- By CNI
- Category: အားကစား
- Hits: 53
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇
ယူနိုက်တက်နဲ့ ဘရာဇီးလ်အသင်း တောင်ပံကစားသမား အန်တိုနီဟာ အိမ်တွင်း အကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ တွေ့ဆုံစကားပြောဖို့ အင်္ဂလန်ကို ပြန်လာမယ်လို့ သိရပါတယ်။
အန်တိုနီဟာ ရည်းစားဟောင်းဖြစ်သူ ဂါဗယ်လင် အပါအဝင် နောက်ထပ် စွပ်စွဲသူတွေရဲ့ အမှုကိစ္စတွေကို ဖြေရှင်းဖို့ ယူနိုက်တက်အသင်းဆီကနေ ရက်အကန့်အသတ်မရှိ ပျက်ကွက်ခွင့် ရရှိထားတာပါ။
ဒီအမှုကိစ္စတွေကို ဆော်ပေါ်လိုနဲ့ မန်ချက်စတာရှိ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
The Sun က အန်တိုနီဟာ စွပ်စွဲချက်တွေကို ငြင်းဆန်ဖို့ ဘရာဇီးလ်ကနေ အင်္ဂလန်ကို ပြန်လာမယ်လို့ ဖော်ပြထား တာပါ။
ဂါဗယ်လင်ဟာ အန်တိုနီကို သီးခြားတိုက်ခိုက်မှု ၂ ခုနဲ့ စွပ်စွဲထားပြီး နောက်ထပ် စွပ်စွဲချက်တွေကတော့ ဖရီတက်စ် နဲ့ လာနာဆိုတဲ့ အမျိုးသမီး ၂ ဦးဆီကနေ ထပ်ပြီးထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အန်တိုနီကို တွေ့ရစဉ်
အန်တိုနီကတော့ သူဟာ အပြစ်လုပ်ခဲ့ခြင်း မရှိသလို အမှုကိစ္စတွေမှာ ပါဝင်ပတ်သက်နေတဲ့ အမျိုးသမီးတွေနဲ့ တွေ့ဆုံမှုတွေဟာ သဘောတူညီမှုတွေကြောင့် ဖြစ်တယ်လို့ ပြောထားတာပါ။
ယူနိုက်တက်အသင်း တောင်ပံကစားသမား ဖြစ်သူဟာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်ချင်နေပြီး လိုအပ်မယ် ဆိုရင် သူ့ရဲ့ ဖုန်းကို ရဲတပ်ဖွဲ့ထံ ပေးဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အန်တိုနီဟာ ဘရာဇီးလ် TV တစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူဟာ ဘာအပြစ်ကိုမှ ပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ အခိုင်အမာ ပြောထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်နေချိန်မှာ ဗြိတိန်ရှိ ရဲတပ်ဖွဲ့တွေနဲ့ တွေ့ဆုံသွား မှာပါ။
၂၀၂၂ ခုနှစ်က အေဂျတ်စ်ကနေ ရောက်ရှိလာခဲ့တဲ့ အန်တိုနီဟာ ယူနိုက်တက် အသင်းအတွက် ၄၈ ပွဲ ပါဝင် ကစားထားပြီး ၈ ဂိုး သွင်းယူထားသလို ဘရာဇီးလ်အသင်းအတွက် ၁၆ ပွဲ ကစားထားပြီး ၂ ဂိုး သွင်းယူထားပါ တယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 46
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇
ယူကရိန်းနိုင်ငံကို လွန်ခဲ့တဲ့ ၁၉ လက ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံ အသင်းတွေကို ဥရောပ ယူ-၁၇ ပြိုင်ပွဲယှဉ်ပြိုင်ဖို့ ခွင့်ပြုခဲ့တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က အတည်ပြု ခဲ့ပါတယ်။
အရွယ်ရောက်ပြီးသား လူတွေရဲ့ လုပ်ရပ်ကြောင့် ယောင်္ကျားလေးတွေနဲ့ မိန်းကလေးတွေကို အပြစ်ပေးတာမျိုး မလုပ်သင့်ဘူးလို့ ယူအီးအက်ဖ်အေက ပြောထားပါတယ်။
ဒါ့အပြင် ဘောလုံးမှာ ငြိမ်းချမ်းရေးနဲ့ မျှော်လင့်ချက်တွေကို ဘယ်တော့မှ အရှုံးမပေးသင့်ဘူးလို့လည်း ဒီအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ယူအီးအက်ဖ်အေဟာ ယူကရိန်းကို အပြည့်အဝ ကျူးကျော်တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ပြီး ရုရှား အသင်းတွေ အားလုံးကို ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ဆိုင်းငံ့ခဲ့တာပါ။
