CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃
မြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်ရခြင်း၏ ရည်မှန်းချက်သည် ပြည်သူလူထု အကျိုးအတွက် ဆိုသော် ငြားလည်း လက်ရှိမြေပြင်တွင် ပြည်သူများသာ နစ်နာဆုံးရှုံးနေရကြောင်း မြန်မာ့နိုင်ငံရေး အသိုင်းအဝန်းက ပြောသည်။
မြန်မာနိုင်ငံ၏ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပေါ်လာသည့် အဓိကပြဿနာမှာ တိုင်းရင်းသားများ၏ မူလ အခွင့် အရေးများ မရခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွင် လက်နက် ကိုင်ဆောင်ထားသည့် အဖွဲ့အစည်း အသီးသီးအနေဖြင့် ကိုယ်ကျိုးစီးပွားကို အခြေခံ စဥ်းစားပြီးမှသာ နိုင်ငံအတွက် စဥ်းစားနေ ကြသည် ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် လက်နက်ကိုင် တော်လှန်ခြင်းသည် လူထုအကျိုး အတွက် ဟု ညွှန်းဆိုကြသော်လည်း တကယ့် လက်တွေ့တွင် ပြည်သူလူထုသာ နစ်နာဆုံးရှုံး နေရသည်ဟု ရခိုင့်ဦးဆောင် ပါတီ(ANP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဗန်းမောက်မြို့နယ်မှ စစ်ပြေးရှောင်များကို ကူညီထောက်ပံ့ပေးနေစဉ်
၎င်းက “လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းစေချင်တယ်။ လက်နက်ကိုင် ပဋိပက္ခတိုင်းမှာ သက်ဆိုင်ရာ လူမျိုးတွေကို ဦးတည်ပြီးမှ နိုင်ငံရေးအားဖြင့် လက်နက်ကိုင်တယ်ဆိုတာ လူထုအတွက်လို့ ပြောကြတာကို။ တချို့ကလည်း ကိုယ်မင်းကိုယ်ချင်းနဲ့ နေလာတဲ့ သူတွေဆိုရင် နိုင်ငံတော်ကို ပြန်တည်ဆောက်မယ်။ ရခိုင်လည်း ဒီလိုပြောမှာပဲ၊ မွန်လည်း ပြောမှာပဲ၊ ရှမ်းလည်းပြောမှာပဲ။ အကုန်လုံးက လက်နက်ကိုင်ပဋိပက္ခရဲ့ ညွှန်းရာကတော့ လူထုကိုပေါ့ ဗျ။ လူထုကောင်းစားဖို့အတွက် လူထုအတွက်ဆိုတာ ဒီလိုပဲ ပြောကြတာကို။ တကယ့်တကယ် ပဋိပက္ခဖြစ်တဲ့ အထဲမှာ လူထုပဲ ခံရတာလေ။ မငြိမ်းချမ်းမှုရယ်၊ အိုးပျက်အိမ်ပျက် ဥစ္စာပျက် အဓိက,က လူထုကို ကိုယ်ချင်းစာ စေချင်တယ်။ ဥပမာဆိုပါတော့ ဒီပြဿနာကြားမှာ နှစ် ၈၀ ရှိပြီ။ မြန်မာလူထုသည် လည်းကောင်း၊ ရခိုင်လူထု သည်လည်းကောင်း၊ မွန်လူထုသည်လည်းကောင်း နိုင်ငံသားအားလုံးကို ရှေးရှုပြီးမှ ပေးသင့်ပေးထိုက်တဲ့ ဥစ္စာတွေ ကို ပေးလိုက်ကြတော့ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းအောင်ပဲ လုပ်ကြပါ ဒါမျိုးလည်း လူထုက တောင်းဆိုလာ နိုင်တယ်လေ။ အဲဒီတော့ ဟိုဘက်ကလည်း လူထုအတွက် ဒါရမှ၊ ဒီဘက်ကလည်း လူထုအတွက် ငါဒါရမှ ဆိုတာ မျိုးထက် လူထု တကယ် ဘာလိုချင်သလဲ အခြေခံဥပဒေ အဲဒီကို ဦးတည်ပြီးမှ နိုင်ငံတော်အသစ်ရဲ့ တည်ဆောက် ပေးစေချင်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေး ရရှိခဲ့သော်လည်း မတ်လ၌ ပြည်တွင်းစစ် စတင် ဖြစ်ပွားခဲ့ရာ ယနေ့အထိပင်ဖြစ်သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်က NLD အစိုးရကို ဖြုတ်ချ၍ အာဏာရရှိလိုက် ပြီးနောက် နိုင်ငံတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခများ အပြင်းအထန် ဖြစ်ပွားခဲ့သလို မြို့သိမ်းတိုက်ပွဲများ ဖော် ဆောင်ခဲ့ကြသည်။
အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိသလို ကျောင်းနေ အရွယ် ကလေးငယ် ၆ ဒသမ ၃ သန်းကျော်သည် စာသင်ကျောင်းများကို စွန့်ခွာလျက်ရှိသည်။

KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်
လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ပြည်သူအကျိုးအတွက် လက်နက် ကိုင်နေရခြင်းသည်မှာ ယုံကြည်ရ ခက်ခဲကြောင်း၊ ၎င်းတို့၏ ကိုယ်ကျိုး၊ အဖွဲ့အစည်း၏ အကျိုးကြောင့်သာ လှုပ်ရှားနေကြခြင်း ဖြစ်သည်ဟု ယူဆ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တစ်နိုင်ငံလုံးအတိုင်းအတာအရ ပေါ်ပေါက်ခဲ့တဲ့ နွေဦးတော်လှန်ရေးလို့ ပြောတဲ့ထဲကနေ ပေါ်ပေါက်လာ တဲ့ PDF ဘာညာပေါ့လေ။ တစ်နိုင်ငံလုံးရဲ့ အကျိုးလို့ ပြောသော်ငြားလည်း တကယ်တမ်းတော့ သူတို့သည်လည်းပဲ အစိတ်စိတ်အမွှာမွှာ ကွဲပြားနေပြီးတော့မှ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုး သို့မဟုတ် ဝါဒတစ်ခု၏ အကျိုးအတွက်ပဲ ဖြစ်တော့ တစ်နိုင်ငံလုံး အကျိုးအတွက် လုပ်နေတယ်ဆိုတာမျိုး ဒါကြားကောင်းအောင်လုပ်တဲ့ စကားလုံးလို့ပဲ ခံယူတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပြောတဲ့ ပြည်သူ့အကျိုးဆိုတာ ဘယ်ပြည်သူလဲ၊ မြန်မာလူထု ၅၁ သန်းသော ပြည်သူကို ပြောတာလား၊ သူတို့တွေ ဆက်စပ်သော ပြည်သူကို ပြောတာလားဆိုတဲ့ စကားကို ပြန်မေး ရလိမ့်မယ် တကယ်ကို ပြည်သူ့အကျိုး လုပ်မယ်လို့ ရည်ရွယ်တယ်ဆိုတာတောင်မှ တစ်နိုင်ငံလုံး ပြည်သူအကျိုးကို လုပ်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ရင် ဒါနည်းနည်း ဆန့်ကျင်နေတဲ့ သဘောလေးတွေ ရှိတယ်ပေါ့နော်။ ဒါက ပြော တဲ့အတိုင်း တကယ်လုပ်မှ သူတို့ပြောတာတွေ တကယ်မှန်မှ ဒီတိုင်းရော တကယ် ပြည်သူ့အကျိုး ဟုတ်ရဲ့လား မိမိရဲ့ တစ်ကိုယ်ရည်အကျိုး သို့မဟုတ် မိမိအဖွဲ့အစည်းရဲ့ အကျိုး မိမိရဲ့ သက်ဆိုင်သော ပြည်သူလူထုရဲ့ အကျိုး လား ဆိုတာကတော့ သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့သော်လည်း ယနေ့အထိ သဘောတူညီမှုများ မရရှိသေးပေ။
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မြန်မာ့တပ်မတော်၊ အစိုးရတို့ကြား အာဏာခွဲဝေရေး၊ အုပ်ချုပ်ရေး ခွဲဝေရေး၊ သယံဇာတနှင့် ဘဏ္ဍာရေး ခွဲဝေရေး တို့မှာ သဘောတူညီမှု မရယူနိုင်ဘဲ ဖြစ်နေသည်။
ထို့ကြောင့် လက်နက်ကိုင် ပဋိပက္ခများလည်း ချုပ်ငြိမ်းရန် မလွယ်ကူသေးသလို ဒီမိုရေစီစနစ်နှင့် ဖက်ဒရယ်စနစ် ထွန်းကားရေးမှာလည်း မလွယ်ကူနိုင်သေးကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
