- By CNI
- Category: စီးပွားရေး
- Hits: 148
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၈
မိမိတို့အတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ ကုန်စျေးနှုန်းများ ကြီးမြင့်ခြင်းပင်ဖြစ်ကြောင်း မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် ကျင်းပခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ၎င်းက ပြောကြားလိုက် ခြင်းဖြစ်သည်။
သမ္မတ ဦးမင်းအောင်လှိုင်က “ နိုင်ငံဖွံ့ဖြိုးရေးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးပြီး မိမိတို့အတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ ကုန်ဈေးနှုန်းများ ကြီးမြင့်ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ ဖြစ်ပေါ်ရခြင်းမှာလည်း ရောင်းလို အားနှင့် ဝယ်လိုအားများ မမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားခြင်းများကြောင့်ဖြစ်ကြောင်း၊ ကုန်ထုတ် လုပ်မှုစရိတ် ကြီးမြင့်ရခြင်းသည်လည်း ငွေကြေးတန်ဖိုး ပြောင်းလဲမှုများကြောင့်ဖြစ်သည့် အကျိုးဆက်များကြောင့် ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု မြင့်မားစေရေးအတွက် ဆောင်ရွက်ရန် မဖြစ်မနေ လိုအပ် တယ်”ဟု ပြောသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံကို တွေ့ရစဉ်
ထို့နောက် ထုတ်ကုန်ပစ္စည်းများ တိုးတက်များပြားလာမှသာ ပို့ကုန်ပစ္စည်းများရရှိပြီး ထိုမှတဆင့် ရရှိသည့် နိုင်ငံခြားငွေများဖြင့် သွင်းကုန်များကို တင်သွင်းနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ဝင်ငွေနှင့် ထွက်ငွေများမျှတနေမှသာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုများ မြင့် မား လာစေရေး ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း သမ္မတက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်လျက်ရှိနေသည်။
ထို့နောက် အိမ်နီးချင်းနိုင်ငံများကနေ လူသုံးကုန်များ၊ ဆေးဝါးများ၊ အိမ်ဆောက်ပစ္စည်းများ၊ မော်တော်ယာဉ် အပို ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ စသည်တို့ကို တရားမဝင် လမ်းကြောင်းများကနေ ငွေကြေးများ အဆင့်ဆင့်ပေး၍ တင်သွင်းလျက်ရှိနေသည်။
အဆိုပါ တရားမဝင် ကုန်သွယ်ရေးများကို အစိုးရသစ်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ဖမ်းဆီး အရေးယူမှုများ အပြင်းအထန် ပြုလုပ်လျက်ရှိသည်။
ထိုအခြေအနေများကြောင့် မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းများ ကြီးမြင့်နေသည့်ဒဏ်ကို ပြည်သူလူထုများ ရင်ဆိုင် နေကြရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 135
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကုန်စည်ပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုများကို ဖြေရှင်းရာ၌ လွတ်လပ်သည့် ဈေးကွက်တစ်ရပ်အား နိုင်ငံတော်အစိုးရမှ ဖော်ဆောင်ပေးရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
မြန်မာနိုင်ငံတွင် အစိုးရ၏ ရက် ၁၀၀ စီမံကိန်းအတွင်း ပြည်တွင်း ကုန်ထုတ်လုပ်မှု အသေးစားနှင့် အလတ်စား လုပ်ငန်း(MSME)များကို အားပေးလျက်ရှိသည်။
ထို့နောက် အစိုးရက ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ လူသုံးကုန်နှင့် စားသောက်ကုန် တင်သွင်းမှုကို တင်းကြပ်လာ သလို ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းကြောင့် ပြည်တွင်းတွင် ကုန်စည်ပြတ်လပ်ပြီး ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်နေသည်။
ရက် ၁၀၀ စီမံကိန်းတွင် အစိုးရက ပြည်ပမှ တင်သွင်းသည့် သွင်းကုန်များကို ကန့်သတ်မှုများ ပြုလုပ်လာခြင်း ကြောင့် ပြည်သူလူထု၌ အခက်အခဲများ ကြုံတွေ့နေရသည့် အကျိုးဆက်ကို နိုင်ငံတော်အစိုးရ အနေဖြင့် သိရှိရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

မြဝတီစီးပွားရေးဇုန်ကို တွေ့ရစဉ်
၎င်းက “ဈေးကွက်ကို လွတ်လပ်ခွင့် ပေးသင့်တယ်။ အဲဒီလို ပေးမှပဲ အကုန်လုံး ပြေလည်သွားလိမ့်မယ်။ ဒီလိုမျိုး ဝင်စွက်ဖက်တာနဲ့ တစ်ပြိုင်နက်က အဲဒီရဲ့ စွပ်ဖက်မှုရဲ့ ကာလ ကြာလာတာနဲ့အမျှ ဈေးကွက်က ပုံပျက်ပြီးတော့ အခုလိုမျိုး ဒုက္ခမျိုးတွေက လာတာ။ အဲဒါကြောင့်မို့လို့ ဒီဟာကို လွတ်လပ်တဲ့ ဈေးကွက်အဖြစ်ကို မလွှတ်ရင်တော့ ဒါက ဒုက္ခက ဆက်ရှိနေမှာပဲ။ ဒီဒုက္ခကို ဘယ်သူက ခံနေရလဲဆို ပြည်သူလူထုက ခံနေရတာပေါ့နော်။ ပိုဆိုးသွား တာသည် ရက် ၁၀၀ မှာ ရက် ၁၀၀ ရဲ့ သဘောတရားကို အောက်ခြေဝန်ထမ်းတွေက နားလည်ပုံ မရဘူး။ နားလည်ပုံ မရတော့ ရက် ၁၀၀ အတွင်း ဆိုပြီးတော့မှ သူတို့ဟာသူတို့ ဖြစ်ချင်တာနဲ့ လုပ်ကြတဲ့ ကိစ္စတွေကလည်း အောက်မှာ လူထုက တော်တော်ကို ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ အဲဒီအတွက်ကြောင့်ပဲ တောက်လျှောက်ပေါ့နော် နောက်ဆက်တွဲ အကျိုးဆက်တွေက ဖြစ်နေတာပေါ့နော်။ ဒါတွေကိုလည်း အစိုးရတစ်ရပ်က သိရမှာပေါ့။ သိတဲ့ အခါကျလို့ရှိရင် သိမှပဲ ဒါတွေကို ပြင်လို့ရမှာပေါ့နော်” ဟု ပြောသည်။
နိုင်ငံတော်အစိုးရသည် ရက်ပေါင်း ၁၀၀ စီမံချက်ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် စတင်ကြေညာခဲ့ပြီး ဇူလိုင်လကုန်အထိ သတ်မှတ်ထားသည်။
ရက် (၁၀၀) စီမံချက်အတွင်း အဓိက အကောင်အထည်ဖော်နေသည့် ကဏ္ဍများတွင် လူမှုစီးပွားရေးနှင့် ဝန်ဆောင် မှု၊ လယ်ယာကဏ္ဍ ချေးငွေများ တိုးမြှင့်ခြင်း၊ ကုန်စည်စီးဆင်းမှုနှင့် ကုန်စျေးနှုန်း၊ ဒေသန္တရ ဖွံ့ဖြိုးရေး စသည့် အခြေခံ ပြည်သူလူထုနှင့် သက်ဆိုင်သည့် လုပ်ငန်းများ ပါဝင်နေသည်။
ထို့နောက် ကုန်စည်စီးဆင်းမှုနှင့် ကုန်စျေးနှုန်း ခေါင်းစဉ်အောက်တွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြင့် တရားမဝင်ကုန်စည်များ ဖမ်းဆီးလျက်ရှိသည်။

ကုန်ဈေးတန်းကို တွေ့ရစဉ်
ထို့နောက် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများကို နိုင်ငံတော်မှ အားပေးသည့် အနေဖြင့် အသေးစားနှင့် အလတ်စား ချေးငွေများကို ဘဏ်များနှင့် ချိတ်ဆက်ကာ ချေးငွေ ထုတ်ချေးပေးမှုများ ရှိသော်လည်း ကုန်ထုတ်လုပ်ငန်းများ အတွက် လိုအပ်သည့် ကုန်ကြမ်းများသည် တရားမဝင် ကုန်စည်များ ဖမ်းဆီးခြင်းကြောင့် လုံလောက်စွာ မရရှိဘဲ ဖြစ်နေသည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်ပက ပစ္စည်းမဝင်တာက တစ်ပိုင်း။ နောက်ထပ်က ပြည်ပက ပစ္စည်းမဝင်ရင် ပြည်တွင်းကရောဆိုတဲ့ အနေအထားကျတော့လည်း ပြည်တွင်းက စက်မှုလက်မှု လုပ်ငန်းတွေကလည်း လိုအပ်တဲ့ ကုန်ကြမ်းတွေကလည်း ပေးသွင်းခွင့် မရတဲ့၊ ပေးသွင်းတာမျိုး မရှိတဲ့။ လုံလုံလောက်လောက် ပေးသွင်းတာမျိုး မရှိတဲ့အတွက်ကြောင့်မို့လို့ အခု ပြည်တွင်းက လုပ်ငန်းတွေကလည်း လည်ရပတ်ရတာ ခက်နေတာပေါ့နော်။ ဒါတွေက အကုန်လုံး သိနေတာ။ တစ်တိုင်းတစ်ပြည်လုံး သိနေတာ။ အစိုးရကလွဲလို့ ကျန်တဲ့သူတွေ အကုန်လုံး သိနေတဲ့ အနေအထား ဖြစ်နေ တယ်။ ဆိုတော့ အမြန်ဆန်ဆုံး အစိုးရသိပြီးတော့ ဒီကိစ္စကို မြန်မြန်ဆန်ဆန် ပြင်မှပဲ အဆင်ပြေမယ့် အခြေအနေ ဖြစ်နေတယ်” ဟု ပြောသည်။
