစဥ်မှာမဆို လိုအပ်တဲ့ လုပ်ငန်းစဥ် တစ်ခု ပဲ။ သူက အရေးလည်း အရေးကြီးတယ်ပေါ့နော်။ အဲဒါကြောင့်မို့ ဒီစေ့စပ်ညှိနှိုင်းရေး လမ်းစဥ်မှာ ပါဝင်တဲ့ လူတွေရဲ့ အနေအထားက တအားအရေးကြီးတယ်။ စွမ်းဆောင်နိုင်မှု၊ အဲဒီလူတွေအပေါ်မှာ ကျန်တဲ့ Stakeholder ပေါ့နော်၊ ပါဝင်ပတ်သက်သူတွေရဲ့ ယုံကြည်မှုကလည်း တအားအရေးကြီးတယ်။ ဒါကြောင့်မို့လို့ စေ့စပ်ဆွေးနွေးရေး လုပ် ငန်းစဥ်မှာ ဘက်ပေါင်းစုံကလူတွေ ပါဝင်ဖို့လိုတယ်။ ဒီနည်းနဲ့ မအောင်မြင်ဘူး အဖုအထစ် ရှိသွားတယ်ဆိုလို့ရှိရင် တခြားသော တစ်ခြားသော ဇာတ်ကောင်တွေကို သုံးပြီးတော့ပေါ့နော်၊ ဒီလုပ်ငန်းစဥ်ကို ပြန်စဖို့ အရေးကြီးတယ်။ အမြဲတမ်းလည်း တစ်ဖက်နဲ့တစ်ဖက် ထိတွေ့နေဖို့ကို နောက်ပြီးတော့ အဲဒီစေ့စပ်ဆွေးနွေးရေး လုပ်ငန်းစဥ်မှာ ပေး ထားတဲ့ ကတိတွေကိုပဲ စောင့်ထိန်းဖို့ပေါ့၊ နောက်ပြီးတော့ အဲဒီစေ့စပ်ဆွေးနွေးရေး လုပ်ငန်းစဥ်မှာ ပါဝင်တဲ့သူတွေ က သူတို့မှာ အတိုင်းအတာ တစ်ခုထိပေါ့နော်၊ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ဆောင်ရွက်နိုင်ခွင့်ရှိရမယ်၊ ဘာဖြစ် ဖြစ်ပေါ့နော် အထက်ကို ပြန်မေးရအုံး မယ်ဆိုလို့ရှိရင်တော့ သိပ်အလုပ်မဖြစ်ဘူး။ အဲဒီတော့ အဲဒီလုပ်ငန်းစဥ်ကို ကြီးကြပ်တဲ့သူတွေက အတိုင်းအတာတစ်ခုအထိ သူတို့က အာဏာရရှိထားတဲ့ သူတွေဖြစ်ရမယ်၊ တာဝန်ခံမှု တာဝန်ယူမှုလည်း မရှိဘဲနဲ့ပေါ့နော် ကိစ္စသေးသေးလေးကိုတောင်မှ မဆုံးဖြတ်ရဲတဲ့ အနေအထားမျိုး ဖြစ်နေတယ် ဆိုရင်လည်းပဲ ဒီစေ့စပ်ဆွေးနွေးရေး လုပ်ငန်းစဥ်တွေက ကြာတတ်တယ်။ သူတို့ကို ချုပ်ကိုင်ထားတဲ့ နိုင်ငံရေးအရ ချုပ်ကိုင်ထားတာတွေ မရှိသင့်ဘူး”ဟု ပြောသည်။

NSCNP နဲ့ SSPP တို့ တွေ့ဆုံ ဆွေးနွေးကြစဉ်
နိုင်ငံရေးလောကတွင် စေ့စပ်ညှိနှိုင်းရေးသည် ပြည်သူ့အကျိုးစီးပွားကို ရှေးရှု၍ အကြမ်းဖက်မှုနှင့် ပဋိပက္ခများကို ရှောင်ရှားရန်၊ မတူညီသော အယူအဆများကို ပေါင်းစပ်ရန်နှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ရန်အတွက် မရှိမ ဖြစ် အရေးပါဆုံးသော အဓိကမဏ္ဍိုင်တစ်ခု ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ဒီမိုကရေစီစနစ်တွင် ပါတီစုံ သို့မဟုတ် အစိုးရနှင့် အတိုက်အခံကြား အစိုးရအဖွဲ့တည်မြဲရေး၊ ဥပဒေပြုရေးနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များတွင် စေ့စပ်ညှိနှိုင်းမှုသည် ဒီမိုကရေစီစံနှုန်းများကို အသက်သွင်းပေးသည့် လုပ်ငန်းစဉ်ဖြစ် သည်။
လက်ရှိ နိုင်ငံရေးအခင်းအကျင်း လက်နက်ကိုင်ပဋိပက္ခ အခြေအနေများအရ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဥ်သည် အရေးပါကြောင်း 7 EAO Alliance အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီ ၂၀၂၀ မတိုင်ခင်အထိက NCA လမ်းကြောင်းအရ ကျနော်တို့ ဒါငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ကျနော်တို့ လုပ်ခဲ့တယ်။ သို့သော် ၂၀၂၁ နောက်ပိုင်း NCA လမ်းကြောင်းအရ လုပ်နေတဲ့ ဒါနိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုတွေလည်း အကုန်လုံး ရပ်တန့်သွားတယ်။ အခြေအနေတစ်ခုက ဒီ ၅ နှစ်တာအတွင်းမှာ ဒီအထိကို ကျနော်တို့ကို တွန်းပို့ခဲ့တယ်။ ကျနော်တို့ ပြောပြောနေတဲ့ NCA လမ်းကြောင်း ဆိုတာထက်ပေါ့လေ NCA ကို အခြေခံပြီးတော့ ကျန်တဲ့အစုအဖွဲ့တွေ၊ ကျန်တဲ့အင်အားစုတွေလည်း လိုက်ပါနိုင်မယ့် နည်းလမ်းတစ်ခုကိုတော့ ဒါကျနော်တို့ ရှာကြံဖို့ လက်ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့ ကိုက်ညီမယ်လို့ ထင်ပါတယ်။ ကျနော်တို့ ဒီအချိန်မှာ တစ်ဖက်နဲ့တစ်ဖက်ကလည်း ယုံကြည်မှုတွေကလည်း အရမ်းကို ကျဆင်းနေတဲ့ အချိန်ဖြစ်တယ်။ ပြီးတော့ ဒီငြိမ်းချမ်းရေးနဲ့ ဆန့်ကျင်ဘက် လက်နက်ကိုင် ပဋိပက္ခတွေကလည်း ဆက်လက်ပြီးတော့ အားကောင်းနေတယ်၊ ရှင်သန်နေတယ်။ ဒီအခြေအနေ တစ်ခုအောက်မှာပေါ့လေ၊ ဟိုကြားဝင်ဖြန်ဖြေမှုပေါ့။ ဒါစေ့စပ်ညှိနှိုင်းမှုတွေက လည်းပဲ လက်ရှိ နိုင်ငံရေး ပကတိ အခြေအနေနဲ့အညီပေါ့လေ၊ လုပ်ဆောင်ဖို့တော့ သူလည်း အရေးပါတယ်လို့ တော့ ကျနော် အဲဒီလိုပဲခံစားမိ့တယ်”ဟု ပြောသည်။
နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်း တစ်ခုအောက်တွင် ထိန်းထိန်းသိမ်းသိမ်း သွားနိုင်လျှင် အကျိုး တစ်စုံတစ်ရာ ရှိလာနိုင်မည်ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆက်လက် ပြောကြားသည်။

NSPNC နဲ့ UWSA တို့ တွေ့ဆုံ ဆွေးနွေးကြစဉ်
၎င်းက “ဒီလို သာမာန်အခြေအနေ မဟုတ်တဲ့ နိုင်ငံရေး အခင်းအကျင်း တစ်ခုအောက်မှာကတော့ ဒီအချိန်မှာ ကျနော်တို့ လုပ်နည်းကိုင်နည်းတွေကလည်းပဲ ဒါတစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်ဖက်နဲ့တစ်ဖက် တစ်ထပ်ထဲ ကျဖို့ကတော့ အင်မတန် ခက်ခဲပါတယ်၊ စိန်ခေါ်မှုတွေ အများကြီးလည်း ရှိပါတယ်။ တစ်ခါတစ်လေ ကျရင် အကောင်းဘက်ကို ရှေးရှုပြီးတော့ လုပ်သော်လည်းပဲ အကောင်းမဖြစ်ဘဲနဲ့ အခက်အခဲဖြစ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ လက်ရှိ ဖြစ်တည်နေတဲ့ နိုင်ငံရေး အခြေအနေပေါ်မှာ မျက်ခြေမပြက် မျက်နှာမူပြီးတော့ပေါ့လေ။ ဒီနိုင်ငံရဲ့ အရေး တကြီး လိုအပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးလို့ခေါ်မလား၊ ထာဝရငြိမ်းချမ်းရေးလို့ပဲခေါ်မလား၊ အခက်အခဲ အကျပ်အတည်း တစ်ခု အောက်မှာကတော့ ကျနော်တို့ အနေနဲ့ ပြည့်စုံလုံလောက်တဲ့ အဆင့်မဟုတ်သည့်တိုင် အောင်တောင်မှ ကျနော်တို့ အဲဒီလမ်းကြောင်းပေါ်ကို စတင် ခြေလှမ်းလှမ်းနိုင်တဲ့ အစပျိုးမှုတွေ လုပ်နိုင်တယ် ဆိုရင်ပဲ အဲဒီအပေါ်မှာပဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ သွားနိုင်တယ်ဆိုရင်တော့ အကျိုးတစ်စုံတစ်ရာတော့ ရှိလာနိုင် မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။
နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုတွင် နိုင်ငံရေးအရ ချုပ်ကိုင်မှု သို့မဟုတ် ဖိအားပေးမှုများ မရှိသင့်ကြောင်း၊ ထိုသို့ ရှိခြင်း သည် ညှိနှိုင်းမှု၏ အဓိကရည်ရွယ်ချက်ကို ပျက်ပြားစေပြီး ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ရေရှည်တည်တံ့သော သဘောတူညီချက်များရရှိရန် အတားအဆီးကြီးတစ်ခု ဖြစ်စေနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝန်းက ထောက်ပြ ကြသည်။
အလားတူ အစိုးရနှင့် လက်နက်ကိုင်ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ပါဝင်သော စေ့စပ်ညှိနှိုင်းသူများသည် စစ်ရေးအရ မည်ကဲ့သို့ တိုက်ခိုက်၍ရကြောင်း၊ မည်သည့် လက်နက်များဖြင့် တိုက်ခိုက်၍ရကြောင်း စသဖြင့် ခြိမ်းခြောက်သည့် သဘောမျိုးဖြင့် ဆွေးနွေးခြင်းကို ရှောင်ရှားသင့်သလို အပေးအယူ မရှိဘဲ တစ်ဖက်ကို မည်သည့် အကျိုးအမြတ်မှ ပေးစရာမလိုဘဲ လက်ခံအောင် လုပ်နိုင်သည်ဆိုသည့် လူကြီးအကြိုက် ဆွေးနွေးမှုများကိုလည်း မလုပ်ရန်လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 117