စိန့်ပီတာစဘတ်နဲ့ ကာဇန်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၂၂ ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ ၂၀၂၃ ဥရောပစူပါဖလား အိမ်ရှင်အဖြစ် ကျင်းပခွင့် ရထားတာကိုလည်း ရုပ်သိမ်းခဲ့တဲ့အပြင် နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီး Gazprom နဲ့ စပွန်ဆာစာချုပ်ကိုလည်း ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။
UEFA ကိုတွေ့ရစဉ်
ယူအီးအက်ဖ်အေကတော့ ရုရှားရဲ့ တရားမဝင်စစ်ပွဲကို ရှုတ်ချကြောင်းနဲ့ အခြားရုရှားအသင်းတွေကို ဆက်ပြီး ဆိုင်းငံ့ထားဆဲ ဖြစ်တယ်လို့ ပြောထားတာပါ။
ယူအီးအက်ဖ်အေဥက္ကဋ္ဌ ဆက်ဖာရင်က "ရုရှားအသင်းကြီးတွေကို စစ်ပွဲပြီးဆုံးပြီး ငြိမ်းချမ်းရေးရတဲ့အထိ ဆက်ပြီး ဆိုင်းငံ့သွားမှာပါ။ ဒါပေမယ့် ကလေးတွေကို ကျနော်တို့ရဲ့ ပြိုင်ပွဲကနေ ပိတ်ပင်ခဲ့ရင် သူတို့ကို အသိအမှတ်ပြုခွင့် ပျက်ကွက်မှာဖြစ်သလို တိုက်ရိုက်ခွဲခြား ဆက်ဆံသလို ဖြစ်နေမှာပါ။
သူတို့ကို ယှဉ်ပြိုင်ကစားဖို့ အခွင့်အရေးပေး ခဲ့ရင် ပိုတောက်ပပြီး ပိုစွမ်းဆောင်နိုင်တဲ့ အနာဂတ်မျိုးဆက်နဲ့ ပိုကောင်းမွန်တဲ့ မနက်ဖြန်ဖြစ်ဖို့ ကျနော်တို့ မျှော်လင့်ထားတဲ့ အရာတွေကို ရင်းနှီးမြုပ်နှံနေပါတယ်"လို့ ပြောခဲ့ပါတယ်။
ရုရှား ယူ-၁၇ အသင်းတွေကို ဥရောပပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ပြုခဲ့ပေမယ့် ဒီပွဲတွေကို ရုရှားနိုင်ငံမှာ ကစားမှာ မဟုတ် သလို အသင်းတွေဟာ နိုင်ငံရဲ့ဝတ်စုံကို ဝတ်ဆင်ခွင့်ရမှာ မဟုတ်တဲ့အပြင် အလံ ဒါမှမဟုတ် နိုင်ငံတော်သီချင်း ဖွင့်ခြင်းကိုလည်း ယူအီးအက်ဖ်အေက ခွင့်ပြုသွားမှာ မဟုတ်ပါဘူး။
လာမယ့်နှစ် ဥရော ပယူ-၁၇ အမျိုးသားပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ပွဲစဉ်တွေကို ဆိုက်ပရပ်စ်မှာ ကျင်းပသွားမှာ ဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲကို လာမယ့်နှစ် မေလ ဆွီဒင်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 54
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇
အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုက ဟူစတန်ဒိုင်နမိုအသင်းနဲ့ ကစားမယ့် US Open ဖလားဗိုလ်လုပွဲမှာ အသင်းခေါင်းဆောင် မက်ဆီပါဝင်နိုင်တယ်လို့ ပြောလိုက်ပါတယ်။
မာတီနိုက “ကျနော်တို့ မနက်ဖြန်အထိ စောင့်ဆိုင်းသွားမှာပါ။ အယ်လ်ဘာက ပါဝင်နိုင်ဖို့ ခက်ပေမယ့် မက်ဆီနဲ့ အတူ မနက်ဖြန်အထိ ကျနော်တို့စောင့်ဆိုင်းသွားမှာပါ။ ဒီပွဲက ဗိုလ်လုပွဲသာ မဟုတ်ရင် ကျနော်တို့ဟာ ဘယ်လို အရာကိုမှ စွန့်စားမှုပြုလုပ်သွားမှာမဟုတ်ပါဘူး။ အခုက ဗိုလ်လုပွဲဖြစ်ပြီး ချန်ပီယံဆုဖလားကို ယူဆောင် လာနိုင် ပါတယ်။ မိနစ် ၉၀ ဒါမှမဟုတ် မိနစ် ၁၂၀ အထိကြာမြင့်သွားနိုင်ပေမယ့် တခြားပွဲဆိုရင်တော့ ကျနော်တို့ စွန့်စား သွားမှာမဟုတ်ပါဘူး” လို့ ပြောခဲ့တာပါ။
မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲစဉ်သွားရောက် ကစားရင်း ဒဏ်ရာရခဲ့တာကြောင့် အတ္တလန်တာယူနိုက်တက်အသင်းနဲ့ပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက် မပါဝင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် မက်ဆီဟာ တိုရွန်တိုအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းအတွက် ပြန်လည်ပါဝင်နိုင်ခဲ့ပေမယ့် ဒဏ်ရာအခြေအနေကြောင့် စောစီးစွာ လူစားလဲခဲ့ရတာပါ။
အဲဒါကြောင့် မက်ဆီဟာ အော်လန်ဒိုစီးတီးအသင်းနဲ့ မေဂျာလိဂ်ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းအတွက် မပါဝင် နိုင်ခဲ့သလို နောက်ဆုံးပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာလည်း မပါဝင်နိုင်ခဲ့ပေမယ့် နည်းပြ မာတီနိုက US Open ဖလားဗိုလ်လုပွဲမှာ မက်ဆီပါဝင်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းကို ရောက်ရှိလာကတည်းက ခြေစွမ်းပြသနေတာဖြစ်ပြီး လိဂ်ဖလားချန်ပီယံဆုကို ရယူပေးနိုင်ခဲ့ကာ US Open ဖလားဗိုလ်လုပွဲရောက်ရှိအောင်လည်း ပို့ဆောင်ပေးနိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ အခုနှစ်ဘောလုံးရာသီ ဒုတိယမြောက်ဆုဖလားရယူနိုင်ဖို့ နီးစပ်နေပေမယ့် မေဂျာ လိဂ်ပြိုင်ပွဲမှာတော့ ပလေးအောဖ့်အဆင့်ဝင်ခွင့်ရဖို့ ရုန်းကန်နေရပြီး ပွဲစဉ် ၅ ပွဲသာကစားဖို့ ကျန်ရှိတော့တဲ့ အချိန် မှာ အရှေ့ပိုင်းဇုန်ရဲ့ အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ အင်တာမိုင်ယာမီ အသင်း နဲ့ ဟူစတန်ဒိုင်နမိုအသင်းတို့ရဲ့US Open ဖလားဗိုလ်လုပွဲကို စက်တင်ဘာ ၂၈ ရက်မှာ ကျင်းပသွားမှာပါ။
Source:Goal

- By CNI
- Category: အားကစား
- Hits: 71
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇
ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့တဲ့ အမ်ရာဘတ်က ဒီလိုအခိုက်အတန့်မျိုး ရဖို့အတွက် သူ့ရဲ့တစ်ဘဝလုံး ကြိုးစား အလုပ်လုပ် ခဲ့ရတယ်လို့ ပြောလိုက်ပါတယ်။
အမ်ရာဘတ်က “ဒါဟာ ပြီးပြည့်စုံတဲ့ ညတစ်ညလို့ ကျနော်ထင်ပါတယ်။ ဒီလိုမျိုး ကစားခွင့်ရဖို့ကို ကျနော် ငယ်ငယ်လေး ကတည်းကနေ ကျနော့်ရဲ့ ကစားသမားဘဝ တစ်လျှောက်၊ ကျနော့်ရဲ့ ဘဝတစ်ခုလုံး ကြိုးစားပြီး အလုပ်လုပ်ခဲ့ရတာပါ။ အိုးထရက်ဖို့ဒ်မှာ ကစားရတာဟာ အလွန်ကောင်းပါတယ်”လို့ Sky Sports ကို ပြောခဲ့ တာပါ။
ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ဖီအိုရင်တီးနား အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အမ်ရာဘတ်ဟာ ယူနိုက် တက် အသင်းအတွက် ပွဲကစားခွင့်ရဖို့ စောင့်ဆိုင်းခဲ့ရပြီး ဘန်လေအသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် စတင်ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
အမ်ရာဘတ်ဟာ ပဲလေ့စ်အသင်းနဲ့ ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်မှာတော့ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်းကိုတွေ့ရစဉ်
ပဲလေ့စ်အသင်းနဲ့ ပွဲမှာ ယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူ ရယ်ဂီလွန် မပါဝင်ခဲ့တာကြောင့် ကွင်းလယ်လူ အမ်ရာဘတ်ဟာ ဘယ်နောက်ခံလူအဖြစ် ကစားခဲ့ရပေမယ့် သူကတော့ နည်းပြ အဲရစ်တန်ဟတ် လိုအပ်တဲ့ နေရာမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားသွားမယ်လို့ ပြောခဲ့ပါတယ်။