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်နေသည့် ရက် ၁၀၀ စီမံချက်တွင် ပါဝင်သော လူမှုစီးပွားကဏ္ဍ နှင့် ပတ်သက်သည့် မူဝါဒများသည် ယေဘုယျဆန်ပြီး ခိုင်မာမှု မရှိသည့်အပြင် အရေးအကြီးဆုံးဖြစ်သည့် စီးပွား ရေး နလန်ထူစေမည့် အချက်များ မပါဝင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။
ပြည်သူလူထု၏ လူမှုစီးပွားဘဝကို ကုစားပေးနိုင်မည့် စီးပွားရေး စီမံကိန်း၊ စီမံချက်များ၊ အခြေခံကျသည့် ကုန်စျေး နှုန်း မြင့်တက်မှု၊ ငွေကြေးဖောင်းပွမှုများကို တည်ငြိမ်စေရန် ဆောင်ရွက်ခြင်း၊ စီးပွားရေး လုပ်ငန်းများ လုပ်သာ ကိုင်သာရှိမည့် အခင်းအကျင်းမျိုးကို ဖန်တီးပေးခြင်း သို့မဟုတ် ဖြေလျှော့ပေးခြင်းများလည်း မပါဝင်ကြောင်း စီးပွားရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြထားကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 166
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲနိုင်ရေး ကဏ္ဍများတွင် လာအိုသည် မည်မျှ အရေးပါနေသလဲ ဆိုသည့်အပေါ် နိုင်ငံရေးနှင့်စီးပွားရေး လေ့လာသုံးသပ်သူများအကြား စောင့်ကြည့်လေ့လာနေကြသည်။
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုသမ္မတ မစ္စတာထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ သွားရောက်၍ သမ္မတ၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ ခရီးစဥ်တွင် ရေအားလျှပ်စစ်နှင့်ပတ်သက်၍ နှစ်နိုင်ငံ မဲခေါင်မြစ်ဝှမ်းတစ်လျှောက် လျှပ်စစ်ဓာတ်အား ၂၇၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ် စီမံကိန်းတစ်ခု အကောင်အထည် ဖော်ရန်အတွက် သဘော တူညီချက်တစ်ရပ်ကို နှစ်နိုင်ငံအစိုးရများက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

လာအိုသမ္မတ ထောင်လွန်း ဆီဆုလစ်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင် တွေ့ဆုံ ဆွေးနွေးကြစဉ်
မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ တစ်ခုတည်းအတွက် ကြည့်မည်ဆိုလျှင် လာအိုနိုင်ငံသည် အရေးပါနေသည့် မဟာဗျူဟာကျသော နိုင်ငံတစ်နိုင်ငံဖြစ်နေကြောင်း စီးပွားရေးနှင့်ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော် သိသလောက်ကတော့ ကျနော် အဲဒီဒေသမှာ နေဖူးတယ်။ မဲခေါင်မြစ်က လာအိုနဲ့မြန်မာ ထိစပ် နေတဲ့ အပိုင်းက ၁၄၅ မိုင်ကနေ မိုင် ၁၅၀ ကြားလောက်ရှိနေတယ်။ ရေအားလျှပ်စစ် ဆောက်မယ်ဆို ဆောက်လို့ ရတဲ့ အနေအထား မိုင် ၁၀၀ ကျော်ဆိုတော့ နည်းတဲ့ Border ဆက်စပ်မှု မဟုတ်ဘူးပေါ့။ ရေအားလျှပ်စစ် စက်ရုံ ကြီး ဆောက်ဖိုအတွက်ကို လုံလောက်တယ်ပေါ့။ ကျနော် စဉ်းစားတာက ဒီမြစ်က ယူနန်ကနေ မြစ်ဖျားခံပြီးတော့ တိဘက်ကနေ မြစ်ဖျားခံပြီးတော့ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်ထိ စီးဆင်းသွားတာကို။ ဆိုတော့ မြစ်အောက် တိုင်းပြည်တွေ ဘာပြောမလဲ ဒီတစ်ချက်ပဲ။ လျှပ်စစ်အတွက်ဆိုရင် မဟာဗျူဟာ အရေးကြီးတယ်။ လာအိုက လျှပ်စစ်က အောင်မြင်နေတဲ့ တိုင်းပြည်လေ လာအိုလျှပ်စစ်က ဘယ်ထိပို့လဲဆို မလေးရှား၊ စင်္ကာပူ နယ်စပ်ထိပို့တာ။ ဒါနဲ့ပတ်သက်တဲ့ Experience က ကျနော်တို့ရှိသလိုပဲ လာအိုက ကျနော်တို့ထက်တောင် ပိုရှိမယ် ထင်တယ်၊ သူက လျှပ်စစ်ရောင်းစားနေတဲ့ တိုင်းပြည်”ဟု ပြောသည်။
လာအိုနိုင်ငံသည် ထိုင်း၊ မလေးရှား၊ စင်္ကာပူတို့ကို လျှပ်စစ်ဓာတ်အား ရောင်းချပေးလျက်ရှိသည့်အတွက် မြန်မာ သည် လာအိုနှင့်လျှပ်စစ် ဓာတ်အား ပူးပေါင်း ထုတ်လုပ်နိုင်ပါက ကောင်းမွန်ကြောင်း ဦးဋ္ဌေးအောင်ကြည်က ဆက် ပြောသည်။
၎င်းက “ထိုင်းလည်းပါတယ်၊ လာအိုရောင်းစားနေတာ။ မလေးပါတယ်၊ စင်္ကာပူ အစပ်ထိ ရောက်တယ်။ စင်္ကာပူ တောင် လာအိုလျှပ်စစ်ကို ဝယ်ထားတဲ့အဆင့်ရှိတာ။ ဆိုတော့ လျှပ်စစ်က အရေးကြီးတယ် လျှပ်စစ်မရှိရင် ကျန်တာဘာမှ လုပ်လို့မှမရတာ။ ဒါကိုပဲ စဉ်းစားကြည့်ရင် နိုင်ငံရေး အရ မဟာဗျူဟာပေါ့။ ဒါတိုင်းပြည်မှာလည်း လျှပ်စစ်က လိုနေတာ။ လျှပ်စစ်မရှိရင် ကျန်တာမစဉ်းစားနဲ့ မဖြစ်နိုင်ဘူး ဘာမှ။ သူက အခြေခံ တော်တော်ကျ တာပေါ့ လျှပ်စစ်က။ ဒါတစ်ဖက်က ဝမ်းသာပါတယ်။ ဆိုတော့ လုပ်မယ်ဆိုရင် အောက်မဲခေါင်ကို စဉ်းစားရမယ် ဆိုရင် ထိုင်းတို့ ကမ္ဘောဒီးယားတို့ပါ ဆက်ဖြတ်တာကို။ ဗီယက်နမ်ထိ ဖြတ်တာကို ဆိုတော့ မြေအောက် တိုင်းပြည် တွေက ဘယ်လို Comment ပေးမလဲ ဒါတစ်ချက် စောင့်ကြည့်ပြီးတော့ အိုကေတယ်ဆိုရင်တော့ ဝမ်းသာပါတယ်” ဟု ပြောသည်။

လာအိုသမ္မတ ထောင်လွန်း ဆီဆုလစ်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လာအိုနိုင်ငံသည် ၎င်းတို့၏ မြစ်ချောင်းများကို အသုံးပြုကာ အိမ်နီးချင်းနိုင်ငံများအား လျှပ်စစ်ဓာတ်အား ပြန်လည် ရောင်းချပြီး လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် အရှေ့တောင်အာရှ၏ အချက်အချာကျသည့် နိုင်ငံဖြစ်နိုင်ရန်အတွက် ကြိုးပမ်းနေကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
တစ်ဖက်တွင်လည်း မဲခေါင်မြစ်ကြောင်း တစ်လျှောက်တွင် ရေကာတာများ တည်ဆောက်ခြင်းအပေါ် ပတ်ဝန်း ကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့် မြစ်အောက်ပိုင်း နိုင်ငံများဖြစ်ကြသည့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယား တို့က စိုးရိမ်လျက်ရှိသည်။
လာအို-မြန်မာ နှစ်နိုင်ငံ လက်တွေ့ကျသည့် သဘောတူညီချက်များ အကောင်အထည်ဖော် ဆောင်ရွက်သည်မှာ ကောင်းမွန်သည့် အရွေ့တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ် စွမ်းအင်ကဏ္ဍအတွက် လာအိုနိုင်ငံသည် တစ်စိတ်တစ်ပိုင်း အရေးပါလာနိုင်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူကလည်း အခုနောက်ပိုင်းမှာ ဘာနဲ့ ထောင်တက်သွားလဲဆိုတော့ လျှပ်စစ်ကို ထုတ်လုပ်ပြီးတော့ တရုတ်ကို ပြန်ပြီးတော့ ပြန်ရောင်းနိုင်တဲ့ စီးပွားရေးမှာ တော်တော်များများ ဝင်ငွေရလာတယ်ပေါ့ အဲဒါတော့ရှိ တယ်။ ဒါကြောင့်မို့လို့ အခုတစ်ခါ ဘာတွေ ထူးခြားလာလဲဆို မဲခေါင်မြစ်ကို လာအိုနဲ့မြန်မာ ပေါင်းစပ်ပြီးတော့ လျှပ်စစ်ထုတ်ဖို့ မဂ္ဂါဝပ် ၂၉၀၀ စာချုပ်ချုပ်ပြီးတော့ ခြောက်လအတွင်းမှာတော့ ပြီးအောင်လုပ်မယ်။ ပြီးရင်တော့ Final ကတော့ ဘယ်သူနဲ့ လုပ်ဖြစ်မလဲမသိဘူး၊ အဲဒါတော့ တွေ့မြင်မိပါတယ်။ စီးပွားရေး အခွင့်အလမ်းကတော့ အဲဒီ တစ်ခုတွေ့တယ်။ အဲဒီလောက်ကြီးတော့လည်း ပြည့်ပြည့်ဝဝကြီး တစ်ခုလုံးအတွက်ကတော့ အားကိုးလို့ရ တာတော့ မရှိပါဘူး။ တစ်စိတ် တစ်ပိုင်းကတော့ ရှိပါလိမ့်မယ်။ ကျနော်တို့ တကယ်လုပ်နိုင်ရင်တော့ ဧရာဝတီ မြစ်ဆုံ အထက်မှာရှိတဲ့ စီမံကိန်းက ၆ ခု၊ ၇ ခုလောက်ရှိတယ်ဗျ။ အဲဒါတွေ အကောင်အထည် ဖော်နိုင်ရင်တော့ မြန်မာပြည်က လျှပ်စစ်က တော်တော်ဖူလုံဖို့ရှိတယ်” ဟု ပြောသည်။
အဆိုပါ စီမံကိန်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်နှင့် လာအိုနိုင်ငံ၊ လွမ်နမ်သာခရိုင်တို့အကြား မိုင် ၁၅၀ ထိစပ် စီးဆင်းနေသည့် မဲခေါင်မြစ်ကြောင်း တစ်လျှောက်တွင် အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 201
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၆
