CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
အိန္ဒိယက Telegram App ကိုပိတ်လိုက်စဉ်

App ပိတ်၍ အိန္ဒိယအစိုးရနှင့် Telegram ကြား အငြင်းပွား

By CNI
CNI
Category: ပညာရေး
Hits: 140

CNI International News

နယူးဒေလီ၊ ဇွန်လ ၁၉

အိန္ဒိယတွင် ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မေးခွန်းများ ပေါက်ကြားမှုနှင့်ပတ်သက်ပြီး Telegram အက်ပလီ ကေးရှင်းကို အစိုးရက ပိတ်ပင်ခဲ့ပြီးနောက် Telegram ကုမ္ပဏီနှင့် အိန္ဒိယကြား တရားရေးအရ အငြင်းပွားမှုများ ဖြစ်ပွားနေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

Telegram ကုမ္ပဏီသည် စာမေးပွဲမေးခွန်းများ ရောင်းချနေသည့် အကောင့်များကို ဖယ်ရှားပေးခြင်း မရှိမှုအပေါ်  အိန္ဒိယအစိုးရက သတိပေးကန့်ကွက်ခဲ့ပြီး အပြန်အလှန်အားဖြင့် Telegram ကုမ္ပဏီဘက်ကလည်း နယူးဒေလီ အစိုးရသည် အချက်အလက်များကို လွဲမှားစွာ ဖော်ပြနေသည်ဟု စွပ်စွဲခဲ့သည်။

ထို့ပြင် Telegram ကုမ္ပဏီသည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) အစိုးရ၏ ပိတ်ပင်မှုကို ဒေလီ အထက် တရားရုံးတွင် တရားရင်ဆိုင်ရန် စိန်ခေါ်ထားသည်။

Telegram App အသုံးပြုနေစဉ်

ဆေးတက္ကသိုလ်များအတွက် နိုင်ငံအဆင့် ဂုဏ်သိက္ခာ ကြီးမားသည့် ဝင်ခွင့် စာမေးပွဲတစ်ခုဖြစ်သည့် NEET ဖြေဆိုမည့် ကျောင်းသားများကို လိမ်လည်လှည့်ဖြားရန် Telegram ကို အလွဲသုံးစား လုပ်နေကြသည်ဆိုသည့် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်နေသဖြင့် အစိုးရသည် Telegram ကို ဇွန်လ ၂၂ ရက်နေ့အထိ နိုင်ငံအတွင်း အသုံးပြုခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက မေးခွန်း ပေါက်ကြားခဲ့သည်ဟူသော စွပ်စွဲချက်များကြောင့် သန်းနှင့်ချီသည့် ကျောင်းသားများ၏ စာမေးပွဲရလဒ်များ ပယ်ဖျက်ခဲ့ပြီး ထိုစာမေးပွဲတွင် ဖြေဆိုမည့်သူများကို လိမ်လည်လှည့်ဖြားရန် Telegram ကို အသုံးပြုခဲ့ကြောင်း အိန္ဒိယအစိုးရက ပြောကြားခဲ့သည်။

ဇွန်လ ၂၁ ရက်နေ့တွင် ပြန်လည် စစ်ဆေးမည့် NEET စာမေးပွဲတွင် ဒုစရိုက်ဂိုဏ်းများက စာမေးပွဲ ဖြေဆိုသူများကို လိမ်လည်ရန်အတွက် Telegram ကို စနစ်တကျ အသုံးပြုနေသောကြောင့် ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်း ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာန၊ အမျိုးသားစာမေးပွဲ စစ်ဆေးရေးအေဂျင်စီက ပြောကြားခဲ့သည်။

Telegram ကမူ အသုံးပြုသူ သန်း ၁၅၀ ရှိသည့် အိန္ဒိယနိုင်ငံတွင် ယခုကဲ့သို့ ပိတ်ပင်ခြင်းသည်  ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အကာအကွယ်များ ရရှိခွင့်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်ဆိုင်ရာ အခွင့်အရေးများကို ထိခိုက်စေကြောင်း တရားရုံးကို တင်ပြထားသည်။

Telegram App ကို တွေ့ရစဉ်

ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရသည့် စာရွက်စာတမ်းများအရ ဇွန်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Telegram ပိတ်ပင်မိန့်သည် အိန္ဒိယနည်းပညာဝန်ကြီးဌာနနှင့် Telegram ကုမ္ပဏီ တာဝန်ရှိသူများအကြား သီတင်း ၂ ပတ်ကြာ အပြန်အလှန် ဆွေးနွေးမှုများနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

ထိုဆွေးနွေးမှုများတွင် နယူးဒေလီအစိုးရက NEET PAPER LEAKED နှင့် Paper Leaked NEET ဟု အမည် ပေးထားသည့် ချန်နယ်များသည် သံသယဖြစ်စရာကောင်းသည့် အကောင့်များ ဖြစ်နေသည်ကို အထင်အရှား ပြသနေသော်လည်း Telegram ဘက်က အရေးယူ ဆောင်ရွက်မှုမရှိကြောင်း စွပ်စွဲပြစ်တင်ခဲ့သည်။

ထို့ပြင် အချို့  Telegram ချန်နယ်များသည် စာမေးပွဲမေးခွန်း အပြည့်အစုံကို ငွေကြေးဖြင့် ရောင်းချခဲ့ကြသည် ဟုလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထိုကဲ့သို့ မေးခွန်းများ ပေါက်ကြားခဲ့သည်ဆိုသည့် စွပ်စွဲချက်များကြောင့် ကျောင်းသူကျောင်းသား ၂ ဒသမ ၃ သန်း ၏ စာမေးပွဲရလဒ်များ ပယ်ဖျက်ခံရပြီးနောက် အိန္ဒိယနိုင်ငံ၏ ဒေသအသီးသီးတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ 