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်ထဲမှ စက်တောကျေးရွာမှ တိုက်ပွဲရှောင်များသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် နေရပ်သို့ ပြန်လည်ဝင်ရောက်လာခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကချင်ပြည်နယ်ဝင်ပေါက် ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ ထိုးစစ် ဆင် တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၁၇ ရက်တွင် သိမ်းပိုက်ခဲ့သည်။
ထို့နောက် ဗန်းမောက်မြို့အနီးရှိ စက်တောကျေးရွာ အပါအဝင် ကျေးရွာအများစုမှ ဒေသခံများသည် ရှမ်းနီအမျိုး သားများတပ်မတော်(SNA)ထိန်းချုပ်နယ်မြေသို့ တိမ်းရှောင်လာခဲ့ကြသည်။

ဗန်းမောက်မြို့၊ စက်တောရွာမှ တိုက်ပွဲရှောင်များ နေရပ်ပြန်လာကြစဉ်
တခြားတစ်ဖက်မှာတော့ SNA နှင့် မြန်မာ့တပ်မတော်သည် ဗန်းမောက်မြို့ ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် ထိန်းချုပ်နိုင်ခဲ့သည်။
ထို့ကြောင့် စက်တောကျေးရွာမှ ဒေသခံများသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် နေရပ်သို့ ပြန်လည် ဝင်ရောက် လာခဲ့ကြခြင်းဖြစ်သည်။
စက်တောကျေးရွာတွင် အရှေ့ကုန်းရပ်ကွက်၊ အလယ်ကုန်းရပ်ကွက်၊ ပင်တိုက်ရပ်ကွက်၊ စီးကုန်းရပ်ကွက် ဆိုပြီး ရပ်ကွက် ၄ ရပ်ကွက်ရှိကြောင်း၊ နေရပ်သို့ ပြန်လည် ဝင်ရောက်လာသူ အိမ်ထောင်စု ၁၁၁ အိမ်၊ လူဦးရေ ကျား ၁၂၆ ဦးနှင့် မ ၁၉၅ ဦး စုစုပေါင်း ၃၂၁ ဦး ရှိကြောင်း ဒေသခံများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 453
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆
တရုတ်-အိန္ဒိယတို့၏ စီမံကိန်းများ ဆက်လက် အကောင်အထည် ဖော်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အာရက္ခတပ်တော် (AA) သည် မည်မျှ အရေးပါသလဲ ဆိုသည့်အပေါ် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များအကြား မေးခွန်းထုတ်မှုများရှိသည်။
မြန်မာနိုင်ငံတွင် တရုတ်နှင့် အိန္ဒိယတို့ အကောင်အထည်ဖော်နေသည့် စီမံကိန်းများရှိရာ ဒေသများသည် တိုင်းရင်းသားလက်နက်ကိုင်များ အသီးသီး လှုပ်ရှားနေကြပြီး တိုက်ပွဲများ ဖြစ်ပွားနေသည့် နယ်မြေများလည်း ဖြစ်သည်။
အစိုးရအနေဖြင့် ထိုစီမံကိန်းများရှိသည့် ဒေသများမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် စေ့စပ်ညှိနှိုင်းဆွေးနွေး သည့် အခင်းအကျင်းများ ပေါ်လာနိုင်ကြောင်း၊ တရုတ်- အိန္ဒိယ နှစ်နိုင်ငံအစိုးရ အနေဖြင့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများအပေါ် ဖိအားပေးမှု၊ ကြားဝင် စေ့စပ်မှုများလည်း မြင်တွေ့လာရနိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူများက ထောက်ပြကြသည်။
တရုတ်၏ စီမံကိန်း အများစုရှိသော နယ်မြေများကို ထိန်းချုပ်ထားသည့် (KIA) အနေဖြင့် လက်ရှိ အနေအထားအရ တရုတ်အတွက် ပိုမို အရေးပါနေကြောင်း၊ မြန်မာအစိုးရသည် စစ်ကိုင်းတိုင်းထိ အာဏာသက်ရောက်လျှင် အိန္ဒိယ အတွက် KIA သည် စိုးရိမ်စရာမရှိဘူးဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် အဖြစ် တာဝန်ယူခဲ့ဖူးသူ မစ္စတာဆွန်ကော်ရှန်ကို တွေ့ရစဉ်
၎င်းက “KIA အနေနဲ့က အဓိက,ကတော့ သူက တရုတ်နဲ့ပိုပြီးတော့ အရေးပါတာပေါ့။ ဘာလို့လဲဆိုတော့ KIA ထိန်းချုပ်နယ်မြေ အများစုမှာပဲ သယံဇာတတွေ တူးဖော်နေတာ တွေ့ရမယ်။ ပြီးတော့ တရုတ်နိုင်ငံရဲ့ သယံဇာတ တခြား ကုန်ကြမ်းပစ္စည်းတွေ ရရှိဖို့အတွက်လည်း သူတို့ KIA ထိန်းချုပ်နယ်မြေတွေကို ဖြတ်သန်းသွားလာ နေရ တာဖြစ်တယ်။ နောက်တစ်ခုကတော့ တရုတ်တွေ တအားကြိုက်တဲ့ ကျောက်စိမ်းပေါ့နော်၊ ကျောက်စိမ်း တူးဖော် ရေး လုပ်ကွက်တွေ အများစုကို KIA တွေ ထိန်းချုပ်ထားတဲ့ အတွက်ကြောင့် KIA ထိန်းချုပ်နယ်မြေထဲမှာ ရောက် နေတဲ့အတွက်ကြောင့် KIA ဟာ တရုတ်အတွက် အများကြီး အရေးကြီးတဲ့ထဲမှာ ပါပါတယ်။ အိန္ဒိယနဲ့ကျတော့ အိန္ဒိယက အရှေ့မြောက် ပြည်နယ်(၄)ခုအတွက် သူက Supply လမ်းကြောင်း လိုချင်တာ အဓိက,က အိန္ဒိယဘက် က ကြည့်တာက။ အဲဒီတော့ KIA က သူတို့အတွက် အဲဒီလောက်ထိ အရေးကြီးတာ မဟုတ်ဘူး။ ဆိုလိုတာကတော့ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအထိ မြန်မာအစိုးရရဲ့ လွှမ်းခြုံမှု အာဏာ သက်ရောက်တယ် ဆိုရင် KIA ဟာ အိန္ဒိယအတွက် ဘာမှ မဟုတ်တော့ဘူး အဲဒီလိုမြင်တယ်” ဟု ပြောသည်။
လက်ရှိတွင် အိန္ဒိယ၏ ကုလားတန်မြစ် စီမံကိန်း လမ်းကြောင်းတစ်ခုလုံးကို AA က အဓိက စိုးမိုးထားပြီး နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများကို ချင်းလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားခြင်းကြောင့် စီမံကိန်း ဆက်လက် အကောင်အထည် ဖော်နိုင်ရန်အတွက် ထိုအဖွဲ့များအား မဖြစ်မနေ ထိတွေ့ဆက်ဆံရမည်ဖြစ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
အိန္ဒိယစီမံကိန်းများ ဆက်လက် အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက်မှာ AA အပေါ်တွင် အဓိက မူတည်နေကြောင်း၊ အိန္ဒိယအနေဖြင့် ၎င်း၏ စီမံကိန်းများ ဖော်ဆောင်နိုင်ရေးအတွက် AA ကို အင်အားချိနဲ့လာ အောင် ကူညီလာနိုင်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “AA က အရေးပါနေတာ မဟုတ်ဘူး အနှောင့်အယှက်ပေးသလို ဖြစ်နေတာ။ AA ရှိနေလို့ အဲဒီက ကုလား တန်ဘက်စုံ စီမံကိန်းက မအောင်မြင်နေတာ။ အဲဒီတော့ AA ရှိနေတဲ့ အတွက်ကြောင့် ကုလားတန်ဘက်စုံ စီမံကိန်း က တို့လို့တန်းလန်းနဲ့ ရပ်သွားတာဖြစ်တယ်။ ရပ်သွားတဲ့ အတွက်ကြောင့် အိန္ဒိယ အရှေ့မြောက်ပြည်နယ် လေးခု ရဲ့ ထုတ်ကုန်တွေလည်း မပို့နိုင်သလို အဲဒီက ပြည်နယ်ရဲ့ လိုအပ်ချက်တွေ Supply လမ်းကြောင်းလည်း ပျောက် သွားတာ ဖြစ်တယ်။ ဒါက ဗဟိုအစိုးရကို AA ကို ထိန်းချုပ်နိုင်ရေး အင်အားလျော့ပါးသွားအောင် အိန္ဒိယက ကူညီ တဲ့ အဆင့်တောင် ရောက်လာလိမ့်မယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

AA ခေါင်းဆောင်များကို တွေ့ရစဉ်
အိန္ဒိယသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝ-ယာကြီး-မုံရွာကို ဖြတ်သန်း၍ အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ်ရေး လမ်းကြောင်း ဖော်ဆောင်ရေး စီမံကိန်းကိုလည်း ပြင်ဆင်လျက်ရှိနေသည်။
