- By CNI
- Category: နိုင်ငံရေး
- Hits: 245
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄
သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်လက်ထက် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်၏ အခန်းကဏ္ဍသည် မည်မျှအရေးပါသလဲ ဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပ နိုင်ငံရေးအသိုင်းအဝန်းများကြား သုံး သပ်လျက်ရှိသည်။
တရုတ်သည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA)တို့အပေါ် ဩဇာလွှမ်းမိုးမှုရှိ မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လုပ်နိုင်ရေး ကြားဝင်စေ့စပ်ပေးလျက်ရှိသည်။
အလားတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကိုလည်း မြန်မာ့တပ်မတော်နှင့် တွေ့ဆုံ ဆွေးနွေးရန် တိုက်တွန်း လျက်ရှိသည်။
လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးအပေါ်တွင် တရုတ်၏ သြဇာသည် အပြည့်အဝ မသက်ရောက်သော်လည်း လက်နက်ခဲယမ်း၊ ရိက္ခာ၊ စက်သုံးဆီ အစစအရာရာသည် တရုတ်အား ကျောထောက်နောက်ခံ ပြုနေရသော ကြောင့် ရေရှည်ဆိုလျှင် တရုတ်နှင့် ကင်းကွာပြီး ရပ်တည်၍ မရနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

UWSA နဲ့ NSPNC တွေ့ဆုံ ဆွေးနွေးကြစဉ်
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် အဓိကအားဖြင့် နယ်စပ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများ၏ လုပ်ဆောင်ချက်များ အပေါ်တွင်လည်း မူတည်ကြောင်း၊ အစိုးရသစ် အနေဖြင့် တရုတ်-အိန္ဒိယတို့နှင့် ငြိမ်းချမ်းရေး ဆိုင်ရာ အသေးစိတ် ညှိနှိုင်းချက်များ လုပ်ဆောင်သင့်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန် လက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နယ်စပ်မှာ ဆက်စပ်နေတဲ့ နိုင်ငံကြီးတွေရဲ့ လုပ်ဆောင်ချက်အပေါ်မှာ မူတည်တယ်။ ကျနော်တို့ရဲ့ Peace Process က အများကြီး စကားပြောတယ်။ ဥပမာ-အိန္ဒိယ ဖိဖိစီးစီး လုပ်လိုက်တာနဲ့ CNF တို့က ရပ်တည်လို့ မရ ဘူး။ AA လည်း ရပ်တည်ရ ခက်သွားမယ်။ ဒီလိုပဲ ဒီဘက်မှာ တရုတ်ဘက်က ဖိဖိစီးစီး လုပ်လိုက်တာနဲ့ ခုနက ကျနော်ပြောတဲ့ လက်နက်လမ်းကြောင်း တစ်ခုပဲ ဖြတ်လိုက်အုံး။ စစ်ပွဲတစ်ပွဲ တိုက်ဖို့အတွက် ရိက္ခာလမ်းကြောင်း တွေ ဖြတ်ချလိုက်အုံး။ ဒါဟိုဘက်က ဖြတ်တာနော် ကိုယ့်ဘက်က မလုပ်သေးဘူး။ အဲဒါတောင် ရပ်တည်ဖို့ စစ်ပွဲ တစ်ပွဲတိုက်ဖို့ မလွယ်ဘူးလေ။ ဒါတွေ ဘယ်ကရလဲဆိုတဲ့ဟာက ကျနော်တို့က ဒီအဖြေကို စဉ်းစားဖို့လိုတယ်။ ဆိုတော့ Peace Process မှာ သိပ်အရေးကြီးတယ်၊ တကယ် ငြိမ်းချမ်းချင်တယ်ဆိုရင် တရုတ်နဲ့ငြိမ်းချမ်းရေး ဆိုင်ရာ ဆွေးနွေးပွဲတွေ ဘယ်လိုသွားမလဲဆိုတဲ့ အသေးစိတ် ညှိနှိုင်းချက်တွေ နောက် အိန္ဒိယနဲ့ အသေးစိတ် ညှိနှိုင်းချက်တွေ လုပ်ကိုလုပ်ရမှာ။ လုပ်လဲလုပ်နေပါလိမ့်မယ် ကျနော်ထင်တာ၊ ကျနော်ကတော့ ခန့်မှန်းပြောတာ ပေါ့နော်။ တကယ်တမ်း တိုင်းပြည် ဦးဆောင်တဲ့ အစိုးရဆိုရင် ဒါ မဖြစ်မနေလုပ်ရမှာ ငြိမ်းချမ်းရေးကို တကယ် သွားတော့မယ်ဆိုရင် ဒါက Top-Down ပေါ့ အပေါ်ကနေ အောက်ကို ဆင်းတဲ့အလုပ်ဗျ။ အပေါ်က လုပ်ရမယ့် အလုပ်။ ဆိုလိုတာ အပေါ်ထပ် အဆောက်အအုံက ဆောင်ရွက်ရမယ့်အလုပ် ဒီလိုပဲ အောက်ခြေ Foundation အဆောက်အအုံလုပ်ရမှာ သပ်သပ်ရှိတယ် နိုင်ငံရေးအရ အကောင်အထည်ဖော်ရမှာ။ ဒါမျိုးတွေ ကျနော်တိုက အများကြီး စဉ်းစားရမှာ အဲဒါကို ကျနော် ပြောချင်တာ”ဟု ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ငြိမ်းချမ်းစေချင်သည့် စိတ်စေတနာရှိသလို တစ်ဖက်တွင်လည်း မြန်မာနိုင်ငံကို ကစားနေသည့် အနေအထားရှိကြောင်း၊ တရုတ်သည် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် သြဇာလွှမ်းမိုးမှုကို အသုံးချပြီး မြန်မာ့ပြည်တွင်းရေးတွင် ဆက်လက် ပါဝင်နိုင်မည့် အနေအထားမျိုးရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များလည်း အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်သည် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေး ရပြီး ကတည်းကနေ ယနေ့အချိန်ထိ ဖြစ်သည်။

SNA နဲ့ NSPNC တွေ့ဆုံဆွေးနွေးကြစဉ်
တိုင်းရင်းသား လက်နက်ကိုင်များအပေါ်တွင် တရုတ်၏ ဖိအားပေးမှုသည် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်အတွက် အင်မတန် အရေးကြီးသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တိန့်ရှီကျွမ်း လာတုန်းကလား၊ ဝမ်ယိ လာတုန်းကလား ဒီဘက်ကနေမှ တိုင်းရင်းသား လက်နက်ကိုင်တွေ ကို တရုတ်ကနေမှ ကုန်ကြမ်းပစ္စည်းတွေ ဝင်နေတယ်ဆိုဝာာ ပြောလိုက်တာရှိတော့ တရုတ်ဘက်ကနေ ဒီဟာ တွေကို ရပ်လိုက်တယ်။ လုံးဝ နယ်စပ်ဂိတ်တွေ ပိတ်ချပြီး ရပ်ပေးလိုက်တာ ရှိတယ်လေ။ အဲဒီအခြေအနေမှာ တုန်းက "ဝ"တပ်ဖွဲ့အနေနဲ့ ဆိုရင်လည်း တော်တော်ကို ကိုယ်ရှိန်သတ် သွားတယ်ဆိုတာမျိုး တွေ့ရတယ်ပေါ့နော်။ ကျန်တဲ့ တပ်ဖွဲ့တွေလည်း အကုန်လုံး ကိုယ်ရှိန် သတ်သွားတယ်ပေါ့။ ဆိုတော့ ပြောရရင်တော့ အဓိက,ကတော့ တရုတ်ပေါ့နော်။ တရုတ်ရဲ့ ဒီဘက်က လှုပ်ရှားမှုက ပိုပြီးတော့မှ အရေးကြီးတာကို။ အဲဒီဟာနေမှ "ဝ" ဘယ်လို ဖြစ်လာမလဲ။ "ဝ"ရဲ့ နောက်ဆက်တွဲမှာ ကျန်တဲ့တိုင်းရင်းသားတွေ ဘယ်လိုဖြစ်မလဲ ဆိုတဲ့ဟာကတော့ ပိုအရေး ကြီးတာပေါ့။ အဲဒီဟာအပေါ်မှာ မူတည်ပြီးတော့မှ မြင်တွေ့ရတဲ့ ပုံသဏ္ဍာန် အရဆိုရင်တော့ ကျန်တဲ့ဟာ အကုန် လုံး ကိုယ်ရှိန် သတ်သွားတာပဲလေ။ တရုတ်ရဲ့ ဖိအားကြီးကြီးမားမား ပါတယ်ပေါ့နော်။ တရုတ်အနေနဲ့ကလည်း သူနဲ့ကပ်လျက်ဖြစ်နေတဲ့ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံမှာ မတည်မငြိမ် ဖြစ်နေတာမျိုးကို လက်မခံလို့ မရဘူးဆိုတဲ့ အချက်ပြမှုမျိုး ရှိလာတဲ့ အတွက်ကြောင့်မို့လို့ အကုန်လုံးမှာ သိသိသာသာ ပုံသဏ္ဍာန် ပြောင်းသွားတယ်ပေါ့။ အဲဒီဟာတော့ မြင်ရပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့ မတိုင်ခင် ငြိမ်းချမ်းရေး ဆွေးနွေးကြရန် သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ကမ်းလှမ်းထားသည်။
ထို့နောက် အစိုးရသစ်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်တွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့်လည်းကောင်း၊ ဇွန်လ ၉ ရက်နှင့် ၁၀ ရက်များတွင် NCA ထိုးထားသော လက်နက်ကိုင် ၇ ဖွဲ့ဖြင့်လည်းကောင်း၊ ဇွန်လ ၁၂ ရက်၌ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)နှင့်လည်းကောင်း သီးသန့်စီ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးထားသည်။
အလားတူ တရုတ်နယ်စပ်တွင် အခြေစိုက် လှုပ်ရှားသည့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)နှင့် မိုင်းလားမြို့မှာ ဇွန်လ ၁၇ ရက်တွင်လည်းကောင်း၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နှင့် ပန်ဆန်း(ပန်းခမ်း)မြို့မှာ ဇွန်လ ၁၈ ရက်တွင်လည်းကောင်း NSPNC က တွေ့ဆုံ ဆွေးနွေးထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 191
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများကြား တန်းတူညီမျှမှု မရှိပါက လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးမှာ ခက်ခဲနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ အပြည့်အဝ ရရှိရေးသည် တိုင်းပြည် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးသော အချက်ဖြစ်သည်။
တန်းတူညီမျှမှု မရှိခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပဋိပက္ခ များ ဖြစ်ပွားရသည့် အဓိက အကြောင်းရင်းများဖြစ်သည်ဟု တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးလေ့လာ သုံးသပ်သူများက ထောက်ပြကြသည်။