Source: Reuters

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
လာအိုနိုင်ငံက စာသင်ကျောင်းတစ်ခုကို တွေ့ရစဉ်

လာအိုတွင် စက်သုံးဆီချွေတာရန် ကျောင်း ၃ ရက်သာ ဖွင့်မည် 

By CNI
CNI
Category: ပညာရေး
Hits: 2612

CNI International News

ဗီယန်ကျင်း၊ မတ်လ ၂၄

လာအိုနိုင်ငံတွင် လောင်စာဆီ ပြတ်လပ်မှုနှင့် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်မှုကို ဖြေရှင်းသည့် အစီအစဉ် များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် စာသင်ကျောင်းများကို သီတင်းတစ်ပတ်လျှင် ၃ ရက်သာဖွင့်ရန် အစိုးရက ထုတ်ပြန်ခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်၏ အမိန့်ဖြင့် ချက်ချင်း အကျုံးဝင် သက်ရောက်မည့် အဆိုပါ အရေးပေါ် ထုတ်ပြန်ချက်ကို ဝန်ကြီးချုပ် ရုံးက မတ်လ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပညာရေးနှင့် အားကစားရေးရာဝန်ကြီးဌာနက ကျောင်းသားများ၊ ကျောင်းသား မိဘများနှင့် ပညာရေးဝန်ထမ်း များ၏ အခက်အခဲများကို လျှော့ချနိုင်ရန်အတွက် စာသင်ကျောင်းများတွင် ကျောင်းဖွင့်ရက်များကို လျှော့ချပေးရန် ဝန်ကြီးချုပ်ရုံးအား တောင်းဆိုခဲ့ပြီးနောက် ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်အရ ပညာရေးနှင့် အားကစားရေးရာဝန်ကြီးဌာန အနေဖြင့် နိုင်ငံတစ်ဝန်းရှိ အစိုးရပိုင်နှင့် ပုဂ္ဂလိက ပိုင် စာသင်ကျောင်းများအတွက် လိုအပ်သည့် ပညာရေးလမ်းညွှန်ချက်များ ထုတ်ပြန်ပေးရန် ညွှန်ကြားထားသည်။

ထို့ပြင် အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် စာသင်ကျောင်းများ၊ မူကြိုများကိုလည်း သီတင်းတစ်ပတ်လျှင် ပုံမှန် ကျောင်းဖွင့် ရက် ၅ ရက်မှ ၃ ရက်သို့ လျှော့ချရန် ညွှန်ကြားထားသည်။

လာအိုနိုင်ငံမှာ စက်သုံးဆီ တန်းစီ ဝယ်ယူနေကြစဉ်

တစ်ချိန်တည်းမှာပင် စာသင်ကျောင်းများ အနေဖြင့် သင်ရိုးညွှန်းတန်းများကို အပြည့်အဝ သင်ကြားပေးရမည် ဖြစ်ပြီး လိုအပ်လာပါက လက်ရှိ ပညာသင်နှစ်ကို တိုးချဲ့သွားမည်ဟု ဆိုသည်။

ဆရာအတတ်သင် ကောလိပ်များ၊ သက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၊ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် အထက်တန်း ကျောင်းများ အနေဖြင့် ပညာသင်ကြားချိန်ကို လိုအပ်သလို ချိန်ညှိရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။

ထို့ပြင် ဆရာများကို အချိန်ပြည့် တာဝန်ထမ်းဆောင်စေခြင်း မပြုဘဲ အလှည့်ကျ စနစ်ဖြင့် တာဝန်ထမ်းဆောင်ရန် အကြံပြုထားသည်။

ထို့ပြင် အွန်လိုင်းမှတဆင့် ပညာသင်ကြားနိုင်မည့် အစီအစဉ်ကိုလည်း အကောင်အထည်ဖော်ရန်နှင့် အင်တာနက် လိုင်း အခြေအနေများကို သုံးသပ်ရန် ဝန်ကြီးချုပ်ရုံးက နည်းပညာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို တာဝန်ပေး ထားသည်။

Source: The Nation

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်တက္ကသိုလ်တစ်ခုမှာ ပညာသင်နေကြသူများကိုတွေ့ရစဉ်

အမေရိကန်ရှိ အာရှကျောင်းသားများ၏ အနာဂတ် ရေရာမှုမရှိ

By CNI
CNI
Category: ပညာရေး
Hits: 7086

CNI International News

ဟောင်ကောင်၊ မေလ ၁

အမေရိကန် နိုင်ငံတကာကျောင်းသားများ ဖလှယ်ရေးနှင့် ပညာရေးအစီအစဉ်များအတွက် ရန်ပုံငွေများ ဖြတ်တောက်ခံရမှုနှင့် ဗီဇာ ငြင်းပယ်ခံရမှုများ ရှိနေသည့်အတွက် အမေရိကန်ရှိ အာရှကျောင်းသားများ၏ အနာဂတ်သည် သေချာရေရာမှုမရှိကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