တရုတ်-အိန္ဒိယ-မြန်မာ အကျိုးစီးပွားသည် သက်ဆိုင်ရာနိုင်ငံများ၏ ဗဟိုအစိုးရ အပေါ်တွင်သာ တိုက်ရိုက် ဆက်စပ်ကြောင်း၊ တရုတ်-အိန္ဒိယအတွက် တိုင်းရင်းသား လက်နက်ကိုင်များသည် အရေးပါသည့် အနေထား မရှိဘူးဟု ရခိုင့်ဦးဆောင်ပါတီ(ANP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တရုတ်ရဲ့ အိမ်နီးနားချင်းက မြန်မာ၊ တရုတ်ရဲ့ အကျိုးစီးပွားနဲ့ မြန်မာရဲ့ အကျိုးစီးပွားက တိုက်ရိုက် ဆက်စပ်တယ်။ အဲဒီလိုပဲ အိန္ဒိယရဲ့ အကျိုးစီးပွားနဲ့လည်း မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားက တိုက်ရိုက် ဆက်စပ် တယ်။ အဲဒီတော့ အိန္ဒိယ-မြန်မာ၊ တရုတ်-မြန်မာ အဲဒီလိုသွားတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေလောက်နဲ့ နိုင်ငံကြီးတွေက စကားပြောတာ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာလည်း ရှိမှာပေါ့ဗျာ။ အိန္ဒိယကို ဆန့်ကျင်တဲ့ Naga land ဘက်က သူပုန်တွေ ရှိကောင်းရှိနိုင်တာပေါ့။ ဒါက အိန္ဒိယအတွက်ရော မြန်မာ အတွက်ရော အရေးမပါဘူးဗျ။ အဲဒီလိုပဲ KIA တို့ကလည်း အိန္ဒိယအတွက်ရော၊ တရုတ်အတွက်ရော အရေးမပါဘူး ဗျ၊ မြန်မာနိုင်ငံအတွက်ပဲ အရေးပါတယ်။ KIA သည် မြန်မာနိုင်ငံအတွက် အရေးပါတယ်၊ AA သည် မြန်မာနိုင်ငံ အတွက် အရေးပါတယ်။ AA သို့မဟုတ် KIA သည် မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားဖြစ်တယ် အဲဒီလိုပဲ တွေးရမှာ။ AA က ဥပမာ အိန္ဒိယအကျိုးစီးပွားရှိတဲ့ နေရာမှာ ရှိနေလို့ အိန္ဒိယအတွက် အရေးပါတဲ့ ဆိုတာက အိန္ဒိယတစ်နိုင်ငံလုံး ရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့အခါမှာ သူ့ရဲ့ နိုင်ငံခြားရေး ပေါ်လစီ ဒါတွေနဲ့ ပတ်သက်တဲ့အခါမှာ အလွန်တရာ သေးငယ်တဲ့ အမှုန်လေး ဖြစ်သွားတယ်။ အဲဒီလိုပဲ KIA လည်း ဒီအတိုင်းဖြစ်တာပါပဲ”ဟု ပြောသည်။
တရုတ်သည် လာမည့် ငါးနှစ်အတွင်း၌ မြန်မာနိုင်ငံတွင် ပိုးလမ်းမစီမံကိန်းနှင့် ကျောက်ဖြူရေနက် စီမံကိန်းကို အပြီးသတ် လုပ်သွားမည့် အလားအလာ ရှိနိုင်သည်ဟု တရုတ်-မြန်မာအရေး လေ့လာသူများက ထောက်ပြကြ သည်။
ထို့အတူ အိန္ဒိယအစိုးရကလည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်(ပလက်ဝ)ကို ဖြတ်သန်းထားသော ကုလားတန် မြစ် ဘက်စုံ စီမံကိန်းကို ၂၀၂၇ ခုနှစ်အကုန်မှာ အပြီးသတ် အကောင်အထည် ဖော်လိုကြောင်း သဘောထားရှိ နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 458
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆
မြန်မာနိုင်ငံအတွင်းမှာ လက်ရှိ သိမ်းပိုက်ရရှိထားသည့် နယ်မြေ အနေထားများအရ မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့အချို့အတွက် အရှုံးမရှိသဖြင့် NSPNC ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) သည် လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးမှုများ ပြုလုပ်ထားသည်။
ထို့ပြင် မြောက်ပိုင်းအဖွဲ့များအား လာမည့် ဩဂုတ်လ၌ နေပြည်တော်သို့ လာရောက်၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ထိုသို့ ဆွေးနွေးရာတွင် NSPNC သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းကနေသာ စဉ်းစားသဖြင့် ဖွဲ့စည်းပုံထက် ကျော်လွန်တောင်းဆို၍ ရမည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များကို တွေ့ရစဉ်
၎င်းက “ဘယ်လိုပဲပြောပြော ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းကပဲ ဖြစ်နေမှာပေါ့။ အဲဒီတစ်ခုကတော့ သေချာတယ်။ အဲဒီလို ပြောရတာလည်း ကျယ်တော့ ကျယ်ပြန့်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်ပြီးတော့ ကွန်ဖက်ဒရေးရှင်း ပုံစံမျိုးတွေကတော့ တောင်းဆိုလို့ရမှာ မဟုတ်ဘူးလို့ အကြမ်းဖျင်း ပြောတာပေါ့။ အဲဒီတော့ သေချာတာကတော့ နှစ်ဘက်က ဒီလို Consecutive Engagement ပေါ့။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ သဘောထား အပြုသဘောဆောင်တဲ့ တွေ့ဆုံမှု ဖြစ်သွားတယ်ဆိုရင်တော့ စစ်ရေးနဲ့ပတ်သက်တဲ့ အရာတွေက တော့ ငြိမ်းသွားမှာပေါ့နော်။ ဘာပဲပြောပြော သူက ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းကပဲ ဖြစ်နေမှာပဲ။ အထူးသဖြင့်ကတော့ မြောက်ပိုင်းအဖွဲ့ထဲမှာတော့ TNLA တို့၊ MNDAA တို့ကတော့ လာနိုင်တာပေါ့။ အထူးသဖြင့် တော့ MNDAA ကတော့ လာနိုင်တာပေါ့နော်။ သူက လာစရာလည်း သူ့ဘက်က ဘာမှ အရှုံးမရှိဘူးလေ။ သူက နယ်မြေ အသွင်အပြင်အရကိုက MNDAA တို့၊ “ဝ” တို့က ဘာပဲပြောပြော သူတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် က နည်းနည်းလေး သဘာဝကျတဲ့ အနေအထားကတော့ ရှိတယ်။ အစကတည်းက နိုင်ငံရေး ပထဝီအရပဲ ပြော ပြော၊ ဘာ ပထဝီနဲ့ပဲ ပြောပြောပေါ့။ KIA ကြတော့ နည်းနည်းခက်တယ်။ ခက်တယ် ဆိုတာက သူက အစဉ်အဆက် ကိုက ကချင်ပြည်နယ်ဆိုတာကိုက ရှမ်း၊ ဗမာ အဓိက အများစုဖြစ်တယ်။ ဒီသဘောရှိတဲ့ အခါကြတော့ သူက လည်း အစဉ်အဆက်မှာ သူကလည်း ရိုးသားမှု မရှိတဲ့အခါကြတော့လေ သူနဲ့တော့ တစ်မျိုး ဒီဘက်ကလည်း သတိ ထားမှာပေါ့။ သူက လာဖို့ကလည်း မလွယ်ဘူး။ သူက စကားတွေကလည်း ကျွံတာတွေကလည်း များခဲ့ပြီပေါ့။ ဒီအနေအထားကို သွားတွေ့တယ်” ဟု ပြောသည်။
မြောက်ပိုင်းအဖွဲ့များအား ငြိမ်းချမ်းရေး ဖိတ်ခေါ်ရာတွင် အာရက္ခတပ်တော်(AA) ပါဝင်မှု ရှိ၊ မရှိသည် နိုင်ငံတော် သမ္မတ၏ မူဝါဒအပေါ် အဓိက မူတည်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက ဆက် ပြောသည်။

AA နဲ့ ချင်း PDF တို့ကို တွေ့ရစဉ်
၎င်းက “AA ကြတော့ သူက နိုင်ငံတော်သမ္မတရဲ့ မူဝါဒအပေါ်မှာပဲ အဓိကမူတည်မှာပေါ့နော်။ သူလုပ်ခဲ့တဲ့ အရာ တွေက ပြောရရင် စစ်ရာဇဝတ်မှုတွေက တော်တော်များတာကို။ ကျောက်တော်မှာ လူ ၉၀၀ ကျော် ရေထဲကလူ တွေကို ဓားနဲ့ခုတ်၊ သေနတ်နဲ့ ပစ်တာတွေ လုပ်ထားတဲ့ ကိစ္စမျိုးတွေကြတော့ တော်ရုံတန်ရုံလောက်က ဒီဘက်က အမျိုးသားရေး အုပ်စုတွေရော၊ တပ်မတော် ထောက်ခံတဲ့လူတွေရော အားလုံးက ဒီကိစ္စကြီးမှာ သူတို့ကို ကျေအေး ပေးဖို့ဆိုတာတော့ ခက်တယ်။ ခက်တယ်ဆိုတဲ့ အခါကြတော့ ဒါကတော့ သမ္မတကြီးက သူဆုံးဖြတ်ရမှာပေါ့။ အမျိုးသားရေးသမားတွေ၊ တပ်မတော် ထောက်ခံသူတွေကတော့ သူ့ကို သိပ်ကျေနပ်မှာတော့ မဟုတ်ဘူး။ ခက် တာက သူ့ဘက်ကလည်း သူများနဲ့မတူဘူးပေါ့။ ဆိုတဲ့ အခါကြတော့ သူကတော့ အနေအထား တစ်မျိုးဖြစ်မယ်။ ကျနော်ထင်တယ် သူနဲ့ကတော့ သိပ်တော့ မလွယ်ဘူး ပြောရမှာပေါ့။ ဖြစ်တော့ ဖြစ်နိုင်တာပေါ့နော်။ ကောင်းတဲ့ result ရဖို့ခက်တယ်လို့ ဆိုလိုတာပါ။ ပါလာရင်လည်း ပါလာမှာပါ ဒါကတော့ ပြောလို့မရဘူးပေါ့နော်။ ဒါကတော့ နိုင်ငံရေးဆိုတာကတော့ ကစားကြတဲ့ အမျိုးကို” ဟု ပြောသည်။
