- By CNI
- Category: အားကစား
- Hits: 76
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၈
ပြီးခဲ့တဲ့ရာသီအကုန်မှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာခဲ့တဲ့ စပိန်လူမျိုးနည်းပြ အာဘီလိုအာကို ဖူလ်ဟမ် အသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဘင်ဖီကာအသင်းကို ကိုင်တွယ်ဖို့ ထွက်ခွာခဲ့တဲ့ နည်းပြ မာကိုဆေးလ်ဗားရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ရမယ့် အာဘီလိုအာဟာ ဖူလ်ဟမ်အသင်းနဲ့ ၃ နှစ် စာချုပ်ချုပ်ခဲ့ပါတယ်။
အာဘီလိုအာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ထုတ်ပယ်ခံရတဲ့ အလွန်ဆိုရဲ့နေရာ အစားထိုး ဝင်ရောက်ပြီး ရီးရယ်လ် အသင်းကို ကိုင်တွယ်ခဲ့ပေမယ့် ရာသီကုန်ချိန်မှာ ထွက်ခွာခဲ့တာပါ။
အာဘီလိုအာဟာ ရီးရယ်လ်အသင်းကို ၂၈ ပွဲ ကိုင်တွယ်ခဲ့ပြီး လာလီဂါမှာ အဆင့် ၂၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတား ဖိုင်နယ် ရောက်ရှိအောင်သာ ဦးဆောင်နိုင်ခဲ့ပါတယ်။
ကစားသမားဘဝက လီဗာပူးလ်အသင်းမှာ ကစားခဲ့ဖူးတဲ့ အာဘီလိုအာဟာ ပရီးမီးယားလိဂ်ထံ နည်းပြအဖြစ်နဲ့ ပြန်ပြီး ရောက်ရှိလာခဲ့တာပါ။

ဖူလ်ဟမ်အသင်းကို တွေ့ရစဉ်
ဖူလ်ဟမ်အသင်းဟာ အာဘီလိုအာကို နည်းပြသစ်အဖြစ် မခန့်အပ်မီ စပါးနဲ့ ဘရန်ဖို့ဒ်အသင်း နည်းပြဟောင်း သောမတ်စ်ဖရန့်ခ်ကို ချိတ်ဆက်ခဲ့သလို အစ်စဝှစ်ချ်အသင်း နည်းပြဟောင်း မက်ကန်နာကိုလည်း စဉ်းစားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် ဖူလ်ဟမ်အသင်းဟာ အာဘီလိုအာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် သူ့ကိုနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၁ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့ရတဲ့ ဖူလ်ဟမ်အသင်းဟာ ရာသီသစ် အဖွင့်ပွဲအဖြစ် သြဂုတ် ၂၄ ရက်မှာ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 75
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၈
အာဂျင်တီးနားကွင်းလယ် တိုက်စစ်ကစားသမား ဒိုင်ဘားလားဟာ ဘိုကာဂျူနီယာအသင်းက ခေါ်ယူဖို့ စိတ်ဝင် စားမှုကို ငြင်းပယ်ပြီး ရိုးမားအသင်းမှာ ဆက်ရှိမယ့် စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရခဲ့ပါတယ်။
ရိုးမားအသင်းနဲ့ ဒိုင်ဘားလားရဲ့ အရင်စာချုပ်ဟာ ဇွန်လ ၃၀ ရက်မှာ ကုန်ဆုံးသွားခဲ့တာပါ။
ဒါပေမယ့် ဒိုင်ဘားလားဟာ နည်းပြဂတ်စ်ပါရီနီရဲ့ လက်အောက် ရိုးမားအသင်းမှာ ဆက်ပြီးရှိနေဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
ဖာဘရီဇီယိုရိုမာနိုက ဒိုင်ဘားလားဟာ လုပ်ခလစာ လျှော့ယူပြီး ရိုးမားအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ လက်ခံခဲ့ တယ်လို့ ဖော်ပြထားတာပါ။