နိုင်ငံတကာမှ ကျောင်းသားများသည် အမေရိကန်တွင် နိုင်ငံရေးအခြေအနေ ပြောင်းလဲမှု၏ ဝဲဂယက်အတွင်း ပိတ်မိနေကြကြောင်း လက်ရှိ အမေရိကန်၏ တက္ကသိုလ်တစ်ခု၌ PhD ဘွဲ့အတွက် ပညာသင်ယူနေသည့် ဂျပန်ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်အစိုးရသည် နိုင်ငံတကာကျောင်းသားများကို ပစ်မှတ်ထားသည့် အနေဖြင့် ကျောင်းသားအဖြစ် သတ်မှတ်ထားသော တရားဝင် အဆင့်အတန်းများကို ဖယ်ရှားပစ်နိုင်မည့် မူဝါဒအသစ်ကို လုပ်ဆောင်နေသည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

မကြာသေးမီ သီတင်းပတ်များအတွင်းက ရှင်းလင်းတင်ပြချက် အနည်းငယ်သာပေးပြီး ကျောင်းသားဆိုသည့် အဆင့်မှ ဖယ်ရှားခံခဲ့ရသော ကျောင်းသားအချို့၏ တရားစွဲဆိုမှုများတွင် အသေးစိတ် အချက်အလက်များ ပေါ်ပေါက်လာခဲ့သည်။

တက္ကသိုလ်ကျောင်းသားနဲ့ ငွေကြေးကို သရုပ်ဖော်ပြထားစဉ်

ပြီးခဲ့သည့်လအတွင်း အမေရိကန်နိုင်ငံတစ်ဝန်းရှိ ပြည်ပကျောင်းသားများသည် လူဝင်မှုနှင့် အကောက်ခွန်ဌာနမှ သိမ်းဆည်းထားသည့် ကျောင်းသားမှတ်တမ်းများထဲမှ ၎င်းတို့၏ မှတ်တမ်းများ ဖယ်ရှားခံခဲ့ရကြောင်း သိရှိခဲ့ ကြသည်။

ထို့ကြောင့် ကျောင်းသားအချို့သည် နေရပ်ပြန်ပို့ခံရခြင်း သိုမဟုတ် ကျောင်းဆက်မတက်တော့ဘဲ မိမိတို့၏ အမိမြေကို ပြန်ရခြင်း အစရှိသည့် အခြေအနေများအတွက် စိုးရိမ်ပူပန်နေကြသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင်မူ ထရမ့် အစိုးရအဖွဲ့၏ ပြည်ပကျောင်းသားများအပေါ် ပစ်မှတ်ထားမှုကို ဆန့်ကျင် သည့် အမှုအခင်းများ ရှိလာခဲ့ပြီး တရားရေးအရ စိန်ခေါ်မှုများ ပေါ်ပေါက်လာပြီးနောက် အစိုးရသည် နိုင်ငံတကာ ကျောင်းသားများ၏ တရားဝင် အဆင့်အတန်းများအား ဖျက်သိမ်းမှုကို နောက်ကြောင်း ပြန်လှည့်သည်။

သို့သော် အနာဂတ်တွင် နိုင်ငံတကာ ကျောင်းသားများ၏ တရားဝင်မှုရှိသည့် အဆင့်အတန်းများနှင့်ပတ်သက်ပြီး ဖျက်သိမ်းမှုများ ပြုလုပ်ရန်အတွက် လမ်းညွှန်ချက်များပါရှိသည့် မူဘောင်တစ်ခု ရေးဆွဲခဲ့သဖြင့် အမေရိကန်ရှိ နိုင်ငံတကာကျောင်းသားများ၏ အနာဂတ်သည် အာမခံချက်မရှိကြောင်းလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။

Source: Nikkei Asia

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
သင်္ချာပြိုင်ပွဲမှာ ကျန်းပင်းကို တွေ့ရစဉ်

သင်္ချာဉာဏ်ကြီးရှင် တရုတ်ကျောင်းသူကို အနိုင်ရစာရင်းမှ ပယ်ဖျက်

By CNI
CNI
Category: ပညာရေး
Hits: 9190

CNI International News

ပေကျင်း၊ နိုဝင်ဘာ ၅

တရုတ်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတော်အဆင့် သင်္ချာပြိုင်ပွဲ၌ ရရှိခဲ့သည့် အမှတ်များကြောင့် ဉာဏ်ကြီးရှင်အဖြစ် ချီးကျူးခံခဲ့ရသော တရုတ်ဖက်ရှင် ကျောင်းသူတစ်ဦးသည် ဆရာတစ်ဦး၏ အကူအညီကို ရယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု CNA မှ ဖော်ပြခဲ့သည်။

ကျန်းပင်း (Jiang Ping) အမည်ရှိ ထိုကျောင်းသူသည် ဝမ်ရူဟွေ့(Wang Ruihui) အမည်ရှိ ၎င်း၏ ဆရာဖြစ်သူ၏ အကူအညီနှင့်အတူ ထိုအမှတ်များ ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတက်ရောက်နေသည့် စာသင်ကျောင်းနှင့် ပွဲစီစဉ် သူများက စစ်ဆေးတွေ့ရှိခဲ့သည်။
ထို့ကြောင့် ကျန်းသည် ထိုပြိုင်ပွဲတွင် ဆုကို အနိုင်မရကြောင်း ပြောကြားခဲ့သည်။

ကျန်စု (Jiangsu) ပြည်နယ်ရှိ Lianshui Secondary Vocational စာသင်ကျောင်းက ဆရာဖြစ်သူ ဝမ်ကို ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး သတိပေးခဲ့ကာ ယခုနှစ်အတွက် ဆရာများကို ပေးသည့်ဆု ရရှိသူစာရင်းမှ ပယ်ဖျက် ခဲ့သည်။