မြောက်ပိုင်းအဖွဲ့ အများစုသည် တရုတ်၏ လောင်းရိပ်မှ မလွတ်သဖြင့် တရုတ်မှ ငြိမ်းချမ်းရေး လိုချင်သည်ဆိုပါက ၎င်းတို့အနေဖြင့် မဖြစ်မနေ မသွားမနေရဆိုသည့် အပိုင်းများ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြောက်ပိုင်းအဖွဲ့တွေကတော့ သူတို့ကတော့ နည်းနည်း အခက်အခဲ ရှိတာပေါ့။ စစ်ဧရိယာတွေက နယ်စပ် မှာဆိုတော့ တရုတ်ရဲ့ လောင်းရိပ်ကလည်း မလွတ်ဘူးပေါ့။ အထူးသဖြင့် တရုတ်ရဲ့အခြေခံမှု ဆိုတာထက် တရုတ် ရဲ့ ပြောဆိုချက်အပေါ်မှာ သူတို့အနေနဲ့ မငြင်းဆန်နိုင်တဲ့ အခြေအနေမျိုးတော့ တွေ့မြင်နေရတယ်။ ဒါကြောင့်မို့ လို့လည်း တရုတ်ပြည် ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင်တော့ တရုတ်ပြည် စီးပွားရေး၊ တရုတ်ပြည်ရဲ့ အကျိုး အမြတ်အတွက် တရုတ်ကလည်း လုပ်ခိုင်းမယ့် သဘောမျိုးတော့ ရှိပါတယ်။ ဒါကြောင့်လည်း မဖြစ်မနေ၊ မသွား မနေရဆိုတဲ့ အပိုင်းတွေနဲ့ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ အခင်းအကျင်း ဆိုတာထက် တရုတ်ပြည်ရဲ့ လိုလားချက် ကြောင့်မို့လို့ ဖြစ်လိမ့်ပါလိမ့်မယ်။ သွားမယ်၊ မသွားဘူးဆိုတာကတော့ ဖိတ်ကြားတိုင်းလည်း ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ဟာမျိုးတော့ ဖြစ်ချင်မှ ဖြစ်ပါမယ်။ သူတို့အထဲမှာ အရင်ဆုံး pre ပေါ့ ဆွေးနွေးမှုတွေ အဆင့်ဆင့်နဲ့ လုပ်ပြီးမှ၊ လုပ်သွားပြီးမှ လုပ်တာကတော့ သူတို့အတွက် အကျိုးပိုရှိလိမ့်မယ်လို့ပဲ ကျနော်က ဒီလိုပဲမြင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် NSPNC သည် ၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်တွင် ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ/ ရှမ်းနီ အမျိုးသားများတပ်မတော် (SNUC/SNA) တို့နှင့်လည်းကောင်း၊ ဇွန်လ ၁၀ ရက်နေ့တွင် NCA လက်မှတ် ထိုးထား သည့် 7 EAO Alliance တို့နှင့်လည်းကောင်း၊ ဇွန်လ ၁၂ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် လည်းကောင်း၊ ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်တွင် အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
သမ္မတဦးမင်းအောင်လှိုင် အနေဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက် နေ့အထိ ရက်ပေါင်း ၁၀၀ အတွင်း သတ်မှတ်ထားခြင်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 277
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးနှင့်စစ်ရေး ပဋိပက္ခကနေ ပေါ်ပေါက်လာသည့် မတည်ငြိမ်မှုများကို သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် ဘယ်လိုကြိုးပမ်းသင့်လဲ ဆိုသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများအကြား သုံးသပ်မှုများရှိနေကြသည်။
မြန်မာနိုင်ငံသည် အင်အားကြီး အိမ်နီးချင်း နိုင်ငံများကြားထဲတွင် ပထဝီနိုင်ငံရေးအရ အရေးပါသည့် အရေးကြီးဆုံး ဆုံချက်ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ထိုအခွင့်အလမ်းကို ကောင်းမွန်စွာ အသုံးချနိုင်ရန်အတွက် ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုများကို ဦးစွာဖြေရှင်းရန် လိုအပ်သည်ဟု ၎င်းတို့က ထောက်ပြကြသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှု ဖြစ်ရသည့် အကြောင်းအရင်းသည် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ ဖြစ်ပြီး ထိုကိစ္စရပ်အား တစိုက်မတ်မတ် ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင် မြို့ပြဖွံ့ဖြိုးမှုကိုလေ့လာနေစဉ်
၎င်းက “နိုင်ငံရေး တည်ငြိမ်အောင်ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာက တိုင်းရင်းသား ပြဿနာ ဖြစ်နေတယ် ဒါပထမ တစ်ခု။ တိုင်းရင်းသား ပြဿနာတွေ ဘယ်ကစ အခုလူမျိုး အမည်ကစပြီးမှ တစ်စတစ်စနဲ့ ပြဿနာတွေ ကြီးလာတာပေါ့နော်။ တခြား ပြဿနာမဟုတ်ဘူး။ တိုင်းရင်းသားတွေကလည်း အတူနေတဲ့ ညီအစ်ကိုတွေ ဖြစ်ကြ တယ်ဆိုတဲ့ အခါကျတော့ သူတို့ဘာလိုအပ်လဲ။ ကိုယ့်ဘက်က ဘာပေးနိုင်လဲ၊ ကိုယ့်ဘက်က ဘာလျှော့ရမလဲဆို တာ အပေးအယူတွေနဲ့ ညှိညှိနှိုင်းနှိုင်း နိုင်ငံရေးသဘောတရား ညှိနှိုင်းကြမယ်ဆိုရင်တော့ ပြေလည်မှု ရရှိသွားနိုင်ပါ တယ်။ အခုတိုင်းရင်းသားပြဿနာ ပိုကြီးလာတယ်ဆိုတာက လက်နက်ကိုင်တဲ့ ပြဿနာတွေ ပိုဖြစ်လာတယ် တိုက်ကြခိုက်ကြ အမုန်းတရားတွေ ပိုကြီးလာတယ်။ အဲဒီလိုမျိုးတွေ မဖြစ်အောင် ကျနော်တို့က နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်အောင် ကြိုးစားရပါတယ် တိုင်းရင်းသား ပြဿနာကို။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပြဿနာ ပြီးသွား ပြီဆိုရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးက မလွဲမသွေ ဧကန်မုချ ရရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အဓိက,ကတော့ တိုင်းရင်းသားပြဿနာကို ပြေပြေလည်လည် ဖြေရှင်းပေးနိုင်မယ်ဆိုရင်တော့ နိုင်ငံအတွက် ငြိမ်းချမ်းရေးကတော့ မဝေးတော့ဘူးလို့ ကျနော့် အနေနဲ့မြင်တယ်။ တည်ငြိမ်သွားပြီဆိုရင်တော့ ခုနတုန်းကပြောတဲ့ Geopolitics အရ အရေးပါတဲ့ နိုင်ငံကြီးတွေကြားထဲမှာ ကစားရင်းနဲ့ မြန်မာပြည်ဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာမယ်လို့တော့ ကျနော်အနေနဲ့ မြင်ပါတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် ရရှိမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများအပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ချောမွေ့စေရန်အတွက် မူဆယ်-မန္တလေး ကုန်သွယ်ရေးလမ်း၊ ရထားလမ်း၊ ရွှေလီ-မန္တလေး- ကျောက်ဖြူ အမြန်လမ်း စသည့် စီမံကိန်းများကို မြန်မာနိုင်ငံမှာ ဖော်ဆောင်နေသည်။
အလားတူ အိန္ဒိယနိုင်ငံကလည်း မြန်မာနိုင်ငံသည် ၎င်း၏ စီးပွားရေးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သည့် တံခါးပေါက်ဖြစ်သော အရှေ့တောင်အာရှ (အာဆီယံ) စျေးကွက်နှင့် ဒေသတွင်းနိုင်ငံများကို ချိတ်ဆက်နိုင်ရန် မြန်မာသည် ကုန်းတွင်းပိုင်းအရ တစ်ခုတည်းသော တံတားဖြစ်ကြောင်း သိရသည်။
အစိုးရအနေဖြင့် ထိုစီမံကိန်းများရှိသည့် ဒေသများမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် စေ့စပ် ညှိနှိုင်းဆွေးနွေး သည့် အခင်းအကျင်းများ ပေါ်လာနိုင်ကြောင်း၊ တရုတ်အစိုးရ အနေဖြင့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ အပေါ် ဖိအားပေးမှု၊ ကြားဝင် စေ့စပ်မှုများလည်း မြင်တွေ့လာရနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
နိုင်ငံရေး တည်ငြိမ်နိုင်ရန်အတွက်ဆိုလျှင် အမျိုးသားရင်ကြားစေ့ရေးကို အဓိကထား ဦးစားပေး ဆောင်ရွက်ရန် လိုအပ်သည်ဟု ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက CNI သတင်းဌာနသို့ ပြောသည်။