တိုင်းရင်းသားအားလုံး တန်းတူညီမျှမှု ရရှိရန်အတွက်ဆိုလျှင် ဖက်ဒရယ်စနစ်က အရေးကြီးကြောင်း၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို ပြည်တောင်စုအစိုးရမှ ဥပဒေနှင့်အညီ ဖော်ဆောင်ပေးရန်လိုကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု ကျနော်တို့ ဒီ ၂၁ ရာစုပင်လုံက သဘောတူထားတဲ့ အချက်တွေပေါ့နော်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကို သွားမယ်ဆိုတော့ ကျနော်တို့ EAO တွေရော ညှိနှိုင်းထားတဲ့ အချက် ၄၃ ချက်ဆိုတာက လွှတ်တော်ကြီး ကို သွားလျှောက်တင်လို့ မရဘူး။ ကျနော်တို့ ညီလာခံခေါ်ရမယ်၊ ညီလာခံတင်ပြ ဆုံးဖြတ်ချက်တွေကို လွှတ်တော် တင်ပြရမယ်ဆိုပြီး NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်ထားပြီးသားဖြစ်တယ်။ ဖြစ်တဲ့အတွက်ကြောင့်မို့ အခု ၄၃ ချက်ထဲမှာလည်း အဲဒါတွေ ပြင်ဖို့တွက်ကို သဘောတူထားတဲ့ အခါကြတော့ ဒီနိုင်ငံက ဒီမိုကရေစီနဲ့ ဖက်ဒရယ် သွားမယ်ဆို ဖက်ဒရယ်ရဲ့ လုပ်ဆောင်ချက်အရ တိုင်းရင်းသားတွေကို သူဝေပေးရမှာ ဖြစ်ပါတယ်။ ဒါတိုင်းရင်းသား တွေ သူလိုချင်တဲ့ အခွင့်အရေးအရ ပြည်ထောင်စုက ဘယ်ကဏ္ဍတွေ ပြည်ထောင်စုက ကိုင်မယ်၊ ဘယ်ကဏ္ဍတွေ ကတော့ တိုင်းရင်းသားတွေ သူ့ဒေသမှာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်၊ ကိုယ့်ဒေသမှာ ပိုလုံခြုံအောင်လုပ်ဆိုတဲ့ ကဏ္ဍ မျိုးတွေနဲ့ ဒါဆွေးနွေး ညှိနှိုင်းသွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုတိုင်းရင်းသား အားလုံး တန်းတူညီမျှရဖို့ အတွက်ဆို အဲဒီ ဖက်ဒရယ်စနစ်က အဓိက အရေးကြီးပါတယ်။ ဖက်ဒရယ်စနစ်ကို တည်တည်ငြိမ်ငြိမ် ကျင့်သုံးနိုင် ကြမယ်ဆိုရင်တော့ တိုင်းရင်းသားအားလုံးက ကျေနပ်ကြမှာ ဖြစ်ပါတယ်။ ဒါတိုင်းရင်းသား အားလုံး လိုလားနေတဲ့ ဒီ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ဒီပြည်တောင်စုအစိုးရက ဒါဥပဒေနဲ့အညီ ဖော်ဆောင်ပေးဖို့တော့ လိုအပ်မယ်လို့ ကျနော့် အနေနဲ့ ပြောချင်တယ်”ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်ဟောင်းတွေနဲ့ အငြိမ်းစား တပ်မတော် ခေါင်းဆောင်တို့ကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် တိုင်းရင်းသားများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တောင်းဆိုမှုများမှ အစပြုခဲ့ခြင်းဖြစ်ပြီး၊ တိုင်းရင်းသားလူမျိုးများ၏ မျှော်လင့်တောင့်တနေသော အခွင့်အရေးများ နှင့် နိုင်ငံရေးအရ လိုလားချက်များကို ဖြည့်ဆည်းပေးခြင်းသည် ငြိမ်းချမ်းရေးအတွက် အဓိကသော့ချက်ဖြစ် ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် တိုင်းရင်းသားအရေးက စတာဖြစ်ပြီး၊ တိုင်းရင်းသားများ လိုချင်သည့် အခြေအနေကို မျှတစွာ ပေးလိုက်မည်ဆိုပါက ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းသွားနိုင်ကြောင်း စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစိုးရဘက်ကတော့ ကျနော်တို့ သူဘက်ကတော့ စိတ်ရှည်ပေးရမယ်ဗျ။ တချို့ အချက်တွေကျတော့ ဒါ အရဲစွန့်ပြီး လိုက်လျောပေးရမယ့် အချက်တွေရှိတယ်။ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ အချက်တွေပေါ့နော်။ အခု မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အရေးက တိုင်းရင်းသား အရေးက စတာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ တိုင်းရင်းသားတွေ ဘာလိုချင်လဲ အခုပြည်တောင်စုဘက်ကလည်း သူတို့လိုက်လျောနိုင်တဲ့ဟာပေါ့နော်၊ ဒီမူကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတာ မဟုတ်ဘဲ ကျနော်တို့ ဒီတိုင်းရင်းသား လိုချင်တာတွေ ပေးလိုက်မယ်ဆိုရင် တော့ ပြည်တွင်းစစ်မီးကတော့ ငြိမ်းသွားနိုင်တယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်”ဟု ပြောသည်။
လက်ရှိ တိုင်းပြည်တွင် တိုင်းရင်းသားများ အနေဖြင့် ဗမာများက မိမိတို့ တိုင်းရင်းသားများကို နှိပ်ကွပ်နေသည်ဆို သည့် ခံစားချက်မျိုး ခံစားနေရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နိုင်ငံရေးပါတီတွေကို တွေ့ရစဉ်
၎င်းက “ဒီကိစ္စက ဘယ်လိုဖြစ်သလဲ ဆိုတဲ့ဟာကို ပြန်ကြည့်လို့ရှိရင် တိုင်းရင်းသားတွေ အနေနဲ့ တန်းတူညီမျှခွင့် တို့ ဘာတို့ညာတို့ ပြောနေရတဲ့ကိစ္စမှာ ခေတ်အဆက်ဆက်ပေါ့နော် အုပ်စိုးခဲ့တဲ့ ဒီအစိုးရတွေ အနေနဲ့ကော ပြီးတော့ ဒီအစိုးရရဲ့ယန္တရားကို ဆောင်ရွက်ပေးတဲ့ ဝန်ထမ်းတွေ အနေနဲ့ရောပေါ့။ အဲဒီ ဝန်ထမ်းတွေ အနေနဲ့က လည်း လုပ်ခဲ့တဲ့ဟာတွေမှာ သူက ရည်ရွယ်ချက်ရှိရှိဗျာ၊ ဒီတိုင်းရင်းသားတွေ ဘာတွေကို ဒါနှိပ်ကွပ်ပြီးတော့မှ လုပ်ဖို့ဆိုတာမျိုး မဟုတ်ဘဲနဲ့ ဒီ Corruption တွေကြောင့်ပေါ့နော်။ ဥပမာ လဝကပေါ့၊ လဝက လိုဟာမျိုးဆိုရင် ကျနော်တို့ ဒီ သူကတော့ ဘယ်သူ့နေနေပဲ ဗမာသော၊ တိုင်းရင်းသားသော၊ ဘာသော ညာသော မဟုတ်ဘူး ဒီလိုပဲ လုပ်တာပေါ့နော်။ ဒါပေမယ့် တိုင်းရင်းသားတွေ အနေနဲ့က ဒါသူတို့စိတ်ထဲမှာ ဒါခံစားရတယ်ပေါ့။ ဝန်ထမ်းတွေ အများစုကလည်း ဗမာဘဲဆိုတဲ့ အခါကြတော့ ဗမာတွေက ငါတို့ကို နှိပ်ကွပ်နေတယ်ဆိုတဲ့ ဟာမျိုးဖြစ်တာပေါ့။ အမှန်တကယ်ကတော့ အားလုံးက အတူတူဖြစ်ကြတဲ့ဟာပေါ့။ သို့ပေမယ့် အဲဒီအပေါ်မှာ တိုင်းပြည်ကလည်း ဖွံ့ဖြိုးတိုးတက်မှုက မရှိတဲ့အခါ ပြီးတော့ ဒီနိုင်ငံသားဖြစ်မှုကို ရှေ့တန်းတင်မှုက နည်းနည်း အားနည်းသလိုဖြစ် တာပေါ့နော်။ တိုင်းရင်းသားတွေ အနေနဲ့က ဒီလို ခံစားပုံရတယ်ပေါ့။ အစိုးရအနေနဲ့က တချို့ဟာတွေမှာပေါ့ ကျနော်တို့က တရုတ်တို့၊ စင်္ကာပူတို့ကို နမူနာတွေ ယူသင့်တယ်။ ကျနော်တို့က အုပ်ချုပ်စီမံတဲ့ပုံစံကို ကောင်း ကောင်းမွန်မွန်ပေါ့နော် လုပ်ပေးလိုက်တယ် ဆိုလို့ရှိရင် အခုဟာက အဆင်ပြေမှာပါ”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အာဏာရပါတီနှင့် မြန်မာ့တပ်မတော်က ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လိုပြီး ဗမာမဟုတ်သော တိုင်းရင်းသား လက်နက်ကိုင်များနှင့်နိုင်ငံရေးပါတီများကတော့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအား တည်ဆောက်လိုသည်။
အဆိုပါ စကားရပ်အပေါ်မှာ မူတည်၍ မြန်မာနိုင်ငံ၏ အနာဂတ်သည် မည်ကဲ့သို့သော စနစ်ဖြင့် နိုင်ငံကို တည်ဆောက်ကြမလဲ မရေမရာဖြစ်နေသလို တိုင်းရင်းသားတန်းတူညီမျှရေးဆိုသော အခြေအနေမှာလည်း မရေမရာဖြစ်နေသည်။
မည်သည့် ပြည်ထောင်စု စနစ်ကို တည်ဆောက်သည်ဖြစ်ပါစေ တိုင်းရင်းသားအားလုံး နိုင်ငံရေးအရ ကိုယ်စားပြု ခွင့်နှင့် တန်းတူအခွင့်အရေး ရရှိမှသာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုမရှိပါက တည်ငြိမ်သည့် နိုင်ငံကို တည်ဆောက်နိုင်မည်မဟုတ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 532
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃
မြန်မာနိုင်ငံတွင် အစိုးရ၏ NSPNC သည် SSPP နှင့် SNA ဆိုသည့် ရှမ်းလက်နက်ကိုင် ၂ ဖွဲ့အား တွေ့ဆုံဆွေးနွေးခဲ့ ခြင်းသည် မည်သည့် အရွေ့တစ်ခုကို သွားနိုင်သလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက စောင့် ကြည့်လာခဲ့ကြသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)သည် ရှမ်းနီအမျိုး သားများတပ်မတော်(SNA)ကို အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပထမဦးဆုံးအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့နောက် ဇွန်လ ၁၂ ရက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ကို ဆက်လက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ယခုကဲ့သို့ ရှမ်းတပ်မတော်များနှင့် တွေ့ဆုံမှုသည် မြန်မာ့တပ်မတော်က KIA ကို ထိန်းချုပ်ရန်အတွက် ဖြစ်နိုင် သည်ဟု သုံးသပ်မှုများ ရှိသော်လည်း ယခုတွေ့ဆုံမှုသည် နယ်မြေတည်ငြိမ်ရေးနှင့် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရရှိရေးအတွက်သာ ဖြစ်သည်ဟု ရှမ်းနီပါတီနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)မှ ကိုယ်စားလှယ်များကို တွေ့ရစဉ်