ဘယ်လာရုစ်နိုင်ငံထုတ် လယ်ထွန်စက်များနှင့် မော်တော်ယာဉ်များကို မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ရန် စီစဉ်နေခြင်းကြောင့် ဘယ်လာရုစ်၏ စက်ယန္တရားများသည် ဈေးသက်သာရန်လိုအပ်ကြောင်း တောင်သူများက ပြောသည်။
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် မြန်မာနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂ ရက်က ရောက်ရှိလာပြီး မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ ခရီးစဉ်တွင် ဘယ်လာရုစ်နိုင်ငံထုတ် လယ်ထွန်စက်များနှင့် မော်တော်ယာဉ်များ မြန်မာနိုင်ငံမှာ တပ်ဆင် ထုတ်လုပ်ရန် စီစဉ်နေကြောင်း ဘယ်လာရုစ်နိုင်ငံပိုင် သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် လယ်ထွန်စက်၊ ကောက်ရိတ်စက်နှင့် ရိတ်သိမ်းခြွေ လှေ့စက်များကို တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ထုတ်လုပ်သည့် စက်များအား အဓိက အသုံးပြုလျက်ရှိကြောင်း၊ လိုသလောက် ဝယ်ယူ၍ ရသည့် ဈေးကွက်ရှိနေသည်။
ဘယ်လာရုစ်နိုင်ငံထုတ် လယ်ထွန်စက်များကို မြန်မာနိုင်ငံတွင် တပ်ဆင် ထုတ်လုပ်မည်ဆိုပါက တရုတ်နှင့် အိန္ဒိယ တို့ထက် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာမှသာ တောင်သူများအတွက် စိုက်ပျိုးရေး လုပ်ငန်းများ တွင် အကျိုးရှိမည်ဟု လယ်သမားဘဝဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြော သည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုကို တွေ့ရစဉ်
၎င်းက “သူတို့ဈေးနှုန်းက မူရင်းရှိတဲ့ အိန္ဒိယထုတ်၊ တရုတ်ထုတ်၊ ယိုးဒယားထုတ်တွေထက် ဈေးသက်သာအောင် ပြောရမယ်ဆိုရင် ၃၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်း သူ့ရဲ့ကွာလတီပေါ် မူတည်ပြီးတော့ တောင်သူတွေ ကွာလတီ ကောင်းပြီးတော့ ဈေးနှုန်း သက်တောင့်သက်သာနဲ့ ပြောမယ်ဆိုရင် ဝယ်ယူနိုင်တဲ့ အခြေအနေမျိုး ဖြစ်မလား အဲဒါ ဆိုရင်တော့ တောင်သူတွေအတွက်၊ စိုက်ပျိုးရေး လုပ်ငန်းအတွက် အကျိုးရှိပါလိမ့်မယ်။ အဲဒါမှမဟုတ်ဘဲ ဥပမာ ဆိုပါတော့ ကွာလတီပေါ်မှာ မူတည်ပြီးတော့ ဈေးနှုန်းလည်း မသက်သာဘူးဆိုရင်တော့ ဒါက တစ်ယောက်နဲ့ တစ်ယောက် မိတ်ဖြစ်ဆွေဖြစ် သူတို့ ဈေးကွက်လာလုပ်တာ လက်ခံတဲ့သဘောပဲ ရှိပါလိမ့်မယ်။ တောင်သူတွေ အတွက်တော့ အလွန်အကျိုးများမှာ မဟုတ်ဘူး” ဟု ပြောသည်။
တချို့သော လယ်သမားများသည် ကိုယ်ပိုင် လယ်ထွန်စက်၊ ကောက်ရိတ်စက်နှင့် ရိတ်သိမ်းခြွေ လှေ့စက်များ မရှိသည့်အတွက် လယ်ထွန်စက်နှင့် ကောက်ရိတ်စက် ငှားရမ်းခသည် တစ်ဧကလျှင် ငွေကျပ် ၂ သိန်းမှ ၃ သိန်း နှုန်းဖြင့် ငှားရမ်းနေကြရမှုများလည်း ရှိသည်။
ထို့နောက် ပြည်တွင်းတွင် အသုံးပြုနေသည့် လယ်ထွန်စက်များနှင့် ကောက်ရိတ်စက်များသည် မြင်းကောင်ရေ အားပေါ် မူတည်ပြီး ပျမ်းမျှ ငွေကျပ် သိန်း ၇၀၀ မှ သိန်း ၁၆၀၀ ကျော်အထိ ရှိသည်ဟု တောင်သူများထံမှ သိရ သည်။

လယ်ထွန်စက်ပြပွဲကို တွေ့ရစဉ်
ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးလွင်က “ကောက်ရိတ်စက်မှာတော့ အများဆုံးသုံးတာတော့ တောင်သူတွေ အများဆုံး ဝယ်သုံးနိုင်တာတော့ မြင်းကောင်ရေ ၇၀ ပေါ့။ မြင်းကောင်ရေ ၇၀ က အခုလက်ရှိ ပျမ်းမျှ အခုလက်ရှိ အတက်အကျတော့ မသိဘူး ၁၆၀၀ ဝန်းကျင်လောက် ရှိတယ် အဲဒါ Kubota ။ နောက်တစ်ခါ ကျတော့ Kubota က အဲဒီလောက် ဈေးရှိသလို ရာမာဘစ်ရှီဆိုတဲ့ ရိတ်သိမ်းခြွေလှေ့စက်က ပျမ်းမျှ မြင်းကောင်ရေ ၁၀၂ ကောင်၊ မြင်းကောင်ရေ ၉၀ ကျော်ကို အဲဒီလောက်ဈေးရှိတယ် ၁၆၀၀ လောက်ရှိတယ်။ နောက်တစ်ခါ ထွန်စက်ကျတော့ အဲဒီလိုပဲ Kubota မြင်းကောင်ရေ ၉၀ ဆိုရင် ၁၆၀၀ ဝန်းကျင်လောက်ရှိတယ် မကလောက်ဘူး လား မသိဘူး။ အခု ဆိုမာလီကာတို့ နယူးအော်လန်တို့ကတော့ ၁၃၀၀၊ ၁၄၀၀ လောက်ရှိတယ်။ မြင်းကောင်ရေ ၉၀ ကျတော့ ၇၀၀ လောက် ရှိတာပေါ့” ဟု ပြောသည်။
ဘယ်လာရုစ်နိုင်ငံထုတ် လယ်ထွန်စက်များသည် ကြံ့ခိုင်ပြီး စွမ်းဆောင်ရည် မြင့်မားခြင်းကြောင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်တွင် အသုံးပြုလျက်ရှိသည့် ကမ္ဘာကျော် လယ်ယာသုံး စက်ကိရိယာများ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် နေပြည်တော်၌ စိုပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးဆောင်မှုဖြင့် စက်မှုလယ်ယာဦးစီးဌာနနှင့် မြန်မာနိုင်ငံ လယ်ယာသုံး စက်ကိရိယာ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပသည့် လယ်ယာသုံး စက်ကိရိယာပြပွဲတွင်လည်း ဘယ်လာရုစ်နိုင်ငံထုတ် လယ်ယာသုံး စက်ကိရိယာများကို ပြသခဲ့ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 242
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃
တရုတ်နှင့်မြန်မာ အစိုးရနှစ်ရပ်ကြား ပြန်လည် အကောင်အထည်ဖော်မည့် မြန်မာနိုင်ငံက မြစ်ဆုံစီမံကိန်းသည် ပြည်သူလူထုအတွက် ဘယ်လောက် အကျိုးပြုနိုင်မလဲဆိုသည့်အပေါ် စီးပွားရေးနှင့် နိုင်ငံရေး အသိုင်းအဝန်းကြား မေးခွန်းထုတ်မှုများ ရှိနေသည်။
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ မြစ်ဆုံစီမံကိန်းကို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဦးသန်းရွှေကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်တွင် အပြီးသတ် တည်ဆောက်ရန် လျာထားခဲ့သည်။
သို့သော် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် ဦးသိန်းစိန် ဦးဆောင်သော အစိုးရက ၂၀၁၁-၂၀၁၆ ခုနှစ်ကာလ အထိ ယာယီရပ်ဆိုင်းထားရန် ကြေညာခဲ့ပြီးနောက် NLD အစိုးရလက်ထက် ၂၀၁၆-၂၀၂၀ အထိလည်းကောင်း၊ ၂၀၂၁-၂၀၂၅ ခုနှစ်အထိလည်းကောင်း အကောင်အထည် မဖော်နိုင်ဘဲ ရပ်ဆိုင်းထားရသည်။
ထို့နောက် ဦးမင်းအောင်လှိုင် ဦးဆောင်သော အစိုးရတစ်ရပ် ပေါ်ပေါက်လာသည့်အချိန်မှာတော့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ ရာမှာ မြစ်ဆုံစီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
သမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းကို ၁၀ နှစ်အတွင်း အပြီးတည်ဆောက် သွားမည်ဟု သဘောတူညီခဲ့ကြောင်း၊ သို့သော် ၈ နှစ်ခွဲလောက်ဖြင့် အပြီးတည်ဆောက်နိုင်ကြောင်း တရုတ်ခရီးစဉ် မှာ လိုက်ပါခဲ့သော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောသည်။
ယူနန်ပြည်နယ် အစိုးရအဖွဲ့ထံမှ တဆင့် ပြန်လည်ဝယ်ယူသုံးစွဲရမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် ဝယ်ယူသုံးစွဲ နိုင်ပါ့မလား ဆိုသည်ကို တွက်ဆရမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “ကျနော်တို့က မြစ်ဆုံဆည် တည်ဆောက်ပြီးရင် လျှပ်စစ်ဓာတ်အားက ဘယ်သူဝယ်မှာလဲပေါ့နော်။ ယူနန် ကပဲ သူက ဝယ်အုံးမှာလား။ သို့တည်းမဟုတ် ယူနန်က ငါတို့ကတော့ ပြည့်မှီနေပြီ။ မင်းတို့ သုံး၊ အဲဒီထဲကနေမှ မင်းတို့ဝယ် ဆိုတဲ့ဟာမျိုး ဖြစ်မှာလား။ အဲဒါတွေလည်း ကျနော်တို့ တွေးကြည့်ရတော့မယ်လေ။ အဲဒီလိုဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အကယ်၍ သူတို့ဘက်က မလိုလို့ ကျနော်တို့ကို ရောင်းမယ်ဆိုရင်တောင်မှ ကျနော်တို့က ဝယ်နိုင်တဲ့အင်အား ရှိရဲ့လားဆိုတာ အကုန်လုံး ပြန်ပြီးတော့ တွက်ဆရမယ့် ဟာတွေတော့ ရှိတာပေါ့” ဟု ပြော သည်။