အိန္ဒိယ-မြန်မာ စီးပွားရေးဆွေးနွေးပွဲမှာ သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ကတော့ နိုင်ငံရေးတည်ငြိမ်ဖို့ကတော့ နံပါတ်တစ်ကတော့ အမျိုးသား ရင်ကြားစေ့ရေးပေါ့ဗျာ။ အမျိုးသားရင်ကြားစေ့ရေးကို ကျနော်တို့က ဦးစားပေး ပထမဦးဆုံး လုပ်ရမယ်။ အမျိုးသားရင်ကြားစေ့ရေး ပြီးသွား တဲ့နောက်မှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရမယ်။ ဒီနှစ်ချက်ကို အခြေခံသွားပြီး ကောင်းမွန်တဲ့ အနေအထားတစ်ခုကို ရောက်သွားပြီဆိုရင်တော့ ကျနော်တို့ကတော့ တိုင်းပြည်ရဲ့ အပြောင်းအလဲကတော့ ဖြစ် လာမှာပေါ့လေ။ ကျနော်တို့ကတော့ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးပေါ့ NCA ကို ချုပ်ဆိုနိုင်ခဲ့တယ်။ နောက်ပြီးတော့ အစိုးရအဆက်ဆက်က ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် ဆောင် ရွက်ခဲ့ပါတယ်။ ကျနော်တို့ အစိုးရလက်ထက်မှာလည်း ပွင့်ပွင့်လင်းလင်း ပြောရင်တော့ အားလုံး ပါဝင်သင့် ပါဝင် ထိုက်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်တွေကို ဖိတ်ခေါ်ပြီးတော့ ညှိနှိုင်းဆွေးနွေးတာပေါ့။ အဓိက,က တော့ ကျနော်တို့အတွက် အကောင်းဆုံးနည်းက ညှိနှိုင်းဆွေးနွေးခြင်းပါ။ ရက် ၁၀၀ အတွင်းမှာ အခုဆိုရင် လာရောက်ပြီးတော့ ဆွေးနွေးတဲ့ အဖွဲ့တွေရှိတယ်။ နောက်ပြီးတော့ NCA ပြင်ပကို ထွက်သွားတဲ့ အဖွဲ့အစည်းတွေ လည်း ရှိတယ်။ ဒါတွေကို ကျနော်တို့က ပြန်လည်ပါဝင်နိုင်အောင်လည်း ကြိုးစားဆောင်ရွက်ဖို့ လိုပါတယ်ပေါ့” ဟု ပြောသည်။
လက်ရှိ အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အပေါ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ယုံကြည်မှု အင်မတန် အားနည်းနေသေးသလို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရောက်လာနိုင်ရန်အတွက် မက်လုံးသေချာ မပေးနိုင်သေးဘူးဟု ယူဆ၍ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြနေကြသည်။
လတ်တလောတွင် သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ လည်းကောင်း၊ တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်ထိ သွားရောက်၍ သမ္မတ ရှီကျင့်ဖျင်အပြင် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဖြင့် တွေ့ဆုံဆွေးနွေးထားသည်။
တခြားတစ်ဖက်မှာတော့ NSPNC သည် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် SNA၊ SSPP၊ UWSA၊ NDAA တို့နှင့် သီးသန့်စီ တွေ့ဆုံ ဆွေးနွေးထားသလို 7 EAO Alliacne နှင့်လည်း တွေ့ဆုံဆွေးနွေးထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 219
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားလာနေသည့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ချဉ်းကပ်၍ သွားသင့်လဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်း ထုတ်လာကြသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်လမ်းစဥ် ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် စီးပွားရေးနှင့်ပညာရေးကို မြှင့်တင်ရန် လိုအပ်သည်ဟု နိုင်ငံရေးအသိုင်းအဝန်းက ထောက်ပြကြသည်။
ငြိမ်းချမ်းရေးကို ထိရောက်စွာ ချဉ်းကပ်ရာတွင် အကြမ်းဖက်မှုနှင့် ပဋိပက္ခများကို ရပ်တန့်ရုံသာမက တရားမျှတမှု၊ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အခြေခံ အုတ်မြစ်များကို စနစ်တကျ တည်ဆောက်သွားရန် လိုအပ် သည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး နည်းလမ်းပေါင်းစုံ သုံးရမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော် CNI သတင်းဌာနသို့ ပြောသည်။

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပစဉ်
၎င်းက “အဲဒါတွေကလည်း အကုန်မှန်တယ်လို့လည်း ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေမှာကိုက တချို့ဟာတွေက တိုင်းရင်းသား အခွင့်အရေးအနေနဲ့ တောင်းဆိုတာ မျိုးက တခါတလေကျလို့ရှိရင် သူက ကြားကောင်းအောင် ခေါင်းစဥ်တပ်ထားတာပဲ ဖြစ်တာပေါ့နော်။ အဲဒီလိုပဲ လိုချင်တာလေး ပေးလိုက်တာနဲ့ ပြီးသွားမယ်ဆိုတဲ့ဟာမျိုးလည်း ဒါက အဲဒီလောက် ရိုးရိုးရှင်းရှင်း မဟုတ်ဘူးပေါ့နော်။ အဓိက,ကတော့ ပြည်သူတွေအားလုံး တိုင်းရင်းသား ဆိုတဲ့နေရာမှာ အဲဒီ သေနတ်ကိုင်ထားတဲ့ ခေါင်းဆောင်တွေ လောက်နဲ့ မဟုတ်ဘဲနဲ့ တကယ့်ကို ပြည်သူတွေရဲ့ ဆန္ဒကလည်း ပါရမှာပေါ့။ ဒီဟာတွေ အကုန်လုံးနဲ့ကို သေသေ ချာချာ ထိတွေ့ပြီးတော့မှ တကယ်ကို ပြည်သူ၊ ပြည်သူချင်း ဆက်ဆံတဲ့ကိစ္စတွေရော၊ ဘာတွေရော အကုန်လုံး လုပ်ပြီးတော့မှ ဖော်ဆောင်မှ ရမယ့်သဘောပေါ့နော်။ လိုချင်တာ ပေးလိုက်ပါကွာ ပြီးသွားတာပေါ့ဆိုတဲ့ ဟာမျိုး လောက်က အဲဒီလောက်ထိ မရိုးရှင်းဘူးပေါ့။ များသောအားဖြင့်က အဓိကဖြစ်နေတာက လက်နက်ကိုင်ထားတဲ့ ဒီတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဖြစ်တယ်ဆိုတဲ့ အခါကြတော့ သူတို့နဲ့စကားပြောပြီး သူတို့စိတ်ကျေနပ်အောင် လုပ်လိုက်ရင် ပြီးသွားမယ်လို့ ထင်တဲ့ဟာကလည်း ပြဿနာရှိတယ်။ ဒီတစ်ဖွဲ့ကသာ ရပ်ရင်ရပ်သွားတာ၊ နောက် တစ်ဖွဲ့ ထပ်ပေါ်ရင် ပေါ်လာတာပေါ့နော်။ ဒါတွေက ရှေ့မှာသင်ခန်းစာတွေ အများကြီးရှိခဲ့ပြီးပြီ။ ဒီခေါင်းဆောင် တွေကို စီးပွားရေးတွေ ထောက်ပံ့တယ်၊ တရားဝင်ဖြစ်အောင် လုပ်ပေးလိုက်မယ်။ ဒါပေမယ့် ဒါကို မကျေနပ်ဘူး နောက်တစ်ဖွဲ့က ထပ်ပေါ်လာတာပဲ။ သံသရာက လည်ပြီးတော့မှ ပြီးနိုင်တဲ့သဘော မရှိဘူးဖြစ်တာပေါ့။ အမြစ်ပြတ်ပြီးတော့မှ တကယ်ကို အေးအတူပူအမျှ သွားတယ်ဆိုတဲ့ ပုံစံမျိုး ရောက်အောင်ဆိုလို့ရှိရင် တကယ်ကို ပြည်သူတွေ ကိုယ်တိုင်ကိုက လက်ခံပြီးတော့ လိုလိုလားလား ဖြစ်ပြီးတော့မှ နောက် ပြည်သူပြည်သူချင်း လုပ်တဲ့ ဟာတွေရော နည်းပေါင်းစုံသုံး ရမယ်ထင်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ပိုမို ဆိုးရွားလာခဲ့ပြီး လူငယ်များကြား လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းရန် စိတ်အားထက်သန်မှု ပြင်းထန်လျက်ရှိနေသည်။
ထို့နောက် လက်နက်ကိုင်ထားကြသည့် မြန်မာ့တပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ(EAO)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များသည် လူသစ်စုဆောင်း၍ တစ်ဖက်နှင့်တစ်ဖက် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အစိုးရသစ် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်နှင့်ပတ်သက်ပြီး တိကျခိုင်မာသည့် ပေါ်လစီ၊ မူဝါဒများရှိရန် လိုအပ်ကြောင်း 7 EAO Alliance အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

အငြိမ်းစား တပ်မတော် ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားများကို တွေ့ရစဉ်