ကျန်းပင်းသည် Alibaba Global Mathematics Competition အမည်ရှိ သင်္ချာပြိုင်ပွဲ၏ အကြို အရည်အချင်းစစ် စာမေးပွဲတွင် အခြားနာမည်ကြီး ကျောင်းများမှ ရာနှင့်ချီသည့် ပြိုင်ပွဲဝင်များကို အနိုင်ယူပြီး အဆင့် ၁၂ ချိတ်ခဲ့ပြီး နောက် ဇွန်လအတွင်း နိုင်ငံတစ်ဝန်း လူသိများထင်ရှားလာသူဖြစ်သည်။

သင်္ချာပြိုင်ပွဲမှာ ကျန်းပင်းကို တွေ့ရစဉ်

ထိုသင်္ချာပြိုင်ပွဲကို တရုတ်၏ ဟန်ကျိုး (Hangzhou) မြို့ရှိ Alibaba’s Damo အကယ်ဒမီတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပြီး ကမ္ဘာတစ်ဝန်းမှ ထိပ်တန်းကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသားများ လာရောက် ယှဉ်ပြိုင်လေ့ရှိသည်။

ပြိုင်ပွဲဝင်သည့် အချိန်က အသက် ၁၇ နှစ် အရွယ်သာရှိသေးသည့် ကျန်းပင်းသည် ကြီးမားသော အောင်မြင်မှုကို ရယူရန် သာမန်ပညာရေး နောက်ခံ အသိုင်းအဝိုင်းကို ကျော်လွန်နိုင်ခဲ့သူအဖြစ် ဥပမာပေး တင်စားခံခဲ့ရသူဖြစ် သည်။

သို့သော် ပြိုင်ပွဲရလဒ်များကို ကျန်းပင်း၏ ရမှတ်များနှင့် သင်္ချာ အရည်အချင်းအား အခြားပြိုင်ပွဲဝင်များက မေးခွန်း ထုတ်ခဲ့ကြပြီး စေ့စေ့စပ်စပ် စစ်ဆေးခံရချိန်တွင် တရုတ်တစ်နိုင်ငံလုံးက ထိုစစ်ဆေးမှုကို အာရုံစိုက်လာခဲ့ကြသည်။

ပွဲစီစဉ် ကျင်းပသည့် ကော်မတီနှင့် ဖိုင်နယ်ကို ရောက်ရှိခဲ့သည့် ပြိုင်ပွဲဝင် ၃၉ ဦး၏ ပူးတွဲထုတ်ပြန်ချက်တွင်မူ ကျန်းပင်းသည် ကျောက်သင်ပုန်းပေါ်တွင် သင်္ချာပုစ္ဆာများကို ဖြေရှင်းချိန်၌ အမှားအချို့အား ရေးသားခဲ့သည်ကို တွေ့ရကြောင်း Alibaba’s Damo အကယ်ဒမီက ထုတ်ပြန်သည့် မှတ်တမ်းဗွီဒီယိုမှာ ဖော်ပြထားသည်ဟု ဆို သည်။

ထို့နောက် ကျန်းပင်းသည် ပြိုင်ပွဲစည်းကမ်းများကို ချိုးဖောက်ကာ ဆရာဖြစ်သူ ဝမ်ထံမှ အကူအညီများကိုယူပြီး ပုစ္ဆာများအား ဖြေရှင်းခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ပွဲစီစဉ်သည့် ကော်မတီက နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့တောက် ကျန်းပင်းနှင့် ဝမ်တို့ကို ဆုရရှိသူများစာရင်းမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

Source: CAN

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
စင်္ကာပူက ကျောင်းသူ/သားများကို တွေ့ရစဉ်

စင်္ကာပူတွင် စာသင်ကျောင်းများ၌ AI နည်းပညာကို သင်ကြား

By CNI
CNI
Category: ပညာရေး
Hits: 4350

CNI International News

စင်္ကာပူ၊ မေလ ၉

စင်္ကာပူနိုင်ငံတွင် စာသင်ကျောင်း ၃၃ ကျောင်းမှာ AI နည်းပညာကို သင်ရိုးညွှန်းတန်း၌ ထည့်သွင်းသင်ကြားသည့် ၂ နှစ်ကြာ ရှေ့ပြေးစီမံကိန်းကို အကောင်အထည် ဖော်ခဲ့ပြီးနောက် ပညာရေးဝန်ကြီးဌာနက နိုင်ငံတစ်ဝန်းရှိ အစိုးရ ပိုင် မူလတန်းကျောင်းများတွင် သင်္ချာဘာသာရပ် သင်ကြားမှုအတွက် AI  နည်းပညာကို ထည့်သွင်းသင်ကြားခဲ့ ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထို့ပြင် ပညာရေးဝန်ကြီးဌာနသည် အင်္ဂလိပ်စာ ကဲ့သို့သော အခြားဘာသာရပ်များတွင်လည်း  AI နည်းပညာကို ထည့်သွင်းသင်ကြားရန် ပြင်ဆင်လျက်ရှိသည်။

ပညာရေးကဏ္ဍတွင် AI နည်းပညာကို ထည့်သွင်းအသုံးပြုမှုအား မြှင့်တင်သည့် အခြေခံမူဝါဒအရ ပညာရေးဝန်ကြီး ဌာနသည် နည်းပညာဖြင့် ပြောင်းလဲဆန်းသစ်နေသော ကမ္ဘာကြီးအတွက် ကျောင်းသားများကို ပြင်ဆင်မှုများ ရှိစေရန် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

AI နဲ့ ပညာရေးကို ညွန်းပြနေစဉ်

သဘာဝသယံဇာတမရှိဘဲ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်ပကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုကို မှီခိုနေရသည့် စင်္ကာပူနိုင်ငံမှာ ပညာရေးသည် သေရေးရှင်ရေးတမျှ အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေသည်။