မြစ်ဆုံစီမံကိန်းကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် လျှပ်စစ်မီး ရရှိရေးအတွက် တည်ဆောက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ က လျှပ်စစ်ဓာတ်အား ၁၀ ရာခိုင်နှုန်းသာ ရရှိမည်ဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိတွင် ယူနန်ပြည်နယ်သည် လျှပ်စစ်မီး လုံလောက်နေပြီ ဖြစ်သည့်အတွက် မြစ်ဆုံမှ ထွက်ပေါ်လာမည့် လျှပ်စစ်ဓာတ်အားကို မြန်မာနိုင်ငံက ယူနန်ပြည်နယ်မှတဆင့် ပြန်လည်ဝယ်သုံးရမည့်သဘော ဖြစ်သွားနိုင်သည်ဟု စီးပွားရေးနှင့် နိုင်ငံရေးလေ့လာ သုံးသပ်သူများက ထောက်ပြကြသည်။
ဧရာဝတီ မြစ်ဆုံစီမံကိန်းတွင် စီမံကိန်းနေရာပေါင်း ၇ ခုရှိပြီး မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်း စီမံကိန်းတစ်ခုဆီမှ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၅၆၀၀ ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်းကို တွေ့ရစဉ်
မြန်မာတစ်နိုင်ငံလုံးအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားသည် မဂ္ဂါဝပ် ၁၀,၀၀၀ ကျော်ရှိကြောင်း၊ မြစ်ဆုံ စီမံကိန်း တစ်ခုချင်းမှ မဂ္ဂါဝပ် ၅၆၀၀ ထွက်ရှိခြင်းကြောင့် ကျန်ရှိသည့် စီမံကိန်းများနှင့် တွက်ချက်မည်ဆိုပါက တစ်နိုင်ငံလုံး လျှပ်စစ်မီး လင်းရုံသာမက ပိုလျှံသည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။
မြစ်ဆုံကြောင့် မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတ အရင်းအမြစ်များ ပျက်စီးမည်ဖြစ်ပြီး အကျိုးအမြတ် ရရှိမှုသည် မြန်မာနိုင်ငံမဟုတ်ဘဲ တရုတ်နိုင်ငံက ဖြစ်နေမည်ကိုလည်း စဉ်းစားရမည်ဟု ကချင်ပြည်နယ် မြစ်ကြီးနားဒေသခံ ခွန်တူးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေ လျှပ်စစ်မီးကို ထိန်ထိန်လင်းအောင် သုံးရမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ တစ်မျိုးကောင်းတာပေါ့။ အခုက ဈေးကလည်း မသက်သာဘဲနဲ့ တရုတ်ပြည်က ကိုယ့်အရင်းအမြစ် ယူသွားပြီး တော့ ကိုယ်ပဲ ပြန်ဝယ်ရတယ်ဆိုတော့ လုပ်ရမယ်ဆိုတော့ ကျနော်တို့က ကုန်ကြမ်းပဲ ထုတ်ရောင်းသလိုမျိုး ဖြစ် နေတာလေ။ လုပ်သင့်လား မလုပ်သင့်လားဆိုတာ ဒါက အကျိုးအမြတ်က နိုင်ငံသူနိုင်ငံသားပဲ ခံစားရမှာလား၊ တစ်ဖက်က တရုတ်တွေပဲ အကျိုးအမြတ်က ပိုရရှိမလား ဒါတွေပဲလေ။ နောက်ပြီးတော့ ပျက်စီးစရာရှိရင် ကိုယ့်ရဲ့ နိုင်ငံက သယံဇာတတွေ အကုန်လုံး အရင်းအမြစ်တွေ ပျက်စီးကုန်တာကို” ဟု ပြောသည်။
မြစ်ဆုံ တည်ဆောက်မှုကြောင့် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ရေလွှမ်းမိုးမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှု ဖြစ်ပေါ်မည်ကို ပြည်သူလူထုက စိုးရိမ်နေကြောင်း၊ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အား အားလုံးနီးပါးကို တရုတ် နိုင်ငံသို့ နှစ် ၅၀ တင်ပို့ရမည်ဖြစ်သည့်အတွက် ပြီးခဲ့သည့် အစိုးရအဆက်ဆက်တွင် အငြင်းပွားမှုနှင့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။
လက်ရှိတွင် မြစ်ဆုံစီမံကိန်းကြောင့် ကချင်ပြည်နယ်အတွင်းရှိ ရွာပေါင်း ၅ ရွာ ပြောင်းရွှေ့နေကြရပြီး နောက်ထပ် ရွာပေါင်း ၄၀ ကျော် ပြောင်းရွှေ့ကြရမည်ဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံများထံမှ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 123
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃
မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် တို့၏ ရှေ့မှောက်မှာ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ(MoU) တချို့ လက်မှတ်ရေးထိုးခဲ့ကြသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်က မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် တို့သည် လာအိုသမ္မတအိမ်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြန်မာ-လာအို ခရီးသွား MoU၊ Sister City MoU၊ အာကာသနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု MoU - (TBC) တို့ကို လက်မှတ်ရေးထိုးခဲ့သည်။

သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်မှ ၅ ရက်နေ့ထိ သွားရောက်လျက်ရှိသည်။
မြန်မာသမ္မတ၏ ယခုခရီးစဉ်သည် မြန်မာ-လာအို နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ၁၉၅၅ -၂၀၂၆ နှစ်(၇၀)ပြည့် မြောက်သည့် နှစ်ဖြင့်လည်း တိုက်ဆိုက်လျက်ရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 248
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀
ကချင်ပြည်နယ်အတွင်းရှိ လီဆူလူမျိုးများနေထိုင်ရာ ဒေသများ၌ ဖွံဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးမှာ အဓိက အရေးကြီးနေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလီပေါ်ရဲ့ က CNI သတင်းဌာနသို့ ပြောသည်။
လမ်းပန်းဆက်သွယ်ရေးကောင်းလျှင် ဒေသခံလူထုအတွက် ဝင်ငွေရလမ်းများလည်း ပေါ်ပေါက်လာမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလီပေါ်ရဲ့က “အဓိကတော့ နယ်စပ်ဒေသမှာရှိတဲ့ ခက်ခဲတဲ့ ဒေသတွေ ပေါ့။ အဓိက လမ်းပန်းဆက်သွယ်ရေးက အဓိက အရေးကြီးပါတယ်။ ဘာမှလည်း ကူးလူး ဆက်ဆံတာတို့၊ စီးပွား ကူးသန်း ရောင်းဝယ်တဲ့ လုပ်ငန်းတို့၊ ဒေသထွက်တဲ့ စီးပွားဖြစ် စားသုံးကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင် ရောင်းချ တာတို့ အဲဒီလိုမှပဲ ဒေသခံတွေကလည်း ဝင်ငွေရလမ်းတွေ ထွက်လာမှာ။ အဓိက,ကတော့ ကျနော်တို့ မြင်တာ တော့ လမ်းပန်းဆက်သွယ်ရေးကတော့ နံပါတ်တစ် ဦးစားပေးလုပ်ရမယ့် ကဏ္ဍမှာပါတယ်။ ပညာရေးကလည်း ဒီလို တချို့ ခက်ခဲတဲ့ဒေသမှာ တော်တော်ခက်တယ်။ ပညာရေးဝန်ထမ်းတွေ ချပေးတာရှိတယ်။ ဒါပေမယ့် ပညာရေး ဝန်ထမ်းတွေချပေးတဲ့ အခါမှာလည်း ဘာဖြစ်လဲဆို လမ်းပန်းဆက်သွယ်ရေးက မကောင်းတဲ့ အခါကြ တော့ အဲဒီပညာရေး ဝန်ထမ်းတစ်ယောက်က အဲဒီဒေသကို ရောက်ဖို့အတွက် လမ်းစရိတ်တွေက ၁၅ သိန်း၊ သိန်း ၂၀၊ သိန်း ၃၀ အဲဒီလို ကုန်တဲ့အခါကြတော့ ပညာရေးဝန်ထမ်းတွေကလည်း အဲဒီဒေသကို တချို့ဆိုရင် တာဝန် ပေးရင်တောင်မှ ထွက်သွားတာတို့ အဲဒီလိုမျိုးတွေရှိတယ်။ အဓိက,ကတော့ လမ်းပန်းဆက်သွယ်ရေးက အရေးကြီး တယ်လို့ပဲ မြင်ပါတယ်။ အစိုးရအာဏာ သက်ရောက်မှုရှိတဲ့ ဥပမာ ခေါင်လန်ဖူးတို့၊ နောင်မွန်းတို့၊ မချမ်းဘောတို့၊ ပူတာအိုတို့ပေါ့နော်။ နောက်ပြီးတော့ ဖားကန့်တို့။ အဓိကတော့ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူး ကတော့ အဓိကပေါ့ဗျာ။ ဒီဘက်က တနိုင်းတို့၊ ဖားကန့်တို့ကြတော့ သူတို့ လုံခြုံရေးကြောင့်သာ သိပ်မသွားကြတာ ဖြစ်တယ်။ ဒါပေမယ့် အဲဒီဘက်ကတော့ လိုအပ်ချက် နည်းနည်းတော့ နည်းတာပေါ့ ဟိုဘက်ထက်စာရင် အများ ကြီး နည်းပါတယ်” ဟု ပြောသည်။

လီဆူတိုင်းရင်းသားလူမျိုးများကို တွေ့ရစဉ်
လီဆူလူမျိုးအများစု နေထိုင်ရာ ဒေသများဖြစ်သည့် ကချင်ပြည်နယ် အထက်ပိုင်းဒေသများနှင့် ရှမ်းမြောက် တောင်တန်းဒေသများသည် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။
ခေတ်အဆက်ဆက် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးမှု နောက်ကျခဲ့သဖြင့် ဒေသခံများသည် အခြေခံ စားသောက် ကုန်နှင့် ဆေးဝါးများ ရရှိရန်အတွက် ပင်ပန်းကြီးစွာ သွားလာနေရဆဲဖြစ်သည်။