တွေ့ဆုံမှုအတွင်း ရှမ်းနီလူမျိုး တရားဝင် ရရှိရေး အပြင် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးနှင့် ပတ်သက်ပြီး SNA နှင့် ဆွေးနွေးခဲ့ကြကြောင်း၊ တခြားသော လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မပူးပေါင်းရေး၊ ကျားဖြန့်ကိစ္စနှင့် နယ်မြေတည်ငြိမ်ရေး ကိစ္စများကို SSPP နှင့် ဆွေးနွေးခဲ့ကြကြောင်း၊ ထိုတွေ့ဆုံမှုသည် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းသည့် အခြေအနေ ဖြစ်သည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ SNA နဲ့တွေ့တဲ့ အပိုင်းကတော့ ကျနော်တို့ သုံးသပ်ကြည့်တာတော့ အဓိကတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရအထိကိုတော့ ရောက်လာလိမ့်မယ်လို့ မြင်တယ်။ NCA ထိုးတဲ့အဆင့်အထိတော့ လက်ခံမယ်၊ လက်မခံဘူးဆိုတာတော့ လက်မခံတဲ့ဘက်က များလေလေလို့ မြင်ပါတယ်။ နောက် SSPP ကဏ္ဍမှာလည်း အခု ကိစ္စကတော့ သူတို့ဆွေးနွေးတဲ့ကိစ္စကို ကြည့်ခြင်းအားဖြင့် နယ်မြေတည်ငြိမ်ရေးကိစ္စကိုပဲ အဓိကထား ဆွေးနွေး တာကို တွေ့ရပါတယ်။ ကျားဖြန့်ကိစ္စတို့၊ နောက် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မပူးပေါင်းဖို့ဆိုတဲ့ ကဏ္ဍမျိုး တွေ၊ နောက် SSPP က ပြန်ပြောတာတော့ စ-စ်ပွဲ မဖြစ်ဘဲနဲ့ ငြိမ်းချမ်းရေးနဲ့ ဖြေရှင်းဆိုတဲ့ကဏ္ဍမျိုးတွေ ဆွေးနွေး တဲ့ အခါကျတော့ ငြိမ်းချမ်းရေးအတွက် ကောင်းပါတယ်။ အမျိုးသားရေးကဏ္ဍ အတွက်ကတော့ SSPP နဲ့ ဆွေးနွေး တဲ့အခါမှာ မပါတာ တွေ့ရှိရတဲ့အတွက် နိုင်ငံတော်က ဘယ်လိုပုံစံ သွားချင်လဲဆိုတာ ကျနော်တို့က ပြောလို့တော့ မရဘူးပေါ့ဗျာ။ အခု ငြိမ်းချမ်းရေးအတွက်ကို အဓိကထား ဆွေးနွေးသွားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒေသ အတွက်ကတော့ တော်တော်လေး ကောင်းတယ်လို့ ပြောလို့ရပါတယ်။ SNA နဲ့ SSPP နဲ့ကတော့ မတူပါဘူး။ SNA ကျတော့ သူခံယူထားတဲ့ ရှမ်းနီလူမျိုးအတွက် အမျိုးသားတပ်မတော်ရှိတယ်၊ ရှမ်းနီလူမျိုး နာမည်ကလည်း ကျနော်တို့ နိုင်ငံတော်မှာ တရားဝင် မရှိသေးတဲ့ အခါကျတော့ ရှမ်းနီကို တရားဝင်ဖြစ်အောင် လုပ်ရမယ်။ တရားဝင် ဖြစ်လာပြီဆိုရင်တော့ သူ့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပေးဖို့တော့ စဉ်းစားကောင်း စဉ်းစားနိုင်တယ်လို့ ကျနော့်အနေနဲ့ မြင်တယ်” ဟု ပြောသည်။
လက်ရှိ SNA နှင့် ရှမ်းနီတိုင်းရင်းသားများ တောင်းဆိုနေသည့် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် သမိုင်း ကြောင်းအရ ရှမ်းနီဒေသများ ဖြစ်သည့်အတွက် ကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရန် ထိုက်တန်ကြောင်း၊ လက်ရှိတွင် ရှမ်းနီတိုင်းရင်းသားများသည် KIA ၏ အနိုင်ကျင့် နှိပ်စက်မှုကို ခံနေကြရသည့်အတွက် ယခုကဲ့သို့ အစိုးရ အသိ အမှတ်ပြု ရရှိရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ်၊ မြစ်ကြီးနားဒေသခံ ခွန်တူးက CNI သတင်းဌာနသို့ ပြောသည်။

SSPP နဲ့ NSPNC တွေ့ဆုံ ဆွေးနွေးကြစဉ်
၎င်းက “ဒီအရွေ့ကတော့ KIA နဲ့ အရွေ့တော့ မဆိုင်ဘူး။ သူ့လမ်းကြောင်းနဲ့ SNA ကလည်း သူ့ခံယူချက်နဲ့သူ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ဘာတို့၊ ပြည်နယ်ရရှိဖို့ ရည်ရွယ်ပြီးတော့ သူကိုင်တာကိုး။ သမိုင်းကြောင်းအရဆိုရင်လည်း KIA က အနိုင်ကျင့်တယ်ဆိုပေမယ့်၊ ပြည်နယ် လိုချင်တယ်ဆိုပေမယ့် သမိုင်းကြောင်းဆိုရင် ဒီဟာတွေက ကျနော် တို့ ရှမ်းနီပြည်နယ်တွေပဲလေ။ မြေတွေပဲလေ သမိုင်းတွေ အားလုံးက အထောက်အထားတွေ၊ မြို့ရွာတွေကအစ၊ ချောင်းတွေ၊ မြောင်းတွေအားလုံး တောတောင်ကအစ အခေါ်အဝေါ်တွေက ကျနော်တို့ ရှမ်းနာမည်ချည်းပဲလေ အခုထက်ထိအောင်ပဲ။ ဆိုတော့ ကျနော်တို့ ပင်လုံစာချုပ်မှာ ချုပ်ဆိုခဲ့တဲ့ အတွက်ကြောင့် ကျနော်တို့က ကချင် ပြည်နယ် သတ်မှတ်လိုက်တဲ့ အတွက်ကြောင့် အခွင့်အရေးတွေ အများကြီး ဆုံးရှုံးသွားတာကိုး။ ဆိုတော့ တစ်ဖက် ကလည်း နှိပ်စက်ညှင်းပန်း၊ အနိုင်ကျင့်ဆိုတော့ ကျနော်တို့က နိုင်ငံတော်က လွတ်လပ်ရေးရပေမယ့် ကျနော်တို့ လူမျိုးတွေက KIA ရဲ့ ခိုင်းဖက်လို အခွန်ဆောင်ပြီး နေရတဲ့ပုံစံ ဖြစ်နေတာကိုး။ အခုဆို အင်းတော်ကြီးဒေသဆိုလို့ ရှိရင် တစ်အိမ်ထောင်ကို ၃ သိန်းတောင်းတယ်။ တစ်ဧကကို စပါးက တင်း ၂၀ တောင်းထားတယ်ကွယ်။ အဲဒါမျိုး တွေဆိုတော့ ကျနော်တို့က အခွန်ဆောင်ပြီးတော့မှ နေရတဲ့ လွတ်လပ်မှု မရှိတဲ့လူမျိုးဖြစ်တယ်။ ဒါကြောင့်မို့လို့ လွတ်လပ်အောင်လည်း အစိုးရက အသိအမှတ်ပြုလာအောင် တောင်းဆိုပြီးတော့ လုပ်တယ်လို့ပဲ ထင်တယ်လေ။ KIA နဲ့တော့ မဆိုင်ပါဘူး” ဟု ပြောသည်။
ရှမ်းနီလူမျိုးများသည် မြန်မာပြည်အထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ကောလင်း၊ ဝန်းသို၊ ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ ကလေး၊ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ အင်းတော် ကြီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ဟိုပင်၊ လုံးခင်းနဲ့ ဖားကန့်၊ မိုးမောက် စသည့် ဒေသများတွင် ကျယ်ပြန့်စွာ နေထိုင်ခဲ့ကြသည်။
အဆိုပါ ဒေသများကို စုစည်းပြီး ရှမ်းနီပြည်နယ် သို့မဟုတ် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖွဲ့စည်းနိုင်ရန် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ ရှမ်းနီနိုင်ငံရေးပါတီများနှင့် ရှမ်းနီပြည်သူလူထုများက ကြိုးပမ်းလျက်ရှိ နေသည်။
ရှမ်းလူမျိုးများကတော့ ရှမ်းလက်နက်ကိုင်များ၊ ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလူမျိုးများ အားလုံး ညီညွတ်ရေး တည်ဆောက်ပြီး တိုင်းရင်းသား တန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းသင့်ကြောင်း ရှမ်းနိုင်ငံရေးအသိုင်းအဝန်းက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 578
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃
လက်ရှိ ပထဝီနိုင်ငံရေး အခင်းအကျင်းများအရ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အနေဖြင့် တရုတ်ကိုဖယ်၍ အိန္ဒိယကို ပေါင်းရန်မှာ မလွယ်ကူကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “KIA လည်း ပါးတယ်။ KIA အနေနဲ့လည်း တရုတ်ပြောတိုင်းလည်း အကုန်လိုက်လုပ်နိုင်မှာ မဟုတ်ဘူး။ တရုတ်ကိုဖယ်ပြီး အိန္ဒိယကို ပေါင်းဖို့ဆိုတာလည်း မလွယ်ဘူး။ ဘာလို့ဆို သူတကယ့် တကယ် ပထဝီ အနေ အထား အရက တရုတ်နဲ့ပဲ ဆက်စပ်နေရတာကို။ တရုတ်ပြောတိုင်း လိုက်မလုပ်တာက တစ်ပိုင်း။ အိန္ဒိယကို ဘက်ပြောင်းပြီး ဆက်ဆံမယ်ဆိုတဲ့အပိုင်းက မဖြစ်နိုင်ဘူး။ အိန္ဒိယကလည်း အခုတရုတ်ပေးတဲ့ အခွင့်အရေးမျိုး KIA ကို မပေးနိုင်ဘူး။ အဲဒီတော့ KIA အနေနဲ့ အိန္ဒိယနဲ့ ဆက်ဆံပြနေတာဟာ လျှို့ဝှက်တယ် ဘာတွေညာတွေ ဆိုတာက မဟုတ်ပါဘူး တမင်သက်သက် သတင်းတွေလွှင့်တာ။ ဒါတရုတ်ကို ဖိအားပေးဖို့အတွက်။ တရုတ်က သူတို့ကို ဖိအားပေးတာ နည်းနည်းလျော့အောင်အတွက် လုပ်နေတဲ့သဘော။ သူတို့ပါးပါတယ်။ KIA ရဲ့ ခေါင်းဆောင်တွေက တော်တော်ပါးနပ်တာပဲ။ KIA ဆိုရင်လည်း သူ့မှာ မြေရှားသတ္တုတွေရှိတယ်။ ဒါပေမယ့် ခက်တာက သူ့ရှိတဲ့ မြေရှားသတ္တုတွေက တရုတ်နဲ့ နယ်ချင်းစပ်နေတဲ့ နေရာတွေမှာပဲရှိတယ်။ နောက် မြေရှား သတ္တုရဲ့ ထူးခြားချက်က ဘာလဲဆိုတော့ ထုတ်ရတာရော၊ သန့်စင်ရတာရော သိပ်ပြီးတော့ ပတ်ဝန်းကျင် ထိခိုက် တယ်။ အဲဒါမျိုးက တရုတ်က အစောကြီးကတည်းက တရုတ်က လုပ်ထားတာ။ အဲဒီတော့ အစားထိုးဖို့ဆိုတာ မလွယ်ဘူး။ G 7 ကထုတ်တဲ့ ကြေညာချက်ပဲကြည့် မြေရှားသတ္တုနဲ့ ပတ်သက်လို့ သီးခြား တရုတ်ကို အားကိုး နေရတာ မဟုတ်ဘဲ သီးခြားလုပ်ချင်ပေမယ့် ကျန်တဲ့နိုင်ငံတွေက သိပ်စိတ်မဝင်စားဘူး။ ဒါက ပတ်ဝန်းကျင်ကို သိပ်ထိခိုက်တာ။ ပြီးတော့ တရုတ်က နှစ်ပေါင်း ၂၀ လောက် ရင်းနှီးမြှုပ်နှံထားပြီးသား။ အဲဒီတော့ တရုတ်ဆီက ဝယ်လိုက်ရတာမှ လွယ်သေးတယ်လေ။ အဲဒီတော့ ဒီကိစ္စက KIA အနေနဲ့ အိန္ဒိယကို ဆက်ဆံမှုကို အဲဒီလိုလုပ်နိုင်ဖို့ သိပ်တော့မရှိဘူး” ဟု ပြောသည်။
အိန္ဒိယနှင့် KIA တို့ကြား လျှို့ဝှက်သဘောတူညီချက်တစ်ခု ချုပ်ဆိုခဲ့ကြောင်း အထူးစုံစမ်းထောက်လှမ်းမှုတစ်ခုအရ ဖော်ထုတ်သိရှိနိုင်ခဲ့သည်ဟု အမေရိကန်အခြေစိုက် Silicon Valley Time မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ဖော်ပြခဲ့ သည်။

KIA မြေရှားသတ္တုထုတ်နေစဉ်
အဆိုပါ သဘောတူညီချက်အရ အိန္ဒိယကို မြန်မာနိုင်ငံမှ မြေရှားသတ္တု အရင်းအမြစ်များ ရယူခွင့်ရှိစေမည်ဖြစ်ပြီး အပြန်အလှန်အနေဖြင့် KIA ကို လက်နက်များ၊ ဆေးဝါးများနှင့် အခြားထောက်ပို့ အကူအညီများ ပေးမည်ဆိုသည့် အချက်များ ပါဝင်သည်။
မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်တွင် လိုင်ဇာမြို့ရှိ KIA ဌာနချုပ်မှ စစ်ကိုင်းတိုင်းဒေသကြီးကို ဖြတ်ပြီး ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ် (Rihkhawdar) မြို့အထိ ဆက်သွယ်မည့် ဒုတိယမြောက် မဟာဗျူဟာမြောက် လမ်း တစ်ခု ဖောက်လုပ်မည့် လျှို့ဝှက် အစီအစဉ်လည်း ပါဝင်သည်။
တရုတ်နိုင်ငံသည် ကချင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေကာ ကချင်ဒေသတွင်း၌ မြေရှားအပြင် တရုတ်၏ အဓိက ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းထားသည့် မြစ်ဆုံစီမံကိန်း၊ ဓာတ်အားပေး စက်ရုံများနှင့် စိုက်ပျိုးရေး လုပ်ငန်း များလည်း ရှိသဖြင့် KIA အတွက် ရွေးချယ်စရာမရှိဘဲ မဖြစ်မနေ ဆက်ဆံရမည့် အိမ်နီးချင်း ဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
KIA အနေဖြင့် တရုတ်ကို ထိပ်တိုက် မတွေ့သော်လည်း တရုတ်၏ အကျိုးစီးပွားများအား မထိခိုက်စေရန် ကတိ ကဝတ်ပြု ချဉ်းကပ်လေ့ရှိသကဲ့သို့ တစ်ဖက်တွင် တရုတ်၏ ဖိအားများကိုလည်း ၎င်းတို့ စစ်ရေးရည်မှန်းချက် မထိခိုက်စေရန် လိမ္မာပါးနပ်စွာ အချိန်ဆွဲ ညှိနှိုင်းသည့် ဗျူဟာကို သုံးကြောင်း ထောက်ပြမှုများရှိသည်။

တရုတ်နဲ့အိန္ဒိယ ခေါင်းဆောင် ၂ ဦးကို တွေ့ရစဉ်
အိန္ဒိယကမူ လုံခြုံရေး၊ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို လက်ရှိ မြန်မာနိုင်ငံအစိုးရနှင့် အတိအလင်း မြှင့်တင်ထား ကာ အိန္ဒိယအရှေ့မြောက်ပိုင်းမှ သူပုန်များအား နှိမ်နင်းရန်နှင့် နယ်စပ်လုံခြုံရေးအတွက် မြန်မာ့တပ်မတော်အပေါ် အဓိက အားကိုးထားသည်။
အိန္ဒိယသည် KIA နှင့် နယ်နိမိတ်ချင်း တိုက်ရိုက် မထိစပ်သည့်အပြင် KIA ကို တရုတ်သြဇာခံ အဖွဲ့တစ်ခုအဖြစ် သံသယဝင် ကြည့်ရှုတတ်ကြောင်း၊ ထို့ကြောင့် KIA အနေဖြင့် အိန္ဒိယကို အဓိက မဟာမိတ်အဖြစ် သွားရောက် ချဉ်းကပ်ရန် အလားအလာ နည်းပါးကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။
KIA သည် အိန္ဒိယနှင့် ဆက်ဆံရေးထက် အိန္ဒိယနယ်စပ်နှင့် နီးစပ်သည့် စစ်ကိုင်းတိုင်းထဲမှ PDF များ၊ မြေပြင် စစ်ရေး အသာစီးရမှုများအပေါ်တွင်သာ ပို၍ အာရုံစိုက်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
လက်ရှိတွင် မြေရှားသတ္တု ထွက်ရှိရာ ဒေသများကို KIA က အဓိက ထိန်းချုပ်ထားသည့်အတွက် ငြိမ်းချမ်းရေး နည်းဖြင့် သွားမည်ဆိုပါက တရုတ်-အိန္ဒိယတို့နှင် ပြန်လည်ဆက်စပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်-မြန်မာ-အိန္ဒိယ ခေါင်းဆောင် ၃ ဦးကို တွေ့ရစဉ်
၎င်းက “ကျနော်တို့က မြေရှားနဲ့ပတ်သက်ရင် တရုတ်ရော၊ အိန္ဒိယနဲ့ရော G to G စကားပြောရမှာ။ အဲဒီလိုပြော ဖို့ဆိုရင် အဲဒီမြေရှား ထွက်နေတဲ့ နေရာတွေက ကျနော်တို့ရဲ့ တရားဝင် အုပ်ချုပ်ရေးအောက်မှာ ရောက်သွားရမယ်။ ဆိုတော့ အဲဒီအဆင့်တွေက အများကြီး ကျန်သေးတယ်။ လုပ်ရမှာတွေ တစ်ပုံကြီး ရှိပါသေးတယ်။ ငြိမ်းချမ်းရေး နည်းနဲ့သွားမလား၊ စစ်ပွဲကို အပြီးတိုင် တိုက်ပွဲတွေနဲ့ အဆုံးအဖြတ်ပေးမလား ဒီ ၂ ချက်ကို စဉ်းစားရမှာ။ အဆုံး တိုက်မယ်ဆိုရင် လူတွေ အများကြီးသေမယ်။ တခြား ဘေးထွက် ဆိုးကျိုးတွေ အများကြီးပေါ်လာမယ်။ ငြိမ်းချမ်း ရေး နည်းနဲ့သွားတာကတော့ ပိုကောင်းတာပေါ့။ အဲဒီအပေါ်မှာ ဘယ်လိုသွားမလဲဆိုတဲ့ဟာက သူတို့နဲ့ပဲ ပြန်ဆက် စပ်တာ။ တရုတ်-အိန္ဒိယနဲ့ပဲ ပြန်ဆက်စပ်တာ။ အဲဒါတွေကို ကျနော်တို့က လေးလေးနက်နက် စဉ်းစားပြီးမှ ဒီကိစ္စ တွေ ဆောင်ရွက်ရမှာ။ သာမန် ဘလူးရှပ်ရှပ် ပြောလို့တော့ မရဘူး။ သယံဇာတက စစ်ပွဲအတွက် ဖြစ်နေတာ။ သယံဇာတသည်သာလျှင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်းစားမယ်ဆိုရင် ဒီချဉ်းကပ်မှုက ပြောင်းသွားမယ်။ အခုက တရုတ်က လာလုပ်တယ်ဆိုတာက သူတို့က တရုတ်ကုမ္ပဏီ အသေးလေးတွေ။ အကြီးတွေက မလာရဲဘူး။ လာရင် နာမည်ပျက်တယ်လေ။ G to G လည်းမလိုဘူး ခိုးတူးတာကို။ ခိုးတူးတာက သူခိုးတွေအလုပ်ပဲ။ ဒါသူခိုးလေးတွေ လာလုပ်နေတာ။ အဲဒီကနေမှ ပြန်ပြီးတော့း သူခိုးလက်ခံ ပြန်လုပ်တာဗျာ။ ကုမ္ပဏီကြီးတွေက။ မြေရှားသန့်စင်ပြီး လို့ ဈေးကွက်ထဲ အဆင့်ဆင့်ရောက်ရင် export လုပ်တာဖြစ်လာရော။ အဲဒီတော့ အဲဒီကွင်းဆက်က အရေးကြီး တယ်။ အဲဒီကွင်းဆက်ကို ဘယ်သူထိသလဲ။ ထိတဲ့သူကို ကလဲ့စားပြန်လှည့်တာလေ။ အဲဒီကွင်းဆက်ကို သိဖို့လို တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသည် အင်အားကြီး အိမ်နီးချင်းနိုင်ငံ နှစ်ခုဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့၏ ပထဝီနိုင်ငံရေး၌ အရေးကြီးဆုံး ဆုံချက်ဖြစ်နေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။
မြန်မာနိုင်ငံတွင် တရုတ်၏ အဓိက မဟာဗျူဟာမြောက် စီမံကိန်းကြီးများသည် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ကို ဖြတ်သန်းသွားရခြင်းဖြစ်ကာ ထိုလမ်းကြောင်းများ၌ UWSA, MNDAA, TNLA, SSPP, KIA, PDF နှင့် AA တို့ ထိန်းချုပ်လှုပ်ရှားကြသည်။
ထို့ပြင် အိန္ဒိယ၏ စီမံကိန်းဖြစ်သည့် ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် အိန္ဒိယ-မြန်မာ- ထိုင်း သုံးနိုင်ငံကုန်သွယ်ရေးလမ်း စီမံကိန်းတို့သည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအတွင်း ပါဝင် နေပြီး ထိုဒေသများတွင် AA, CNF,CDF,SNA တို့အပြင် နာဂနှင့်ကသည်း လက်နက်ကိုင် ထိန်းချုပ် လှုပ်ရှားလျက် ရှိကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 396
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃
မြန်မာနိုင်ငံတွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်လက်ထက်ကာလမှာ တိုင်းရင်း သား လူမျိုးများနှင့် ပတ်သက်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသစ်များ ပေါ်လာနိုင်သလား ဆိုသည့် အပေါ် ပြည်တွင်း/ပြည်ပ နိုင်ငံရေးအသိုင်းအဝန်းကြား စောင့်ကြည့်လေ့လာလျက်ရှိနေသည်။
၁၉၅၈ ခုနှစ်တွင် တိုင်းရင်းသားများသည် ပြည်ထောင်စုထဲ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ခွဲထွက်ခွင့် ပါရှိ သည့် အဆင့်မြင့်နိုင်ငံရေး အဆင့်အတန်းတစ်ခုကို ဥပဒေကြောင်းအရ ပိုင်ဆိုင်ထားသော ကာလလည်း ဖြစ်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု စုစုပေါင်း ၆ ခု သတ်မှတ်ခဲ့သည်။
ထိုအထဲမှာ “ဝ” လူမျိုးများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် ရပ်တည်ခွင့်ရရှိထားပြီး နာဂ၊ ပအိုဝ်း၊ ဓနု၊ ပလောင်၊ ကိုးကန့် လူမျိုးများကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ရပ်တည်ခွင့်ရရှိထား သည်။
သို့သော် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် လွတ်လွတ်လပ်လပ် မရှိဘဲ အမည်ခံ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသများ အနေဖြင့်သာ ရရှိနေခြင်းကြောင့် တိုင်းရင်းသားလူမျိုးများက လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ရရှိရေး တောင်းဆိုလျက်ရှိနေသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအသစ် ပေါ်လာနိုင်ခြင်းသည် အစိုးရနှင့််လွှတ်တော်၏ ညှိနှိုင်းမှု၊ NSPNC ၏ ကြိုးစား အားထုတ်မှုများဖြင့် အခြေခံဥပဒေကို မည်မျှပြင်ဆင်နိုင်မလဲ ဆိုသည့်အပေါ် များစွာမူတည် သည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
လက်ရှိ အခင်းအကျင်းအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသစ်အဖြစ် ပေါ်လာနိုင်သည့် ပြည်နယ် ၃-၄ ခု ရှိလာနိုင်ကြောင်း၊ ထိုကိစ္စရပ်များနှင့်ဆက်စပ်၍ အခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ရေး ကိစ္စရပ်များသည် ၂၀၂၇ နောက်ပိုင်းတွင် ပိုရွေ့လာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသားလူငယ်များကို တွေ့ရစဉ်
၎င်းက “အခုလက်ရှိမှာ (Hot) နေတာက ရှမ်းနီက နည်းနည်းလေး လှုပ်လှုပ်ရွရွရှိတယ်။ နောက်တခြား လည်း ရှိလာနိုင်ပါတယ်။ ရှိလာနိုင်တယ် ဆိုတဲ့ဟာက ဥပမာ လားဟူလိုမျိုးပေါ့၊ လားဟူက EAO လည်း ရှိတယ် NCA ထိုးထားတယ်။ အဲဒီလိုမျိုးပေါ့ လားဟူ ရှိလာနိုင်တယ်။ နောက်တစ်ခါ ကျနော်တို့ ကချင်မှာ ဆိုရင် လီဆူတွေက ပြည်သူ့စစ်ရှိတယ်ဗျာ၊ နောက်တစ်ခါ ရဝမ်တွေကလည်း နည်းနည်း နိုင်ငံရေးအရ တောင်းဆိုမှုတွေရှိတယ်။ အဲဒီလိုမျိုး ဆိုတဲ့အခါကျတော့ အထူးဒေသ သော်လည်းကောင်း ကိုယ်ပိုင်အုပ် ချုပ်ခွင့်အရ သော်လည်းကောင်း ပေါ်ထွက်လာနိုင်တဲ့ နိုင်ငံရေး ပဋိပက္ခအခြေခံရှိတာက လောလော ဆယ် သုံးလေးခုရှိတယ်။ ဥပမာဆိုရင် သုံးလေးခုက နိုင်ငံရေးအရ ဘယ်လောက်ထိ သူတို့ညှိနှိုင်းနိုင်သလဲ အခြေခံဥပဒေမှာ ဘယ်လောက်ထိ ပြင်ဆင်နိုင်သလဲပေါ့။ အခြေခံဥပဒေမှာ ခုနက ဇယား ၃ ကို ပြင်တာ တို့ နောက်တစ်ခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ တိုင်းတွေ ထပ်တိုးတာတို့ အဲဒီဟာက ခုနက ၄၃ ချက်မှာ လောလောဆယ် NSPNC နဲ့ နိုင်ငံရေးပါတီက ဆွေးနွေးထားတဲ့ ၄၃ ချက်ဆိုတာလည်း လူတကာ ပြော နေကြတယ်။ ၄၃ ချက်မှာ ပါလား မပါလား မသိဘူးလေ။ အဲဒီတော့ ၄၃ ချက်က လွှတ်တော်မှာတင်မယ် ဆွေးနွေးမယ်လို့ အသံကထွက်ပြီ ဒါပေမယ့် ဒီငါးနှစ်သက်တမ်းမှာ အဲဒီဟာက ၂၀၂၇ နောက်ပိုင်းမှ ပိုပြီး ရွေ့လာမယ်ထင်တယ်” ဟု ပြောသည်။
ထို့အပြင် လက်ရှိအစိုးရ သက်တမ်း ငါးနှစ်အတွင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသစ် ထပ်တိုး လာနိုင်လိမ့်မည်ဟု မထင်ကြောင်း ဒေါက်တာအမ်ကောန်လက ဆက်ပြောသည်။
၎င်းက “SNA နဲ့ NSPNC တွေ့ထားတယ်၊ နောက်တစ်ခါ ရှမ်းနီတချို့တွေက အသံထုတ်တာတွေရှိတယ်။ သူတို့ရဲ့ နိုင်ငံရေး လိုလားချက်တွေလည်းရှိတယ်။ ဒါပေမယ့် အဲဒီဟာက အခြေခံဥပဒေအရဆိုရင် အနည်းဆုံး လူဦးရေ ၅၁ ရာခိုင်နှုန်းဖြစ်ရမယ်။ တိုင်းနှင့် ပြည်နယ် ဟိုဘက်ဒီဘက် မခွရဘူး။ နောက် တစ်ခါ မားသား ပြည်နယ်ရှိထားတဲ့ ပြည်နယ်ခွဲတွေမှာ ထပ်ပြီး တောင်းဆိုခွင့်မရှိဘူး။ ဒါမျိုးတွေ ကန့် သတ်ချက်တွေ ရှိတယ်လေ။ နောက်တစ်ခုက သူ့ရဲ့ Demographics က ဘယ်လောက်ထိ ရှိရမလဲ ဆိုတာတွေရှိတယ်။ အဲ့တာတွေနဲ့ ကိုက်ညီတယ်၊ လွှတ်တော်ကလည်း ပေးသင့်တယ်။ NSPNC ကလည်း သဘောထား ရှိတယ်ဆိုရင်တော့ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေး ဖြစ်သွားနိုင်တယ်။ အဲဒီတော့ တိုးလာနိုင်သလားဆိုတော့ တိုးလာနိုင်တယ်။ အခြေခံဥပေဒ ပြောင်းနိုင်ရင်တိုးမယ်၊ မပြောင်းနိုင်ရင် မတိုးဘူး။ ဆိုတော့ ငါးနှစ်မှာတေ့ာ မတိုးလောက်သေးဘူး။ အဲဒီလောက်ကြီးထိ ဒီဟာကို Target က မလှည့်နိုင်သေးဘူး။ ပြည်ထောင်စုဆိုင်ရာကိစ္စတွေ အရင် စကားပြောမယ်ထင်တယ်။ နောက် ငါးနှစ် သက်တမ်းကျမှ နိုင်ငံရေး တည်ငြိမ်လာရင် ဒီကိစ္စက ထပ်ပြီး ဖြေရှင်းနိုင်လိမ့်မယ်လို့ မြင်တယ်” ဟု ပြောသည်။
လတ်တလောတွင် ရှမ်းနီ၊ လားဟူ၊ လီဆူ၊ အာခါ စသည့် တိုင်းရင်းသားလူမျိုးများက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ သို့မဟုတ် ပြည်နယ် သတ်မှတ်ပေးရန် တွေ့ဆုံ ဆွေးနွေးမှုများကနေတဆင့် တောင်းဆိုလျက်ရှိ နေသည်။

တိုင်းရင်းသားလူငယ်များကို တွေ့ရစဉ်
အထူးသဖြင့် ကချင်ပြည်နယ်တွင် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါ်ထွန်းလာနိုင်သည့် အလား အလာရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေ ပေါ်လာနိုင်တယ်။ အထူးသဖြင့် ကချင်ပြည်နယ်မှာပေါ့နော်။ KIA က ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ သူတို့ကို လုံးဝခွဲထွက်ခွင့် မပါရဘူးဆိုတာကို အဲ့ဒီ တုန်းက သဘောတူထားကြပြီးသား။ ဒါကြောင့်လည်း သူ့ကို ကချင်မရှိတဲ့ ဗန်းမော်ဒေသ၊ ဧရာဝတီ မြစ်ရိုး၊ ရထားလမ်း သံလမ်းရိုးတို့ ဒါတွေပါသူ့ကို ထည့်ပေးလိုက်တာလေ။ သူက အစကတည်းက လက်ဖဝါး တစ်ခုကို မှောက်ထားသလိုပဲ။ လက်ချောင်းတွေပေါ်မှာ ကချင်ရှိပြီးတော့ အောက်က ကြားတွေမှာက ကချင်မရှိဘူး။ လူဦးရေ အားဖြင့်ကလည်း ရှမ်းနဲ့ဗမာက ပိုများနေတယ်။ ဒါကို သူတို့က KIA က လောဘတက်ပြီးတော့ ဝမ်ပေါင်ပြည်နယ်တို့ ဘာတို့ပြောတဲ့ အခါကျတော့ ဘာပဲပြောပြော ပြည်မ နိုင်ငံရေးသမားတွေက သူတို့တော့ တော်တော်ချဉ်တယ်။ နောက်တစ်ခုက KIA က ဒုက္ခပေးသမျှ အားလုံးက သူက စတာချည်းပဲ။ ဒါကြောင့်မို့လို့ ကချင်ပြည်နယ်နဲ့ ပတ်သက်လို့ကတော့ အကုန်လုံးက ကချင်ပြည်နယ်မှာ ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသဖြစ်လာဖို့ ကြိုက်တယ်၊ ထောက်ခံတယ်၊ အားပေး တယ်။ လီဆူကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ အဲဒီလို ပုံစံမျိုး တွေနဲ့ ကချင်ပြည်နယ်ဘက်မှာ ပိုပြီးတော့ ပေါ်လာစရာ အကြောင်းရှိတယ်။ အထူးသဖြင့် ဖြစ်နိုင်တာက တော့ ရှမ်းနီအနေနဲ့ကတော့ ကချင်ပြည်နယ်မှာ သီးခြားပုံစံပေါ့နော် ဂျိမ်းဖောနဲ့လီဆူနဲ့က ဖြစ်တဲ့အခါကျ တော့ လီဆူတွေလည်း ဖြစ်လာနိုင်တယ်ပေါ့နော်”ဟု ပြောသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် ကိုးကန့်သည် ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းနှင့် လောက်ကိုင် မြို့နယ်၊ ပလောင်သည် ရှမ်းပြည်နယ်အတွင်းရှိ နမ့်ဆန်နှင့် မန်တုံမြို့နယ်၊ ဓနုသည် ရှမ်းပြည်နယ်အတွင်း ရှိ ရွာငံနှင့် ပင်းတယမြို့နယ်၊ ပအိုဝ်းသည် ရှမ်းပြည်နယ်အတွင်းရှိ ဟိုပုန်း၊ ဆီဆိုင်နှင့် ပင်လောင်း မြို့နယ်၊ နာဂသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လဟယ်၊ လေရှီးနှင့် နန်းယွန်းမြို့နယ်တို့ကို ရရှိထားကြ သည်။
ထို့နောက် “ဝ”ကတော့ ရှမ်းပြည်နယ်အတွင်းက ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်း မြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်းခမ်း)မြို့နယ်တို့ကို စုစည်း၍ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် ရရှိထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 586
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်(EAO)များအနက် အင်အားအကြီးဆုံးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်- ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် အပြည့်အဝ ရထားသော “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ကို စံထား ကာ ကြိုးပမ်းလာနေသော လက်နက်ကိုင်များအား မည်ကဲ့သို့ အခွင့်အရေးများပေး၍ ထိန်းမလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်လာကြသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခု စုစုပေါင်း ၆ ခု သတ်မှတ်ထားကာ “ဝ” သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဆင့် တရားဝင် ရရှိ ထားသည်။
အဆိုပါ “ဝ”ဒေသများ အားလုံးကို UWSA က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ရရှိထားပြီး မြန်မာနိုင်ငံအတွင်းက အသေးစားနိုင်ငံငယ်လေးဟုပင် တင်စားခေါ်ဝေါ်ခြင်း ခံနေရသည့်အတွက် တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များသည် “ဝ”ကဲ့သို့ နိုင်ငံရေးအဆင့်အတန်းမျိုး ရလိုကြောင်း ဆန္ဒ ရှိနေကြသည်။
ရခိုင်ပြည်နယ်ထဲက ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထား သည့် အာရက္ခတပ်တော်(AA)က “ဝ”ကဲ့သို့ နိုင်ငံရေးအဆင့်အတန်းမျိုးကို အနိမ့်ဆုံးရယူရန် သို့မဟုတ် ကွန်ဖက်ဒရေးရှင်း အဆင့်ထိသွားရန် သဘောထားရှိကြောင်း တရားဝင် ထုတ်ဖော် ပြောကြားထားသည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို တွေ့ရစဉ်
ယခုကဲ့သို “ဝ”လို တိုင်းရင်းသားလက်နက်ကိုင်များမှ လုပ်ဆောင်လာပြီး၊ ပြည်ထောင်စု၏ ဩဇာမသက်ရောက် ဘူးဆိုလျှင် နောင်တချိန်တွင် ပြည်ထောင်စု၌ အန္တရယ်ဖြစ်လာနိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုး တက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု“ဝ”က သူက ဖက်ဒရယ်ထက်ကိုလွန်သော ကွန်ဖက်ဒရေးရှင်းကို ရရှိနေတာ ဖြစ်ပါတယ်။ သူ့ဒေသ မှာ သူ့ဒေသကာကွယ်ရေးလုပ်တယ်၊ တရားစီရင်ရေး သူလုပ်တယ်။ အစစအရာရာ “ဝ”က သူဘာသူ လုပ်နေတဲ့ အခါကြတော့ တိုင်းရင်းသားတွေက အဲဒါကို အားကျလာကြတာ ဖြစ်ပါတယ်။ ဒါကြတော့ ပြည်ထောင်စုအတွက် ကြ တော့ မကောင်းဘူးဗျ အဲဒီကိစ္စကြီးက။ ဒီ “ဝ”လိုမျိုးပဲ တိုင်းရင်းသားနဲ့ လက်နက်ကိုင်တွေက လုပ်သွားမယ်၊ ပြည်ထောင်စုရဲ့ ဩဇာ မသက်ရောက်ဘူးဆိုရင် နောင်တချိန်ကျရင် ပြည်ထောင်စုမှာ အန္တရယ် ကြီးကြီးမားမား ဖြစ်လာနိုင်တယ်။ အခုတိုင်းရင်းသားတွေ အားကျတာ ဘာကြောင့်မို့လဲဆိုတော့ “ဝ”က လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့်လို့ ပြည်ထောင်စုက ထိန်းညှိပေးရပါမယ်။ “ဝ”ပုံစံမျိုးလည်း မဖြစ်ရလေအောင် ကျနော်တို့နိုင်ငံက ဖက်ဒရယ်စနစ်ကို သွားမယ်ဆိုရင် “ဝ”ဒေသမှာ ပြည်ထောင်စုရဲ့ ဩဇာလည်း သက်ရောက် အောင် “ဝ”လိုချင်တာ ဘာလဲ အပေးအယူနဲ့ ကျနော်တို့ ကစားကျရမှာ ဖြစ်ပါတယ်။ “ဝ”က အခု သူ့ဒေသ ဖွံ့ဖြိုး တိုးတက်ရေးတွေ အားလုံးဟာ သူ့ဟာသူ စီမံခန့်ခွဲပြီးမှ တိုးတက်သွားတဲ့ အခါကြတော့ တိုင်းရင်းသား အားကျတာ လည်း မဆန်းပါဘူးဗျ။ ဒါပေမယ့် ပြည်ထောင်စုအတွက်ကို အန္တရယ်တစ်ခုတော့ ရှိလာနိုင်တယ်လို့ ကျနော့် အနေနဲ့တော့ မြင်တယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လွှတ်တော်ပေါ်ပေါက်လာပြီးဖြစ်၍ “ဝ”လိုချင်သည့် အခြေအနေနှင့် အစိုးရက ပေးနိုင် သည့် အခြေအနေ ညှိနှိုင်းဆွေးနွေးကာ သွားသင့်ကြောင်း စိုင်းဋ္ဌေးအောင်က ဆက်ပြောသည်။
၎င်းက “ အဲဒီ အတွက်ကြောင့်မို့လို့ “ဝ”က ဘာလိုချင်လဲ သူလိုချင်တာကို အခု လွှတ်တော်ကြီးပေါ်လာပြီ လွှတ်တော်မှာ ဆွေးနွေးမယ်။ ဆွေးနွေးပြီးမှ နိုင်ငံတော်ဘက်က ဘယ်လောက်အထိ လိုက်ရောပေးနိုင်မလဲ ဖွဲ့စည်းပုံကို ဘယ်ထိ အတိုင်းအတာထိ ပြင်ပေးနိုင်မလဲဆိုတဲ့ ကဏ္ဍမျိုးတွေနဲ့ ဆောင်ရွက် သွားကြမယ်ဆိုရင်တော့ ဒါ “ဝ”ဒေသကိုလည်း မြန်မာနိုင်ငံ နယ်နိမိတ်ထဲက မြန်မာပြည်ထောင်စုရဲ့ ဩဇာ သက်ရောက်သော ပြည်နယ်တစ်ခု ဖြစ်လာပြီးမှ ကျန်တဲ့တိုင်းရင်းသားတွေကလည်း “ဝ”ကို အားကျတဲ့ကိစ္စတွေ လျော့သွားလိမ့်မယ် လို့ ကျနော့် အနေနဲ့မြင်တယ်”ဟု ပြောသည်။
“ဝ” အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခြင်းသည် တရုတ်နယ်စပ်တွင် တည်ရှိနေခြင်း၊ ငွေအင်အား၊ လူအင်အား၊ လက်နက်အင်အားနှင့် ဒေသအား လုံခြုံစွာ ထိန်းထားနိုင်သည့် အချက်အလက်များကြောင့် ဖြစ်ကြောင်း၊ ကျန် တိုင်းနှင့် ပြည်နယ်များတွင် “ဝ” ကဲ့သို့ စုဖွဲ့မှု ကျစ်လျစ်မှုမျိုး မည်သူ့မှာမှ မတွေ့ရကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
ယခုမြန်မာနိုင်ငံတွင် “ဝ”၊ မိုင်းလား၊ MNDAA တို့သည် သူ့နေရာလေးနှင့်သူ ရထားပြီဖြစ်၍ ကျန်သည့်အဖွဲ့အစည်း များကလည်း ထိုသို့ ရအောင်ကြိုးလာကြခြင်းဖြစ်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ NDAA ကို တွေ့ရစဉ်
၎င်းက “ “ဝ”ဆိုလည်း သူ့ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်လေးလို ဖြစ်နေပြီ၊ မိုင်းလားဆိုလည်းဒီလိုပဲ၊ MNDAA ဆိုလည်းဒီလိုပဲ သူ့နေ ရာလေးနဲ့သူတော့ ရထားပြီ။ ကျန်တဲ့ အဖွဲ့အစည်းတွေကလည်း အဲဒီလိုရအောင်ကြိုးစားဖို့။ အဲဒါအားလုံးက ညီညီ ညွတ်ညွတ်နဲ့ ကျမတို့ထပ်ပြီးတော့ ဒီစစ်တပ်ကို ပိုပြီးတော့ နာနာတိုက်ပေးဖို့တော့ လိုတာ ပေါ့။ အဲဒီလိုမှပဲ ကျမတို့ က ပြောရေးဆိုခွင့်တွေ ရှိလာမှာပေါ့။ အဲဒီတော့မှပဲ သူတို့ တစ်စုံတစ်ရာ လျှော့ပေးတာ၊ အခုချိန်ထိကတော့ သူတို့ နည်းနည်းမှ မကျသေးဘူး (ဦး)မင်းအောင်လှိုင် ပြောပုံဆိုပုံတွေ၊ တခြားစစ်ဗိုလ်တွေ ပြောပုံဆိုပုံတွေကြည့်ရတာ သူ တို့ နိုင်နိုင်သေးတယ်လို့ သူတို့ကိုယ်သူတို့ တွက်နေသေးပုံရတယ်”ဟု ပြောသည်။
လက်ရှိတွင် “ဝ”သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ (စ)အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဆင့်သတ် မှတ်ပေးထားသော်လည်း “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒေသသည် ဗဟိုအစိုးရ၏ ဩဇာအာဏာ သက်ရောက် မှုမရှိဘဲ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က သီးခြားလွတ်လပ်စွာ စီမံအုပ်ချုပ်လျက်ရှိနေသ ည်။
တိုင်းရင်းသားများအတွက် အခွင့်အရေးကမူ “ဝ”လိုတော့ မသင့်တော်ကြောင်း၊ တိုင်းပြည်ထဲတွင် စည်လုံးရေး ပြိုကွဲနေသောကြောင့် ၎င်းတို့ ယခုလို လုပ်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင် မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခွင့်အရေးက “ဝ”ရဲ့ လက်ရှိ အနေအထားမျိုးကတော့ ဒါကတော့ မသင့်တော်ဘူးပေါ့နော်။ အဲဒါက ဖက်ဒရယ် မဟုတ်တော့ဘူး၊ အဲဒါက ကွန်ဖက်ဒရေးရှင်း ဖြစ်သွားပြီ၊ ပေးတော့ပေးသင့်တယ်။ အခုလက်ရှိ အနေအထား ထက်လည်း နည်းနည်းများရမယ်၊ “ဝ”လောက်လည်း မဟုတ်ဘူးပေါ့ အဲဒီကြားထဲမှာပဲ ဖြစ်တယ်။ နောက် တစ်ခု ကတော့ “ဝ”ရဲ့ အနေအထားနဲ့ မတူပါဘူး။ တိုင်းပြည်ထဲမှာ စည်လုံးရေး ပြိုကွဲနေလို့သာ သူတို့ဒီလိုလုပ်န တာ ပေါ့နော်။ “ဝ” ဆိုတာ တကယ်တော့ အမှန်အတိုင်းပြောရင် လှိုင်သာယာတစ်မြို့နယ် တစ်မြို့နယ်စာပဲ ရှိပါတယ်။ သူဒီလိုရနေတာဟာ မြန်မာနိုင်ငံရဲ့ စိန်နားကပ်အရောင်ကြောင့်သူပါးပြောင်နေရတာ။ အဲဒါကို သူတို့နားလည်ဖို့ ကောင်း တယ်။ တိုင်းပြည်ရဲ့ လုံခြုံရေး ထိခိုက်မယ်ဆိုတာက သူက စစ်မတိုက်ဘဲ လက်နက်တွေ မှောင်ခိုပို့ပြီးတော့ ရောင်းစားနေလို့ ဒီလိုဖြစ်နေတာလေ။ သူတို့ဒါမျိုး တကယ့်တကယ် နိုင်ငံတော်က ပြတ်ပြတ်သားသား လုပ်ကြည့်ပါလား သူဘယ်ရမလဲ သူကွဲထွက်သွားမှာ။ တကယ့် တကယ်ကြတော့ တိုင်းရင်းသားတွေမှာ ယဥ်ကျေး မှုဆိုင်ရာ လွတ်လပ်ခွင့်တွေ ပေးရမယ်လေ၊ သူတို့ရဲ့ သယံဇာတတွေ စီမံခန့်ခွဲမှုကိုလည်း ပေးရမယ်။ အထိုက် အလျောက်ပေါ့နော်”ဟု ပြောသည်။
UWSA သည် “ဝ” ဒေသ တစ်ခုလုံး၏ စစ်ရေး-နိုင်ငံရေး အပါအဝင် တရားရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွား ရေး၊ အကောက်ခွန်ဌာန၊ လဝက စသည့် လုပ်ငန်းစဉ်များ ကိုယ်ပိုင်စီမံအုပ်ချုပ်လျက်ရှိသည်။
KIA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကတော့ တိုင်းရင်းသားများသည် ၂၀၂၅ ခုနှစ်ကျော်လွန်လာပါက ဖက်ဒရယ်ထက် ကျော်လွန်သည့် စဉ်းစားချက်များ ရှိလာမည်ဖြစ်ကြောင်း ပြောကြားထားသည်။
အလားတူ ကချင်ပြည်နယ် လုံခြုံရေးအတွက် စစ်ကိုင်းတိုင်းကနေ ရန်သူကို စောင့်တိုက်ရမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းအတွင်းမှာ ကသုံးလုံး(ကန့်ဘလူး-ကောလင်း-ကသာ)စစ်ဆင်ရေး ဖော်ဆောင်နေပြီး မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတစ်လျှောက် (ကချင်-စစ်ကိုင်းတိုင်း-ချင်း-ရခိုင်) ဆောင်ရွက်နေကြောင်း ၎င်းက ပြောထား သည်။
ကရင်အမျိုးသားအစည်းအရုံး(KUN)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း ကိုယ်ပိုင်ပြဋ္ဌာန်း အုပ်ချုပ်ခွင့်ရှိသော “ကော်သူးလေ ကရင်ပြည်”ထူထောင်မည်ဟု ပြောကြားထားသလို ကိုးကန့်တပ်ဖွဲ့(MNDAA)ကလည်း ကိုယ်ပိုင် ပြဋ္ဌာန်း အုပ်ချုပ်ခွင့်ရှိသော အထူးဒေသဖော်ဆောင်ရေး ကြိုးပမ်းလျက်ရှိသည်။
ထို့ပြင် TNLA ကလည်း ပလောင်ပြည်နယ်ရရှိရေး တည်ဆောက်နေသလို SNA နှင့် NDAA ကလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ပြည်နယ်ရရှိရေး ကြိုးပမ်းလျက်ရှိနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 112
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂
ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey နှင့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်တို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြသည်။
ဘင်းမ်စတက်အဖွဲ့ကြီးသည် အဖွဲ့ဝင်နိုင်ငံ အချင်းချင်း နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု မရှိဘဲ ပူးပေါင်း ဆောင်ရွက်မှုများ ကောင်းမွန်သည့် အဖွဲ့ကြီးဖြစ်ကြောင်း၊ မိမိအနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တစ်ခုဖြစ်စေရေး အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
အဆွေတော် ဦးဆောင်သည့် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် များစွာ ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော် ပြည်ပ ခရီးစဉ်များ သွားရောက်ခြင်းဖြင့် ဒေသတွင်း ဆက်ဆံရေးကိုလည်း ပိုမို တိုးတက်အားကောင်းလာစေမည် ဟု မိမိအနေဖြင့် ဘုံကြည်ပါကြောင်း၊ ဘင်းမ်စတက် အဖွဲ့ကြီးအနေဖြင့် မကြာမီ ကာလအတွင်း ဦးဆောင် အစည်း အဝေးများနှင့် အခြားသော လှုပ်ရှားမှုများစွာကို ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု များကို ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey က ပြောကြားခဲ့သည်။

ထို့နောက် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများတွင် ပါဝင်သည့် ကုန်းတွင်းပိတ် နိုင်ငံများဖြစ်သော နီပေါနိုင်ငံနှင့် ဘူတန်နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်သင့်သည့် အခြေအနေများ၊ မြန်မာနိုင်ငံ အနေဖြင့် လာမည့်နှစ်တွင် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တာဝန် လွှဲပြောင်းရယူ ထမ်းဆောင်ရမည်ဖြစ်ပြီး ဘင်းမ်စတက် အတွင်းရေးမှူးချုပ် တာဝန် ထမ်းဆောင်ချိန်၌ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 323
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂
NSPNC နှင့် UWSA တွေ့ဆုံဆွေးနွေးမှုကနေ အဆင်ပြေလာပါက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသော လက်နက်ကိုင် တိုက်ပွဲများ ရပ်စဲရေးထိန်းနိုင်မလား ပြည်တွင်း/ပြည်ပ နိုင်ငံရေးအသိုင်းအဝန်း ကြား စောင့်ကြည့်လျက်ရှိနေသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) သည် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA)အား UWSA ၏ ဗဟိုဌာနချုပ် ပန်ဆန်း(ပန်ခမ်း) မြို့တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဒေသ ဖွံ့ဖြိုးရေးတို့ကို အဓိကထား ဆွေးနွေးကြသည်ဟု “ဝ” သတင်းဌာန WSTV က ထုတ်ပြန်ခဲ့သည်။
ထိုကဲ့သို့ “ဝ” တပ်ဖွဲ့နှင့် NSPNC တို့ တွေ့ဆုံဆွေးနွေးမှုသည် အပြုသဘောဆောင်သည့် တိုးတက်မှု များစွာရှိလာ နိုင်ကြောင်း၊ “ဝ” တပ်ဖွဲ့၏ လုပ်ဆောင်မှုများသည် အခြားတိုင်းရင်းသား လက်နက်ကိုင်များအပေါ်တွင် သက်ရောက်မှုများ ရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်နဲ့ UWSA စစ်ဦးစီးချုပ် ပေါက်အိုက်ခမ်းကို တွေ့ရစဉ်
၎င်းက " “ဝ" တပ်ဖွဲ့နဲ့ ကျန်တဲ့ အဖွဲ့တွေကလည်း ဘာပဲဖြစ်ဖြစ် စကားပြောဆို ဆက်ဆံရှိနေတာပဲလေ။ ဒီအပေါ် မှာ မူတည်ပြီးတော့မှတော့ ပြောကြဆိုကြတဲ့အပေါ်မှာ မူတည်ပြီးတော့မှ "ဝ" တပ်ဖွဲ့ကသာ တကယ့်တကယ် တမ်း NSPNC နဲ့ သဘောတူညီချက် တော်တော်များများ ရတယ်ဆိုရင် ကျန်တဲ့အဖွဲ့တွေ အနေနဲ့လည်း ဘာလုပ် သင့် တယ်ဆိုတဲ့ဟာမျိုး သူတို့ဆက်ပြီး ဆုံးဖြတ်ရမယ့် ကိစ္စတွေ ထပ်ထွက်လာမှာပါ သူတို့ရှိပါလိမ့်မယ်။ အဲဒီ အတွက်ကြောင့်မို့လို့ ဒါတွေလည်း တွေ့ဆုံဆွေးနွေးပါပြီ ဆိုကတည်းကိုက ဒီအချက်အလက်တွေ ပါလာမှာဖြစ် တယ်။ အဲဒီအတွက်ကြောင့်မို့လို့ တစ်ဖက်နဲ့ တစ်ဖက်နဲ့ အနည်းဆုံးတော့ သဘောတူညီချက် တစ်စုံတစ်ရာ ရမယ် လို့တော့ မှန်းလို့ရတယ်ပေါ့။ ဒီဟာကို ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံမှာ "ဝ"သည် အင်အားကြီး လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့ရွှေ့တဲ့ ရွှေ့ကွက်သည် ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပေါ်ကိုလည်း ထိုက်သင့်တဲ့ သက်ရောက်မှုတော့ ရှိမယ်ပေါ့နော်။ ဒီအတွက်ကြောင့်မို့လို့ကတော့ မဆွေးနွေးခင် အခြေအနေထက် စာလို့ရှိရင်တော့ အများကြီး အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ အများကြီး ရှိမယ်လို့တော့ ကျနော်တို့က ရှုမြင် သုံးသပ်လို့ရပါတယ်”ဟု ပြောသည်။
“ဝ” သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက် အင်အား အကြီးဆုံးအဖွဲ့ ဖြစ်ပြီး ကျန်လက်နက်ကိုင်အဖွဲ့များက “ဝ” တပ်ဖွဲ့ ရရှိနေသည့် နိုင်ငံရေး-စစ်ရေး အဆင့်အတန်းမျိုးကို ရရှိရန် စိတ်ကူးလျက်ရှိသည်။
လက်ရှိ အခင်းအကျင်းအရ “ဝ” တပ်ဖွဲ့အနေဖြင့် ယခင်ပုံစံအတိုင်း သွားမည်ဆိုလျှင် အဆင်မပြေမည်ကို ကြိုတင် စဥ်းစားသည့်သဘော သက်ရောက်ကြောင်း၊ “ဝ” ဘက်မှ လက်နက်ခဲယမ်းများ မပံ့ပိုးတော့လျှင် ကျန်တိုင်းရင်း သား လက်နက်ကိုင်များအနေဖြင့် အခက်တွေ့သွားနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုး က CNI သတင်းဌာနသို့ ပြောသည်။

UWSA ဒုဥက္ကဋ္ဌ ကျောက်ကော်အန်း၊ စစ်ဦးစီးချုပ် ပေါက်အိုက်ခမ်းနဲ့ ဒုစစ်ဦးစီးချုပ်တို့ကို တွေ့ရစဉ်
၎င်းက “ “ဝ”ကလည်း ထိုနည်းတူစွာပဲပေါ့၊ တပ်ကို ရန်ပြုတဲ့ပုံစံမျိုး သူက လူက လူလည်ဆိုတော့ အရှေ့ကတော့ မျက်နှာထုတ်မပြဘူး။ အနောက်ကနေ ဈေးလည်းရောင်းတယ်ပေါ့ဗျာ ဒါသူလုပ်နေကျပေါ့။ ဒါနဲ့ပတ်သက်လို့ တရုတ် က ဒါကိုလည်း မကြိုက်ဘူးဆိုတာ ကျနော်တို့က ကြားသိနေရပြီလေ။ အဲဒီအခါကျတော့ နောက်ပြီးတော့ စစ်တပ်က လည်း အင်အားက ပြန်ကောင်းလာပြီ ဒီစစ်မှုထမ်း ဥပဒေအရရော။ အဲဒီတော့ "ဝ"က ဒီအချိုးမျိုး ဆက်သွားနေ လို့ရှိရင် မြှောက်ထိုးပင့်ကော် လုပ်နေမယ်ဆိုလို့ရှိရင်တော့ တပ်နဲ့ရော၊ ကြံ့ခိုင်ရေးပါတီ အုပ်စုနဲ့ရော၊ ရေရှည်မှာ မြန်မာပြည်ရဲ့ အနာဂတ်မှာဖြစ်လာမယ့် အစိုးရအဆက်ဆက်နဲ့ရော သူ့ရဲ့ဆက်ဆံရေးက ကောင်းမှာ မဟုတ်တော့ ဘူး။ ကောင်းမှာ မဟုတ်ဘူးဆိုရင် သူ့အတွက်က ဘာပဲပြောပြော နေရထိုင်ရ ကောင်းမှာမဟုတ်တော့ဘူး။ ဒီလို အခြေအနေတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ သူတို့ အလျှော့ပေးပြီးတော့ ဆက်ဆံလာတယ်။ သူတို့ ဒါကို အမြင်မှန် ရလာတယ်လို့ပဲ ကျနော်တို့က အဲ့ဒီလို မြင်တယ်ပေါ့နော်။ ဒီအတွက်ကြောင့်မို့လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ လက်နက်ခဲယမ်း ကိစ္စဘာညာ တော်တော်ကို အခက်အခဲ ဖြစ်သွားနိုင်တယ်ပေါ့နော် အဲဒီလို ယူဆတယ်” ဟု ပြောသည်။