၎င်းက “အခုကတော့ ကျနော်တို့လည်း နည်းလမ်း ရှာတုန်းပဲဆိုတော့ ဘယ်ဥစ္စာက သွားသင့်လဲ၊ မသွားသင့်ဘူးလဲ ဆိုတာကိုတော့ ကျနော်တို့လည်း လက်လှမ်း မှီသလောက်တော့ ကြိုးစားနေဆဲ အဆင့်ပဲရှိတယ်။ ကျနော်တို့ 7 EAO Alliance အနေနဲ့ကတော့ ကျနော်တို့မှာ စဥ်းစားထားတဲ့ ဒီငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဥ် အချက်အလက် တွေလည်းရှိပါတယ်။ အဓိက,ကတော့ ဒီရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို ဘယ်လိုနည်းလမ်းနဲ့ ပြန် စတင်နိုင်မလဲဆိုတာ သူ့အမြင် ကိုယ့်အမြင် ဒါနှစ်ဖက် ဖလှယ်တဲ့ အခြေအနေပဲ ရှိသေးတာပေါ့နော်။ ဒီအစိုးရသစ် အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်နဲ့ ပတ်သက်ပြီးတော့ တိကျခိုင်မာတဲ့ ပေါ်လစီ မူဝါဒတွေရှိဖို့ရယ်၊ နောက်ပြီး တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်အတွက် လိုအပ်တဲ့ ယန္တရားတို့ ဒီလုပ်ငန်းစဥ်တို့ ဘာတို့ အဲဒါတွေကိုလည်း ရှိဖို့ လိုအပ်တယ်ဆိုတာ အဆိုပြုခဲ့တာရှိတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို ကျနော်တို့က လျှော့ချနိုင်အောင်ပေါ့လေ။ သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး အနေနဲ့ ဘာမှ ကြိုတင်ကန့်သတ်ချက် မထားဘဲနဲ့ အပစ်ရပ် ကြေညာချက်တွေ ဘာတွေ ထုတ်ပြောနိုင် အောင် ထုတ်ပြန်နိုင်အောင် အဲဒီလိုမျိုး ကျနော်တို့ အဆိုပြုခဲ့တာရှိတယ်။ နောက်ပြီးတော့ နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာဖို့ ဒါသက်ဆိုင်ရာ အားလုံးကို ကျနော်တို့ တိုက်တွန်းပြောဆိုဖို့။ ဒီအချိန်မှာ ကျနော်တို့ သက်ဆိုင်ရာ အစုအဖွဲ့တွေ အားလုံးအနေနဲ့ ယုံကြည်မှု တည်ဆောက်ခြင်း လုပ်ငန်းတွေကိုလည်းပဲ အရေးပေး ဆောင်ရွက်ဖို့ လိုအပ်တယ်”ဟု ပြောသည်။
လက်ရှိ ဖွဲ့စည်းထားသည့် အစိုးရနှင့် လွှတ်တော်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များကို အားသွန်ခွန်စိုက် ဆောင်ရွက်ရန် လိုအပ်သလို နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကဏ္ဍပေါင်းစုံကို ခြုံငုံကြည့်ရှုတတ်ရန်လည်း လိုအပ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အလားတူ အစိုးရနှင့်မြန်မာ့တပ်မတော်သည် သွပ်သွင်းခြင်းဆိုတဲ့ မူဝါဒကနေ မချဉ်းကပ်ဘဲ ပေါင်းစည်းရေး ဆိုသော မူဝါဒကနေ ချဉ်းကပ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်သင့်ကြောင်း၊ ခွဲခြားဆက်ဆံခြင်းကို ဖယ်ရှားပြီး သဘောထား ကြီးကြီးထား၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်သင့်ကြောင်း ၎င်းတို့က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 236
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅
မြန်မာနိုင်ငံမှ မြေရှားသတ္တုများအား တရုတ်ကုမ္ပဏီငယ်များမှ တရားမဝင် တူးဖော်လုပ်ကိုင်နေခြင်းကို ရပ်တန့် ရန်နှင့် အစိုးရချင်း G to G ဆောင်ရွက်ရန် စဉ်းစားမည်ဆိုပါက ယူနန်အစိုးရသော်လည်းကောင်း၊ တရုတ်ဗဟို အစိုးရကို သော်လည်းကောင်း ချဉ်းကပ်ရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံမှာ မြေရှားသတ္တုအား အဓိက အများဆုံး ထွက်ရှိသည့်ဒေသများမှာ တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် ကချင်ပြည်နယ် အထူးဒေသ (၁) ပန်ဝါနှင့် ချီဖွေမြို့ အနီးတစ်ဝိုက်တို့တွင်ဖြစ်ပြီး လက်ရှိတွင် ထိုဒေသများအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ထိန်းချုပ်ထားသည်။
ထို့နောက် ရှမ်းပြည်နယ်အတွင်းက “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နှင့် အမျိုးသားဒီမိုကရေစီ မဟာမိတပ်မတော်(NDAA)တို့ ထိန်းချုပ်ထားသော ဒေသများမှာလည်း မြေရှားသတ္တုတူးဖော်နေကြသည်။
EAO ထိန်းချုပ်ဒေသ ဖြစ်သည့်အတွက် ပိုက်ဆံရပါက ခွင့်ပြုသည့် အချက်မှာ ပြဿနာဖြစ်နေကြောင်း၊ EAO လက်ထဲရှိနေသဖြင့် တရားမဝင် တူးဖော်မှုများအား နှိမ်နင်း၍မရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။

KIA နဲ့ မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်ကို တွေ့ရစဉ်
၎င်းက “အဲဒီ တရားမဝင်မှု ကွင်းဆက်ကို နှိမ်နင်းဖို့ဆိုတာက EAO လက်ထဲမှာ ရှိနေလို့ကတော့ နှိမ်နင်းလို့မရဘူး။ သူက သူလုပ်ချင်တာကို သူလုပ်မှာပဲလေ။ သူလက်နက်ကို ထုတ်လုပ်နိုင်ဖို့အတွက် သူ့တပ်တွေရဲ့ ရိက္ခာတွေကို တောင့်တောင့်တင်းတင်း ဖြစ်ဖို့အတွက် သူရှိတာအကုန် လှန်လောပြီး အကုန် ရောင်းစားမှာပဲ။ အကုန်အပေးယူ လုပ်မှာ။ ဒါပေမယ့် ဒီဘက်က government side ကြတော့ အဲဒီလို မဟုတ်ဘူး။ အဲဒီအခါကြတော့ ကျနော်တို့က သွားပြီးတော့ ခက်တယ်။ ကိုယ်ပြောချင်ရင်တော့ အပြီးတိုင် ဒီနယ်မြေတွေကို ထိန်းချုပ်ဖို့လိုတယ်။ ထိန်းချုပ်ပြီးမှ g to g စကားပြောမယ်။ အဲဒါဆို သူခိုးကုမ္ပဏီတွေက အကုန်ပပျောက်သွားမယ်။ အဲဒါတွေလည်း အရေးယူဖို့လို တယ်။ အရေးယူဖို့ လိုတယ်ဆိုတော့ ကိုယ်က လုပ်လို့တော့မရဘူး။ ကိုယ်လုပ်လို့ရတာက ဗုံးသွားကြဲဖို့ပဲရှိတယ်။ အဲဒီ side တွေကို ဘာလို့ မကြဲလဲဆိုတော့ ပြဿနာက တကယ်ထုတ်နေတဲ့ ရွှေမျောတွေ တကယ်ချနေတဲ့ ဟိုတစ်ခါ ဗန်းမော်နားက တစ်ခါဆော်ထည့်လိုက်တယ်။ ဝိုင်းအော်တို့ ပြည်သူတွေသေ၊ ဘာတွေသေ။ အမှန်က တော့ ခိုးထုတ်နေတာ။ government control အောက်မှာ ဖြစ်ဖို့အတွက်ဆိုရင် ခိုးထုတ်တဲ့ အလုပ်မှန်သမျှ တရား ဥပဒေမဲ့ လုပ်တဲ့ဟာ မှန်သမျှဖြစ်တဲ့အလျောက် အရေးယူဖို့တော့ လိုတယ်။ ဒါပေမယ့် စ-စ်ပွဲကာလဆိုတော့ တခြား နည်းလမ်းနဲ့လည်း လုပ်မရဆိုတော့ ဗုံးသွားကြဲတယ်ပေါ့”ဟု ပြောသည်။
မြန်မာအစိုးရအနေဖြင့် တရားမဝင် မြေရှားသတ္တု တူးဖော်နေမှုများကို ဗုံးကြဲခြင်း သို့မဟုတ် တရုတ်ဗဟိုအစိုးရကို ချဉ်းကပ်၍ ညှိနှိုင်းဆောင်ရွက်ခြင်းမျိုး လုပ်သင့်ကြောင်း ဒေါက်တာအမ်ကောန်လက ဆက်ပြောသည်။
၎င်းက “ကျနော်က ဗုံးကြဲတာကို မြှောက်ပေးနေတာ မဟုတ်ဘူး။ ဆိုလိုတာက g to g စဉ်းစားဖို့ဆိုရင် တရားမဝင်မှုဆိုင်ရာကိစ္စတွေ တရုတ်က တရုတ်နိုင်ငံသားပေါ့။ ယူနန်ထဲကလူတွေ လာလုပ်တဲ့ ကိစ္စမျိုးတွေမှာ ယူနန်အစိုးရသော်လည်းကောင်း၊ တရုတ် ဗဟိုအစိုးရနဲ့သော်လည်းကောင်း၊ ကျနော်တို့ ကောင်စစ်ဝန်ရုံးကလည်း တဆင့် ချဉ်းကပ်ဖို့လိုတယ်။ မဟုတ်ရင် ဒီဟာက သားရဲ တိရစ္ဆာန်တွေလိုပဲ ဒီမှာဝင်ပြီးမှ လုပ်ချင်ရာလုပ်နေတာ။ အဲဒီဟာကိုတော့ EAO တွေကတော့ ခွင့်ပြုမှာပဲ သူတို့က ပိုက်ဆံရရင် လုပ်မှာဆိုတော့ ပြဿနာက အဲဒါပဲ။ အဲဒီတော့ peace process မှာလည်း ဒီကဏ္ဍတစ်ချက် အလွန်အရေးပါတယ်။ လုပ်နိုင်၊ မလုပ်နိုင်ဆိုတာ။ ဒါပေမယ့် EAO ဘက်က တရုတ်နဲ့ ဘယ်လို အပေးအယူ ပြန်လုပ်လဲဆိုတာက အဲဒီတစ်ချက်လည်း ကျနော်တို့ စဉ်းစားဖို့လိုမယ်။ သူတို့ဘာတွေ အပေးအယူ လုပ်လဲပေါ့” ဟု ပြောသည်။
၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ (၈)နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် မြေရှားသတ္တု ကုန်ကြမ်း တင်သွင်းရာ အဓိက ပြည်ပရင်းမြစ် ဖြစ်လာခဲ့သလို မြန်မာမှ တင်ပို့သည့် မြေရှားသတ္တုများ၏ စုစုပေါင်း တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ရှိခဲ့ကြောင်း ISP Myanmar ၏ စာရင်းများအရ သိရသည်။

သယံဇာတ တူးဖော်ရေး လုပ်ကွက်တစ်ခုကို တွေ့ရစဉ်
၂၀၂၁ ခုနှစ် နောက်ပိုင်း၌ မြန်မာ့မြေရှားသတ္တု တင်ပို့မှု သိသိသာသာ တိုးလာခဲ့ပြီး ၂၀၂၁-၂၀၂၄ ခုနှစ်အတွင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိသည့် မြေရှားသတ္တုများ တင်ပို့ခဲ့ကြောင်း သိရသည်။
မြေရှားသတ္တု ဧရိယာအများစုသည် တရုတ်နှင့် နယ်စပ်ဒေသများ ဖြစ်သည့်အတွက် တရုတ်ဘက်မှ မည်သည့် အတိုင်းအတာအထိ ခွင့်ပြုထားသလဲ ဆိုသည့်အပေါ်တွင် မူတည်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင် အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုက KIA ကလည်း ဒီမြေရှားဧရိယာကို အလုံးစုံ ထိန်းချုပ်နိုင်တဲ့ အနေအထားမျိုးဆိုတော့ KIO အပေါ် မှာပဲ မူတည်ပါတယ်။ သူတို့အနေနဲ့ ဘယ်လိုလုပ်မလဲ၊ ဘယ်အဆင့်ထိ လုပ်မလဲဆိုတာကတော့ မူတည်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ မြေရှားလုပ်တဲ့ ဧရိယာမှန်သမျှက တရုတ်ပြည်ရဲ့ နယ်စပ်ချင်း ဖြစ်တယ်ဆိုတော့ တရုတ်ပြည်က ဘယ်လောက်အထိ ခွင့်ပြုမလဲ၊ ခွင့်မပြုဘူးလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ အခု အခြေအနေ မှာလည်း တရုတ်ပြည်အနေနဲ့ KIA ကို ဘယ်လောက်အထိ သူတို့အနေနဲ့ ဆက်ဆံရေး ရှိသလဲဆိုတဲ့အပေါ်မှာ မူတည် ပါလိမ့်မယ်” ဟု ပြောသည်။
မြန်မာနိုင်ငံမှ မြေရှားသတ္တုများအား တရားဝင် လိုင်စင်မရှိဘဲ တရုတ်လုပ်ငန်းရှင်များဖြင့် ပူးပေါင်းပြီး တရားမဝင် မြေရှားသတ္တုတွင်း ရာနှင့်ချီကာ တိုးချဲ့တူးဖော် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။
ထိုသို့ တူးဖော်ရရှိသည့် မြေရှားသတ္တု ကုန်ကြမ်းများကို နယ်စပ်ဂိတ်များမှတဆင့် တရုတ်နိုင်ငံဘက်သို့ အကောက် ခွန်မဲ့၊ စစ်ဆေးမှုမဲ့ ပုံစံမျိုးစုံဖြင့် မှောင်ခို သယ်ထုတ်ကြခြင်းဖြစ်ပြီး KIA က ဒေသကို စိုးမိုးလိုက်ချိန်၌ တရုတ်နိုင်ငံ ဘက်မှ နယ်စပ်ဂိတ်များအား ပိတ်ဆို့လိုက်သည်။
ထို့ကြောင့် မြေရှားသတ္တု တူးရာမှာ သုံးသည့် ဓာတုပစ္စည်းများ ဒေသတွင်းကို မှောင်ခို ဝင်ရောက်ရန် ခက်ခဲသွား သကဲ့သို့ တရားမဝင် တူးဖော်ပြီးသား သတ္တုများအား တရုတ်ဘက် ပြန်ပို့ရန်မှာလည်း လမ်းကြောင်းများ ခက်ခဲ လျက်ရှိနေကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 132
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅
အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်း စီမံကိန်းတွင် အလွန်အရေးပါသည့် ကလေးဝ-ယာကြီး-မုံရွာလမ်းကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်၍ ပြန်လည်ထိန်းချုပ်လာနေကြောင်း ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပေါ်ပေါက်လာသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက လက်နက်ကိုင် ပဋိပက္ခကြားတွင် ကလေးဝ-ယာကြီး-မုံရွာလမ်း အပါအဝင် တမူး-ကလေး-ခမ်းပတ် ကုန်သွယ်ရေးလမ်းတို့ကို KIA-PDF များ ပူးပေါင်း၍ ထိန်းချုပ်ထားခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်က ဇွန်လ ၂ ရက်မှ စတင်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကလေးဝ-ယာကြီး-မုံရွာ ကုန်သွယ်ရေးလမ်းကြောင်းနှင့် တမူး-ကလေး-ခမ်းပတ် ကုန်သွယ်ရေးလမ်းတို့ကို အဓိကထား ထိုးစစ်ဆင် တိုက် ခိုက်လာခဲ့သည်။
အဆိုပါ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ကလေးဝ- ယာကြီး- မုံရွာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ရေလယ် ကျွန်း ကျေးရွာအား ဇွန်လ ၂ ရက်တွင်လည်းကောင်း၊ ဇွန်လ ၃ ရက်တွင် ကျောက်လုံးကြီး တဲစုကျေးရွာအား လည်းကောင်း၊ ဇွန်လ ၆ ရက်တွင် ချောင်းမကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာတို့အား လည်းကောင်း၊ ဇွန်လ ၇ ရက်တွင် သစ်ရာပင်လမ်းဆုံအားလည်းကောင်း၊ ဇွန်လ ၈ ရက်တွင် သစ်ရာပင်ကျေးရွာအား လည်းကောင်း၊ ဇွန်လ ၉ ရက်တွင် ဝင်းကုန်းကျေးရွာအားလည်းကောင်း၊ ဇွန်လ ၁၁ ရက်တွင် ညောင်ပင်လယ်ကျေးရွာအား လည်း ကောင်း၊ ဇွန်လ ၁၃ ရက်တွင် ယာကြီးကျေးရွာအားလည်းကောင်း ပြန်လည် ထိန်းချုပ်ခဲ့သည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီကို တွေ့ရစဉ်
ထို့အပြင် ဇွန်လ ၁၅ ရက်တွင် ကွမ်းပင်ရေနှင့် ဇွန်လ ၁၈ ရက်တွင် လာပို့ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၁ ရက်တွင် စစ်လင်းချောင်းကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၂ ရက်တွင် ထုံးကြီးကျေးရွာအားလည်းကောင်း မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့သည်။
ထိုကုန်သွယ်ရေးလမ်း(ကလေးဝ-ယာကြီး-မုံရွာ) တစ်လျှောက်ရှိ PDF စခန်းများ အပါအဝင် လက်နက်ခဲယမ်း များကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့နောက် PDF များ လမ်းကြောင်းပေါ်ကနေ ဆုတ်ခွာသွားကြောင်း နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။
ကလေးဝ-ယာကြီး-မုံရွာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် PDF များသည် ကုန်တင်ကားများနှင့် ခရီးသွား မော်တော်ယာဉ်များထံမှ ငွေကြေးကောက်ခံခြင်း၊ ပစ္စည်းများ သိမ်းဆည်းခြင်း၊ သစ်များ ခိုးထုတ်ခြင်း၊ သယံဇာတ များ တရားမဝင် ထုတ်ခြင်း၊ တရားမဝင် ကုန်စည်များ သယ်ယူဖြန့်ဖြူးရောင်းချခြင်း၊ လူသစ်စုဆောင်းခြင်း တို့ကို လည်း လုပ်ဆောင်ကြကြောင်း လမ်းကြောင်းပေါ်မှာ ဖြတ်သန်းသွားလာသူများနှင့် ဒေသခံများက ပြောသည်။
ကလေးဝ-ယာကြီး-မုံရွာ ကုန်သွယ်ရေးလမ်းကြောင်းသည် အိန္ဒိယ-ထိုင်း-မြန်မာ ကုန်သွယ်ရေးအတွက် အမေရိကန် ဒေါ်လာ ၄ ဘီလီယံ တန်းဖိုရှိ စီမံကိန်းတစ်ခုကို ဖော်ဆောင်ရန် ရည်မှန်းထားသည့် ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည်။
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး မစ္စတာအဂျစ်ဒိုဗစ်၊ အိန္ဒိယပြည်ပ ရေးရာဝန်ကြီး မစ္စတာဂျိုင်ရှာကာတို့အား သီးသန့်စီ တွေ့ဆုံ၍ ကုန်သွယ်ရေးကိစ္စ၊ နယ်စပ်ဒေသ တည်ငြိမ်အေး ချမ်းရေးနှင့်လုံခြုံရေးကိစ္စများကို ဆွေးနွေးခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက် တမူး-ကလေး-ခမ်းပတ် ကုန်သွယ်ရေးလမ်းကြောင်း အပြင် အိန္ဒိယ-ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော ကလေးဝ-ယာကြီး-မုံရွာ ကုန်သွယ်ရေးလမ်း ပြန်လည်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 801
