- By CNI
- Category: နိုင်ငံရေး
- Hits: 298
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁
မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆိုင်သလား မဆိုင်ဘူးလားဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပ နိုင်ငံရေးအသိုင်းအဝန်းကြား အမြင်မတူညီမှုများ ရှိနေသည်။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် မသက်ဆိုင်ဘူးဟု ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်(PNO) မှ ပြောရေးဆိုခွင့်ရှိသူ စောခွန်ကျော်ဝင်းက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့အမြင်ကတော့ အဲဒီလိုတော့ မဟုတ်ဘူးပေါ့နော်၊ လက်ရှိ ကျနော်တို့ တိုင်းပြည်သွားတဲ့ ယန္တရား ကတော့ ၂၀၀၈ ကို အခြေခံပြီးသွားတယ်ပေါ့။ ငြိမ်းချမ်းရေးကိစ္စကတော့ ၂၀၀၈ နဲ့မဆိုင်ဘူးလို့ ကျနော်တော့ နားလည်တယ်ပေါ့နော်။ ဥပမာ ဒီမိုကရေစီ ဖက်ဒရယ်စနစ် သွားတဲ့အခါမှာ တပ်မတော်နဲ့သော်လည်းကောင်း၊ အစိုးရနဲ့သော်လည်းကောင်း၊ EAO နဲ့သော်လည်းကောင်း အဖွဲ့အစည်း တစ်ခုချင်းပေါ့နော်။ အပြင်မှာ လွတ်လွတ် လပ်လပ် ဆွေးနွေးကြတယ်။ အာလုံးက သဘောတူညီမှု ရပြီဆိုရင်တော့ လမ်းကြောင်းက လွှတ်တော်ထဲမှာ အခု က အစိုးရရှိတယ်၊ လွှတ်တော်ရှိတယ် လွှတ်တော်မှာ ကျနော်တို့ ပြင်လို့ရတယ်ပေါ့နော်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ လွှတ်တော်က ပြင်လိုက်ရင် လုပ်လို့ရတယ်ပေါ့နော်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုပေမယ့် လွှတ်တော် ကနေ ပြုပြင် ပြင်ဆင်လို့ ရတယ်ပေါ့နော်။ ပြုပြင် ပြင်ဆင်လို့ရတဲ့ လမ်းကြောင်းက ရှိပြီးသားပေါ့နော်။ ဆိုတော့ လက်ရှိ ငြိမ်းချမ်းရေးကိစ္စကတော့ အစိုးရကတော့ ၂၀၀၈ ကိုင်ပြီးတော့ တိုင်းပြည်ကို ယန္တရားကို လည်ပတ်တာ တော့ မှန်တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကိစ္စကျတော့ ၂၀၀၈ နဲ့မဆိုင်ဘူး။ လွတ်လွတ်လပ်လပ် ဆွေးနွေးတယ် သဘောတူညီမှုရပြီ ရတဲ့အပေါ် အားလုံး ဘုံသဘောတူညီမှုရပြီဆို လွှတ်တော်မှာ အတည်ပြု ပြင်ဆင်လုပ်ဆောင် လို့ ရတယ်ပေါ့နော်။ ကျနော်တို့က အဲဒီလို နားလည်တယ်” ဟု ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနား တက်ရောက်လာသူများကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများနှင့် လူမျိုးစု ပဋိပက္ခများ ပြေလည် စေရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တိုင်းရင်းသားများ၏ ရပိုင်ခွင့် အခွင့်အရေးများနှင့် ပတ်သက် ပြီး တိတိကျကျ ထည့်သွင်းပေးသင့်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြနေကြသည်။
တစ်ဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်များသည် ဖက်ဒရယ်ထက် ကျော်လွန်ကာ စဥ်းစားနေကြ သကဲ့သို့ ကွန်ဖက်ဒရေးရှင်း အဆင့်ထက် မနိမ့်သည့် နိုင်ငံရေး အဆင့်အတန်းမျိုးလည်း လိုလားလျက် ရှိနေကြ သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ပြဿနာသည် ဖွဲ့စည်းပုံပြဿနာဖြစ်ပြီး အားလုံးသဘောတူ လက်ခံနိုင်သည့် ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံအသစ်ကို ရေးဆွဲရမည်ဖြစ်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
ငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ အချို့အချက်များသည် တိုက်ရိုက် ဆက်စပ်မှုရှိနေကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရာတွင်လည်း တိုင်းရင်းသားကိစ္စရပ်များ ထည့်သွင်း မစဥ်းစားလျှင် ငြိမ်းချမ်းရေး ရနိုင်မည် မဟုတ်ကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်လိုက်တယ်ဆိုတာကတော့ အဓိက,ကတော့ တိုင်းရင်းသားတွေနဲ့ ပတ် သက်ပြီးမှ အခြေခံဥပဒေမှာ ပြင်နိုင်ရင်တော့ တိုင်းရင်းသားနဲ့ ပတ်သက်ပြီးမှ အခြေခံဥပဒေမှာ ပြင်လို့ ရရင်တော့ ငြိမ်းချမ်းရေးကတော့ မဖြစ်မနေရရမှာပဲ။ ဒါပေမယ့် အခြေခံဥပဒေအရ တခြား ကိစ္စတွေပဲ ပြင်နေပြီးမှ ဒီတိုင်းရင်းသား ကိစ္စတွေက စဉ်းစားမပေးရင်တော့ ဒါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအပေါ်မှာ လည်း မူတည်ပါတယ်။ အချို့အပိုင်းတွေက တိုက်ရိုက် ဆက်စပ်မှုရှိပါတယ် အချို့အပိုင်းတွေက NCA ကလည်း အရင်တုန်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ NCA လက်မှတ် ထိုးတုန်းကလည်း တိုင်းရင်းသား တွေရဲ့ အခွင့်အရေး၊ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် အဲဒါတွေကို ပြုပြင်နိုင်ဖို့ ကျနော်တို့ ငြိမ်းချမ်းရေးညီလာခံမှာ အားလုံးသဘောတူညီပြီးမှ ရတဲ့အချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြုပြင်မယ်ဆိုပြီးမှ သူက အဲဒီလိုသွား တာကို။ အဲဒီတော့ အချို့ အချက်အလက်လေးတွေက ငြိမ်းချမ်းရေးနဲ့ တိုက်ရိုက် သက်ဆိုင်တာလည်း ရှိပါတယ် အချို့ အချက်လေးတွေကတော့”ဟု ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနား တက်ရောက်လာသူများကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက် လုပ်ဆောင်ခဲ့သည့် ငြိမ်းချမ်းရေး ပုံသဏ္ဍာန်မျိုးစုံသည် အဆင်မပြေခဲ့ သည်ကို မြင်တွေ့ရကြောင်း၊ ငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် နည်းနာအသစ်များကို စဥ်းစားလုပ်ဆောင်ရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် ပဋိပက္ခ၏အခြေခံ အကြောင်းတရားများဖြစ်သည့် နိုင်ငံရေးခံယူချက်များ၊ သမိုင်းနောက်ခံ အဖြစ်အပျက်များ၊ ဝါဒရေးရာ အငြင်းပွားမှုများ ထည့်မစဥ်းစားသရွေ့ ငြိမ်းချမ်းရေးဖြစ်စဥ် အလုပ်မဖြစ်နိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများအကြား သုံးသပ်မှုများရှိနေကြသည်။