ဒိုင်ဘားလားဟာ ရိုးမားအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ် သက်တမ်းတိုးမှာဖြစ်ပြီး နောက်ထပ် တစ်နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့် ပါဝင်ပါတယ်။

ဒိုင်ဘားလားကို တွေ့ရစဉ်
ဘိုကာဂျူနီယာအသင်းဟာ ဒိုင်ဘားလားကို အာဂျင်တီးနားထံ ပြန်ခေါ်ယူဖို့ ပြီးခဲ့တဲ့လတွေအတွင်း အဆတ်မပြတ် ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာပါ။
ဒါပေမယ့် ဒိုင်ဘားလားဟာ ၇ နှစ်ကြာ ဝေးကွာပြီးနောက် ချန်ပီယံလိဂ် ပြိုင်ပွဲကို ပြန်ပြီးယှဉ်ပြိုင်ရမယ့် ရိုးမား အသင်းမှာ ဆက်နေဖို့ ရွေးချယ်ခဲ့ပါတယ်။
ဒိုင်ဘားလားဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် ရိုးမားအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ၂၇ ပွဲမှာ ၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ရိုးမားအသင်းထံ ရောက်လာခဲ့တဲ့ ဒိုင်ဘားလားဟာ အသင်းအတွက် ပွဲပေါင်း ၁၄၀ ကစားထားပြီး ၄၅ ဂိုး သွင်းယူထားပါတယ်။
ဒိုင်ဘားလားဟာ ရိုးမားအသင်းနဲ့ ၂၀၂၂-၂၃ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 90
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၈
ဆွစ်ဇာလန်အသင်းဟာ ကိုလံဘီယာအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် နည်းပြယာကင်က အသင်းရဲ့ ပယ်နယ်တီ ကျိန်စာကို ချိုးဖျက် နိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိတယ်လို့ ပြောခဲ့ပါတယ်။
ယာကင်က “ကျနော်တို့ဟာ နောက်ဆုံးမှာတော့ ပယ်နယ်တီ ကျိန်စာကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ ကစားသမားတွေ၊ အဖွဲ့ဝင်တွေနဲ့ အိမ်မှာရှိတဲ့ ပရိသတ်တွေအတွက် ကျနော် အလွန်ပျော်ရွှင်ပါတယ်။ အဆုံးအဖြတ် ပယ်နယ်တီ ကန်သွင်းချိန်မှာ ခံစားရတဲ့ ခံစားချက်က ဖော်ပြလို့ မရအောင်ပါပဲ။ ဂိုးသမား ကိုဘဲလ်ကို ချီးကျူးချင်ပြီး သူဟာ ဒီပြိုင်ပွဲမှာ အံ့မခန်းဖွယ် ကစားနေတာပါ”လို့ ပြောခဲ့ပါတယ်။
ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆွစ်ဇာလန်နဲ့ ကိုလံဘီယာအသင်းပွဲဟာ မိနစ် ၉၀ အတွင်းမှာရော အချိန်ပိုမှာပါ ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာပါ။
ပယ်နယ်တီမှာ ဆွစ်ဇာလန်အသင်းက ၄ ဂိုး-၃ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်အသင်းနဲ့ ကိုလံဘီယာအသင်း ယှဉ်ပြိုင်နေစဉ်
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တာဟာ ဆွစ်ဇာလန်အသင်းအတွက် ပထမဆုံးအကြိမ် ဖြစ်ခဲ့တာပါ။
ဆွစ်ဇာလန်အသင်းဟာ ပြိုင်ပွဲအားလုံးရဲ့ နောက်ဆုံး ပယ်နယ်တီ အဆုံးအဖြတ် ၆ ကြိမ်မှာ ယူရို-၂၀၂၀ ပြိုင်ပွဲက ပြင်သစ်အသင်းနဲ့ ပွဲတစ်ပွဲတည်းသာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဆွစ်ဇာလန်အသင်းဟာ ကိုလံဘီယာအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ၁၉၅၄ ပြိုင်ပွဲနောက်ပိုင်း ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ် တက်နိုင်ခဲ့တာပါ။
ဆွစ်ဇာလန်အသင်းဟာ ကွာတားဖိုင်နယ်မှာ လက်ရှိ ချန်ပီယံ အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဆွစ်ဇာလန်အသင်း ခေါင်းဆောင် ရှာကာက ကွာတားဖိုင်နယ် ရောက်ရှိတဲ့အချိန်မှာ ဆာလောင်မှုက ပိုကြီးမားလာ ခဲ့ပြီး အကောင်းဆုံး ကစားသမားတစ်ဦးနဲ့ ယှဉ်ပြိုင်ရမယ့် ကြီးမားတဲ့စိန်ခေါ်မှု ရောက်ရှိလာပြီလို့ ပြောခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 90
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၈
အီဂျစ်အသင်းနည်းပြ ဟာဆန်က အာဂျင်တီးနားအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆ သင်း အဆင့်ပွဲမှာ သူ့အသင်းဟာ မတရားမှုခံခဲ့ရပြီး ဖီဖာက မက်ဆီကို ဒီပြိုင်ပွဲမှာ ဆက်ပြီး ရှိစေချင်တယ်လို့ ဝေဖန်ခဲ့ ပါတယ်။
ဟာဆန်က “သူတို့ဟာ ကမ္ဘာ့ချန်ပီယံကို ပြိုင်ပွဲမှာ ဆက်ထိန်းထားချင်ပုံရသလို မက်ဆီကိုလည်း ဒီပြိုင်ပွဲမှာ ဆက်ပြီးရှိစေချင်တာ ဖြစ်နိုင်ပါတယ်။ ဘောလုံးမှာ တစ်ခါတစ်ရံ နည်းပညာပိုင်းဆိုင်ရာ ရှုထောင့်တွေထက် ကျော်လွန်တဲ့ ပြင်ပ အချက်တွေရှိပြီး ကမ္ဘာ့ချန်ပီယံဟာ အဆင့်တိုင်းမှာ ပံ့ပိုးမှုတွေကို ရခဲ့ပါတယ်။ ကျနော်တို့ ရနိုင်တဲ့ ပယ်နယ်တီကို ပယ်ချခဲ့သလို VAR တောင် မစစ်ဆေးခဲ့ပါဘူး။ ကျနော်တို့ရဲ့ ဒုတိယဂိုးကိုလည်း အံ့အား သင့်ဖွယ် ပယ်ချခဲ့ပါတယ်။ ကျနော်တို့ မတရား ဆက်ဆံခံခဲ့ရပြီး ဒါက မတရားမှုတစ်ခုပါပဲ”လို့ ပွဲအပြီး သတင်း ထောက်တွေကို ပြောခဲ့တာပါ။
ဒီပွဲမှာ အီဂျစ်အသင်းဟာ ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့သလို အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီရဲ့ ပယ်နယ်တီ ကန်သွင်းမှုကို ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။

အီဂျစ်နဲ့ အာဂျင်တီးနား ယှဉ်ပြိုင်နေစဉ်
အီဂျစ်အသင်းဟာ နောက်ထပ် ဦးဆောင်ဂိုး သွင်းပြီး ပွဲကို ၂ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးဖို့ ၁၀ မိနစ် ကျော်သာ လိုတော့တဲ့အချိန်မှာ အာဂျင်တီးနားအသင်းက ချေပဂိုးတွေနဲ့ အနိုင်ဂိုးသွင်းပြီး ကမ္ဘာ့ဖလား ကွာတား ဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
မက်ဆီဟာ အစောပိုင်းမှာ ပယ်နယ်တီ လွဲခဲ့ပေမယ့် အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။
အီဂျစ်အသင်းဟာ သူတို့သွင်းယူခဲ့တဲ့ သွင်းဂိုးကို VAR ကြည့်ပြီး ပယ်ဖျက်ခဲ့တာနဲ့ အာဂျင်တီးနားအသင်း သွင်းယူ ခဲ့တဲ့ အနိုင်ဂိုးမှာ သူတို့ကို ပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့အပေါ် မစစ်ဆေးခဲ့တာနဲ့ပတ်သက်ပြီး ဒေါသထွက် နေခဲ့တာပါ။
ဒီပွဲမှာ အီဂျစ်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဇီကိုက ရလဒ်အတွက် အသင်းပရိသတ်တွေကို တောင်းပန်ခဲ့ပြီး ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေဟာ မျှတမှုမရှိသလို ကမ္ဘာ့ဖလား ချန်ပီယံဆုအတွက် အာဂျင်တီးနားအသင်းကို ဂုဏ်ပြုချင်တယ်လို့ ပြောခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲအဖြစ် ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 90
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က နော်ဝေအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ညာနောက်ခံလူ ရီးစ်ဂျိမ်းစ် ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
မက္ကဆီကိုအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၃၂ သင်းအဆင့်ပွဲမှာ ညာနောက်ခံလူနေရာ ကစားခဲ့တဲ့ ကွမ်ဆာဟာ တိုက်ရိုက် အနီကတ် ပြသခံခဲ့ရတာကြောင့် ကွာတားဖိုင်နယ်ပွဲကို လွဲချော်တော့မှာပါ။
အဲ့ဒါကြောင့် အင်္ဂလန်အသင်းရဲ့ ညာနောက်ခံလူ အကျပ်အတည်းဟာ ပိုပြီးဆိုးရွားလာခဲ့ပါတယ်။
ရီးစ်ဂျိမ်းစ်ဟာ ဂါနာအသင်းနဲ့ အုပ်စုဒုတိယပွဲမှာ တံကောက်ကြောဒဏ်ရာ ရခဲ့တဲ့အတွက် ပနားမား၊ DR ကွန်ဂို၊ မက္ကဆီကိုအသင်းနဲ့ပွဲတွေမှာ အင်္ဂလန်အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
ရီးစ်ဂျိမ်းစ်ဟာ နော်ဝေအသင်းနဲ့ပွဲ မတိုင်မီ အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ အပြည့်အဝ ပူးပေါင်းနိုင်ဖွယ် ရှိနေတာကြောင့် နည်းပြတူချယ်လ်က သူ့ကို ကွာတားဖိုင်နယ်ပွဲမှာ အသုံးပြုနိုင်ဖို့ မျှော်လင့် နေတာပါ။

ရီးစ်ဂျိမ်းစ်ကို တွေ့ရစဉ်
အင်္ဂလန်အသင်းဟာ ကစားထားတဲ့ ကမ္ဘာ့ဖလား ၅ ပွဲမှာ ရီးစ်ဂျိမ်းစ်၊ စပန့်၊ ခွန်ဆာ၊ ဂျွန်စတုန်းစ်၊ ကွမ်ဆာနဲ့ ဒီကလန်ရိုက်စ်တို့ကို ညာနောက်ခံလူ နေရာတွေမှာ အသုံးပြုခဲ့ပါတယ်။
ခွန်ဆာနဲ့ စပန့်တို့ဟာ နည်းပြ တူချယ်လ်အတွက် ညာနောက်ခံလူ နေရာမှာ ရွေးချယ်စရာအဖြစ် ရှိနေပေမယ့် ဦးစားပေး ညာနောက်ခံလူဖြစ်တဲ့ ရီးစ်ဂျိမ်းစ် ပြန်ပါဝင်နိုင်ဖို့ကိုသာ အင်္ဂလန်အသင်းက မျှော်လင့်နေတာပါ။
အင်္ဂလန်အသင်းရဲ့ ကွင်းလယ်လူ ဂျော်ဒန်ဟန်ဒါဆန်ဟာ မက္ကဆီကိုအသင်းနဲ့ပွဲမှာ အသင်း အနိုင်ရရှိပြီးနောက် အောင်ပွဲခံချိန် ရရှိခဲ့တဲ့ လက်ကောက်ဝတ် ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်လို့ အသင်းရဲ့ လက်ကျန် ကမ္ဘာ့ဖလားပွဲတွေကို လွဲချော်သွားခဲ့ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 94
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇
သြစတြီးယားလူမျိုးနည်းပြ ဂလက်စ်နာဟာ အသင်းသစ်ဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းမှာ တစ်နှစ်ကို လုပ်ခလစာပေါင် ၁၃ သန်း ရရှိမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းကို ဆုဖလား အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့ပြီးနောက် မနှစ်က ရာသီအကုန်မှာ ထွက်ခွာခဲ့တဲ့ ဂလက်စ်နာကို ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းကို ကိုင်တွယ်မယ့် ဂလက်စ်နာဟာ ပရီးမီးယားလိဂ်မှာ လုပ်ခလစာ အများဆုံး ရရှိတဲ့ နည်းပြတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းကို ပရီးမီးယားလိဂ်ကနေ တန်းမဆင်းအောင် ကိုင်တွယ်ပေးခဲ့တဲ့ ဗစ်တာပါရဲရားကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် မကြာမီမှာ ဂလက်စ်နာကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာပါ။
ဂလက်စ်နာဟာ တစ်နှစ်အတွင်း နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ၅ ဦးမြောက် နည်းပြလည်း ဖြစ်ခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းကို တွေ့ရစဉ်
ဂလက်စ်နာက “နော်တင်ဟမ်ဖောရက်စ်အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူရမယ့်အပေါ် ဝမ်းမြောက်မိ ပါတယ်။ ဒီအသင်းဟာ မယုံနိုင်လောက်အောင် ဂုဏ်သိက္ခာနဲ့ သမိုင်းကြောင်းရှိပြီး ဥရောပချန်ပီယံဆုကို ၂ ကြိမ် ရရှိထားပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်က လာမယ့်နှစ်တွေမှာ အသင်းကို နောက်တစ်ဆင့် ပို့ဆောင်ပေးပြီး ကျနော်တို့ရဲ့ပရိသတ်တွေ ဂုဏ်ယူနိုင်တဲ့ အသင်းတစ်သင်းကို တည်ဆောက်ဖို့ဖြစ်တယ်”လို့ ပြောခဲ့တာပါ။
နော်တင်ဟမ်ဖောရက်စ် အသင်းပိုင်ရှင် မာရီနာကစ်က ဂလက်စ်နာဟာ အောင်နိုင်တဲ့သူဖြစ်ပြီး သူတို့မှာ တူညီတဲ့ ရည်မှန်းချက်တွေ၊ တူညီတဲ့အမြင်တွေနဲ့ အောင်မြင်မှုရချင်တဲ့ တူညီတဲ့ ဆန္ဒတွေကို မျှဝေထားတယ်လို့ ပြောခဲ့ပါ တယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် သြဂုတ်လ ၂၂ ရက်မှာ လိဒ်စ်အသင်း နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 86
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇
အမေရိကန်အသင်းဟာ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲမှာ ဘယ်လ်ဂျီယံအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့် ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြပိုချက်တီနိုက သူတို့ထက် ပိုကောင်းခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းကို ဂုဏ်ပြုခဲ့ပါတယ်။
ပိုချက်တီနိုက “အစကတည်းက ကျနော်တို့ဟာ ပွဲမှာ ချိတ်ဆက်မှုတွေ ပျောက်ဆုံးနေပြီး ပွဲထဲမှာ မရှိသလို ဖြစ်ခဲ့ ပါတယ်။ ကျနော်တို့ ဂိုးပြန်သွင်းပြီး ၁ ဂိုးစီ ဖြစ်နေတဲ့အချိန်မှာ နောက်ထပ် သွင်းဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ဘယ်လ်ဂျီယံ အသင်းကို ဂုဏ်ပြုချင်ပြီး သူတို့ဟာ ကျနော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ ဆင်ခြေတွေ ပေးသွားမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် အသင်းဟာ ပုံမှန်အတိုင်း လုပ်နိုင်တဲ့ အရာတွေကို မလုပ်နိုင်ခဲ့လို့ပါ”လို့ ပြောခဲ့တာ ပါ။
ဒီပွဲမှာ ဘယ်လ်ဂျီယံအသင်းအတွက် ကီတီလာရီက ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး တေးလ်မန်းက အမေရိကန်အသင်း အတွက် ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။
ဒါပေမယ့် မိနစ်အနည်းငယ်အကြာမှာ ဘယ်လ်ဂျီယံအသင်းကို ဦးဆောင်ဂိုး ပေးခဲ့ရပြီး ဒုတိယပိုင်းမှာ နောက်ထပ် သွင်းဂိုးတွေကို ထပ်ခွင့်ပြုခဲ့ရတာပါ။

လူကာကူကို တွေ့ရစဉ်
အဲ့ဒါကြောင့် အမေရိကန်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲခရီးဟာ ၁၆ သင်းအဆင့်မှာ အဆုံးသတ်ခဲ့ပါတယ်။
ဒီပွဲမတိုင်မီမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် ပွဲပယ်ခံရထားတဲ့ တိုက်စစ်မှူး ဘာလိုဂန်ကို ဘယ်လ်ဂျီယံအသင်းနဲ့ပွဲမှာ ပါဝင်ကစားစေဖို့ ဖီဖာက ခွင့်ပြုခဲ့တာကြောင့် အငြင်းပွားစရာတွေ ရှိခဲ့တာပါ။
ဘာလိုဂန်ဟာ ဒီပွဲမှာ ပါဝင်ကစားခဲ့ပေမယ့် ဘယ်လ်ဂျီယံအသင်းက သူ့ကို အကောင်းဆုံး ထိန်းချုပ်သွားနိုင်ခဲ့ပါ တယ်။
ဘယ်လ်ဂျီယံအသင်းအတွက် တိုက်စစ်မှူး လူကာကူက နောက်ကျသွင်းဂိုး သွင်းယူပြီးနောက် အသင်းက သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဒါကို ပြောင်းပြန် လှန်လိုက်ပါဆိုတဲ့ စာသားနဲ့ အမေရိကန်အသင်းကို လှောင်ပြောင်မှု ပြုလုပ်ခဲ့ ပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ ကွာတားဖိုင်နယ်မှာ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 91
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇
ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုက သူ့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်မှု ပြီးဆုံးသွားခဲ့ပေမယ့် လက်ရွေးစင် အနာဂတ်ကို အလျင်စလိုဆုံးဖြတ်ဖို့ ဆန္ဒမရှိဘူး လို့ ပြောခဲ့ပါတယ်။
ရော်နယ်လ်ဒိုက “ကမ္ဘာ့ဖလားကနေ ဒီလိုပုံစံမျိုးနဲ့ ထွက်ခွာရလို့ ကျနော် ဝမ်းနည်းမိပါတယ်။ ကျနော် အရာ အားလုံးပေးပြီး အကောင်းဆုံး ကြိုးစားခဲ့တဲ့အတွက် စိတ်ကြည်ကြည်လင်လင်နဲ့ ထွက်သွားမှာပါ။ ဒါက ကျနော့်ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဆိုတာ ဟုတ်ပါတယ်။ ကျနော်ဟာ အခုသုံးသပ်မှုတွေ ပြုလုပ်ပြီး မိသားစုနဲ့အတူ ရှိနေဖို့ အချိန်ရပါပြီ။ ကျနော်ဟာ အလျင်စလို ဆုံးဖြတ်ချက်တွေ မချပါဘူး”လို့ ပြောခဲ့တာပါ။
ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ စပိန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး စပိန်အသင်းအတွက် အနိုင်ဂိုးကို မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပို ၁ မိနစ်မှာ မယ်ရီနိုက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီဂိုးကြောင့် စပိန်အသင်း ကွာတားဖိုင်နယ် တက်ခဲ့ပြီး ပေါ်တူဂီအသင်းကတော့ သူတို့ရဲ့ ကမ္ဘာ့ဖလား မျှော်လင့် ချက် အဆုံးသတ်သွားခဲ့တာပါ။

ရော်နယ်လ်ဒိုကို တွေ့ရစဉ်