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄
ရခိုင်ပြည်နယ်အတွင်းရှိ တရုတ်နှင့် အိန္ဒိယတို့၏ စီမံကိန်းများသည် ဈေးကွက်သာမက လုပ်ကွက်လည်း မတူသဖြင့် ထိုနှစ်နိုင်ငံအကြား အာရက္ခတပ်တော်(AA)သည် နှစ်ဘက်စလုံးနှင့် တည့်အောင်ပေါင်းနိုင် ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
AA အနေဖြင့် တရုတ်နှင့် အိန္ဒိယတို့ စီမံကိန်းများအား မထိခိုက်စေရန် စနစ်တကျ လုပ်ဆောင်ပေးနိုင်ပါ က အဆင်ပြေပြီဖြစ်ကာ လက်ရှိ နိုင်ငံရေး အခင်းအကျင်းတွင် နိုင်ငံတကာစင်မြင့်၌ တစ်စုံတစ်ရာ နေရာ ရလာသည်ဟု မြင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပထဝီ အနေအထားအရ တရုတ်ကို သိပ်အားကိုးစရာမလိုတဲ့ အဖွဲ့တွေပေါ့။ AA ဆိုလည်း ဘင်္ဂလားဒေ့ရှ်ရော၊ ပြည်သူရောရှိတယ်။ ဒါကြောင့်မို့လို့ သူက တရုတ်ပြောတဲ့အတိုင်း MNDAA တို့၊ TNLA တို့လို လိုက်လုပ်စရာ မလိုဘူး။ တရုတ်ကလည်း ပါးပါတယ်။ သူပြောမရတဲ့ဟာတော့ ခပ်ကမ်းကမ်းကပဲ ဆက်ဆံပြီး ပြောနိုင်သလောက်လေးပဲ သူပြောနေတာပဲ။ သူက နှစ်ဖက်စလုံးနဲ့ သင့်တင့်အောင် ပေါင်းနိုင် တယ်။ အစကတည်းက ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ကုလားတန်မြစ်ဝှမ်းနဲ့က ဘာပဋိပက္ခမှ မရှိဘူး လေ။ သူ့လမ်းနဲ့သူ သီးခြားစီပဲ။ အပြိုင်အဆိုင် ဈေးကွက်ကို လုနေတာမဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်းက တရုတ်က သူ့ရဲ့ ပြည်နယ်ဖြစ်တဲ့ ယူနန်တို့၊ ကွေ့ကျိုးတို့က ပစ္စည်းတွေကို သူက အရှေ့အလယ်ပိုင်းကို ထုတ်ဖို့။ အိန္ဒိယရဲ့ ကုလားတန်မြစ်ဝှမ်း စီမံကိန်းက သူတို့ နိုင်ငံက ထွက်ကုန်တွေကို ဗမာပြည်ကိုဖြတ်ပြီးတော့ အစကတည်းက သူ့ဟိုဟာကိုက ရှင်းပြီးသားလေ Look East အရှေ့ဖက်၊ ထိုင်းတို့၊ အာဆီယံတို့ကို ဆက်ဖို့။ ဘာမှပဋိပက္ခ ဖြစ်စရာမရှိဘူး။ သူ့လမ်းနဲ့သူပဲ။ အဲဒါကို ကိုယ်က စနစ်တကျ မထိခိုက်အောင် လုပ်ပေးရင်ပြီးတာပဲ။ လုနေတာမှ မဟုတ်ဘဲ ဈေးကွက် လုတဲ့ဟာလည်း မဟုတ်ဘူးလေ။ အခု ကျမကြားတာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ပြန်ပို့ရေးဆိုတာ ကိုတောင်မှ AA နဲ့ရော စစ်ကောင်စီနဲ့ရော ဆွေးနွေးပါမယ်လို့ ကြားတယ်။ သူတို့အနေနဲ့ ဘယ်လိုခေါ်မလဲ နိုင်ငံတကာ စင်မြင့်တွေအပေါ်မှာ တစ်စုံတစ်ရာ နေရာရလာတာပဲဖြစ်မှာပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံမှာ တရုတ်နဲ့အိန္ဒိယ ဖော်ဆောင်နေတဲ့ စီမံကိန်းများကို တွေ့ရစဉ်
ရခိုင်ပြည်နယ်တွင် တရုတ်နှင့်အိန္ဒိယ၏ မဟာဗျူဟာမြောက် စီမံကိန်းကြီး ၂ ခုမှာ တရုတ်၏ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ဖြစ်ပြီး အိန္ဒိယကမူ ကုလားတန်မြစ် ဘက်စုံသုံး သယ်ယူ ပို့ဆောင်ရေး စီမံကိန်းတို့ဖြစ်သည်။
လက်ရှိတွင် AA သည် စစ်ရေးအရ နယ်မြေ အများအပြားကို စိုးမိုးထားနိုင်ရုံတင်မကဘဲ ဒေသတွင်း တည်ငြိမ်မှုနှင့် အုပ်ချုပ်ရေးယန္တရားကိုပါ ကိုင်တွယ်နေကာ အစိုးရတစ်ရပ်ကဲ့သို့ ဆောင်ရွက်နေလျက် ရှိသည်။
တရုတ်သည် အိမ်နီးချင်း အင်အားကြီးနိုင်ငံ ဖြစ်သကဲ့သို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့များ အပေါ်၌လည်း သြဇာသက်ရောက်မှုရှိသဖြင့် AA သည် တရုတ် အကျိုးစီးပွားများအား အကာအကွယ် ပေးမည်ဖြစ်ကာ နှောင့်ယှက်မည် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
အလားတူ တရုတ်ဘက်မှလည်း ရင်းနှီးမြှုပ်နှံမှုများ လုံခြုံရန်အတွက် မြေပြင်တွင် အမှန်တကယ် စိုးမိုး ထားသည့် AA နှင့် လက်တွေ့ကျကျ ဆက်ဆံရန် လိုအပ်သည်ကို သဘောပေါက်ထားကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ပြောသည်။
အိန္ဒိယ၏ ကုလားတန်မြစ် စီမံကိန်းရှိရာ ပလက်ဝနှင့် ရခိုင်မြောက်ပိုင်းဒေသများကို AA က ထိန်းချုပ် ထားသဖြင့် အိန္ဒိယအစိုးရသည် စီမံကိန်းရှေ့ဆက်နိုင်ရေး AA နှင့် မဖြစ်မနေ ညှိနှိုင်းရမည့် အနေအထား ဖြစ်သည်။
ထို့ပြင် AA ကလည်း အိန္ဒိယနှင့် ဆက်ဆံရေး တည်ဆောက်ရန် အမြဲတံခါးဖွင့်ထားကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
AA သည် တရုတ် သို့မဟုတ် အိန္ဒိယ တစ်ဖက်တည်းကိုပဲ အလုံးစုံ မှီခိုတာမျိုးအစား အင်အားကြီး နှစ် နိုင်ငံကြား မျှခြေညှိသည့် ဗျူဟာကိုသာ သုံးမည်ဖြစ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင် ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူ့ရဲ့ပထဝီ အနေအထားကလည်း အဲဒီလိုပဲဖြစ်နေတာပေါ့။ ကျောက်ဖြူရေနက်ဆိပ်ကမ်းက လည်း တရုတ်ကလည်း ဒီဟာကို လုပ်မယ့်သဘောမျိုး ဖြစ်တာပေါ့။ အဲဒီအပေါ်မှာလည်း ရခိုင်တွေ အနေ နဲ့ ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ခုတော့ သူတို့အနေနဲ့ နိုင်ငံရေးဘက်ကနေ တရုတ်ကိုတော့ ထိတွေ့ ဆက်ဆံ ရတဲ့ သဘောမျိုးတော့ ဖြစ်ပါလိမ့်မယ်။ နောက်တစ်ချက်ကလည်း ကုလားတန် ဒီဘက်ကလည်း စီမံကိန်း လည်း အိန္ဒိယရဲ့ စီမံကိန်းကလည်းရှိနေတော့ အိန္ဒိယနဲ့လည်း ထိတွေ့ဆက်ဆံတဲ့ သဘောမျိုး ရှိပါလိမ့် မယ်။ ဒါကြောင့် အဲဒီအပေါ်မှာ မူတည်ပြီးမှ AA အနေနဲ့ ဘယ်လောက်အထိ နိုင်ငံရေးအနေနဲ့ သူတို့အနေ နဲ့ ထိတွေ့ဆက်ဆံလို့ ရမလားဆိုတဲ့ အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ တစ်ခါတစ်လေကျတော့ အိန္ဒိယပဲ ဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ် လက်ရှိ အစိုးရနဲ့ပိုပြီးမှ ထိတွေ့ဆက်ဆံတဲ့ သဘောမျိုးတော့ ဖြစ်တာပေါ့။ ဒါပေမယ့် AA ရဲ့ အခြေအနေကလည်း တခြား အခြေအနေနဲ့ မတူဘူးပေါ့။ သူတို့ဟာသူတို့ ဆက်ဆံလာ နိုင်တဲ့ သဘောမျိုးလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါတော့ ခြေလှမ်းမှားတယ် ဆိုတာထက် ရပ်တည် မှု အပိုင်းကို ဘယ်လောက်အထိ သူတို့အပေါ်မှာ အကျိုးသက်ရောက်မလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်ပါ လိမ့်မယ်” ဟု ပြောသည်။
စီမံကိန်းနှစ်ခုလုံးသည် ရခိုင်ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ယူဆောင်ပေးလာနိုင်သဖြင့် AA က စီမံကိန်းများအား ဖျက်စီးရေးထက် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှုဆိုသည့် အချက်ကို ပြသပြီး နိုင်ငံရေး အမြတ်ထုတ်ရန် ပိုဦးတည်နိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
လက်ရှိတွင် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ အိန္ဒိယနိုင်ငံသို့ သွားရောက်၍ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်လည်းကောင်း၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်ထိ တရုတ်နိုင်ငံသို့ သွားရောက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးထားသည်။