အမ်ရာဘတ်က “ကျနော်က နည်းပြလိုအပ်တဲ့နေရာမှာ ကစားသွားမယ်လို့ ပြောခဲ့ပါတယ်။ ဂိုးသမားနေရာမှာ ကစားရမယ်ဆိုရင်တောင် ကျနော်ကစားပေးသွားမှာပါ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျနော်ဟာ အသင်းကို ကူညီ နိုင်ပါတယ်။ ကျနော်ဟာ အကောင်းဆုံးပုံစံ မရသေးပေမယ့် လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ကြိုးကြိုးစားစား လုပ်ဆောင်နေပြီး ကျနော်တို့ နိုင်ပွဲတွေ ရယူနိုင်ဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်မှာ ပဲလေ့စ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင် ရခဲ့ပြီး ဂိုးတွေကို ဂါနာချို၊ ကတ်စမဲရိုးနဲ့ မာရှယ်တို့က သွင်းယူခဲ့တာပါ။
ရလဒ်တွေဆိုးနေလို့ ဝေဖန်ခံနေရတဲ့ ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲမှာ ပေးဂိုးမပေးရဘဲ နိုင်ပွဲတွေ ပြန်လည်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ စက်တင်ဘာ ၃၀ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းနဲ့ပဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 109
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆
လေဗာကူဆင်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ ဇာဘီအလွန်ဆိုဟာ လာမယ့်နှစ်ဘောလုံးရာသီမှာ အန်ဆယ်လော့တီရဲ့ နေရာအစားထိုးဝင်ရောက်ပြီး ရီးရယ်လ်အသင်းကို ကိုင်တွယ်ဖို့ ရေပန်းစားနေတယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရီးရယ်လ်ကစားသမားဟောင်း ဇာဘီအလွန်ဆိုဟာ ဆိုစီဒက်ဘီအသင်းကို ၃ နှစ်ကြာကိုင်တွယ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကမှ အသင်းကြီးနည်းပြအဖြစ် လေဗာကူဆင်အသင်းကို စတင်ကိုင်တွယ်ခဲ့တာပါ။ Radio Marca က ရီးရယ်လ်အကြီးအကဲတွေဟာ ဇာဘီအလွန်ဆိုရဲ့ နည်းပြအတွေ့အကြုံနည်းပါးခြင်းအပေါ် စိုးရိမ်ခြင်းမရှိဘဲ အန်ဆယ်လော့တီနေရာမှာ နည်းပြရာထူးဆက်ခံဖို့အတွက် သူတို့ရဲ့ ဦးစားပေး ရွေးချယ်မှု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဇာဘီအလွန်ဆိုဟာ ရီးရယ်လ်အသင်းမှာ ၆ နှစ်ကြာကစားခဲ့ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်စီ ရယူ နိုင်ခဲ့တာပါ။ အသက် ၄၁ နှစ်အရွယ်ရှိ ဇာဘီအလွန်ဆိုဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၃ နှစ်ကြာ ကစားပြီး ၂၀၁၇ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။ စပိန်ကစားသမားဟောင်းဟာ ဆိုစီဒက်ဘီအသင်းကို မကိုင်တွယ်ခင်က ရီးရယ်လ်လူငယ်အသင်းကို တစ်နှစ်ကြာ ကိုင်တွယ်ခဲ့သေးတာပါ။
ဇာဘီအလွန်ဆိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ရလဒ်တွေဆိုးရွားခဲ့တဲ့ လေဗာကူဆင်အသင်းကို ဘွန်ဒစ်လီဂါ ပြိုင်ပွဲမှာ အဆင့် ၆ နေရာနဲ့ ရာသီအဆုံးသတ်နိုင်စေခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဇာဘီအလွန်ဆိုရဲ့ လေဗာကူဆင်အသင်းဟာ အခုနှစ်ဘောလုံးရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ တာထွက်ကောင်းနေပြီး ပွဲစဉ် ၅ ပွဲကစားအပြီးမှာ ထိပ်ဆုံးနေရာက ဘိုင်ယန်မြူးနစ် အသင်း နဲ့ ရမှတ် ၁၃ မှတ်ချင်းတူညီနေပေမယ့် ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာမှာ ရပ်တည်နေတာပါ။