ပညာရေးတွင် AI နည်းပညာကို ထည့်သွင်းခြင်းသည် ၂၀၁၉ ခုနှစ်က စတင်ကြေညာခဲ့သည့် နိုင်ငံတော်အဆင့် AI ပရောဂျက် ၅ ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။

စင်္ကာပူသည် ပညာရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က လုပ်ဆောင်သည့် နိုင်ငံတကာ ကျောင်းသားများ အကဲဖြတ်ချင့်တွက်မှု အစီအစဉ် (Pisa) ၏ နိုင်ငံတကာ စာမေးပွဲများတွင် ထိပ်သီးနိုင်ငံစာရင်း ဝင်ခဲ့သည်။

သုံးနှစ်လျင် တစ်ကြိမ်ပြုလုပ်သည့် ပြီးခဲ့သည့်နှစ်က နိုင်ငံတကာစာမေးပွဲ ရလဒ်များတွင် အသက် ၁၅ နှစ်အရွယ် စင်္ကာပူကျောင်းသားများ ဝင်ရောက်ဖြေဆိုခဲ့ရာ၌ စင်္ကာပူနိုင်ငံသည် သင်္ချာ၊ စာဖတ်စွမ်းရည်နှင့် သိပ္ပံဘာသာရပ်တို့ တွင် နိုင်ငံပေါင်း ၈၁ နိုင်ငံအကြား ထိပ်သီးနေရာမှ ရပ်တည်နိုင်သည့် ရလဒ်များ ထွက်ပေါ်ခဲ့သည်။

စင်္ကာပူက ကျောင်းသူ/သားများကို တွေ့ရစဉ်

ထို့နောက် စင်္ကာပူပညာရေးဝန်ကြီးဌာနက AI နည်းပညာမှတဆင့် မတူကွဲပြားသည့် ပညာသင်ကြားမှုပုံစံဖြင့် ကျောင်းသားများ၏ ပညာရေးကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျောင်းသားများ၏ အောင်မြင်မှုအဆင့်ကို ယခုထက်ပိုပြီး တိုးတက်စေရန် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

“ဒီကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေရဲ့ အတွေ့အကြုံက အခြားကျောင်းတွေက ကျောင်းသား တွေရဲ့ အတွေ့အကြုံနဲ့ ကွဲပြားနိုင်ပါတယ်” ဟု AI နည်းပညာကို ထည့်သွင်းသင်ကြားသည့် ၂ နှစ်ကြာ ရှေ့ပြေး စီမံကိန်းတွင် ပါဝင်ခဲ့သည့် စာသင်ကျောင်း ၃၃ ကျောင်းထဲမှ Lakeside ကျောင်း၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာန၏ အကြီးအကဲ ချန်းကွတ်ဟောင် (Chan Kok Hong) က ပြောကြားခဲ့သည်။

စင်္ကာပူသည် ၂၀၂၀ ပြည့်နှစ် AI မူဘောင်ကို ပြန်လည်စိစစ်သုံးသပ်ပြီး ယခုနှစ် ဇန်နဝါရီလတွင် AI နှင့်ပတ်သက် သည့် အုပ်ချုပ်ပုံ မူဘောင် မူကြမ်းတစ်ခုကို ထုတ်ပြန်ခဲ့သည်။ ယခုနှစ်ကုန်ပိုင်းတွင် ထိုမူဘောင်ကို အကောင် အထည် ဖော်မည်ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်းကျောင်းသူများကိုတွေ့ရစဉ်

ထိုင်းတွင် အပူချိန်မြင့်တက်၍ စာသင်ကျောင်းများ ပိတ်ပင်ရန် အဆိုပြု

By CNI
CNI
Category: ပညာရေး
Hits: 8927

CNI International News

ဘန်ကောက်၊ မေလ ၆

ထိုင်းနိုင်ငံရှိ အခြေခံပညာရေးကော်မရှင်၏ အတွင်းရေးမှူးချုပ်က ရာသီဥတု အလွန်ပူပြင်းသည့် ရက်များတွင် စာသင်ကျောင်းများသို့ တက်ရောက် ပညာသင်ယူမှုများကို ဆိုင်းငံ့ရန် စာသင်ကျောင်းစီမံခန့်ခွဲမှုဌာနများသို့ အကြံပြုခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ကော်မရှင်၏ ကြီးကြပ်မှုအောက်ရှိ စာသင်ကျောင်းအားလုံး၏ စီမံခန့်ခွဲရေးဌာနများအနေဖြင့် အလွန်ပူပြင်းသော ရာသီဥတုသည် အပူလျှပ်သည့် အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ခြင်းကြောင့် ကျောင်းသား/သူများနှင့် ဆရာ/ဆရာမ များ၏ ဘေးကင်းလုံခြုံရေးအတွက် ထိုမူဝါဒကို အကောင်အထည်ဖော်သင့်သည်ဟု ကော်မရှင်အတွင်းရေးမှူးချုပ် သာနူဝေါင်ချင်ဒါ(Thanu Wongchinda)က ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ပညာသင်နှစ် စတင်မည့် ယခုလဝက်တွင် နိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် အလွန်ပူပြင်းသည့် ရာသီဥတု ကြုံတွေ့ခံစားရဖွယ်ရှိသည်ဟု ၎င်းက ဆိုသည်။

ရာသီဥတု အလွန်ပူသည့် နေ့များတွင် ကျောင်းစီမံခန့်ခွဲရေးဌာနအနေဖြင့် ကျောင်းပြင်ပ လှုပ်ရှားမှုများကို ဆိုင်းငံ့ သင့်ကြောင်းနှင့် လုံလောက်သော သောက်သုံးရေများကို ထောက်ပံ့ပေးသင့်ကြောင်း အကြံပြုထားသည်။