NCA စာချုပ်၏ အပိုဒ် ၂၂ (ဃ)တွင် ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်း များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ရန် သဘောတူညီသည်ဟု ပါရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 103
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
လာအိုသမ္မတ ထောင်လွန် ဆီဆူးလစ်၏ ဖိတ်ကြားချက်အရ သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ သွားရောက်မည်ဖြစ်သည်။

အဆိုပါ ခရီးစဉ်မှာ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်ဖြစ်ပြီး၊ အိမ်နီးချင်း နှစ်နိုင်ငံအကြား နှစ်ဦးနှစ်ဖက် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်ဆံရေးတို့ကို ပိုမိုခိုင်မာစေရန် ရည်ရွယ်သည်ဟု လာအိုသမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ အိန္ဒိယနိုင်ငံသို့ လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်ထိ တရုတ်နိုင်ငံသို့လည်းကောင်း သွားရောက်ထားပြီးဖြစ်၍ ယခု လာအို ခရီးစဉ်သည် တတိယမြောက် ပြည်ပ ခရီးစဉ်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 203
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀
ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါတွင် နှစ်ဖက် အဖွဲ့အစည်းများသည် ကြိုတင် စည်းကမ်းသတ်မှတ်ချက်များ အပေါ်၌ အမြင်ကွဲလွဲမှုများ ဖြစ်ပေါ်နေသည်ဟု 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) များအနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေး လိုလားပါက လာ ရောက် ဆွေးနွေးရန်နှင့် မည်သည့် ကြိုတင်သတ်မှတ်ချက်မှ မထားရှိဘဲ မိမိအနေဖြင့် ဆွေးနွေးမည်ဟု ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ကြိုတင် ကန့်သတ်ချက်များ မထားဘဲ နိုင်ငံရေးအရ ပြောင်းလဲမှုကို ဦးတည်သည့် ဆွေးနွေးမှု ဖြစ်သင့်ကြောင်း၊ ဖက်ဒရယ်စနစ် လက်ခံသည်ဟု ဆိုသော်လည်း လက်တွေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲမှ ပုံစံမျိုးဖြစ်နေကာ ဖက်ဒရယ်စနစ် မဆန်နေသည့် သဘောမျိုး ဖြစ်နေကြောင်း နိုင်ငံ ရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ကြိုတင်ကန့်သတ်ချက် ဆိုသည့်အပေါ်တွင် တစ်ဖက်နှင့် တစ်ဖက် အမြင်ကွဲလွဲမှုများရှိနေကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကြိုတင်ကန့်သတ်ချက် မထားဘူးလို့ ပြောသော်လည်းပဲ တစ်ဖက်က အမြင်မှာတော့ ဒါက ကြိုတင် ကန့်သတ်ချက်ပဲ။ ၂၀၀၈(အခြေခံဥပဒေ) အောက်က လုပ်ရမယ်ဆိုရင် တစ်ဖက်က အမြင်ကတော့ ဒါကြိုတင် ကန့်သတ်ချက်ပဲ စသည်ဖြင့်ပေါ့လေ ရှိမှာပဲ။ ထိုနည်းတူ ဒီဘက်ကလည်း ခုနကပြောတဲ့ နယ်မြေကန့်သတ်မှုတို့ ဘာတို့ကနေ အဲဒါတွေကလည်း တစ်ဖက်ကလည်း ကြိုတင်ကန့်သတ်ချက်လို့ မြင်တာလည်း ရှိကောင်းရှိနိုင်တယ် လေ ဒါကတော့။ ဘယ်လိုပဲရှိရှိ ဒီဥစ္စာက ကြိုတင်ကန့်သတ်ချက် ဟုတ်လား၊ မဟုတ်လား။ မြောက်လား၊ မမြောက် ဘူးလား ဒါတွေကတော့ ကျနော်တို့ စကားပြောမှပဲ နှစ်ဖက်နားလည်မှုတူအောင် လုပ်နိုင်မှပဲ အဖြေကတော့ ထွက် မယ်ထင်ပါတယ်။ ဟုတ်ပါတယ် အမြင်မတူလို့ အဲဒီလို ဖြစ်ကြတာပဲလေ ဒီဥစ္စာက ကြိုတင်ကန့်သတ်ချက်လား၊ ဒီဥစ္စာက ကြိုတင်ကန့်သတ်ချက် မဟုတ်ဘူးလားဆိုတာ ကျနော်တို့က အမြင်မတူကြဘူး။ ဒီဥစ္စာ ကြိုတင် ကန့် သတ်ချက်က ဘယ်လောက်ကြီးမားတယ်၊ ဘယ်လောက် လျော့နည်းတယ်ဆိုတာလည်း အဲဒီအပေါ်မှာလည်း တစ်ဖက်နဲ့တစ်ဖက် အမြင်ကတော့ တူနိုင်မှာ မဟုတ်ပါဘူး ဒီအခြေအနေ တစ်ခုအောက်မှာ” ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့်လည်း စစ်ရေးထက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ထုတ်ပြန်ထား သော်လည်း လက်ရှိတွင် သေချာသည့် တွေ့ဆုံဆွေးနွေးရေး မဖြစ်ပေါ်သေးကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။
ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးကြသည့် အခါတွင် အစိုးရအနေဖြင့် ၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှ သွားရမည် ဆိုလျှင် အဆင်ပြေနိုင်မည် မဟုတ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ပြောရေးဆိုခွင့်ရှိသူ စောခွန်ကျော် ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

NSPNC နဲ့ UWSA တွေ့ဆုံ ဆွေးနွေးစဉ်
၎င်းက “အဓိက,ကတော့ ကြိုတင်ကန့်သတ်ထားတာရှိတယ် ဆိုလို့ရှိရင်တော့ တချို့ အဖွဲ့အစည် တွေကတော့ ဒါ ငါတို့လိုချင်တဲ့ ပုံစံနဲ့ မဖြစ်နိုင်ဘူး။ သွားဆွေးနွေးလည်း ထူးမှာ မဟုတ်ဘူးဆိုတဲ့ အခါကျတော့ မလာကြတာလည်း ဖြစ်နိုင်တယ်။ တကယ်လို့ ကြိုတင် ကန့်သတ်ထားတာ မရှိတဲ့အခါကျတော့ သွားဆွေးနွေးတဲ့ အခါကျရင် အဖြေရ သည်ဖြစ်ဖြစ်၊ မရသည်ဖြစ်ဖြစ် ဆွေးနွေးလိုက်တဲ့ အခါကျတော့ နီးစပ်မှု ပိုရှိလာတယ်ပေါ့နော်။ အဲဒါကြောင့် ကြို တင် ကန့်သတ်ထားတာ မရှိဘူးဆိုရင်တော့ ပိုပြီး အဖွဲ့အစည်းတွေ တစ်ခုနဲ့တစ်ခု ဆွေးနွေးတဲ့အခါ ပိုပြီး အဆင် ပြေတယ်ပေါ့နော်။ ကျနော်တို့ မြင်တာကတော့ တိုင်းပြည်ကိုသွားတာ အစိုးရကတော့ ၂၀၀၈ အခြေခံပြီး တိုင်း ပြည် ယန္တရားကို လည်ပတ်တာ EAO ဘက်ကလည်း နားလည်ပေးဖို့ လိုတယ်ပေါ့နော် တစ်ဖက်ကပေါ့။ တစ်ဖက် ကလည်း အစိုးရဘက်ကနေလည်း ဒီ ၂၀ဝ၈ ဆိုတာ ဒီဘောင်ထဲကပဲ သွားရမယ် အဲဒီလမ်းကြောင်းနဲ့ သွားလို့မရ ဘူးပေါ့။ အဲဒီလိုမျိုးနဲ့ သွားမယ်ဆို ဒါလည်း အဆင်မပြေနိုင်ဘူးပေါ့။ ဆိုတော့ လောလောဆယ်က တိုင်းပြည် ယန္တရားသွားနေတဲ့ ကိစ္စအားလုံးကို ၂၀၀၈ နဲ့သွားတယ်။ ဒါ အားလုံး လက်ခံဖို့လိုတယ် နောက်တစ်ခုကတော့ အစိုးရဘက်ကနေလည်း တိုင်းရင်းသားနဲ့ ဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသားရဲ့ လိုလားချက်ပေါ့နော်။ လက်နက် ကိုင် အဖွဲ့အစည်းတွေရဲ့ လိုလားချက် ဘာရှိလဲဆိုတာ နားထောင်ပေးရမယ် လက်ခံပေးရမယ် တစ်ချက်ကတော့ လိုက်လျောလို့ရတဲ့ ဥစ္စာလည်းပဲ လိုက်လျောရမယ်။ တိုင်းပြည်အတွက် အနာဂတ်အတွက် ကောင်းမယ်ဆိုတာ အားလုံးက ငြိမ်းချမ်းရေးကိစ္စမှာ ဆွေးနွေးကြမယ်၊ တိုင်ပင်ကြမယ် သဘောတူညီမှုရတဲ့အထိ ဆွေးနွေးကြမယ် ဆိုရင် တိုင်းရင်းသားဘက်ကလည်း အစိုးရနဲ့ ညှိပြီးတော့မှ ဖြစ်နိုင်ခြေရှိတယ်ဆို သဘောတူညီချက် တစ်ခု ရအောင်ယူပေါ့” ဟု ပြောသည်။
လက်ရှိ အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဥ် အပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ယုံကြည်မှု အင်မတန် အားနည်းနေသေးသလို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရောက်လာနိုင်ရန်အတွက် မက်လုံးသေချာ မပေးနိုင်သေးဘူးဟု ယူဆ၍ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြနေကြသည်။
ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများတွင် ကြိုတင် စည်းကမ်း သတ်မှတ်ချက်များ မရှိမှသာ နှစ်ဦးနှစ်ဖက် တွေ့ဆုံ ဆွေးနွေးသည့်အခါ၌ ပွင့်လင်းစွာ တောင်းဆို၍ ရမည်ဖြစ်ကြောင်း၊ အကယ်၍ ထားမည်ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံရမည် ဆိုသည်ထက် NCA စာချုပ်ကို လက်ခံရမည်ဆိုသည့် ပုံစံမျိုးနှင့်သွားသင့်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 193
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀
မြန်မာနိုင်ငံ၌ လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြိုးနီစနစ်အား လျှော့ချပေးသင့်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြိုးနီစနစ်အား လျှော့ချသင့်သည်ဆိုသော အချက်တွင် အလွန်မှန်ကန်ပြီး လုပ်ငန်း စဉ် အောင်မြင်မြန်ဆန်ရေးအတွက် အဓိက သော့ချက်တစ်ခုဖြစ်ကြောင်း နိုင်ငံ့အသိုင်းအဝန်းက ထောက်ပြကြ သည်။
ကြိုးနီစနစ်သည် ရှုပ်ထွေးသော စာရွက်စာတမ်း လုပ်ထုံးလုပ်နည်းများ၊ အဆင့်ဆင့် တင်ပြခွင့်ပြုချက် ယူရမှုများ သည် ဆွေးနွေးမှုများကို နှောင့်နှေးစေပြီး နှစ်ဖက်ယုံကြည်မှုကို ထိခိုက်စေနိုင်ကြောင်းလည်း ၎င်းတို့က ထောက်ပြ ကြသည်။
မြန်မာနိုင်ငံ၌ ကြိုးနီစနစ်သည် တချို့ကိစ္စများတွင် အတားအဆီးဖြစ်ကြောင်း၊ သို့သော် အနိမ့်ဆုံးအဆင့် အနေဖြင့် ကြိုးနီစနစ်အား ပြုပြင်ပြောင်းလဲပေးရန်လိုကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညို သင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေကတော့ ကြာတတ်တာ သဘာဝပဲပေါ့နော်။ တချို့ကိစ္စတွေကလည်း မြန်မြန်ဆန်ဆန်လုပ်လို့ မရဘူးဆိုတာ နိုင်ငံတကာ အတွေ့အကြုံတွေအရ ရှိနေတာပဲလေ။ အထူးသဖြင့် မြန်မာ နိုင်ငံလို နိုင်ငံမျိုးကတော့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လုပ်ငန်းစဥ်တွေက ကြာမှာပဲ။ အထူးသဖြင့် ယုံကြည်မှု တည်ဆောက်ဖို့ သိပ်အရေးကြီးတယ်။ ပြန်လည် တည်ဆောက်ဖို့ ဆိုလို့ရှိရင် ဘက်အသီးသီးက ကိုယ်ပေးထားတဲ့ ကတိတွေကို ပြန်လည်စဥ်းစားကြဖို့ လိုတယ်၊ သုံးသပ်ကြဖို့လိုတယ်၊ ကိုယ်ပေးထားတဲ့ ကတိတွေကို အကောင် အထည်ဖော်ဖို့ လိုတယ်၊ ကတိတွေ တည်ကြဖို့လိုတာပေါ့။ ယုံကြည်မှုတွေ တည်ဆောက်ဖို့ စေ့စပ်ဆွေးနွေးရေး လုပ်ငန်းစဥ်တွေမှာ ကိစ္စတွေကို ပြန်လည်သုံးသပ်ပြီးတော့ တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိဖို့ အားနည်းချက်တွေ ဖြစ် တယ်ပေါ့နော်။ ဒါကြောင့်မို့ အဲဒီအားနည်းချက်တွေကို ပြင်ဆင်ပြီးတော့ ကြိုးစားမယ်ဆိုရင်တော့ မဖြစ်နိုင်ဘူး ဆိုတာတော့ မရှိပါဘူး။ အခုထက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ၊ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်လိုက်မယ်ဆိုရင် ဒီထက် ပိုကောင်းနိုင်တယ်။ အန်တီတို့ အဓိက,က ခဏခဏတွေ့ဖို့လိုတယ်။ ကြိုးနီစနစ်တွေကို ဒီငြိမ်းချမ်းရေး လုပ်ငန်းစဥ်မှာ လျှောချပေးဖို့ လိုတယ်။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဥ်ဆိုတာက တခြား ဝန်ကြီးဌာနက ဆောင်ရွက် နေတဲ့ လုပ်ငန်းစဥ်တွေနဲ့ သဘာဝခြင်း မတူဘူး။ မြန်မာနိုင်ငံမှာက ကြိုးနီစနစ်က ရှိနေတယ်လေ။ တချို့ကိစ္စတွေ မှာ အတားအဆီး ဖြစ်တယ်။ အတာအဆီးက ဒီတစ်ခုထဲတော့ မဟုတ်ဘူး၊ အတားအဆီးတွေ အဟန့်အတားတွေ ကတော့ အများကြီးပဲ၊ စိန်ခေါ်မှုတွေကတော့ အများကြီးပဲ၊ ဒါပေမယ့် အနိမ့်ဆုံးအဆင့် ဒီလိုမျိုးလေးတွေကို ပြုပြင် ပြောင်းလဲပေးဖို့လိုတယ်”ဟု ပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးနေကြစဉ်
ကြိုးနီစနစ်သည် လုပ်ငန်းတစ်ခု ပြီးမြောက်ရန်အတွက် အဓိက လိုရင်းထက် တရားဝင် လုပ်ထုံးလုပ်နည်း (သို့မဟုတ်) စာရွက်စာတမ်း အဆင့်ဆင့်ကို အလွန်အကျွံ ရှေ့တန်းတင်လွန်းခြင်းကြောင့် အလုပ်တွင်ကျယ်မှု မရှိဘဲ ကြန့်ကြာစေသော စနစ်တစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
များသောအားဖြင့် အစိုးရဌာနဆိုင်ရာများတွင် ထိုစနစ်ကို အများဆုံး တွေ့ကြုံရလေ့ရှိပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင်လည်း ကြီးမားသော အတားအဆီး တစ်ခုအဖြစ် သတ်မှတ်ကြကြောင်း၊ ကြိုးနီစနစ်ကြောင့် လုပ် ငန်းဆိုင်ရာများ သို့မဟုတ် နေ့စဉ်ဘဝတွင် အချိန်ကြန့်ကြာမှုများ ကြုံတွေ့နေရကြောင်း၊ ၎င်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေသင့်ကြောင်းလည်း ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ကြိုးနီစနစ်က မရှိလို့တော့ မဖြစ်ကြောင်း၊ ဗဟိုဦးစီးစနစ် ကြီးလာလေ ကြိုးနီစနစ်က ကြီးလာ လေဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကြိုးနီစနစ်ပေါ့ ဒါကတော့ ရှိနေကြတာပဲ။ ကြိုးနီစနစ်ကို ဖြေလျှော့သင့်တယ်ဆိုတာကတော့ ဒါကတော့ မှားတယ်လို့တော့ ပြောလို့မရဘူး။ သူက ဒီလုပ်ငန်းစဥ်မှာပေါ့နော် သူကဆွေးနွေးတဲ့ လူရှိတယ်၊ အတည်ပြုတဲ့လူ ရှိတယ်ပေါ့နော်။ တစ်ခါထဲ On the spot ဆွေးနွေးချက်ကို အတည်ပြုပေးတယ်ဆိုတာက ဆွေးနွေးကြတဲ့ လုပ်ငန်း စဥ်မှာ ဒါကမပါဘူး။ ကြိုးနီကြီးရယ်လို့တော့ ဒီလိုတော့ မဟုတ်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဆွေးနွေးတဲ့လူ နဲ့ အတည်ပြုတဲ့လူက တစ်ထပ်ထဲ မဖြစ်ရဘူးလေ။ ဒါကနိုင်ငံတကာရဲ့ ဆွေးနွေးပွဲတွေရဲ့ Process (လုပ်ငန်းစဉ်) ပေါ့နော်။ ကြိုးနီစနစ်ကတော့ များသောအားဖြင့် ဗဟိုဦးစီးစနစ်ကြီးလာလေ ကြိုးနီစနစ်က ကြီးလာလေပေါ့။ ဒါက မှန်ကန်ချက်ပေါ့နော်။ သိအိုရီပေါ့နော်။ ဗဟိုဦးစီးစနစ် မရှိဘူး တပ်နယ်ထဲက ဒီအာဏာတွေ ဖြန့်ခွဲပေးထားတယ် ဆိုရင်တော့ ကြိုးနီးစနစ်က ပြောက်မှာပေါ့နော်။ သိပ်မကြီးအောင် ကျနော်တို့ လုပ်ဖို့ပဲလိုတယ်ပေါ့နော်။ ကြိုးနီ စနစ်က နည်းနိုင်သမျှ နည်းတာတော့ အကောင်းဆုံးပေါ့နော်။ မရှိလို့တော့ မဖြစ်ဘူး”ဟု ပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးနေကြစဉ်
ကြိုးနီစနစ်သည် လုပ်ငန်းခွင်နှင့် အစိုးရယန္တရားများတွင် တိကျသေချာသော စည်းမျဉ်းစည်းကမ်းများ၊ ကြီးကြပ်မှု အဆင့်ဆင့်နှင့် လုပ်ထုံးလုပ်နည်းများဖြင့် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။
ထိုစနစ်သည် ကြန့်ကြာတတ်သော်လည်း တရားမျှတမှုနှင့် တန်းတူညီမျှမှုရှိခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှု ပြတ် သားခြင်း၊ လုပ်ငန်းများ စနစ်တကျ မှတ်တမ်းတင်ထားနိုင်ခြင်း၊ လုပ်ငန်းကျွမ်းကျင်မှုနှင့် တည်ငြိမ်မှုနှင့် ယုံကြည် စိတ်ချရမှု စသည့် ကောင်းကျိုးများ ရရှိစေကြောင်း ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ဆွေးနွေးဖက်များသည် သက်ဆိုင်ရာ ခေါင်းဆောင်များကို ပြန်လည် တင်ပြခြင်းဖြစ် အချိန်ကုန်ဆုံးနေကြောင်း၊ ဆွေးနွေးဖက်များတွင် ဆုံး ဖြတ်ချက်နှင့် အတည်ပြုချက် ပေးနိုင်သော အခွင့်အာဏာများ မပါဝင်ဘဲဖြစ်နေကြကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 622
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီ တို့ကြား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ပြင်ဆင်ရန် သဘောတူညီမှု ရရှိထားသည့် ၄၃ ချက်ကို ပြင်ဆင်ပြီး နောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထပ်တိုးလာနိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(ANP) မှ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအသစ် ပေါ်လာနိုင်ခြင်းသည် အစိုးရနှင့််လွှတ်တော်၏ ညှိနှိုင်းမှု၊ NSPNC ၏ ကြိုးစား အားထုတ်မှုများဖြင့် အခြေခံဥပဒေကို မည်မျှပြင်ဆင်နိုင်မလဲ ဆိုသည့်အပေါ် များစွာမူတည်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး သဘောတူထားသည့် ၄၃ ချက်အား လွှတ်တော်၌ တင်ပြဆွေးနွေးသည့် ကာလနှင့်အပြိုင် ငြိမ်းချမ်းရေးညီလာခံများ ပေါ်လာနိုင်ကြောင်း၊ ထိုမှတဆင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ ထပ်တိုးလာနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(ANP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာအေးမောင်ကို တွေ့ရစဉ်
၎င်းက “ကျနော် ဆိုလိုတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ညောင်နှစ်ပင် ညီလာခံလောက် မလွယ်ဘူးဗျ။ ရှိပြီးသား ၂၀၀၈ ဖွဲ့စည်းပုံကြီးထဲမှာ ခုနကလို အခြေခံဥပဒေကို ပယ်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းပေါ့ဗျာ ဒါတွေ လုပ် ရတာက တော်တော်ကျပ်ပါတယ်။ ပုဒ်မ ၄၃၆ အတိုင်း လုပ်ရတာကို အဲဒီတော့ ၄၃ ချက်ကို လွှတ်တော် အတွင်းကို တင်ပြီးတဲ့နောက် အဲဒီကာလနဲ့ အပြိုင် NSPNC ဘက်က ငြိမ်းချမ်းရေးကို ဘယ်လိုသွားမှာလဲဆိုတဲ့ လုပ်ငန်းစဉ် တစ်ခုကလည်း ရှိမှာပေါ့။ ညီလာခံကြီးတစ်ခုထိ UPDJC တို့လည်း ပေါ်လာနိုင်တာပေါ့။ အဲဒီမှာ ရလာမယ့် အခု ကာလပေါ့ဗျာ သမ္မတကြီး ဦးမင်းအောင်လှိုင် လက်ထက်မှာ ဖြစ်လာမယ့် နိုင်ငံရေးရလဒ်တွေ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ရလဒ်အသစ်တွေ ဘယ်လိုဖြစ်မှာလဲ ငြိမ်းချမ်းရေးညီလာခံက ဆိုတာတစ်ခု ပေါ်ထွန်းလာမှာပေါ့။ အဲဒီမှာ ခုနကပြောတဲ့ ဥစ္စာလေးတွေ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တချို့ဒေသတွေ အထူးဒေသတွေက ပြည်နယ် သို့မဟုတ် လူမျိုးကို အခြေမပြုတဲ့ ဒေသတစ်ခုနဲ့ ဖြစ်လာမှာလား။ တချို့စစ်ကိုင်း၊ ကချင် တစိတ်တစ်ဒေသကို ပေါင်းပြီးမှ ရှမ်းနီ ဒေသဖြစ်လာမှာလား ဒါကတော့ အခြေခံဥပဒေအတိုင်းပဲ ဆက်သွား ရမှာဗျ။ ညောင်နှစ်ပင်လောက်တော့ ဒါ ဆွေးနွေးရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မစခင်လောက်ကတော့ လုပ်ရ ကိုင်ရ လွယ်မယ်မထင်ဘူး။ ဆိုတော့ ဘယ်လိုဖြစ်ကြမှာလဲဆိုတာတော့ ဆက်ပြီးရှုစားကြရအုံးမယ်”ဟု ပြော သည်။
လက်ရှိတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားမယူခင် က တိုင်းရင်းသားလက်နက်ကိုင်များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် လိုအပ်သည့် သဘောတူညီချက်များ၊ ဆွေးနွေးချက်များကို လွှတ်တော်ထဲတွင် ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် ပြောဆိုခဲ့သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသစ်များ ထပ်တိုးလာနိုင်ရန်အတွက်မှာ အခြေခံကျသည့် အချက်များကို သေချာစွာ ဖြေရှင်းရန် ဦးစွာလိုအပ်ကြောင်း၊ ထို့ကြောင့် အစိုးရသက်တမ်း (၅)နှစ်အတွင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသစ်များ ပေါ်လာနိုင်ရန်အတွက် ခက်ခဲအုံးမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသားများ လူငယ်များကို တွေ့ရစဉ်
၎င်းက “ငါးနှစ်အတွင်းမှာ ပေါ်လာမယ်ဆိုရင်တော့ ကျနော်တို့ကတော့ ဒီဟာကို လက်ခံကြိုဆိုရမယ် ကျနော် အမြင်အရဆိုရင် လက်ခံကြိုဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ National Identity ဆိုတာကြီးက Cohesion ဖြစ်နေတယ်၊ Cohesion ဆိုတာ တစ်ခုနဲ့တစ်ခု စည်းကပ်ပြီး ဆက်နွယ်ပြီးတော့မှ ပေါ်ပေါက်တာ။ တစ်ခုနဲ့တစ်ခု ဆက်နွယ်နေတယ် ခွဲခြားမရအောင် စုစည်းနေတယ်ဆိုတာက ဘာလဲဆိုတော့ တစ်ခုထက် မကသော National Identity တွေဖြစ်နေလို့လေ။ အဲဒီတော့ National Identity တစ်ခုချင်းကို ကောင်းမွန်သောနည်းလမ်းနဲ့ အကောင် အထည် ဖော်ပေးမယ်ဆိုရင်တော့ ဒါအဆင်ပြေမယ်။ နိုင်ငံရေးပဋိပက္ခ တော်တော်များများ ချုပ်ငြိမ်းသွားမယ်။ ဒါပေမယ့် အဲဒီလို အကောင်အထည် ဖော်ဖို့ဆိုရင် ဥပဒေကြောင်းအရ အကောင်အထည်ဖော်ရမယ့် နည်းလမ်းနဲ့ ရွေးကောက်ပွဲ နည်းလမ်း နှစ်ခုကျင့်သုံးပေးရမယ် အခြေခံအချက်။ အခြေခံအချက်အလက် မပြည့်စုံဘဲနဲ့ပြောင်းရင် ကမောက်ကမ ဖြစ်မယ်။ ဒါကတော့ နိုင်ငံရေးအရ စဉ်းစားချက်ပေါ့ အခြေခံကျတဲ့ အရာတွေကို အရင်ဖြေရှင်းဖို့ လိုတယ်ဗျာ အဲဒီဟာတွေကျ မပြောပဲနဲ့ ဖြစ်လာချင်တာကြီး ပြောနေရင် အလကားနေရင်း မြှောက်ပေးရာကျ တယ်။ မသိတဲ့သူ မြှောက်ပေးတာနဲ့ သွားတူတယ် အဲဒါ အန္တရာယ်များတယ်။ ဒါပေမယ့် နည်းမှန်လမ်းမှန်နဲ့ အခြေခံကျတဲ့ အချက်အလက်တွေတော့ သိပြီး နားလည်ပြီးမှ ရွှေ့တာတော့ ပိုကြိုက်တာပေါ့နော်၊ ဒါကြောင့် ငါးနှစ်မှာ မဖြစ်နိုင်ဘူးလို့ပြောတာ။ ဘာလို့ဆို အခြေခံကျတဲ့ အချက်အလက်တွေ အများကြီးရှိတယ် မဖြေရှင်းနိုင် သေးဘူး အဲဒါကြောင့် ပြောတာ” ဟုပြောသည်။
လတ်တလောတွင် ရှမ်းနီ၊ လားဟူ၊ လီဆူ၊ အာခါ စသည့် တိုင်းရင်းသားလူမျိုးများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ပြည်နယ် သတ်မှတ်ပေးရန် တွေ့ဆုံ ဆွေးနွေးမှုများကနေတဆင့် တောင်းဆိုလျက်ရှိ နေသည်။
လက်ရှိ အခင်းအကျင်းအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသစ်အဖြစ် ပေါ်လာနိုင်သည့် ပြည်နယ် ၃-၄ ခု ရှိလာနိုင် ကြောင်း၊ အထူးသဖြင့် ကချင်ပြည်နယ်တွင် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါ်ထွန်းလာနိုင်သည့် အလား အလာရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(EAO)များ ငြိမ်းချမ်းရေး လိုချင်ပါက လာရောက်နိုင်ကြောင်း၊ ငြိမ်းချမ်းရေး ရဖို့ ဘယ်လောက် ကုန်ကုန် လုပ်မည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေး၌ ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 194
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းနေခြင်းနှင့်အတူ တပြိုင်တည်းမှာပဲ စီးပွားရေးဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်သင့်ကြောင်း စီးပွားရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့်အတူ တစ်ဆက်တည်းတွင် နိုင်ငံ၏ အဓိက လိုအပ်ချက်ဖြစ်သော စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ရရှိစေရန် ကြိုးပမ်းဆောင်ရွက်မည်ဟု မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်က နှစ်သစ်ကူး နှုတ်ခွန်းဆက် မင်္ဂလာစကားတွင် ထည့်သွင်း ပြောကြားထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ခြင်းနှင့်အတူ ပြည်သူလူထု၏ စားဝတ်နေရေး ချောင်လည်ပြီး သာယာဝပြောအောင်လည်း လုပ်ရမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင် ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အရေးကြီးဆုံးအချက်က ငြိမ်းချမ်းနေတဲ့ ဒေသတွေက ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တယ်။ ငြိမ်းချမ်းနေတဲ့ နေရာတွေမှာ ပြည်မရော၊ ပြည်နယ်ရောပေါ့နော်၊ အကုန်လုံး ငြိမ်းချမ်းနေတဲ့ နေရာတွေမှာ မငြိမ်းချမ်းတဲ့ နေရာ တွေထက်ကို အဆမတန် တိုးတက်ရမယ်။ တိုးတက်အောင်လည်း အစီမံတွေ စပြီးတော့မှ ဖော်ဆောင်ရမယ်။ ငြိမ်းချမ်းရေးလုပ်တာက လုပ်နေတာတစ်ပိုင်း၊ ဒီဘက်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်တာက လုပ်တာတစ်ပိုင်းပေါ့။ အဲဒီလိုမျိုး မငြိမ်းချမ်းတဲ့ ဒေသကနေမှ ဒီဘက်ကြည့်လိုက်ရင် ဒီဘက်က ငြိမ်းချမ်းပြီးတော့ မှ အင်မတန် ဖွံ့ဖြိုးတိုးတက်နေတာ ငါတို့ငြိမ်းချမ်းသွားရင် ဒီလိုဖွံ့ဖြိုးတိုးတက်မှာပဲဆိုတဲ့ မက်လုံးရှိဖို့ လိုအပ် တယ်။ အခုဟာက ဘယ်ဟာမှ မက်လုံးက မရှိဘူး။ ကျနော်တို့ တိုင်းပြည်မှာလည်း စစ်ကိုအခြေခံတဲ့ စီးပွားရေးက ပိုပြီးကြီးထွားနေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့က အဲဒီဟာကမှ ပိုက်ဆံရှာရ ပိုလွယ်သလို ဖြစ်နေတာ။ အခုဟာ က ပြောင်းပြန်ဖြစ်နေတာ၊ ဟိုဘက်မှာက ဘာဥပဒေမှလည်း မရှိဘူး၊ ဘာမှလည်း မရှိဘူး၊ ရတနာတွေ တူးချင်ရာ တူးမယ်၊ ရေနံတွေ တူးချင်သလိုတူးမယ်၊ လုပ်ချင်သလိုလုပ်မယ် အဲဒီမှာက ပိုက်ဆံရှာလို့ ပိုပြီးတာ့မှ လွယ်ကူနေ တဲ့ သဘောဖြစ်နေတာ။ ဒီတရားမဝင် စီးပွားရေး၊ စစ်ကို အခြေခံထားတဲ့ စီးပွားရေးက ပိုကြီးထွားပြီးတော့မှ ဒီဘက်က တကယ့်ကို တရားဝင် ကောင်းကောင်းမွန်မွန် လုပ်နေတဲ့ စီးပွားရေးက ကျုံ့နေတယ် ဆိုလို့ရှိရင် ဒီမက်လုံးက ဘယ်ဟာဖြစ်မလဲ ဟိုဘက်ဖြစ်တော့ ဟိုက ပိုပြီးကြီးထွားမှာပေါ့။ အဲဒီဟာကို ပြောင်းပြန်လှန်နိုင် အောင် ငြိမ်းချမ်းရေးလုပ်တဲ့ ကိစ္စကလည်း လုပ်ရမယ်၊ ထိုနည်းတူစွာ ဒီဘက်မှာ လက်ရှိ နိုင်ငံရေးဖြစ်တဲ့ ပြည်သူ လူထုရဲ့ စားဝတ်နေရေးက အင်မတန် ချောင်လည်ပြီးတော့မှ အန်မတန်ကို သာယာဝပြောနေရမှာ ငြိမ်းချမ်းတဲ့ နေရာမှာ”ဟု ပြောသည်။

KIA က မြေရှားသတ္တု ထုတ်နေစဉ်
ငြိမ်းချမ်းရေးသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်သော အခြေခံ အုတ်မြစ်ဖြစ်ပြီး၊ တိုင်း ပြည် တည်ငြိမ်လာမှသာလျှင် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ဒေသတွင်း စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် ရန်ကုန်မြို့ကဲ့သို့ စီးပွားရေး အချက်အချာကျသော နေရာများတွင် လွတ်လပ် စွာ လုပ်ကိုင်နိုင်မည်ဖြစ်သည်။
နိုင်ငံတစ်ခုတွင် နိုင်ငံရေးနှင့် စီးပွားရေးက ဒွန်တွဲနေခြင်းဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းတစ်ခု၌ အုပ်ချုပ်ရေး တစ်ခု တည်း သွားကြည့်၍ မရကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အဲဒါက သူက မလုပ်လို့မရဘူး။ စီးပွားရေးက တော်တော်ကြီးကို ထိခိုက်နေတာကို ငြိမ်းချမ်းရေး မရှိတော့ စစ်စရိတ်တွေက တက်တာပေါ့။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ စစ်စရိတ် တအားတက်တဲ့ အခါကြလို့ရှိရင် ပြဿနာရှိ တာပေါ့လေ။ အဲဒီတော့ ဒီလိုတွဲပြီး သွားမယ်ဆိုတာမျိုးကတော့ ကျနော်ကတော့ လက်ခံပါတယ်။ တစ်ခါတစ်လေ ကျလို့ရှိရင် ကျနော်တို့က ဘယ်ဟာ ဦးစားပေးမလဲဆိုတာက စနစ်တကျ စဥ်းစားတာမျိုး ဖြစ်ရပါမယ်။ အဲဒီတော့ တိုးတက်အောင် ကြီးပွားအောင် လုပ်တယ်ဆိုတာ နေရာတိုင်း လုပ်လို့မရဘူး သူက ကြီးပွားအောင် လုပ်လို့ရတဲ့ အခြေခံရှိတဲ့နေရာ ဥပမာအားဖြင့် လမ်းပန်း၊ ဆက်သွယ်ရေး၊ ရေ၊ မီး၊ နောက်တစ်ခါ ပညာတတ်၊ လုပ်သားအင်အား ရှိတာ အစရှိပေါ့။ ပြောရင်တော့ အချက်တွေက အများကြီးပဲပေါ့။ သူက နိုင်ငံရေးနဲ့ စီးပွားရေးဆိုတာ တကယ် တမ်းကျတော့ ဒွန်တွဲနေတာ။ အဓိက,က ဘာလဲဆိုတော့ စီးပွားရေးကို ကိုင်တွယ်တဲ့ နေရာဌာနတွေ၊ လူတွေ၊ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကလည်း စဥ်းစားပုံစဥ်းစားနည်း Concept က ဒီအုပ်ချုပ်ရေးပွိုင့် တစ်ခုတည်း သွားကြည့်လို့ မရဘူး။ အဲဒီ အမြင်မျိုးကလည်း ပြောင်းလဲဖို့ တော်တော်လေးကို လိုတာပေါ့နော် ကျနော်အမြင်က” ဟု ပြောသည်။

ကုန်သွယ်ရေးလမ်းမပေါ်မှာ လက်နက်ကိုင်ထားသူများကို တွေ့ရစဉ်
လက်နက်ကိုင်ပဋိပက္ခများကို ချုပ်ငြိမ်းစေခြင်းနှင့် တိုင်းပြည်၏ လူမှုစီးပွားဘဝကို မြှင့်တင်ခြင်းတို့မှာ တစ်ခုနှင့် တစ်ခု အပြန်အလှန် မှီခိုနေပြီး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှသာလျှင် တည်ငြိမ်သော ငြိမ်းချမ်းရေးကို ရေရှည်တည် တံ့အောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ပြည်သူများ နေ့စဉ်စားဝတ်နေရေး ဖူလုံရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများရန် လိုအပ်ကြောင်း၊ ဒေသခံ ပြည်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း များနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဦးစားပေး အကောင်အထည်ဖော်သင့်ကြောင်းလည်း ထောက်ပြကြ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 293
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉
လက်ရှိ မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်အနေဖြင့် မည်သည့် မူဝါဒများ ရှိစေကာမူ တိုင်းရင်းသားမျာ ယုံကြည်အောင် လုပ်ပြရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ ယုံကြည်မှုရမှသာ တိုင်းပြည်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည်များ ကောင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအောင်မျိုးက “မူဝါဒအရတော့ လက်ရှိအစိုးရအဖွဲ့က လက်ခံထားပြီးပြီလေ။ ဒါကတော့ ပြောနေတဲ့ မိန့်ခွန်းတွေမှာ ဘာပဲပြောပြော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ပေးမယ်၊ လုပ်ပိုင်ခွင့်တွေ ပိုပေးမယ်ဆိုတာက မူဝါဒ အားဖြင့်တော့ သဘောတူထားပြီးပြီပေါ့။ ဒါကတော့ လက်တွေ့ တိုင်းရင်းသားတွေကို လက်တွေ့ပြဖို့ လိုတာပေါ့။ အခုလည်း အဲဒီအချက်တွေနဲ့ ပတ်သက်လို့ လွှတ်တော်မှာ တင်တယ်၊ ပြုမယ် ဘာညာပေါ့ ဒါကတွက်ဆပြီးပြီ။ တစ်ခုရှိတာက လွှတ်တော်တင်တာနဲ့ တင်မရဘူး၊ ကျနော့် အမြင်အရကလေ။ လက်တွေ့ ကျင့်သုံးလို့ရတာတွေကို တော့ တိုင်းရင်းသားတွေ မြင်သွားအောင် လုပ်ပြသင့်တယ်လို့ ထင်တယ်။ ဥပမာအားဖြင့်ဆိုရင် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ခန့်တာပေါ့။ အဲဒါကို တင်မယ်လို့ပြောတယ်။ တင်တာ၊ မတင်တာ နောက်ထားပေါ့။ ခန့်တယ် ဆိုကတည်းကိုက ခင်ဗျားတို့ လွှတ်တော်က ဘယ်သူ့ကို ဝန်ကြီးချုပ် ခန့်ချင်လဲ ကျုပ်ကို ပြောပါဆိုပြီး နိုင်ငံတော် အစိုးရအဖွဲ့ကနေ ကမ်းလှမ်းလိုက်တယ်ဆိုရင် ဒါကတင်စရာ မလိုဘူးလေ။ အလိုအလျောက် ပြည်နယ်ရဲ့၊ တိုင်းရဲ့ ဆန္ဒကို လိုက်လျောတယ်ဆိုတာ ပေါ်သွားတာပဲလေ။ ဒါမျိုးလုပ်ရမှာပေါ့။ အခုကတော့ မရတော့ဘူးပေါ့ အခုက ခန့်ပြီးသွားပြီဆိုတော့။ အဓိက,ကတော့ ဘယ်လို မူဝါဒပဲရှိရှိ တိုင်းရင်းသားတွေ ယုံကြည်အောင် ကျနော်တို့က လက်တွေ့ပိုင်းလေးတွေမှာ လုပ်ပြဖို့လိုတယ်လို့ ကျနော်က အဲဒီလို ပြောလိုတယ်။ အဲဒါမှလည်း တွေ့ဆုံဆွေးနွေး ကြမယ်ပေါ့။ သူတို့ ယုံကြည်မှုရမှလည်း တိုင်းပြည်အတွက် ဖြစ်သင့်ဖြစ်ထိုက်တာတွေ အကုန်ကောင်းသွားမှာပေါ့” ဟု ပြောသည်။

တိုင်းရင်းသား လူငယ်များကို တွေ့ရစဉ်
ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ ဗဟိုအစိုးရများအပေါ် တိုင်းရင်းသားလူမျိုးစုများ၏ အမြင်နှင့် သဘောထား သည် ကတိကဝတ် ပျက်ပြားမှု၊ ခွဲခြားဆက်ဆံခံရမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆုံးရှုံးမှုဆိုသည့် ခံစားချက်များ အပေါ် မှာ အခြေခံ၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
၁၉၄၇ ပင်လုံစာချုပ်အရ တိုင်းရင်းသားများသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရမည်ဟု ယုံကြည်ပြီး ဗမာ ခေါင်းဆောင်များနှင့် ပူးပေါင်းခဲ့ကြသည်။
သို့သော် လွတ်လပ်ရေးရပြီးနောက် အခြေခံဥပဒေတွင် ပင်လုံကတိကဝတ်များ အပြည့်အဝ မပါလာခြင်း၊ ဗမာ ဗဟိုပြုဝါဒ လွှမ်းမိုးလာခြင်းနှင့် ၁၉၄၈ ကတည်းက စတင်ခဲ့သည့် ပြည်တွင်းစ-စ်ကြောင့် အစိုးရအပေါ် ယုံကြည်မှု စတင် ပျက်ပြားခဲ့ခြင်းဖြစ်သည်ဟု ထောက်ပြကြသည်။
ထို့နောက် ဗိုလ်ချုပ်ကြီးနေဝင်း တက်လာပြီးနောက် တိုင်းရင်းသားများ တောင်းဆိုခဲ့သည့် ဖက်ဒရယ်မူကို နိုင်ငံတော် ပြိုကွဲမည့် အရေးအဖြစ် စွပ်စွဲ၍ နှိပ်ကွပ်ခဲ့ကြောင်း၊ တပ်မတော်၏ ဖြတ်လေးဖြတ် စစ်ဆင်ရေးဗျူဟာ ကြောင့် တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြင်းထန်ခဲ့ပြီး တိုင်းရင်းသားများ အမြင်မှာ ဗဟိုအစိုးရနှင့် မြန်မာ့တပ်မတော်သည် ၎င်းတို့အား လာရောက်ကျူးကျော် ဖိနှိပ်သည့် ရန်သူအဖြစ် လုံးဝ ပုံသေ ကားချပ်ဖြစ်ခဲ့ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

တိုင်းရင်းသား လူငယ်များကို တွေ့ရစဉ်
တိုင်းရင်းသားများအနေဖြင့် အစိုးရအပေါ် ယုံကြည်အောင် လုပ်လိုပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များထက် ဌာနေတိုင်းရင်းသားများက အဓိကအရေးကြီးကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တိုင်းရင်းသားတွေ ယုံကြည်အောင် အဓိက, ကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း သိပ် အရေးမကြီးဘူးတော့ မဟုတ်ဘူး။ သူတို့လည်း အရေးကြီးပါတယ်။ ဒါပေမယ့် အဓိက အရေးကြီးတာက အဲဒီမှာ ဌာနေတိုင်းရင်းသားတွေက အရေးကြီးတယ်။ ဥပမာ ဌာနေတိုင်းရင်းသားတွေက အယောက် ၁၀၀ ရှိမှ လက်နက် ကိုင် အဖွဲ့အစည်းတွေမှာ ၁၀ ယောက် မပြည့်ဘူးလေ၊ ဥပမာ ရာခိုင်နှုန်းအရ။ အဲဒီတော့ အဲဒီဌာနေတိုင်းရင်းသား တွေရဲ့ စိတ်ကျေနပ်အောင် ကိုယ့်အစိုးရကိုယ် ယုံကြည်မှု၊ အားထားမှု ရှိလာအောင် အဲဒါက ပြည်ထောင်စုအစိုးရ မှာ လုပ်ဖို့လိုတယ်” ဟု ပြောသည်။
၂၀၂၁ ခုနှစ် နောက်ပိုင်း၌ တိုင်းရင်းသားများ၏ ယုံကြည်မှုမှာ ပိုမို ပျက်ယွင်းသွားခဲ့ပြီး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်၊ မဟာမိတ်နယ်မြေများ ထူထောင်ရန် လက်တွေ့ဖော်ဆောင်နေကြ သည်။
တချို့သော တိုင်းရင်းသားလက်နက်ကိုင်များသည် ကွန်ဖက်ဒရေးရှင်း၊ လွတ်လပ်ရေး ဆိုသည့် ရည်မှန်းချက်များ အထိ တောင်းဆိုမှုများပင် ရှိလာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 187
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များအနေဖြင့် တကယ်ငြိမ်းချမ်းရေး လိုချင်လျှင်လာခဲ့ရန်နှင့် မည်သည့် ကြိုတင်သတ်မှတ်ချက်မှ မရှိဘဲ မိမိအနေဖြင့် ဆွေးနွေးမည်ဟု မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေး၌ သမ္မတက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
သမ္မတ ဦးမင်းအောင်လှိုင်က “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကျနော်တို့ ပြောချင်ပါတယ်။ EAO များကို ကျနော် ပြောချင်ပါတယ်။ တကယ်ငြိမ်းချမ်းရေး လိုချင်ရင်လာခဲ့ပါ။ ဘာကြိုတင် သတ်မှတ်ချက်မှ မရှိဘဲ ကျနော် တို့ ဆွေးနွေးမယ်”ဟု ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တွေ့ရစဉ်
သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရက တိုင်းရင်းသားလက်နက်ကိုင်များ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ ရက် ၁၀၀ စီမံကိန်းအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။
မိမိတို့အစိုးရ ကမ်းလှမ်းထားသည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမဆို မည်သည့် ကြိုတင် ကန့်သတ်ချက်မှ မထားဘဲ ငြိမ်းချမ်းရေးအတွက် လာ၍ ဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း၊ မိမိတို့က ရက် ၁၀၀ စီမံချက်ထဲမှာ ထည့်သွင်း အကောင်အထည်ဖော်ဖို့ပြောထားကြောင်း၊ သို့သော်လည်းပဲ တချို့သည် ထိုအချက်ကို ကြိုတင်ကန့်သတ်ချက် မရှိဘူး ပြောပြီး ရက် ၁၀၀ သတ်မှတ်ထား ကြောင်း၊ ထိုပြောဆိုချက်သည် ကပ်ပြီးတော့ ပေါက်ပေါက်ရှာရှာ ပြောနေကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
သမ္မတ ဦးမင်းအောင်လှိုင်က “ငြိမ်းချမ်းရေး မလိုချင်ရင်တော့ အကြောင်းပြပြီးတော့ အချိန်ဆွဲမှာ၊ ကျနော် ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ပါတယ်။ လာပါ၊ ပြုပါဆိုတာ ကျနော်တို့ လုပ်လို့ရတယ်။ တကယ်လည်း ကျနော် လုပ်ချင်ပါတယ်။ အခု ကျနော်ရတဲ့ Channel တိုင်းကနေ ကျနော်ရအောင် ကြိုးစားတယ်။ ကျနော် ဒီငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး ရဖို့ဆိုရင် ဘာပဲ ဘယ်လောက်ကုန်ကုန် ငါလုပ်မယ်လို့ ပြောတယ်။ တိုင်းပြည်ကို ကောင်းစေချင် တယ်။ ကျနော်တို့ နောက်ကျကျန်ခဲ့တယ်ဗျ။ ဒါစဉ်းစားကြည့်ပါ။ ကျနော်တို့မှာ ခြေလှမ်းရှေ့တိုးတယ်ဆိုမှ အချုပ် အနှောင်နဲ့ ချုပ်နှောင်ထားတဲ့ ခြေလှမ်းနဲ့ ရှေ့တိုးနေရတာ။ တကယ်တော့ မရောက်ဘူး။ ခုနအချုပ်အနှောင်ဆိုတာ ပြဿနာတွေနဲ့ ချုပ်နှောင်ထားတာ။ အခက်အခဲတွေနဲ့ ချုပ်နှောင်ထားတာ။ ကျနော်တို့မှာ လွတ်လွတ်လပ်လပ် မရှိ ဘူး။ ပြောရရင်တော့ဗျာ မြင်းဇောင်းထဲက ထွက်လာတဲ့ မြင်းလို တစ်ခါတည်း ဝုန်းဝုန်းဆိုပြီး ထွက်သွားချင်တာ။ ဒီလို သွားချင်တာ။ အခုက မသွားနိုင်ဘူး။ အတားအဆီးတွေ ရှိနေတယ်။ အဲဒီ အတားအဆီးတွေက ပဋိပက္ခတွေပါ။ နိုင်ငံရေးပဋိပက္ခ၊ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတယ်။ ကျနော်တို့က ဒါကို ပြတ်အောင်၊ ရှင်းအောင်လုပ်ဖို့လို တယ်”ဟု ပြောသည်။

နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဘုန်းမြတ်ကို တွေ့ရစဉ်
လက်ရှိတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)သည် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်က အစိုးရသစ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု ကာလအတွင်းမှာ ပထမဆုံး တွေ့ဆုံ၍ နေပြည်တော်မှာ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ထိုးထားသည့် လက်နက်ကိုင် ၇ ဖွဲ့ ဖြစ် ဖွဲ့စည်းထားသော 7 EAO Alliance နှင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉-၁၀ ရက်များက တွေ့ဆုံ၍ နေပြည်တော်မှာ ဆွေးနွေးခဲ့သည်။
အလားတူ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်က တွေ့ဆုံ၍ နေပြည်တော်မှာ ဆွေးနွေးခဲ့သည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)နှင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်က တွေ့ဆုံ၍ မိုင်းလားမြို့မှာ ဆွေးနွေးခဲ့ကြသလို “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နှင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်က တွေ့ဆုံ၍ ပန်ဆန်း(ပန်းခမ်း)မြို့မှာ ဆွေးနွေးခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 200
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ရွှေပြည်အေးမြို့အနီးက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့၏ စခန်း ၁၉ ခုကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)မှ သိမ်းပိုက် ရရှိခဲ့သည်ဟု သိရသည်။
ရွှေပြည်အေးမြို့ အနောက်ဘက်ကမ်း ဂွေးတောက်ကုန်းအုပ်စု နယ်မြေအတွင်းရှိ KIA-PDF စခန်းများကို SNA က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်တွင် စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၅ ရက်အထိ စခန်း ၁၉ ခုကို သိမ်းပိုက် ရရှိခဲ့သည်ဟု SNA ဘက်က ထုတ်ပြန်ခဲ့သည်။
သို့သော် ရွှေပြည်အေးမြို့ကိုတော့ KIA-PDF ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားဆဲဖြစ်သည်။
အဆိုပါ ရွှေပြည်အေးမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ ဟုမ္မလင်း-ခန္တီး-နာဂဒေသို့ ရေလမ်းကြောင်းကနေ ကုန်စည်များ သွယ်ယူပို့ဆောင်ရာတွင် ပိတ်ဆို့ ဟန့်တားရန်အတွက် အရေးပါသည့် နေရာဖြစ်နေကြောင်း၊ ထို ရွှေပြည်အေးမြို့ကနေ KIA-PDF များက ကုန်စည်များကို သယ်ယူခွင့် ပိတ်ပင်ခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ ကို ပြုလုပ်လျက်ရှိသည်။

ရွှေပြည်အေးမြို့နယ်ထဲက KIA-PDF စခန်းကို SNA က သိမ်းပိုက်တာမှာ လက်နက်ခဲယမ်း တချို့ သိမ်းဆည်းရမိစဉ်
ထို့ကြောင့် ဟုမ္မလင်း-ခန္တီးနှင့် နာဂဒေသသည် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေသလို ဒေသတွင်းနေ ပြည်သူများ သွားလာရေး အခက်အခဲများဖြင့် ရင်ဆိုင်နေကြရသည်။
ဟုမ္မလင်းမြို့ ဒေသခံတစ်ဦးက “ ရွှေပြည်အေးမြို့မှာ KIA-PDF က ဂိတ်ဖွင့်ပြီးတော့ ကုန်စည်သယ်ယူမှုကို စစ် ဆေးကြပ်မှတ်တာတွေ လုပ်နေတာ။ အခွန်ကောက်တာတွေ လုပ်တာပေါ့။ သူတို့ ခွင့်မပြုရင် ဘယ်ကုန်မှ သယ်လို့ မရသလို ဘယ်စက်လှေ၊ သင်္ဘောမှ ဖြတ်သန်းလို့မရဘူး။ စက်သုံးဆီ တစ်ပေပါဆိုရင် ၃ သိန်းလောက် ကောက် တယ်။ အဲကျတော့ ဟုမ္မလင်းကနေ အထက်ပိုင်းအထိ ကုန်ဈေးနှုန်းက အဆမတန် မြင့်တက်သွားတာပေါ့။ ရွှေပြည်အေးမြို့က စစ်ရေး-စီးပွားရေးအတွက် အဓိက အရေးပါတဲ့နေရာဖြစ်နေတယ်။ ဒီအခြေအနေတွေကို ဆိုင်ရာကနေ ဖြေရှင်းပေးနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ ကျနော်တို့ ပြည်သူတွေကတော့ မတတ်နိုင်ဘူးလေ ကြုံသလို လုပ်ကိုင်နေကြရတာပေါ့”ဟု ပြောသည်။
KIA-PDF ပူးပေါင်းတပ်ဖွဲ့များက ရွှေပြည်အေးမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်ကတည်းက သိမ်းပိုက်ထားခဲ့ရာ ယနေ့အထိဖြစ်သည်။