လမ်းပန်းခရီး ကြမ်းတမ်းလွန်းသဖြင့် ပြင်ပကလာသည့် အခြေခံ လူသုံးကုန်ပစ္စည်းများသည် ဒေသတွင်းမှာ အဆမတန် ဈေးကြီးပေးဝယ်ရသလို ဒေသထွက် စိုက်ပျိုးရေး ထွက်ကုန်များ အနေဖြင့် ပြင်ပဈေးကွက်သို့ လွယ်ကူစွာ မပို့ဆောင်နိုင်ဘဲ လမ်းခရီး၌ ပျက်စီးဆုံးရှုံးမှုများရှိကြောင်း သိရသည်။
လက်ရှိတွင် အချို့ဒေသများသည် အစိုးရ၏ အာဏာသက်ရောက်မှု မရှိသဖြင့် လုပ်ကိုင်ရ ခက်ခဲသည့် အနေ အထားဖြစ်ကြောင်း လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

လီဆူတိုင်းရင်းသားလူမျိုးများကို တွေ့ရစဉ်
၎င်းက “အဓိကတော့ တိုက်ပွဲဖြစ်တဲ့ နေရာတွေပေါ့။ တိုက်ပွဲဖြစ်တဲ့ နေရာတွေက တော်တော်လေးကို ဖွံ့ဖြိုး တိုးတက်မှုက နောက်ကျသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာမှာရှိတဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်စီး ဆုံးရှုံးတာတင်မကဘဲ အဲဒီမှာရှိတဲ့ ပြည်သူလူထုတွေကလည်း ဒုက္ခဆင်းဆင်းရဲနဲ့ တိုက်ပွဲရှောင်စခန်း တွေမှာ မိုးကာတဲလေးနဲ့ နေရတယ်၊ ထိုင်ရတယ်၊ စားရတယ်၊ သောက်ရတယ် ဆိုတဲ့အခါကြတော့ အများကြီးပေါ့။ လူမှုရေးရော၊ စီးပွားရေးရော နိမ့်ကျတာက ပြောလို့တောင်မှ မနိုင်ဘူးပေါ့။ အဲဒီလောက်အထိတော့ ဖြစ်သွားတယ်။ အဓိကတော့ ကျနော် ဒီဒေသတွေမှာတော့ ကချင် ဆော့လော်။ နိုင်ငံတော်အစိုးရရဲ့ အာဏာသက်ရောက်မှု မရှိ သေးဘူးပေါ့။ အဲဒီဒေသတွေမှာ သက်ရောက်မှုမရှိတော့ အစိုးရဒေသတွေအနေနဲ့ လုပ်ရကိုင်ရ၊ လုပ်ဖို့ ကိုင်ဖို့က တော့ ခက်ခဲပါတယ်။ တစ်ချိန်ကြ နိုင်ငံတော်အစိုးရရဲ့ အာဏာအရိပ်အောက် ပြန်ရောက်ရင်တော့ လုပ်ရမယ့်၊ ကူညီပံ့ပိုးရမယ့် လုပ်ငန်းတွေက အများကြီးပဲ။ လိုအပ်ချက်ကလည်း အများကြီးပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံက လီဆူတိုင်းရင်းသားများ နေထိုင်ရာ ဒေသအများစုသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဝေးလံခေါင်ဖျားသည့် တောင်ပေါ်ဒေသများ ဖြစ်ကြသဖြင့် ဒေသဖွံ့ဖြိုးရေး အခြေအနေနှင့် စိန်ခေါ်မှု အခက်အခဲများသည် ပထဝီဝင်အနေအထား၊ လမ်းပန်းဆက်သွယ်ရေးနှင့် လက်ရှိနိုင်ငံရေး အခြေအနေများအပေါ် အများကြီး မူတည်နေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 217
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတနှင့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ဝန်ကြီးများ၊ ရွေးကောက်ပွဲကာလက ပါတီများ၏ မူဝါဒများတွင် ပါရှိသော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားအရ စီးပွားရေး ဖွံ့ဖြိုးတက်စေရန် မည်သည့်ကဏ္ဍများအား ဆောင်ရွက်မည်ကို လုပ်ငန်းရှင်များနှင့် ပြည်သူများကြားတွင် မေးခွန်းထုတ်မှုများ ရှိနေသည်။
လက်ရှိတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်မှုများ ရှိသော်လည်း ပြည်တွင်း၏ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ နယ်မြေတည်ငြိမ်မှု မရှိခြင်းတို့ကြောင့် လုပ်ငန်းစတင်ရန် အခက်အခဲ ရှိနေသည်ဟု လုပ်ငန်းရှင်များက ထောက်ပြကြသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းထုတ်ကုန် တိုးတက်စေရန်အတွက် အသေးစားနှင့် အလတ်စားလုပ်ငန်း MSME လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေမှုများ ရှိသော်လည်း ပို့ကုန်၊ သွင်းကုန်နှင့် တခြားသော လုပ်ငန်းဆောင်တာများတွင် ဗဟိုချုပ်ကိုင်မှု စနစ် ရှိနေခြင်းကြောင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အဟန့်အတား ဖြစ်နေသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့အတွက်ကတော့ ဖိတ်ခေါ်သော်ငြားလည်းပဲ လုပ်ငန်းစတင်ဖို့ ခက်ခဲအုံးမယ်။ အချိန်တွေ ယူရအုံးမယ်။ ပြည်တွင်းမှာ ဘာတွေလုပ်နိုင်လဲ အခုတော့ MSME တွေလည်း try ဖို့ လုပ်နေတာ တွေ့ပါတယ်။ ဒါပေမယ့် MSME ကဏ္ဍတွေကလည်း တိုးတက်လာဖို့ ဆောင်ရွက်ရမယ့် အများကြီး ရှိပါတယ်။ ပြောစရာတွေ အများကြီးရှိပါတယ်။ နောက်တစ်ချက်က ကျနော်တို့ထုတ်ကုန်က နိုင်ငံတကာကို ဝင်ဆံ့နိုင်တဲ့ အနေအထား ရောက်မှရမှာလေ။ ဒါမှ ကျနော်တို့က ပြည်ပပို့ကုန် ရပြီးတော့မှ ဝင်ငွေနဲ့ ရပ်တည်ရမှာလေ။ ခက်တာက ကျနော်တို့ဆီက ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်က ပြန်ပြီးတော့မှ အားကောင်းလာပြီးတော့မှ လုပ်ရကိုင်ရတာ အားလုံးက ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်အောက်ကို ရောက်တယ်၊ ကုန်သွယ်မှုစနစ်ကရော၊ ငွေကြေး စနစ်တွေကရော ဗဟိုအုပ်ချုပ်မှုစနစ်ထဲမှာ ရှိတဲ့အခါကြတော့ လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် မပေးနိုင်သမျှ ကာလပတ်လုံးကတော့ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကတော့ နောက်ကျနေအုံးမှာပဲ” ဟု ပြောသည်။

ကုန်စိမ်းရောင်းချသည့်စျေးသည်များ
စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးရေးကဏ္ဍ၊ ပို့ကုန်သွင်းကုန်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စသည့် ကဏ္ဍပေါင်းစုံရှိသော်လည်း ယင်းကဏ္ဍများအတွက် စီးပွားရေးပတ်ဝန်းကျင် ကောင်းမွန်ရန် လိုအပ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများကထောက်ပြကြသည်။
ထို့နောက် စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများအတွက် နိုင်ငံတော်မှ စိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးသော်လည်း ဈေးကွက်မရှိခြင်းကြောင့် တောင်သူများမှ အခက်အခဲ ရှိနေသည်ကို တွေ့ရသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူများ အကျိုးအမြတ် ရရှိဖို့ စိုက်ပျိုးမှု တိုးမြင့်လာစေရန်အတွက် အစိုးရအချင်းချင်း ချုပ်ဆိုသည့် ကုန်သွယ်မှုစာချုပ်များကို ဆောင်ရွက်ရန်လည်း လိုအပ်ပြီး ကုန်သည်များ ဈေးနှိမ်ဝယ်ယူမှု မဖြစ်စေရန် ကြမ်းခင်းဈေးကိုလည်း စနစ်တကျ သတ်မှတ်ပေးရန် လိုအပ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခြေခံ ကြမ်းခင်းဈေးတွေ အစိုးရက စနစ်တကျ တည်ဆောက်ပေးဖို့ လိုအပ်တယ်။ နောက်တစ်ခါ ဈေးကွက်သစ်ကို ရှာပေးဖို့ လိုအပ်တယ်။ ကုန်သည်ချည်းပဲ အားမကိုးဘဲနဲ့ g to g ပေါ့ government to government အစိုးရချင်း ချိတ်ဆက်ပြီးတော့ ဂျပန်နဲ့ ချုပ်မယ် စသည်ဖြင့် အဲဒီလိုပေါ့။ ဆန်ဆိုရင် ဒီလိုပဲ ဥပမာ နယ်သာလန်နဲ့ ချုပ်မယ်၊ ပိုလန်နဲ့ချုပ်မယ် အဲဒီလိုမျိုး ပြောမယ်ဆိုရင် ဈေးကွက်တွေ ရအောင်လို့ အစိုးရကိုယ်တိုင်ကလည်း ကူညီပေးဖို့ လိုအပ်တယ်” ဟု ပြောသည်။
နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) ခေတ်တွင် စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ် လာရေး၊ ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ နိုင်ငံတော် စီးပွားရေးတ စ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတို့၏ လက်ဝယ်တွင်ရှိရေး ဆိုသည့် စီးပွားရေး ဦးတည်ချက် ၄ ရပ်ကို ချမှတ်ထားခဲ့သည်။

အခြေခံ လက်လုပ်လက်စားများအားတွေ့ရစဉ်
သို့သော်လည်း ယင်း စီးပွားရေးဦးတည်ချက် ၄ ရပ်နှင့် ပတ်သက်ပြီး မူဝါဒ အသေးစိတ်များ နောက်ဆက်တွဲတွင် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်ဆိုသည့်အတိုင်း ပီပီပြင်ပြင် သွားရန် လိုအပ်သည်ဟု စီးပွားရေးနှင့် ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နဝတခေတ်ဆိုလည်း စီးပွားရေးဦးတည်ချက် ၄ ရပ် ရှိတာပေါ့။ ဒါ ကျနော် ရိုးရိုးသားသား ပြောပြတာပေါ့။ စီးပွားရေး ဦးတည်ချက် ၄ ရပ်က ကောင်းတယ်ဗျ၊ မှန်တယ်။ ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ အဲဒီ စီးပွားရေးဦးတည်ချက် ၄ ရပ်ကို နောက်က လိုက်ပါအကောင်အထည်ဖော်မယ့် action plan အသေးစိတ် မပါလာဘူး။ ဥပမာ ဆိုကြပါဆို့ စီးပွားရေးမူဝါဒ တစ်ခုပေါ့ ဥပမာ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေးဆိုတာ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေးကိစ္စက စီးပွားရေးဦးတည်ချက် မှန်တယ်ဆိုလို့ရှိရင် ခရိုနီဆိုတာ လူတန်းစားက ပေါ်လို့မရဘူးလေ။ ဈေးကွက်ဆို ဈေးကွက်အတိုင်း သွားမှာပေါ့။ တစ်ခုတော့ ရှိတာပေါ့ စီးပွားရေးပညာကို နှိုက်နှိုက်ချွတ်ချွတ် သိဖို့လိုတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းများနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများတွင် ဗဟိုဘဏ်မှာ ငွေကြေးနှင့် ပတ်သက်သည့် ကန့်သတ်ချက်များကိုလည်း ထုတ်ပြန်ထားခြင်းကြောင့် လုပ်ငန်းရှင်များတွင် အခက်အခဲ ဖြစ်ပေါ်နေကြောင်း၊ ထိုမှတစ်ဆင့် စားသုံးသူ ပြည်သူများထံ အကျပ်အတည်းများ ဖြစ်ပေါ်စေသည်ကို တွေ့ရသည်။
ထို့ကြောင့် အစိုးအနေဖြင့် စီးပွားရေးနှင့် ပတ်သက်သည့် အမိန့်ကြော်ငြာစာများ၊ မူဝါဒများကို ချမှတ်ရာတွင် စနစ်တကျ လေ့လာရန် လိုအပ်ပြီး ပြုပြင်ပြောင်းလဲရန်လည်း လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 271
CNI News
၂၀၂၆ ခုနှစ်၊ ဇွန် ၂၆
မြန်မာနိုင်ငံအတွင်းရှိ လူငယ်အများစုသည် ပြည်ပနိုင်ငံများသို့ ပညာသင်သွားရောက်ခြင်း အပါအဝင် အလုပ်လုပ် ကိုင်ရန် သွားရောက်ခြင်းနှင့် စစ်မှုထမ်းဆောင်ကြရခြင်းများကြောင့် ရေရှည်တွင် ပြည်တွင်း၌ လုပ်သားလိုအပ် ချက်များ ဖြစ်ပေါ်လာနိုင်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ပြောသည်။
မြန်မာနိုင်ငံမှ လူအများအပြား ပြည်ပနိုင်ငံသို့ ထွက်ခွာကြရာ၌ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်္ကာပူ၊ ယူအေအီးများသို့ အဓိကအများဆုံး ထွက်ခွာကြပြီး အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများသို့လည်း ထွက်ခွာနေကြသည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံ၌ စက်မှု၊ လျှပ်စစ်နှင့် ဆောက်လုပ်ရေးကဏ္ဍများတွင် ကျွမ်းကျင်ပညာရှင်များ ရှားပါးနေဆဲ ဖြစ်ပါသည်။
ထို့ကြောင့် ရေရှည်တွင် မြန်မာနိုင်ငံအနေဖြင့် လုပ်သားရှားပါးမှုပြဿနာ ဖြစ်ပေါ်လာနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာပြည်က အခု သန်း ၅၀ ပေါ့။ သန်း ၅၀ တောင် ကျနော်ထင်တယ် သိပ်တောင် ရှိပါ့မလား။ သန်း ၅၀ မှာ၊ သန်း ၂၀ ကတော့ အသက် ၃၅ နဲ့ ၂၀ ကြား တကယ်လုပ်နိုင်တဲ့ အသက်ဝန်းကျင်ပေါ့ဗျာ။ ၁၈ နှစ်နဲ့ ၃၅ ကြား မှာတော့ သန်း ၂၀ ရှိတယ်။ အဲဒီ သန်း ၂၀ မှာ အခုက ပညာသင်တဲ့သူရယ်၊ နိုင်ငံခြား ထွက်တဲ့သူရယ် နုတ်လိုက်ရင် သိပ်မကျန်ဘူး။ နောက် လယ်ယာလုပ်ငန်းမှာ အလုပ်လုပ်နေတဲ့သူရယ်၊ ဘုန်းကြီးရယ်၊ သာသနာ့ဝန်ထမ်းရယ်၊ နောက်ပြီးတော့မှ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်တဲ့သူရယ် ဘာညာဆိုရင် ကျနော်ထင်တယ်၊ ၄,၅,၆ သန်း ပဲ အလုပ်လုပ်နိုင်မယ် ထင်တယ်။ အဲဒီထဲမှာ လုပ်သားရှားပါးမှုကလည်း၊ လူသားအရင်းအမြစ် စွမ်းအားကလည်း ပြဿနာက လာနိုင်ပါတယ်” ဟု ပြောသည်။
လက်ရှိ အစိုးရသစ် လက်ထက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်၊ သဘာဝဓာတ်ငွေ့နှင့် အထည်ချုပ်လုပ်ငန်း အစရှိသည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခြင်းများ ရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်၍ ကောင်းသည့် ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးရန် လိုအပ်နေသည်။

အထည်ချုပ်လုပ်ငန်းကို တွေ့ရစဉ်
ထို့နောက် ထိုင်း၊ မလေးရှား စသည့် နိုင်ငံများထက် မနိမ့်သည့် လုပ်ခလစာ ဖြစ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှသာလျှင် လုပ်သားလိုအပ်ချက် ပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်သည်ဟု စီးပွားရေးနှင့် ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါတွေက ပြန်လာဖို့ဆိုရင် ကိုယ်က အတင်းလာဟဲ့ လာဟဲ့ဆိုပြီးတော့ ခေါ်လို့မရဘူး။ လာလုပ်တယ် ဆိုတာ တကယ် နည်းနာစနစ် မှန်မှန်ကန်ကန်နဲ့ ကောင်းကောင်းမွန်မွန်နဲ့ အလုပ်လုပ်လို့ရတဲ့ စီးပွားရေး ပတ်ဝန်း ကျင်မျိုးလားဆိုတာ ဒါသည် Question က ကိုယ့်ဘာသာကို ပြန်ဖြေရမယ့် Question လေ။ စီးပွားရေး ပတ်ဝန်း ကျင်ပေါ့၊ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် ကောင်းရင်တော့ ဒီလုပ်သားတွေက ပြန်လာမှာပဲ။ လောလောဆယ်တော့ Labor division ဖြစ်မယ်ဆိုတာ အမှန်ပဲ။ အဓိကတော့ ရေရှည်ကြီးကို စနစ်ကျတဲ့ စဉ်းစားချက်မျိုးတွေ လိုတယ် ဗျ။ ဘတ်ခနဲ ဘတ်ခနဲ အဲဒီလို ပြောတဲ့ဟာမျိုးတွေကျတော့ တကယ်လက်တွေ့မှာ အလုပ်မဖြစ်ဘူးဗျ။ အဓိက တော့ စနစ်တကျ သီအိုရီနဲ့အညီ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ စဉ်းစားဖို့လိုတာပေါ့။ အဓိကတော့ ရင်းနှီး မြှုပ်နှံမှုနဲ့ ပြည်ပထွက်တဲ့သူတွေ ပြန်လာချင်စိတ်ပေါက်တဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်၊ စီးပွားရေး ပတ်ဝန်းကျင် ဖန်းတီးပေးဖို့ လိုတာပေါ့” ဟု ပြောသည်။

အခြေခံလူတန်းစား တစ်ရပ်ကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ လက်ရှိ လုပ်သားစျေးကွက်တွင် ကျွမ်းကျင်လုပ်သားရှားပါးမှုနှင့် လုပ်ခလစာ နည်းပါးခြင်းတို့ ကြောင့် ပြည်တွင်း၌ စက်မှုလက်မှု၊ အထည်ချုပ်နှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် လုပ်သားလိုအပ်ချက် အဓိက ဖြစ်ပေါ်နေပြီး၊ လုပ်သားအများစုမှာ ထိုင်းနှင့် မလေးရှားစသည့် ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်ကိုင်လျက် ရှိကြသည်။
အာဆီယံဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ အနိမ့်ဆုံး လုပ်ခလစာသည် အနည်းဆုံး သတ်မှတ်ထားသော နှုန်းထားဖြစ်နေခြင်းကြောင့် လုပ်သားများသည် ပြည်ပသို့ ထွက်ခွာမှု များပြားစေခြင်း ဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 199
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆
ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဘဏ်များအနေဖြင့် အိမ်ခြံမြေဈေးကွက်များ၌ အလုံးအရင်းဖြင့် ရင်းနှီးမြှုပ် နှံခြင်းများအစား ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများတွင် ပိုမိုသုံးစွဲခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည်ဟု မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးမှာ ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