ထိုင်းက ဆရာမနဲ့ ကျောင်းသားကို တွေ့ရစဉ်

ထို့ပြင် လျှပ်စစ်ဝါယာကြိုးများနှင့် လျှပ်စစ်အသုံးအဆောင် ပစ္စည်းများ၏ အခြေအနေကို စစ်ဆေးသင့်သည်ဟု ပြောသည်။

စာသင်ကျောင်းများသို့ တက်ရောက် ပညာသင်ယူမှုများကို ဆိုင်းငံ့နိုင်ပြီး ယင်းအစား အွန်လိုင်းမှ ပညာသင်ကြား ရေးကို အကောင်အထည် ဖော်သင့်သည်ဟု မစ္စတာသာနူက ပြောကြားခဲ့သည်။

ကျောင်းဝန်ထမ်းများအနေဖြင့် ရပ်နားထားသည့် မော်တော်ယာဉ်များအတွင်း ပိတ်မိနေသော ကျောင်းသားများ ရှိ/မရှိ မော်တော်ယာဉ်များကို စစ်ဆေးသင့်ကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။

ကမ္ဘာကြီး ပူနွေးမှုကြောင့် ဘန်ကောက်တွင် အပူဆုံးကာလသည် နှစ်စဉ်မတ်လမှ မေလအတွင်း ၁၇ ရက်မှ ရက်ပေါင်း ၈၀ အထိ တိုးမြင့် ကြာနိုင်ခြေရှိသည်ဟု ရာသီဥတုအရေး ကျွမ်းကျင်ပညာရှင် တွဲဖက်ပါမောက္ခ ဆီရီဆူပရာတစ်(Seree Supratid)က facebook တွင် ရေးသားခဲ့သည်။

Source: ဘန်ကောက်ပို့စ်

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
တရုတ်ကလေးငယ်များကို စစ်သင်တန်း သင်ပေးနေစဉ်

တရုတ်က စာသင်ကျောင်းများတွင် စစ်သင်တန်းများ ထည့်သွင်းရန် စီစဉ်

By CNI
CNI
Category: ပညာရေး
Hits: 9275

CNI International News

ဘေကျင်း၊ မေလ ၃

တရုတ်သည် အမျိုးသားကာကွယ်ရေး ပညာရေးဥပဒေအား စိစစ်ပြင်ဆင်မှုကို စတင်လုပ်ဆောင်နေပြီး  တက္ကသိုလ်များ၊ အထက်တန်းကျောင်းများနှင့် အလယ်တန်းကျောင်းများတွင် စစ်သင်တန်းများ ထည့်သွင်း သင်ကြားပေးရန် ရည်ရွယ်ထားသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ကြောင်း VOA အင်္ဂလိပ်ပိုင်းမှ ဖော်ပြခဲ့ သည်။

အဆိုပြုထားသည့် ထိုအပြောင်းအလဲများသည် မူလတန်းကဲ့သို့ ငယ်ရွယ်သော ကျောင်းသားများမှစပြီး ကာကွယ်ရေးပညာရေးကို တိုးမြှင့်ရန် စီစဉ်နေခြင်း ဖြစ်သည်။

နိုင်ငံပိုင်မီဒီယာ၏ ဖော်ပြချက်များတွင် တရုတ်အမျိုးသား ပြည်သူ့လွှတ်တော်၏ အမြဲတမ်းကော်မတီသည် ပြီးခဲ့သည့် သီတင်းပတ်က ပညာရေးဥပဒေ၏ စိစစ်တည်းဖြတ်မှုများကို ပထမအကြိမ် ဖတ်ကြားခဲ့ကြောင်း သိရသည်။

ထိုအပြောင်းအလဲများနှင့် ပတ်သက်ပြီး မေလကုန်ပိုင်းတွင် လူထု၏ သဘောထားအမြင်ကို မှတ်ချက်ပေးခွင့် ပြုမည်ဖြစ်သော်လည်း ထိုဥပဒေခွင့်ပြုရေးနှင့် ပတ်သက်ပြီး အချေအတင် ငြင်းခုန်မှုများ ရှိလာလိမ့်မည် မဟုတ် ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

တရုတ်ကလေးငယ်များ စစ်ရေးပညာကို လေ့လာနေကြစဉ်

ယခင် ပညာရေးဥပဒေနှင့် မတူသည့် အချက်မှာ အဆိုပြုထားသော အပြောင်းအလဲများအရ အထက်တန်းကျောင်း နှင့် ထိုထက်မြင့်သည့် ပညာရေးကို သင်ကြားနေသော ကျောင်းသားများသည် စာသင်ကျောင်းများ၌ အခြေခံ စစ်သင်တန်းများကို သင်ယူရမည်ဖြစ်သည်။

အငယ်တန်း အထက်တန်း ကျောင်းသားများသည်လည်း စစ်သင်တန်းများ သင်ကြားရမည်ဖြစ်ကြောင်း ဥပဒေစိစစ်ပြင်ဆင်မှုများတွင် ဖော်ပြထားသည်။

တရုတ်ကွန်မြူနစ်ပါတီ အာဏာပိုင်များ၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုစစ်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီး ဌာနတို့သည် ကျောင်းသားများအား စစ်သင်တန်းများ သင်ကြားပေးမှုကို တာဝန်ယူပြီး ဦးစားပေး လုပ်ဆောင်လျက်ရှိသည်။