ရီးရယ်လ်အသင်းဟာ လက်ရှိနည်းပြ အန်ဆယ်လော့တီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုနှစ်ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အီတလီလူမျိုးနည်းပြဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖွယ် ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ နည်းပြသစ် ရှာဖွေ နေပြီး ဇာဘီအလွန်ဆိုကို ဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 144
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆
အယ်လ်ဟီလယ်အသင်းတိုက်စစ်မှူး နေမာက နည်းပြဖြစ်သူ ဂျော့ဂျီးဆပ်ကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် ဘရာဇီးလ်ကစားသမားက ဒါတွေက အလိမ်အညာ တွေဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
နေမာက “ဒါတွေက အလိမ်အညာတွေပါ။ ဖော်လိုဝါသန်းနဲ့ချီတဲ့ ဒီလိုပေ့ချ်တွေက သတင်းအတုအယောင်တွေကို ဆက်ပြီးမတင်သင့်ပါဘူး။ ဒါတွေကို ရပ်တန့်ဖို့ ကျနော်တောင်းဆိုပါတယ်။ ဒါက လုံးဝကိုလေးစားမှု မရှိတဲ့အရာ တွေပါ”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။
ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ပီအက်စ်ဂျီအသင်းကနေ ပေါင် ၇၈ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် ပွဲထွက်ဖို့ စောင့်ဆိုင်းခဲ့ရပြီး အယ်လ်ရီယက်ဒ်အသင်းကို ၆ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် စတင်ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ နေမာဟာ လက်ရှိအချိန်မှာ ဆော်ဒီ ကလပ် အယ်လ်ဟီလယ်အသင်းအတွက် ၃ ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုးမရသေးပေမယ့် ၂ ဂိုးဖန်တီးထားတာပါ။
Fiqueiputomesmo ဆိုတဲ့ အင်စတာဂရမ်အကောင့်တစ်ခုက နေမာဟာ အယ်လ်ဟီလယ်အသင်းနည်းပြ ဂျော့ဂျီး ဆပ်နဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် သူ့ကို နည်းပြရာထူးကနေ ချက်ချင်းထုတ်ပယ် ဒါမှမဟုတ် နုတ်ထွက်ပေးဖို့ ကလပ်အသင်းထံ တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားတာပါ။ နေမာကတော့ ဒီလိုထွက်ပေါ်နေတဲ့ သတင်းတွေဟာ အလိမ်အညာတွေဖြစ်တယ်လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
နေမာဟာ ပြီးခဲ့တဲ့ ဘုရင်ဖလားပြိုင်ပွဲမှာ အယ်လ်ဟီလယ်အသင်းအတွက် မပါဝင်ခဲ့ပေမယ့် အယ်လ်ရှာဘတ် အသင်းနဲ့ ကစားမယ့် ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာတော့ အသင်းအတွက် ပြန်လည်ပါဝင်ဖွယ်ရှိနေတာပါ။ အယ်လ်ဟီလယ်အသင်းဟာ အယ်လ်ရှာဘတ်အသင်းကို အနိုင်ရခဲ့ရင် ဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နိုင်မယ့် အခွင့်အရေးရမှာဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 87
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆
ယူနိုက်တက်အသင်းဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းရှိ အသင်းကြီးနဲ့ ပတ်သက်တဲ့နေရာတွေမှာ တောင်ပံ ကစားသမား ဆန်ချိုကို အသုံးပြုခွင့် ပိတ်ပင်ခဲ့တယ်လို့ Daily Mirror က ဖော်ပြထားပါတယ်။