ရော်နယ်လ်ဒိုကလည်း သူ့ရဲ့နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို အရှုံးနဲ့ နှုတ်ဆက်ခဲ့ရတဲ့အတွက် ငိုကြွေးနေခဲ့ပါ တယ်။
ဒါပေမယ့် ရော်နယ်လ်ဒိုဟာ စပိန်အသင်းနဲ့ပွဲက သူ့ရဲ့ပေါ်တူဂီ လက်ရွေးစင်အသင်း ကစားသမားဘ၀ နောက်ဆုံးပွဲ လားဆိုတာ ဖြေခဲ့ခြင်းမရှိဘဲ အလျင်စလို ဆုံးဖြတ်ချက် ချသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ရော်နယ်လ်ဒိုက သူဟာ ကမ္ဘာ့ဖလား ချန်ပီယံဆု မရခဲ့ပေမယ့် နိုင်ငံအသင်းနဲ့ ဆုဖလား ၃ ခု ရယူနိုင်ခဲ့ပြီး ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့တာက ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့တူညီတဲ့ အဆင့်မှာ ရှိတယ်လို့ ပြောခဲ့တာပါ။
ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်ဟာ အသင်း နည်းပြရာထူးကနေ ထွက်ခွာသွားခဲ့ပါတယ်။
၂၀၂၃ ကနေ ၂၀၂၆ ခုနှစ်အထိ ကိုင်တွယ်ခဲ့တဲ့ ရော်ဘတ်တိုမာတီနက်ဇ်ရဲ့ လက်ထက်မှာ ပေါ်တူဂီအသင်းဟာ နေးရှင်းလိဂ်ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 109
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၆
ချယ်လ်ဆီးအသင်းနည်းပြ အလွန်ဆိုဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ နေရာမှာ အသင်းဟောင်း ရီးရယ်လ်အသင်းက ကစားသမား ၂ ဦးဖြစ်တဲ့ ချူအာမန်နီနဲ့ အာဒါဂူလာတို့ကို အစားထိုးဖို့ ရွေးချယ်ထားပါတယ်။
အလွန်ဆိုဟာ ရီးရယ်လ်အသင်းကို ကိုင်တွယ်ခဲ့ချိန်မှာ သူတို့တွေနဲ့ နီးကပ်စွာ အလုပ်လုပ်ခဲ့တာကြောင့် သူတို့ ၂ ဦး စလုံးကို နှစ်သက်နေတယ်လို့ စပိန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
သူတို့ ၂ ဦးစလုံးဟာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ပိုင်းကို အားကောင်းစေဖို့ လိုအပ်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အရည်အသွေးနဲ့ နည်းဗျူဟာဆိုင်ရာ ဉာဏ်ရည်တို့ကို ပိုင်ဆိုင်ထားတယ်လို့ နည်းပြအလွန်ဆိုက ယုံကြည်နေ တာပါ။
အန်ဇိုဖာနန်ဒက်ဇ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်ခံနေရ တာကြောင့် လန်ဒန်ကလပ်ဟာ သူ့ရဲ့နေရာမှာ အစားထိုးဖို့ အလားအလာရှိတဲ့ ရွေးချယ်စရာတွေကို ရှာဖွေနေ ပါတယ်။

ရီးရယ်လ်ကစားသမား ၂ ဦးကို တွေ့ရစဉ်
ချူအာမန်နီဟာ အတွေ့အကြုံ၊ ခံစစ်တည်ငြိမ်မှု၊ ဘောလုံးထိန်းသိမ်းရာမှာ ကောင်းမွန်မှုတွေကို ယူဆောင်လာမှာ ဖြစ်ပြီး အာဒါဂူလာကတော့ သူ့ရဲ့ဖန်တီးနိုင်စွမ်းနဲ့ တိုက်စစ်စွမ်းရည်တို့ကြောင့် ဥရောပရဲ့ အတောက်ပဆုံး လူငယ် ပါရမီရှင်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတာပါ။
ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ကစားသမား ၂ ဦးစလုံးအတွက် ရီးရယ်လ်အသင်းကို တရားဝင် ချဉ်းကပ် မှု ပြုလုပ်ရခြင်း မရှိသေးပါဘူး။