ဥပဒေပြင်ဆင်မှုများတွင်  ကျောင်းသားများအား စစ်သင်တန်းပေးရန် ဒေသခံ စစ်စခန်းများနှင့် ဗဟိုအာဏာပိုင် များအနေဖြင့် ဦးတည်ချက်ကို ပိုမိုခိုင်မာစေရန်၊ ကြီးကြပ်ကွပ်ကဲမှုကို မြှင့်တင်ရန် တိုက်တွန်းထားသည်။

နိုင်ငံပိုင်မီဒီယာကလည်း ဥပဒေပြင်ဆင်မှုနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်အချို့ကို ထုတ်ပြန်ခဲ့ပြီး ထိုအပြောင်းအလဲများသည် ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး တရုတ်၏ လူ့အဖွဲ့အစည်းအတွက် အမျိုးသားကာကွယ်ရေးဆိုင်ရာ သတိရှိစေရေးအတွက်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

Source: VOA

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘိုင်ဒန်ကို တွေ့ရစဉ်

ကျောင်းသားများ၏အကြွေး ၁ ဒသမ ၂ ဘီလျံကို ဘိုင်ဒန် ပယ်ဖျက်ပေး

By CNI
CNI
Category: ပညာရေး
Hits: 8519

CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၃

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က ၎င်း၏ အစိုးရအဖွဲ့သည် ပညာသင်စရိတ်ချေးငွေ သို့မဟုတ် ကျောင်းသားချေးငွေ (Student loan) ထဲမှ လူပေါင်း ၁၅၃,၀၀၀ ၏ ချေးငွေ စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ တန်ကြေးရှိ အကြွေးများကို ချေဖျက်ပေးကြောင်း ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန်များအကြား ပြိုင်ဆိုင်မှုပြင်းထန်သည့် မဲယိမ်းပြည်နယ်ဖြစ်သည့် ကယ်လီဖိုးနီး ယား (California) ပြည်နယ်တွင် ၃ ရက်ကြာ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သည့် ဘိုင်ဒန်သည် ထိုကြေညာချက် ကို ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကျောင်းသားများ၏ ချေးငွေအကြွေး ဒေါ်လာ ၄၃၀ ဘီလျံကို ချေဖျက်ပေးမည့် အစီအစဉ်ကို တရားရုံးချုပ်က ပိတ်ပင်ခဲ့ပြီးနောက် ဘိုင်ဒန်သည် ကျောင်းသားများ၏ အကြွေးပြဿနာကို ဖြေရှင်းပေးရန် အခြားနည်းလမ်းများ ရှာဖွေသွားမည်ဟု ပြီးခဲ့သည့်နှစ်က ကတိပြုခဲ့သည်။

“ကောလိပ်ကရတဲ့ ဘွဲ့လက်မှတ်ဟာ ပိုမိုကောင်းမွန်တဲ့ ဘဝကိုရရှိဖို့ အာမခံ လက်မှတ်တစ်ခု ဖြစ်နေပါတယ်။ အဲဒီ လက်မှတ်ကလည်း အရမ်းစျေးကြီးနေပါတယ်။ အမေရိကန်နိုင်ငံသား အများစုဟာ ကောလိပ်က ဘွဲ့တစ်ခုရဖို့ အတွက် အကြွေးတွေနဲ့ လုံးပမ်းနေရပါတယ်”ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

ကျောင်းသားများ အကြွေးပေးဖျက်ဖို့ တောင်းဆိုနေကြစဉ်

ယခုထုတ်ပြန်ခဲ့သည့် ကြေညာချက်သည် ဒေါ်လာ ၁၂,၀၀၀ နှင့် ထိုပမာဏအောက် ချေးငွေရယူထားသူများ၊ ၁၀ နှစ်အတွင်း ချေးငွေပြန်ဆပ်ရမည့်သူများနှင့် SAVE ဟု လူသိများသည့် ချေးငွေပြန်လည်ပေးဆပ်ရေး အစီအစဉ် တွင် ပါဝင်သူအားလုံးအပေါ် အကျုံးဝင် သက်ရောက်ခဲ့သည်။

ထိုအစီအစဉ်သည် ဘွဲ့ကြိုပညာရေးကောလိပ်များနှင့် ချေးငွေပမာဏ နည်းပါးသည့် ကျောင်းသားများအတွက် အထူး အထောက်အကူ ပြုစေမည်ဖြစ်ပြီး ကျောင်းသားများအတွက် အကြွေးကင်းစင်မည့် ဘဝကို ယခင်ကထက် ပိုမိုလျင်မြန်စွာ ရရှိနိုင်မည်ဖြစ်သည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

ဘိုင်ဒန် အစိုးရအဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး SAVE ချေးငွေ အစီအစဉ်အရ အကျိုးခံစားခွင့်ရရှိမည့် ချေးငွေ ရယူထားသူအချို့အား ချေးငွေများ ချေဖျက်ပေးမည့် အကြောင်းကို အီးမေးလ်များ စတင်ပို့ပေးခဲ့သည်ဟု ဆိုသည်။

ချေးငွေများ ချေဖက်ပေးမှုကို ဇူလိုင်လ အစတွင် အကောင်အထည်ဖော်ရန် မူလက အစီအစဉ် ရေးဆွဲခဲ့သော်လည်း ပြီးခဲ့သည့်လအတွင်း ဘိုင်ဒန်အစိုးရအဖွဲ့သည် စီစဉ်ထားသည့် ကာလထက် ၆ လစောပြီး ဖေဖော်ရီလတွင် အကောင်အထည်ဖော်မည်ဟု အမေရိကန်အစိုးရက ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကလေးငယ်များ ငိုနေကြစဉ်

