CNI International News
ဘန်ကောက်၊ ဇူလိုင် ၈
ယခုနှစ်(၂၀၂၆ ခုနှစ်) ဇန်နဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၄ ရက်အတွင်း ပြည်ပခရီးသွားဧည့်သည် ၁၆ ဒသမ ၂၁ သန်း ကျော်သည် ထိုင်းသို့ လာရောက်ခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
အဆိုပါ ပြည်ပခရီးသွား ဝင်ရောက်မှုကြောင့် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဘတ် ၇၈၂ ဒသမ ၅၇ ဘီလျံ ရရှိခဲ့ကြောင်း ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။
နောက်ဆုံးရရှိသော အချက်အလက်များအရ ထိုကာလအတွင်း ထိုင်းနိုင်ငံသို့ နိုင်ငံတကာခရီးသွား ၁၆ ဒသမ ၂၁ သန်းကျော်(၁၆,၂၁၀,၈၉၀ ဦး) ဝင်ရောက်ခဲ့ကြောင်း၊ ထိုပမာဏသည် ပြီးခဲ့သည့်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ် ပါက ၃ ဒသမ ၁၁ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ခရီးသွားလာရေးနှင့် အားကစားဝန်ကြီး ဆူရာဆတ် ဖန်ချာရွန် ဝိုရာကူလ် (Surasak Phancharoenworakul) က ပြောကြားခဲ့သည်။
သို့သော် လူဝင်မှုကြီးကြပ်ရေးဗျူရိုထံမှ အချက်အလက်များကို စောင့်ဆိုင်းနေရဆဲ ဖြစ်သောကြောင့် ယခုဖော်ပြပါ ကိန်းဂဏန်း အချက်အလက်များသည် အပြောင်းအလဲ ရှိလာနိုင်သေးကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှာ ပြည်ပခရီးသွားများကို တွေ့ရစဉ်
တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွား ဝင်ရောက်မှု အများဆုံးနိုင်ငံအဖြစ် ၂ ဒသမ ၆၄ သန်းကျော် (၂,၆၅၄,၇၂၈ ဦး)ဖြင့် ဆက်လက် ရပ်တည်နေပြီး၊ တရုတ်၏ နောက်တွင် မလေးရှားနိုင်ငံမှ ၂ ဒသမ ၁၀ သန်းကျော် (၂,၁၀၉,၉၅၆ ဦး)၊ အိန္ဒိယနိုင်ငံမှ ၁ ဒသမ ၂၃ သန်းကျော်(၁,၂၃၉,၀၂၃ ဦး)၊ ရုရှားနိုင်ငံမှ ၁ ဒသမ ၀၂ သန်းကျော် (၁,၀၂၂,၄၈၃ ဦး)နှင့် တောင်ကိုရီးယားနိုင်ငံမှ ၆ သိန်းဝန်းကျင်(၅၉၆,၆၇၃ ဦး)ဖြင့် အစဉ်လိုက် ရပ်တည်နေသည်။
ပြည်ပခရီးသွားများ၏ သုံးစွဲမှုများမှတဆင့် ဘတ် ၇၈၂ ဒသမ ၅၇ ဘီလျံအထိ ရှာဖွေပေးနိုင်ခဲ့ပြီဖြစ်သဖြင့် ခရီးသွား လုပ်ငန်းသည် ထိုင်းစီးပွားရေးကို မောင်းနှင်ပေးသည့် အဓိကကဏ္ဍအဖြစ် ပိုမိုခိုင်မာစေကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင် ၄ ရက်နေ့အထိ သီတင်းပတ်အတွင်း ခရီးသွားကဏ္ဍသည် နွေရာသီကျောင်းပိတ်ရက်၊ အားလပ်ရက် ရာသီကြောင့် ပိုမိုမြင့်တက်လာမည့် အခြေအနေရှိခဲ့သည်။
ထို သီတင်းပတ်အတွင်း ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည် ၅ သိန်းကျော်(၅၃၃,၆၉၇ ဦး) ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။
ထိုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံသို့ ခရီးသွားအများဆုံး ဝင်ရောက်ခဲ့သည့် ထိပ်သီးနိုင်ငံများထဲတွင် တရုတ် နိုင်ငံက ၈၃,၄၉၂ ဦးဖြင့် ဦးဆောင်နေပြီး၊ တရုတ်၏ နောက်တွင် မလေးရှားနိုင်ငံမှ ၇၈,၃၀၆ ဦး၊ အိန္ဒိယနိုင်ငံမှ ၃၂,၆၅၇ ဦး၊ ထိုင်ဝမ်မှ ၂၀,၆၂၅ ဦးနှင့် သြစတြီးယားနိုင်ငံမှ ၂၀,၄၉၈ ဦးဖြင့် အစဉ်လိုက် ရပ်တည်နေသည်။
Source: The Nation