သမ္မတ ဦးမင်းအောင်လှိုင်က “MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ သိရှိပြီး မိမိတို့ ဒေသ အလိုက် မည်ကဲ့သို့ အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားနိုင်မည်ကို သိရှိစေလိုခြင်းဖြစ်ကြောင်း၊ ငွေ ကြေး ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဘဏ်များအနေဖြင့် အိမ်ခြံမြေဈေးကွက်များ၌ အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံ ခြင်းများအစား ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများတွင် ပိုမိုသုံးစွဲခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည်”ဟု ပြောသည်။
မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်များသည် အိမ်ခြံမြေ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်လျက်ရှိသလို ဘဏ်ချေးငွေဖြင့် အိမ်ခြံမြေများ ဝယ်ယူနိုင်ရေးကို ဝန်ဆောင်မှုပေးလျက်ရှိသည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး ကျင်းပနေစဉ်
အလားတူ ငွေကြေးခဝါချမှု လုပ်လိုသူများကလည်း အိမ်ခြံမြေဈေးကွက်များတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံနေခြင်း ကြောင့် အိမ်ခြံမြေဈေးကွက်သည် အဆမတန်မြင့်တက်လျက်ရှိနေသည်။
သမ္မတ ဦးမင်းအောင်လှိုင်က “ အရင်းအနှီး နည်းနည်းဖြင့် အရေအတွက်များများ ဆောင်ရွက်နိုင်သည်မှာ MSME လုပ်ငန်းများဖြစ်ပြီး အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါက တိုင်းပြည်၏ စီးပွားရေးအတွက် များစွာ အထောက်အပံ့ပေးနိုင်ခြင်းကြောင့် MSME လုပ်ငန်းကို အားပေးဆောင်ရွက်နေခြင်းဖြစ်သည်”ဟု ပြောသည်။
MSME လုပ်ငန်းများသည် နိုင်ငံတစ်ခု၏ GDP တိုးတက်ရေးတွင် အဓိက ပါဝင်သည်ကို တွေ့ရှိရကြောင်း၊ MSME လုပ်ငန်းများကို နိုင်ငံ၏ စီးပွားရေးကို အားပေးမြှင့်တင်ရန်၊ ပြည်တွင်းကုန်ထုတ် လုပ်မှုကို မြှင့်တင်ရန်၊ သွင်းကုန် အစားထိုးရန်၊ တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်၍ ပြည်ပတင်ပို့ခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေများ တိုးမြှင့်ရရှိရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 306
CNI News
၂၀၂၆ ခုနှစ်၊ ဇွန် ၂၄
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်နှင့် တရုတ်ခရီးစဉ်သည် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု များနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့ခြင်းကြောင့် ထိုစီမံကိန်းများကနေ မြန်မာပြည်သူလူထု ဘယ်လို အကျိုးခံစားခွင့်များ ရနိုင်သလဲဆိုသည့်အပေါ် စီးပွားရေးလေ့လာသုံးသပ်သူများကြား သုံးသပ်လျက်ရှိ သည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ သွားရောက်ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံ ဆွေးနွေး၍ ကုလားတန်မြစ် စီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ်ရေး လမ်း ဖော်ဆောင်ရေး၊ အိန္ဒိယလုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရေးတို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ သွားရောက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံ ဆွေးနွေး၍ နားလည်မှု စာချွန်လွှာ ၁၈ ခု လက်မှတ် ရေးထိုးခဲ့သလို တရုတ်လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံမှုများလုပ်ရန် ဆွေးနွေးခဲ့သည်။
တရုတ်စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုများ အကောင်အထည် ဖော်လာနိုင်ပါက ထိုလုပ်ငန်းတွင် အလုပ်အကိုင် အခွင့်အလမ်း ပေါများလာမည်ဖြစ်ပြီး အခြေခံလုပ်ခလစာ အနေဖြင့် ၁၅ သိန်းအထိ ရရှိနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး ဆွေးနွေးပွဲမှာ သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “မြောက်ပိုင်းကိစ္စကျတော့လည်း တရုတ်ကုန်သွယ်ရေးပေါ့ဗျာ။ နောက်ပြီးတော့ ကျောက်ဖြူ - ကူမင်း လမ်းမကြီးကလည်း မြောက်ပိုင်းအဖွဲ့ရဲ့ ငြိမ်းချမ်းရေး ရယူနိုင်တဲ့ အနေအထားပေါ်မှာ မူတည်တယ်။ ဒါကလည်း တရုတ်ကလည်း နှစ်ဖက်လုံးကို ငြိမ်းချမ်းစေချင်တယ်။ ဒါပေမယ့် ကျနော်တို့ကလည်း ဒီဘက်မှာ ဘယ်လို သဘော ထားရှိလဲ၊ ဘယ်တော့လောက်မှာ အပြီးပြတ် လုပ်နိုင်မလဲအပေါ် မူတည်ပြီးတော့ စီမံကိန်းတွေက စတင်နိုင်မယ့် အခြေအနေတွေကလည်း အဲဒီအပေါ်မှာ မူတည်တယ်။ အကယ်၍ အကောင်းဆုံးကတော့ အဲဒီ စီမံကိန်းတွေသာ အောင်မြင်သွားရင်တော့ လုပ်နိုင်ရင်တော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမယ်။ အနည်းဆုံး တရုတ်လခ ကတော့ အနည်းဆုံး ကျနော်ထင်တယ် မြန်မာငွေနဲ့ တွက်ကြည့်ရင်တော့ ၁၄ သိန်း၊ ၁၅ သိန်းလောက်တော့ သူတို့ ပေးနိုင်ပါလိမ့်မယ်၊ အခြေခံလုပ်သားတွေရဲ့ လစာကို။ နောက် နည်းနည်းပါးပါး စကေး ကောင်းလာတယ်ဆိုရင် တော့ သိန်း ၃၀၊ ၄၀ လောက်တော့ ရနိုင်လိမ့်မယ် ထင်ပါတယ်”ဟု ပြောသည်။
မြန်မာအစိုးရအနေဖြင့် တရုတ်နှင့်အိန္ဒိယ နိုင်ငံခရီးစဉ်အတွင်း စီးပွားရေး၊ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေ များနှင့် ပတ်သက်ပြီး အများပြည်သူ သိရှိနိုင်ရေး ချပြသင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများနှင့် ပြည်သူလူ ထုက ထောက်ပြသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားအရ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး အဆင်သင့် မဖြစ်သေးကြောင်း၊ ရင်းနှီး မြှုပ်နှံမှုအတွက် လိုအပ်သည့် လုပ်ငန်းဆောင်တာများ အလွယ်တကူ မဖြစ်ခြင်း၊ လုပ်ငန်းအဆင့်ဆင့် ကြန့်ကြာမှု များနှင့် မူဝါဒပိုင်းဆိုင်ရာ ကန့်သတ်မှုများကြောင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် အဟန့်အတား ဖြစ်နေသည်ဟု လုပ်ငန်းရှင်များက ထောက်ပြသည်။
သဘောညီချက် ရယူထားသည့် လုပ်ငန်းများ လာရောက် အကောင်အထည် ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံ အနေဖြင့် စီးပွားရေးပတ်ဝန်းကျင် ကောင်းမွန်ရေး ဆောင်ရွက်ထားရန် လိုအပ်သည်ဟု စီးပွားရေးနှင့်ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ-တရုတ် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြစဉ်
၎င်းက “သူက တကယ်လုပ်ရင် MOU ကတော့ ထိုးတာပေါ့။ ဒါက ကျနော် အဂတိ မပါဘဲ ပြောတာပါ။ ကျနော့်မှာ ဘယ်သူ့ကိုမှ ဘာစိတ်စေတနာမှ မရှိဘူး။ ပြောချင်တာက ဘာလဲဆိုတော့ MOU က ထိုးတာပေါ့လေ။ တကယ် လုပ်တဲ့အဆင့် ရောက်ဖို့ဆိုတာက ကြားထဲမှာ တကယ် လုပ်သင့်မလုပ်သင့် စဉ်းစားတဲ့အဆင့် ရှိတာပေါ့။ ကိုယ့် ဘက်က ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းအောင် လုပ်ရမှာပေါ့။ Investment environment ကောင်းအောင် လုပ်ပေးရမှာပေါ့။ လျှပ်စစ်မီးတို့ ဘာတို့ကတော့ ဒါက ဖန်တီးလို့ ရတယ်၊ ဒါက ပြဿနာမရှိဘူး။ အဓိက,က ရင်းနှီး မြှုပ်နှံမှု လုပ်လို့ကောင်းတဲ့ ပတ်ဝန်းကျင်ပေါ့။ အဓိက ရှီကျင့်ဖျင် ပြောသွားတဲ့ စကားထဲမှာ အဲဒါပါတယ်။ အဓိက ဘာလဲဆိုတော့ အယူအဆ၊ အတွေးအခေါ်၊ အလုပ်အကိုင် ရေးရာကအစ တကယ် လက်တွေ့ကျတဲ့ အနေအထား တစ်ခု ဖန်တီးဖို့ဆိုတာ ပါတာပေါ့။ အဓိကအားဖြင့်တော့ MOU ထိုးတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ မထိုးတာထက် စာရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် တကယ် လုပ်ခွင့်သာဖို့အတွက် ကိုယ်ကအခြေအနေ ဖန်တီးပေးဖို့ လိုတာပေါ့ အဲဒါ အရေးကြီးဆုံးပေါ့” ဟု ပြောသည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် စက်မှုကဏ္ဍဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးကဏ္ဍ (ကုလားတန်မြစ်ဝှမ်း စီမံကိန်း) ဝန်ဆောင်မှု လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ အပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၉ ခုဖြင့် အမေရိကန်ဒေါ်လာ ၇၈၂ ဒသမ ၃၈၅ သန်း ရင်းနှီးမြှုပ်နှံထား ပြီး၊ မြန်မာနိုင်ငံ၏ (၁၁) နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ ဖြစ်သည်။