အဲဒါကြောင့် ဆန်ချိုဟာ အကယ်ဒမီကစားသမားတွေနဲ့သာ လေ့ကျင့်မှုတွေ၊ စားသောက်မှုတွေ ပြုလုပ်ရမယ်လို့ သိရတာပါ။ ဆန်ချိုဟာ အာဆင်နယ်အသင်းနဲ့ပွဲမှာ သူ့ကို လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့အပေါ် နည်းပြ အဲရစ်တန်ဟတ်ကို ဆိုရှယ်မီဒီယာကနေ ဝေဖန်ခဲ့ပြီးကတည်းက ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားပေး ရခြင်းမရှိတော့ပါဘူး။ ဒီဖြစ်ရပ်ပြီးနောက် ယူနိုက်တက်အသင်းဟာ ဆန်ချိုကို သီးခြားလေ့ကျင့်မှု ပြုလုပ်ဖို့ ညွှန်ကြားထားပြီး အရေးယူမှုတွေပြုလုပ်ဖို့လည်း ရှိနေတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
အခုအချိန်မှာတော့ ယူနိုက်တက်အသင်းဟာ ထမင်းစားခန်းအပါအဝင် အသင်းကြီးနဲ့ပတ်သက်တဲ့ နေရာတွေမှာ ဆန်ချိုကို အသုံးပြုခွင့်ထပ်မံပိတ်ပင်ခဲ့တာပါ။ ဆန်ချိုအနေနဲ့ နည်းပြ အဲရစ်တန်ဟတ်အပေါ် တောင်းပန်မှု မပြုလုပ်မချင်း ယူနိုက်တက်အသင်းကြီးထံ ပြန်လာခွင့်မရှိတော့ဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒါကြောင့် ဆန်ချိုဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်နေပြီး လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့မှာ ထွက်ခွာရဖွယ်ရှိနေတာပါ။
အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဒေါ့မွန်အသင်းမှာ ကစားခဲ့တုန်းက ပွဲပေါင်း ၁၃၇ ပွဲမှာ ဂိုး ၅၀ သွင်းယူပြီး ၆၄ ဂိုးဖန်တီးနိုင်ခဲ့ပေမယ့် ယူနိုက်တက်အသင်းမှာတော့ ၈၂ ပွဲ ကစားအပြီးမှာ ၁၂ ဂိုးသွင်းယူကာ ၆ ဂိုးဖန်တီးထား တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ဆန်ချိုကို ရောင်းချဖို့ စီစဉ် ခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်ခဲ့လို့ ကစားသမားဟာ အသင်းမှာ ဆက်ပြီးရှိနေခဲ့တာပါ။
အသက် ၂၃ နှစ်အရွယ်ရှိ ဆန်ချိုအနေနဲ့ ယူနိုက်တက်အသင်းမှာ အပယ်ခံကစားသမားအဖြစ် ဆက်ပြီးရှိနေမယ် ဆိုရင် ဘာစီလိုနာအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားနဲ့ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 88
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆
ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ စပါးအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ နောက်ကျောဒဏ်ရာ ရရှိခဲ့ပေမယ့် မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ အာဆင်နယ်အသင်းက မျှော်လင့်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒီကလန်ရိုက်စ်ဟာ နောက်ကျော နာကျင်နေတဲ့အတွက် လူစားလဲပေးဖို့ တောင်းဆိုခဲ့လို့ စပါးအသင်းနဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ လူစားလဲခဲ့တာလို့ ပြောထားတာပါ။
ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဝက်စ်ဟမ်းအသင်းကနေ ခေါ်ယူထားတဲ့ ဒီကလန်ရိုက်စ်ဟာ ဒဏ်ရာ ကြောင့် အချိန်အကြာကြီး အနားယူရမှာကို အာဆင်နယ်အသင်းက စိုးရိမ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆေးစစ်မှုတွေ ပြုလုပ်ပြီးနောက် ဒဏ်ရာဟာပြင်းထန်တဲ့ အခြေအနေမှာမရှိလို့ လန်ဒန်ကလပ်က ဒီကလန်ရိုက်စ် အသင်းအတွက် အမြန်ဆုံး ပြန်ကစားပေးနိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။
အာတီတာနဲ့ ဒီကလန်ရိုက်စ်ကို တွေ့ရစဉ်
ဒေးလီးမေးလ်ကတော့ အင်္ဂလန်ကစားသမားဟာ အောက်တိုဘာ ၈ ရက်မှာ ကစားမယ့် မန်စီးတီးအသင်းနဲ့ ပွဲမှာ အာဆင်နယ်အသင်းအတွက် ပြန်လည်ပါဝင်ပေးနိုင်မယ်လို့ ဖော်ပြထားတာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ ဒီကလန်ရိုက်စ်ဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ၈ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုး သွင်းယူထားပါတယ်။
အာဆင်နယ်အသင်းဟာ စပါးအသင်းနဲ့ သရေကျပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ရှုံးပွဲ မရှိသေးပေမယ့် ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ၄ မှတ် ကွာဟသွားခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီကလန်ရိုက်စ်အပြင် တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရတဲ့ မာတင်နယ်လီ နဲ့ ထရိုဆာ့ဒ်တို့ကိုလည်း မန်စီးတီးအသင်းနဲ့ ပွဲမတိုင်ခင် တံကောက်ကြော ဒဏ်ရာကနေ အမြန်ဆုံး ပြန်ကောင်း လာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ စက်တင်ဘာ ၂၇ ရက်မှာ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဘရန်ဖို့ဒ် အသင်း စက်တင်ဘာ ၃၀ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 88
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီဟာ မာဆေးလ်အသင်းကို အနိုင်ရခဲ့တဲ့ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ဒဏ်ရာ ရရှိသွားခဲ့ပေမယ့် သူ့ရဲ့ဒဏ်ရာဟာပြင်းထန်ခြင်းမရှိဘူးလို့ နည်းပြ အင်းနရစ်က အတည်ပြုခဲ့ပါတယ်။
အင်းနရစ်က “ဘတ်ပီရဲ့ ဒဏ်ရာကမပြင်းထန်ပါဘူး။ ဒါပေမယ့် နာကျင်မှုတော့ ရှိခဲ့ပါတယ်။ လူစားလဲလိုက်တာက ပိုပြီးကောင်းမယ်လို့ ကျနော်တွေးမိခဲ့တာပါ။ ဒါဟာ ထိုးနှက်ချက်ဖြစ်ပေမယ့်လည်း သူအဆင်ပြေပါတယ်” လို့ ဘတ်ပီရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ပြောခဲ့တာပါ။
ပီအက်စ်ဂျီအသင်းက မာဆေးလ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ဘတ်ပီဟာ ပြိုင်ဘက်ကစားသမား ဘလာဒီရဲ့ ဆိုးရွားတဲ့ ဖျက်ထုတ်မှုကို ခံရပြီးနောက် ကွင်းအပြင်ထွက်ကာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။ ဘတ်ပီဟာ ဆေးကုသမှုခံယူအပြီးမှာ ပြန်ပြီးကစားဖို့အတွက် ကွင်းထဲဝင်ရောက်လာခဲ့ပေမယ့် ဆက်မကစားနိုင်တော့တာကြောင့် ဥမင်ထဲဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဘတ်ပီရဲ့ဒဏ်ရာအခြေအနေကို ပီအက်စ်ဂျီအသင်းပရိသတ်တွေက စိုးရိမ်မှုတွေရှိနေကြပေမယ့် နည်းပြ အင်းနရစ်ကတော့ ဒဏ်ရာဟာ ထင်ထားသလို မပြင်းထန်ဘူးလို့ ပြောသွားခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို လူစားလဲခဲ့ပေမယ့် ဂွန်ကာလိုရာမို့စ်ရဲ့ ၂ ဂိုး၊ မူအာနီနဲ့ ဟာကီမီတို့ရဲ့ သွင်းဂိုး တွေကြောင့် မာဆေးလ်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒီနိုင်ပွဲကြောင့် ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲမှာ အဆင့် ၃ နေရာကို ရောက်ရှိလာခဲ့ပြီး ထိပ်ဆုံးနေရာက ဘရက်စ်အသင်းနဲ့ ၂ မှတ်ကွာဟ နေတာပါ။ ဘတ်ပီဟာ ဒီရာသီပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ ၇ ဂိုးသွင်းယူထားပြီး ဂိုးသွင်းအများဆုံးကစားသမား အဖြစ် ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတာဖြစ်ပါတယ်။
ဘတ်ပီအနေနဲ့ ဒဏ်ရာမပြင်းထန်ဘူးဆိုရင် စက်တင်ဘာ ၃၀ ရက်မှာကစားမယ့် ကလဲမောင့်အသင်းနဲ့ ပွဲမှာ ပီအက်စ်ဂျီအသင်းအတွက် ပါဝင်ကစားပေးနိုင်ဖွယ်ရှိနေပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 88
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
ကွင်းလယ်တိုက်စစ် ကစားသမား ရာပီနိုးဟာ တောင်အာဖရိကအသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အမေရိကန် လက်ရွေးစင် အမျိုးသမီးအသင်း ကစားသမားဘဝ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားသွားခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ရာပီနိုးဟာ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်က NWSL လိဂ်ပြိုင်ပွဲ အဆုံးသတ်မယ့် အချိန်မှာ ကစားသမားဘဝကနေ အနားယူမယ်လို့ ကြေညာထားတာပါ။
၂၀၀၆ ခုနှစ်မှာ အမေရိကန်အသင်းအတွက် စတင်ပွဲဦးထွက်ခွင့်ရခဲ့တဲ့ ရာပီနိုးဟာ နိုင်ငံအသင်းအတွက် ၂၀၃ ပွဲ ပါဝင် ကစားခဲ့ပြီး ၆၃ ဂိုးသွင်းယူကာ ၂၀၁၅ နဲ့ ၂၀၁၉ ကမ္ဘာ့ဖလားချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရာပီနိုးက “တကယ်ကို အံ့သြစရာကောင်းပါတယ်။ ကောင်းမွန်တဲ့ အရာအားလုံးကို ကြားခဲ့ရပြီး လူအုပ်ကြီးရှေ့မှာ ပြန်ပြီးကစားရတာက ကောင်းပါတယ်။ ဒါကို အမြဲတမ်း လွမ်းနေမှာပါ။
ပြီးပြည့်စုံတယ်ဆိုပြီး ခံစားရတဲ့ အခိုက် အတန့် ရှိမယ်လို့ မထင်ပေမယ့် ဒါက တော်တော်လေး နီးစပ်ပါတယ်။ ဒီအင်္ကျီကို ဝတ်ဆင်ပြီး အံ့သြစရာကောင်း တဲ့ ကစားသမားတွေနဲ့ ကစားရတာကို အလွန်ဂုဏ်ယူပါတယ်”လို့ ပြောခဲ့ပါတယ်။
ရာပီနိုးကို နှုတ်ဆက်နေစဉ်
အမေရိကန်အသင်းက တောင်အာဖရိကအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ရာပီနိုးဟာ အမေရိကန် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။
ရာပီနိုးကို လူစားလဲတဲ့ အချိန်မှာ ပွဲကို ခဏကြာ ရပ်တန့်ခဲ့ပြီး ဒီပွဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေ အားလုံးက မက်တပ်ရပ်ပြီး လက်ခုပ်တီး ဂုဏ်ပြုပေးခဲ့ကြတာ ဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ရာပီနိုးဟာ အမေရိကန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ် ပါဝင်ကစားခဲ့ပြီး နိုင်ငံအသင်းကို ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။
ရာပီနိုးဟာ အောက်တိုဘာ ၁၅ ရက်မှာ ကစားမယ့် ချီကာဂိုရက်ဒ်စတားအသင်းနဲ့ ပွဲမှာ OL ရင်းအသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပြီး သူရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။
ရာပီနိုးဟာ ဘောလွန်းဒီအော ၁ ကြိမ်၊ ဖီဖာတစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးကစားသမားဆု ၁ ကြိမ် အပါအဝင် တစ်ဦးချင်း အောင်မြင်မှုတွေလည်း အများကြီး ရယူနိုင်ခဲ့ပါတယ်။
Source: BBC