လက်ရှိတွင် UWSA သည် အမျိုးသားဒီမိုကရေစီ မဟာမိတ် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော်(AA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ပါဝင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးက်ောမတီ(FPNCC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာသော နိုင်ငံရေးအကျပ်အတည်းနှင့် လက်နက်ကိုင် ပဋိပက္ခများ၌ UWSA က အဓိက အင်အားစု အနေဖြင့် ပါဝင်ခဲ့ပြီး နွေဦးတော်လှန်ရေး အင်အားစု များနှင့် AA-MNDAA-TNLA တို့အား လက်နက်ခဲယမ်းများ ဖြည့်တင်းပေးသူ ဖြစ်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 302
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် သူပုန်များမရှိစေရန် ပူးပေါင်း နှိမ်နင်းရေး မြန်မာသမ္မတ ဦးမင်းအောင် လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း လက်တွေ့ကျနိုင်လား ဆိုသည့်အပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ သွားရောက်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်၊ အိန္ဒိယပြည်ပရေးရာဝန်ကြီးတို့အား သီးသန့်စီ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်သူပုန်များ မရှိစေရေး၊ ဟိုဘက် ဒီဘက် မလိုလားမှုများကို ဆွေးနွေးခဲ့ကြကြောင်း ကြားသိရသည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
၎င်းက “နိုင်ငံတော်သမ္မတကြီးအနေနဲ့ အန္ဒိယခရီးကို သွားတဲ့ကိစ္စက ဆိုလို့ရှိရင် မြန်မာနိုင်ငံအတွက်လည်း အင်မတန်မှ အင်အားကြီးတဲ့ အိန္ဒိယနိုင်ငံကို မိတ်ဆွေအမှန် ဖြစ်လာဖို့အတွက် မိတ်ဆွေစစ်၊ မိတ်ဆွေအမှန် ဖြစ်လာဖို့အတွက် လိုလားချက်ရှိတယ်။ ထိုနည်းလည်းကောင်းပဲ အိန္ဒိယဘက်ကလည်း မြန်မာနိုင်ငံကို လိုလား ချက် ရှိတယ်ဆိုတဲ့အပေါ်မှာ မိတ်ဆွေနိုင်ငံတွေ အနေနဲ့ ဆက်ဆံကြတဲ့ သဘောတစ်ခုကို တွေ့ရတယ်။ အိန္ဒိယက မြန်မာနိုင်ငံဘက်မှာ အခြေစိုက်တဲ့ နာဂသူပုန်တွေကို ဘယ်သူမှ မရှိစေချင်ဘူး။ အိန္ဒိယမှာလည်း နာဂသူပုန် ပြဿနာတွေက တော်တော် ကြီးလေးခဲ့တာတွေ ရှိတယ်။ ၁၉၉၇ ခုနှစ်မှာဆိုလို့ရှိရင် နာဂတွေအနေနဲ့ အိန္ဒိယ အစိုးရနဲ့ ငြိမ်းချမ်းရေးစကားတွေ ပြောခဲ့ကြပေမယ့် နောက်မှာတော့ မပြေလည်မှုတွေ ပြန်ဖြစ်သွားတယ်ဆိုတာမျိုး ကျမတို့က လေ့လာသိရှိရတယ်။ အဲဒီအခင်းအကျင်းတွေကို ကြည့်လိုက်တဲ့အခါမှာ မြန်မာနိုင်ငံဘက်မှာ နာဂသူပုန် တွေ ခိုလှုံတာမျိုး မဖြစ်စေဖို့အတွက်လည်း အိန္ဒိယက လိုလားပုံရတယ်။ မြန်မာနိုင်ငံဘက်ကလည်း အိန္ဒိယဘက် မှာ ရခိုင်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ရှိတာကို မလိုလားတဲ့ပုံစံမျိုးရှိတယ်။ အဲဒီလို နှစ်ဖက် နှစ်နိုင်ငံစလုံးက အဲဒီလို မလိုလားမှုတွေကို ဆွေးနွေးကြတယ်လို့ ထင်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေသော အိန္ဒိယသူပုန်အဖွဲ့များသည် အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအား ခြိမ်းခြောက်မှု ဖြစ်မလာစေဖို့ နှိမ်နင်းရန် လိုအပ်တာမှန်သမျှ အားလုံးကို လုပ်ဆောင်သွားမည်ဟု မြန်မာနိုင်ငံဘက်က အိန္ဒိယကို ဇွန်လ ၁ ရက်တွင် ကတိပြုခဲ့ကြောင်း အိန္ဒိယသတင်းဌာန ANI မှ ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံ၏ နယူးဒေလီမြို့တော်ရှိ ဟိုက်ဒရာဘတ် အိမ်တော်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်တို့ကြား ပြုလုပ်ခဲ့သည့် ထိပ်သီးအဆင့် ဆွေးနွေးပွဲအတွင်း ယခုကဲ့သို့ အရေးပါသော ကတိကဝတ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုခရီးစဉ်နှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဗစ်ကရမ် မစ်ဆရီက မီဒီယာများကို ရှင်းလင်း ပြောကြားရာတွင် ဝန်ကြီးချုပ် မိုဒီအနေဖြင့် မြန်မာသမ္မတနှင့် ဆွေးနွေးခဲ့ချိန်အတွင်း နယ်စပ်ဖြတ်ကျော် သူပုန်လှုပ်ရှားမှုများ အရေးကိစ္စကို အလေးထား ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
မိမိတို့ လက်နက်ကိုင် အဖွဲ့အနေဖြင့် အစိုးရဆိုသည့် ခေါင်းစဥ်နှင့် သွားနေသည်ဖြစ်သောကြောင့် သူပုန်ဆိုသည့် ခေါင်းစဥ်ကို လက်မခံကြောင်း NSCN- K/AM ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။

NSCN-K/AM အဖွဲ့မှ ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “ကျနော်တို့က သူပုန်ဆိုတဲ့ အသုံးအနှုန်းကိုတော့ လက်မခံချင်ဘူးဗျ။ အမျိုးသား ကိုယ့်လူမျိုးရဲ့ နိုင်ငံရေး အဖွဲ့အစည်းပေါ့။ အစိုးရဆိုတဲ့ ခေါင်းစဥ်နဲ့ပဲ ကျနော်တို့က သွားခဲ့တာ အဲဒီသူပုန်ဆိုတဲ့ ခေါင်းစဥ်ကိုတော့ လက်မခံ ဘူးဗျ။ ကျနော်တို့ကျတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ နာဂကတော့ ဘာဖြစ်ဖြစ် အမျိုးသားရေးကိစ္စဖြစ်တဲ့အတွက် ကြောင့်မို့ ကျနော်တို့ အနေနဲ့တော့ ကျနော်တို့ အမျိုးသားရေးကိစ္စကို ကျနော်တို့ အဓိက စောင့်ရှောက်ကာကွယ်ပြီး တော့မှ ကျနော်တို့ အမျိုးသားရေးအတွက် နာဂအတွက် ကျနော်တို့ Sovereignty Independence "အချုပ်အခြာ အာဏာလွတ်လပ်ရေး" ဆိုတဲ့ လမ်းကြောင်းကို ကျနော်တို့ သွားနေတာဖြစ်တဲ့ အတွက်ကြောင့် ကျနော် သူပုန်ဆို တဲ့ သူတို့ရဲ့ အသုံးအနှုန်းကိုတော့ အဲဒါကိုတော့ လက်မခံဘူး။ ဒါကတော့ အိန္ဒိယရဲ့ ပေါ်လစီပေါ့။ အိန္ဒိယကတော့ အဖွဲ့အစည်းတွေကို သူက သွေးခွဲစေတယ်၊ အဖွဲ့အစည်း တစ်ခုနဲ့တစ်ခုနဲ့ကြားမှာ သွေးခွဲစေတဲ့ မူဝါဒကို သူတို့ သုံးနေတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့က အဲဒီငြိမ်းချမ်းရေးကို ဖျက်စီးလိုက်တာ သူတို့ကြောင့်”ဟု ပြောသည်။
တိုင်းရင်းသားလူမျိုးများသည် နိုင်ငံရေးတောင်းဆိုမှု သို့မဟုတ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ကြိုးပမ်းနေကြသော တော်လှန်ရေးသမား သို့မဟုတ် လက်နက်ကိုင်အဖွဲ့များ ဖြစ်နိုင်သော်လည်း "သူပုန်"ဟု အလွယ်တကူ တံဆိပ်ကပ် ခြင်းသည် ၎င်းတို့၏ အခြေခံအခွင့်အရေးနှင့် သမိုင်းကြောင်းကို လျော့ချသလိုဖြစ်နေကြောင်း နိုင်ငံ့အသိုင်းအဝန်း က ထောက်ပြကြသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို အစိုးရနှင့် တပ်မတော်ဘက်မှ "သူပုန်" သို့မဟုတ် "သောင်းကျန်းသူ" ဟု ခေါ်ဆိုရခြင်းသည် ၎င်းတို့သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်စွဲကိုင်၍ ဆန့်ကျင်တိုက်ခိုက်ခြင်း၊ တရားဥပဒေကို ဖောက်ဖျက်ခြင်းနှင့် ပြည်နယ်၏ တည်ငြိမ်မှုကို ခြိမ်းခြောက်ခြင်းတို့ ကြောင့် ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်းမှာ အိန္ဒိယကို ဆန့်ကျန်နေသည့် နာဂလက်နက်ကိုင် NSCN-K/AM၊ NSCN-K/YA၊ NSCN-IM၊ NSCN-IM/HS၊ ENDA/ENNO၊ NNC၊ NPDF အပါအဝင် ကသည်းလက်နက်ကိုင် MPA၊ UNLF၊ PLA၊ PREPAK တို့ လှုပ်ရှားလျက်ရှိ သည်။
အလားတူ အိန္ဒိယနိုင်ငံအတွင်းမှာလည်း မြန်မာကို ဆန့်ကျန်နေသော AA၊ KIA၊ CNF၊ PDF စသည့် လက်နက်ကိုင် အဖွဲ့များ ဝင်ထွက်သွားလာ လှုပ်ရှားနေသလို လိုအပ်သော အရင်းအမြစ်များကိုလည်း ရယူသုံးစွဲနေကြပြီး နိုင်ငံခြား သား ကြေးစားစစ်သားများလည်း ဝင်ထွက်သွားလာနေကြောင်း သိရသည်။