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁ ဘီလျံကျော် ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးနှင့် ထိပ်ဆုံးတွင် ရပ်တည်နေပါသည်။
- By CNI
- Category: စီးပွားရေး
- Hits: 312
CNI News
၂၀၂၆ ခုနှစ်၊ ဇွန် ၂၂
မြန်မာနိုင်ငံတွင် သဘာဝသယံဇာတ ပေါကြွယ်ဝသော်လည်း ဆင်းရဲသည့်နိုင်ငံ ဖြစ်နေခြင်းနှင့် သယံဇာတ ထွက်ရှိသည့် တိုင်းရင်းသားဒေသသည်ပင် ဖွံ့ဖြိုးမှုမရှိ ဖြစ်နေရခြင်းက ဘာကြောင့်လဲဟု ပြည်သူလူထုကြား မွေးခွန်းထုတ်မှုများ ရှိလာသည်။
ဗမာမဟုတ်သော တိုင်းရင်းသားပြည်နယ် ဒေသများသည် ပြည်သူလူထုအတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လျှပ်စစ်မီးကဏ္ဍနှင့် နေထိုင်မှုစနစ်သည် ဖွံ့ဖြိုးမှု မရှိသည့်အပြင် တစ်နှစ်ထက်တစ်နှစ် ဆုတ်ယုတ် လာမှုများရှိနေသည်။
ထိုသို့ ဖြစ်ပေါ်နေရခြင်းသည် ဒေသတွင်း မတည်ငြိမ်မှု၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုက်ပွဲအတွက်သာ ငွေကြေးကို အသုံးပြုနေကြရပြီး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ခြင်း မရှိသည့် အတွက်ကြောင့် ဖြစ်သည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာနိုင်ငံဟာဆိုရင် အရင်တုန်းက အာရှမှာ ကျားဆိုပြီး နာမည်ကြီးခဲ့တယ်။ ဒါပေမယ့် လွတ်လပ်ရေး ရပြီးတဲ့ နောက်ပိုင်းမှာ ဆိုလို့ရှိရင် မြန်မာနိုင်ငံမှာ လွတ်လပ်ရေးက တိုက်ပွဲနဲ့အတူ ပါလာတယ်။ တိုက်ပွဲက နေရာ တကာတိုင်းမှာ ဖြစ်နေတာ။ တိုက်ပွဲတွေ ဖြစ်နေလို့ရှိရင် ငြိမ်းချမ်းရေးက မရနိုင်ဘူး။ အဲဒါကြောင့်မို့လို့ ငြိမ်းချမ်းမှ တိုင်းပြည်တိုးတက်မှာ။ ငြိမ်းချမ်းမှ ရင်းနှီးမြှုပ်နှံမှုက မြန်မာနိုင်ငံထဲကို လာမှာ။ နိုင်ငံတကာ ဧည့်သည်တွေ အလည်လာမှ မြန်မာနိုင်ငံရဲ့ အကြောင်းကို ပိုသိလာမှာ။ ပြီးတော့ နေရာဒေသအလိုက် tourist တွေ ရောက်လာ လို့ရှိရင် ဒေသခံတွေမှာ ရန်ပုံငွေတွေ ရလာနိုင်တယ် စသည်အားဖြင့် မျိုးစုံရှိတာပေါ့။ အဲဒီလိုမျိုး ဖြစ်ဖို့ဆိုရင် ငြိမ်းချမ်းရေးက အမြန်ဆုံး ရဖို့လိုတယ်။ ငြိမ်းချမ်းတဲ့ တိုင်းပြည်ဖြစ်မှ တိုးတက်မယ်။ ငြိမ်းချမ်းတဲ့တိုင်းပြည် မဖြစ် ဘူး၊ တိုက်ပွဲတွေ ရှိနေတယ်ဆိုလို့ရှိရင် တိုက်ပွဲသံသရာထဲတော့ မြန်မာနိုင်ငံထဲက လူသားတွေရဲ့ အခက်အခဲတွေ က အများကြီးရှိတယ်လို့ မြင်ပါတယ်။ မတိုးတက်ရတာက တိုက်ပွဲတွေမှာ အများကြီး အသုံးပြုရတာတွေရှိတယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေမှာဆိုရင်လည်း ရလာတဲ့ငွေတွေဆိုလို့ရှိရင် တိုက်ပွဲမှာ သုံးရတယ်။ နိုင်ငံတော် အစိုးရမှာလည်း ငွေကြေး အမြောက်အများကို တိုက်ပွဲအတွက် အသုံးပြုရတယ်။ အဲဒါကြောင့် အများကြီး နှောင့် နှေး ကြန့်ကြာနေတယ်ဆိုတာလည်း ပြောချင်တယ်” ဟု ပြောသည်။

နာဂဒေသ ကျေးရွာတစ်ခုကို တွေ့ရစဉ်
လက်နက်ကိုင်ပဋိပက္ခကြောင့် ဒေသဖွံ့ဖြိုးမှု မရှိဆိုသော်လည်း တိုက်ပွဲဖြစ်ပွားမှု မရှိသည့်အပြင် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ရရှိထားသည့် နာဂ၊ ဓနုနှင့် ပအိုဝ်ဒေသများသည်လည်း ဖွံ့ဖြိုးမှု အားနည်းနေသည်ကို တွေ့ရှိရသည်။
အဆိုပါ ဒေသများသည် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ တည်ရှိခြင်းကြောင့် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၏ ဘတ်ဂျက်ခွဲတမ်းမှ တဆင့်သာ ဘဏ္ဍာငွေ ခွဲဝေမှုရရှိခြင်း၊ လုပ်ပိုင်ခွင့်သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့်အညီ မရရှိခြင်းတို့ကြောင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်နိုင်ခြင်း မရှိခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ထို့ပြင် ပြီးခဲ့သည့် အစိုးရလက်ထက် အဆက်ဆက်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တိုင်းဒေသကြီး ရန်ပုံ ငွေဖြင့် မြေသားလမ်း ဖောက်လုပ်ခြင်းကို တင်ဒါခေါ်ယူခဲ့သော်လည်း ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် တင်ဒါဝယ်ယူတင်သွင်းသည့် ကုမ္ပဏီများ မရှိခဲ့သည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသည်။
နာဂဒေသမှာ မိုးများပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသဖြစ်သည့်အတွက် လုပ်ငန်းပစ္စည်းများ သယ်ယူ ရာတွင် မိုးတွင်းကာလ၌ လမ်းသွားမရခြင်း၊ ပြီးစီးမှု ရာခိုင်နှုန်း တင်ပြရာတွင် ဆက်သွယ်ရေး ခက်ခဲမှုတို့ကြောင့် ငွေထုတ်ယူခွင့် ကြန့်ကြာမှုများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်ခဲများစွာ ကြုံတွေ့နေရခြင်းတို့ကြောင့် ဖြစ် သည်။

ကုလားတန်မြစ်ဘေးက လူနေအိမ်တချို့ကို တွေ့ရစဉ်
ထို့နောက် နိုင်ငံရေး မတည်ငြိမ်ခြင်း၊ အစိုးရလည်း တည်ငြိမ်မှု မရှိခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခ၊ တရားဥပဒေ စိုးမိုးရေးတို့ကြောင့်လည်း ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,ကတော့ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုပေါ့။ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုပြောရင် ဘက်ပေါင်းစုံ အကုန်ပါတာပဲ။ တည်ငြိမ်အေးချမ်းမှုဆိုတာ ရွေးကောက်ပွဲက အဆင့်ဆင့် တက်လာတဲ့ အစိုးရ ကလည်း တည်တည်ငြိမ်ငြိမ်နဲ့ ရွေးကောက်ပွဲကတဆင့် ဖြစ်လာတဲ့ အပြောင်းအလဲကိုလည်း လက်ခံနိုင်စွမ်းရှိဖို့၊ ဒါကလည်း ဒါကလည်း တည်ငြိမ်မှုပေါ့။ နောက်တစ်ခုကလည်း လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ပေါ့။ လက်နက်ကိုင်ပဋိပက္ခတွေလည်း ငြိမ်းချမ်းတဲ့ အသွင်ဆောင်ဖို့ပေါ့ ဒါလည်း လိုတာပေါ့။ နောက်တစ်ခုကလည်း တရားဥပဒေ စိုးမိုးမှုပေါ့ ဒါလည်း လိုတာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ ဒေသအများစု ဖွံ့ဖြိုးမှုအတွက် အဓိကလိုအပ်ချက်သည် နိုင်ငံရေး မတည်ငြိမ်မှုနှင့် လက်နက် ကိုင် ပဋိပက္ခများ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ အားနည်းချက်များ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ အခြေခံ အဆောက်အအုံ ချို့တဲ့ခြင်း၊ တိုင်းပြည်၏ စီးပွားရေး မြှင့်တင်ရန်အတွက် နည်းပညာနှင့် သက်မွေးပညာ ရေး ကဏ္ဍများကို အဓိက အားပေးမြှင့်တင်ရန် လိုအပ်ကြောင်း တက်သိပညာရှင်များက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများကြောင့် အာဆီယံ ၁၁ နိုင်ငံတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ ဖြစ်နေသည်ကို တွေ့ရှိရသည်။