ဒီအပြောင်းအရွှေ့ ဖြစ်ဖို့ဆိုရင် အန်ဇိုဖာနန်ဒက်ဇ်အတွက် ချယ်လ်ဆီးအသင်း လက်ခံမယ့် ပြောင်းရွှေ့ကြေး ရရှိမယ့်အပေါ်မှာ မူတည်နေပါတယ်။
အလွန်ဆိုကတော့ ချယ်လ်ဆီးအသင်း အနေနဲ့ ကွင်းလယ်လူ ခေါ်ယူမယ်ဆိုရင် ရီးရယ်လ်အသင်း ကစားသမား ၂ ဦးဟာ သူလိုချင်တဲ့ စာရင်းရဲ့ထိပ်ဆုံးနေရာမှာ ရှိနေကြောင်း အသင်းအကြီးအကဲတွေကို ပြောထားပြီးဖြစ်တယ်လို့ သိရပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 105
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၆
အယ်လီးယော့အန်ဒါဆန်နဲ့ မာတီးယက်စ်ဖာနန်ဒက်စ်တို့ကို လက်လွှတ်ခဲ့ရတဲ့ ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်း ကွင်းလယ်လူ အန်ဒရေဆန်းတို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ယူနိုက်တက်အသင်းဟာ ဝါရင့်ကွင်းလယ်လူ ကတ်စီမီရိုကို ထွက်ခွာခွင့် ပေးခဲ့ရပြီးနောက် နွေရာသီ အပြောင်း အရွှေ့မှာ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ ဦးစားပေးအဖြစ် သတ်မှတ်ထားတာပါ။
မန်ချက်စတာကလပ်ဟာ လက်ရှိအချိန်မှာ အတ္တလန်တာအသင်း ကွင်းလယ်လူ အီဒါဆန်ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပါတယ်။
ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်က ကွင်းလယ်လူ နောက်ထပ်တစ်ဦး ထပ်ခေါ်ယူချင်နေတာကြောင့် အသင်းဟာ ဈေးကွက်ထဲမှာ ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

အန်ဒရေဆန်းတို့စ်ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းရဲ့ ကွင်းလယ် ပစ်မှတ်တွေဖြစ်တဲ့ အယ်လီးယော့အန်ဒါဆန်က ပေါင် ၁၁၆ သန်းနဲ့ နော်တင် ဟမ် ဖောရက်စ်အသင်းကနေ မန်စီးတီးအသင်းထံ ပြောင်းခဲ့ပြီး မာတီးယက်စ်ဖာနန်ဒက်စ်က ဝက်စ်ဟမ်းအသင်း ကနေ စပါးအသင်းထံ ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
The Guardian က ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း ၄၇ ပွဲ ပါဝင်ကစားထားတဲ့ အန်ဒရေဆန်းတို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားပြီး ချဉ်းကပ်မှုတွေ ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
အန်ဒရေဆန်းတို့စ်ဟာ အလားအလာရှိတဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းမှာ ကိုင်စီဒိုနဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့ရဲ့ အရန်အဖြစ်သာ ပါဝင်နေရတာပါ။
အန်ဒရေဆန်းတို့စ်ဟာ ပွဲကစားချိန် ပိုပြီးရရှိဖို့အတွက် ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ လမ်းဖွင့်ထားပြီး အသင်းကလည်း သူ့ကို ပေါင်သန်း ၅၀ ရရင် ရောင်းချသွားဖို့ ရှိနေပါတယ်။
၂၀၂၃ ခုနှစ်က ဗာစကိုဒဂါးမားအသင်းကနေ ချယ်လ်ဆီးအသင်းထံ ရောက်လာခဲ့တဲ့ အန်ဒရေဆန်းတို့စ်ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ စထရာဘိုးအသင်းတွေမှာ အငှားသွားကစားခဲ့ရပါတယ်။
Source: Metro