နတ်ရှ်ဗဲလ်မူလတန်းကျောင်း ပစ်ခတ်မှုတွင် ကလေးသုံးဦး၊ လူကြီးသုံးဦးသေဆုံး

By CNI
CNI
Category: ပညာရေး
Hits: 4777

CNI International News

နတ်ရှ်ဗဲလ်၊ မတ်လ ၂၈

အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ် (Tennessee)၊ နတ်ရှ်ဗဲလ် (Nashville) မြို့ရှိ မူလတန်း ကျောင်းတစ်ခုသို့ အမျိုးသမီးတစ်ဦး ဝင်ရောက်ပစ်ခတ်ခဲ့ရာ ကလေးသုံးဦးနှင့် လူကြီးသုံးဦး သေဆုံးခဲ့သည်ဟု အမေရိကန်အရာရှိ များက ပြောကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြသည်။

ပစ်ခတ်မှုသည် တနင်္လာနေ့ မနက်ပိုင်းက The Covenant ကျောင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကလေးငယ်သုံးဦးသည် ကိုးနှစ်အရွယ်ခန့်ရှိကာ သေနတ်ဒဏ်ရာများ ရရှိခဲ့ပြီး Monroe Carell Jr ကလေးဆေးရုံ သို့ ရောက်ရှိချိန်တွင် သေဆုံးနေခဲ့ပြီဟု အရာရှိများက ပြောသည်။

လူကြီးသုံးဦးသည် အသက် ၆၀ ကျော် အရွယ်များဖြစ်ကာ ၎င်းတို့သည် ကျောင်းနှင့် မည်သို့ ပတ်သက် နေသည် ကိုတော့ မသိရသေးပေ။

ပစ်ခတ်မှုအတွက် သံသယရှိသူသည် အသက် ၂၈ နှစ်အရွယ် နတ်ရှ်ဗဲလ်ဒေသခံ အူဒရေး ဟေလီ (Audrey Hale) ဆိုသူဖြစ်ကာ သူမသည် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရသည်ဟု နတ်ရှ်ဗဲလ်ရဲတပ်ဖွဲ့က တနင်္လာနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

ကျောင်းတွင်းပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့လုံခြုံရေးလုပ်နေစဉ်

ဟေလီသည် ရိုင်ဖယ်တစ်လက်၊ ပစ္စတိုတစ်လက်၊ ခြောက်လုံးပြူး သေနတ်တို့ ကိုင်ဆောင်ကာ ကျောင်းတံခါးကို ပစ်၍ အဆောက်အဦအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ သူမတွင် ကျောင်း၏ နေရာ အသေးစိတ်များကို ဖော်ပြ ထားသည့် မြေပုံများလည်း ရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဟေလီသည် ထိုကျောင်း၏ ကျောင်းသူဟောင်း တစ်ဦးဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယူဆထားကာ သူမသည် လိင်ပြောင်းလဲထားသူ ဖြစ်သည်ဟု ရဲအရာရှိ ဂျွန်ဒရေ့စ် (John Drake ) က ပြောသည်။

ပစ်ခတ်မှုသည် ကျောင်း၏ လော်ဘီဧရိယာတွင် ဖြစ်ပွားခဲ့ကြောင်း၊ စာသင်ခန်းအတွင်း မဟုတ်ကြောင်းလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပစ်ခတ်မှုပြီးနောက် ရဲကားများ အစောင့်အရှောက်ဖြင့် ကလေးငယ်များ တစ်ဦးနှင့်တစ်ဦး လက်ချင်းတွဲကာ ကျောင်းအတွင်းမှ ထွက်လာသည်ကို မြင်တွေ့ရသည်။

၎င်းတို့ကို အနီးအနားရှိ ဘုရားကျောင်း တစ်ခုအတွင်းသို့ ရွှေ့ပြောင်းကာ မိဘများထံ အပ်နှံပေးခဲ့ခြင်း ဖြစ်သည်။

သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း နတ်ရှ်ဗဲလ်မြို့တော်ဝန် ဂျွန်ကော့ပါး (John Cooper) က ပြောဆိုခဲ့ ပြီး မြို့သည် ဆိုးရွား၍ ကြောက်စရာကောင်းသော ကျောင်းတွင်းပစ်ခတ်မှု ဖြစ်ပွားရာ နေရာများ စာရင်းသို့ ဝင်ရောက်ခဲ့ပြီဟု လူမှုကွန်ယက်တွင် ရေးသားထားသည်။

ကလေးများ လက်ချင်းချိတ်၍ လုံခြုံသည့်နေရာကို သွားနေကြစဉ်

အမေရိကန်တွင် ကျောင်းတွင်း ဝင်ရောက်ပစ်ခတ်မှုများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။

တနင်္လာနေ့က ဖြစ်စဉ် အပါအဝင် အမေရိကန်၌ ယခုနှစ်အတွင်း အကြီးစား ပစ်ခတ်မှုပေါင်း အနည်းဆုံး ၁၂၈ ခု ရှိပြီဟု Gun Violence Archive အဖွဲ့က ပြောသည်။ ထိုအဖွဲ့သည် ထိခိုက်သူ လေးဦးနှင့် အထက် ပါဝင်သော ဖြစ်ရပ်များကို အကြီးစား ပစ်ခတ်မှုများဟု သတ်မှတ်သည်။

Source: အယ်ဂျာဇီးယား

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
  1. You are here:  
  2. Home
  3. နိုင်ငံတကာသတင်း
  4. ပညာရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar