- By CNI
- Category: နိုင်ငံရေး
- Hits: 121
CNI News
၂၀၂၇ ခုနှစ်၊ ဇွန်လ ၁၈
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ(NSPNC)တို့သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်က နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်မှာ တွေ့ဆုံ ဆွေးနွေး ကြသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် SSPP ဘက်က အချက် ၇ ချက် ချပြ ဆွေးနွေးခဲ့ပြီး NSPNC က အချက် ၆ ချက် ချပြ ဆွေးနွေးခဲ့ကြောင်း SSPP ဘက်မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်၌ ထုတ်ပြန်ခဲ့သည်။
ထို့နောက် SSPP ဘက်က နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသွားရန်၊ တန်းတူရေးကိုအခြေခံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံ သည့် ပြည်ထောင်စု ပေါ်ထွန်းလာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်ကာလများ၌ ယုံကြည်မှု ထိခိုက်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့မှုအပေါ် သင်ခန်းစာယူပြီး ထပ်မံမဖြစ်ပွားအောင် အလေးထား ဆောင်ရွက်လျက် ရှိပါသည်။ နှစ်ဖက်တပ်များအကြား အငြင်းပွားဖွယ် ရာကိစ္စရပ်များ ဖြစ်ပွားလာပါက တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ပြေလည်အောင် ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း တို့ကို ဆွေးနွေးခဲ့သည်။

SSPP ကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်
အလားတူ လက်ရှိကာလတွင်လည်း တပ်မတော်နှင့် ထိတွေ့မှုမရှိသလို ၊ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုများလည်း မရှိကြောင်း၊ မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ၊ မှုးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိ သော လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန် ကတ္တရာလမ်းခင်းခြင်း ၊ ပညာရေးကဏ္ဍတွင်လည်း လိုအပ်လျက်ရှိသော စာသင်ဆောင်များ ၊ ကျောင်းသုံး ပုံနှိပ်စာအုပ်များနှင့် သင်ကြားရေးဝန် ထမ်းဖြစ်သော ဆရာ ၊ ဆရာမများ တိုးမြှင့်ခန့်ထားပေးရန်၊ SSPP ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံပြည်သူများ အသုံးပြုရန်အတွက် လိုအပ်သောစက်သုံးဆီများကို အချိန်နှင့်တပြေးညီ သယ်ဆောင်ခွင့်ပြုရန် စသည့် အချက်များကိုလည်း SSPP ဘက်က ဆွေးနွေးခဲ့သည်။
တခြားတစ်ဖက်မှာတော့ NSPNC က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို စာရင်းဇယားများ ပြုစု ပြီး (NSPNC) ထံပေးပို့ရန်နှင့် သက်ဆိုင်ရာသို့် တင်ပြညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်း လိမ် လည်မှုနှင့် မှုးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများအတွက် ဒေသရှိအစိုးရ တာ ဝန်ရှိသူများနှင့် ပူးပေါင်း ဆောင် ရွက်ပြီး အလေးထား ဆောင်ရွက်သွားရန် လိုပါကြောင်း၊ ဒေသတည်ငြိမ်ရေး ၊ ဖွံ့ဖြိုးရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်ပြီး နောက်တစ်ဆင့် တက်လှမ်း၍ ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေးတည် ဆောက်သွားရန် လိုအပ် ကြောင်း တို့ကို ပြန်လည် ဆွေးနွေးခဲ့သည်။
ထို့အပြင် လက်ရှိရရှိထားသည့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရန် ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမည့် အခြားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး နှစ်ဖက် ထိန်းသိမ်းဆောင်ရွက်သွားရန်၊ ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့် သ ဘောတူညီချက်(Bilateral Agreements) များအား လေးစားအသိမှတ်ပြုပြီး ပူးပေါင်းအကောင်အ ထည်ဖော် ဆောင်ရွက်သွားမည်၊ နောက် တစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း နေပြည်တော်၌ ကျင်းပ ပြုလုပ်သွားရန် လျာထားကြောင်း စသည့် အချက်များကိုလည်း NSPNC ဘက်က ဆွေးနွေးခဲ့သည်။

NSPNC ကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် မထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
လက်ရှိတွင် SSPP/SSA သည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ ပါဝင်သော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်ဖြစ်သည်။
အလားတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပေါ်ပေါက်လာသော နွေဦးတော်လှန်ရေးတွင် မြန်မာ့ တပ်မတော်ကို တိုက်ခိုက်နေသည့် လက်နက်ကိုင် အင်အားစု တချို့ကို လက်နက်ခဲယမ်း ရောင်းချပေးခြင်းများ ရှိသည်ဟု စွပ်စွဲချက်များ ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 121
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၇)ဖွဲ့ဖြင့် ဖွဲ့စည်းထားသော 7 EAO Alliance ဦးဆောင်အဖွဲ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်က ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများအားသုံးသပ်ခြင်း၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်နှင့် ၁၀ ရက် ရက်နေ့ များတွင် ကျင်းပသော 7 EAO Alliance နှင့် NSPNC တို့ကြား ညှိနှိုင်းဆွေးနွေးပွဲနှင့် ပတ်သက်၍ 7 EAO ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့၏ အစီရင်ခံ တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြသည်ဟု 7 EAO Alliance က ထုတ်ပြန်ခဲ့သည်။

ထို့နောက် 7 EAO Alliance နှင့် NSPNC တို့ ပူးတွဲပြီး မကြာမီ ပြုလုပ်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည် သုံးသပ်ခြင်း ညှိနှိုင်းဆွေးနွေးပွဲအတွက် လိုအပ်သော လမ်းညွှန်မှုများ ချမှတ်ခြင်းနှင့် တာဝန်ပေးအပ်မှုများ ပြုလုပ် ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အစည်းအဝေးတွင် ဦးဆောင်အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒုအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း၊ ဦးဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းရေးမှူးများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 188
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈
အိမ်နီးချင်း အင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရက မည်ကဲ့သို့ ကိုင်တွယ်သွားမလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက စောင့်ကြည့်လာနေသည်။
တရုတ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ရရှိမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများအပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ချောမွေ့စေရန်အတွက် မူဆယ်-မန္တလေး ကုန်သွယ်ရေးလမ်း၊ ရထားလမ်း၊ ရွှေလီ-မန္တလေး- ကျောက်ဖြူ အမြန်လမ်း စသည့် စီမံကိန်းများလည်း ရှိသည်။
အလားတူ အိန္ဒိယနိုင်ငံသည်လည်း ၎င်း၏ အရှေ့မျှော်ဝါဒဖြစ်သည့် မြန်မာနိုင်ငံအနောက်ဘက်ခြမ်းကို ဖြတ်သန်း ကာ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသနှင့် ချိတ်ဆက်မည့် ကုလားတန်စီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ် ရေးလမ်းကြောင်း ဖော်ဆောင်ရေး အကောင်အထည်ဖော်လျက်ရှိသည်။
အစိုးရအနေဖြင့် ထိုစီမံကိန်းများရှိသည့် ဒေသများမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် စေ့စပ် ညှိနှိုင်းဆွေးနွေး သည့် အခင်းအကျင်းများ ပေါ်လာနိုင်ကြောင်း၊ တရုတ်အစိုးရ အနေဖြင့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ အပေါ် ဖိအားပေးမှု၊ ကြားဝင် စေ့စပ်မှုများလည်း မြင်တွေ့လာရနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြ ကြသည်။
လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား စေ့စပ်ညှိနှိုင်းမှုများ မလုပ်ခင်တွင် စစ်ရေးအရ ပိုမိုဖိအားပေးလာမည့်သဘော ရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။

ကုလားတန်မြစ် စီမံကိန်းကို အိန္ဒိယသံအမတ်ကြီး လေ့လာနေစဉ်
၎င်းက “တစ်ဖက်ကလည်း Power Balance လုပ်ဖို့အတွက် စစ်ရေးအရ ဖိအားပေးမှုလေးတွေ ပိုလုပ်လာနိုင် တယ်။ စစ်ရေးအရ ပိုမိုဖိအားပေးပြီးတော့မှ တစ်ဖက်နဲ့တစ်ဖက် ဈေးဆစ်သလိုပေါ့ဗျာ။ ကိုယ့်ဘက်က နည်း နည်းလေး ပိုပြီး ဖိအားပေးပြီးလုပ်ရင် မဝယ်တော့ဘူးဗျာလို့လုပ်ရင် ဟိုဘက်က လျှော့ရတာပဲလေ အဲဒီ သဘော ပဲပေါ့။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စကားပြောတဲ့အခါမှာ စစ်ရေးအရ ဖိအားပေးပြီး တစ်ဖက်က ဈေး မာမာ တင်လိုက်တဲ့ သဘောပဲပေါ့ဗျာ။ အဲဒီလိုမျိုးပဲဆိုတော့ ဖြစ်နိုင်တယ် ပိုပြီးဖြစ်လာနိုင်တယ် ဖြစ်ကိုဖြစ်လာ မယ်လို့လည်းထင်တယ်။ ဒီလိုနည်းနဲ့ပဲ လုပ်ရမှာ အပေးအယူ သပ်သပ်ကြီး တစ်ခုတည်းနဲ့လည်း အဆင်မပြေနိုင် ဘူး စစ်ရေးအရ အထိုက်အလျောက် ပေးမှုတွေတော့ လုပ်ရလိမ့်မယ်လို့ ထင်တယ်။ သို့သော် ဒါသည်လည်း လွန်ကဲစွာတော့ လုပ်မရဘူး။ အထူးသဖြင့် AA လိုဟာမျိုးကို သိမ်းထားတဲ့ နယ်မြေတွေက တချို့ ကိုယ့်ဘက်ကို ပြန်ရအောင် လုပ်ဖို့တော့ လိုလိမ့်မယ် ဒါမှသာလျှင် စကားပြောတဲ့အခါမှာ သူတို့ဘက်က အပေါ်စီး အရမ်းမများမှာ ပေါ့နော်။ ကျနော်ကတော့ အဲနှစ်မျိုး သွားမယ်လို့ထင်တယ်။ အဓိက,ကတော့ ဘာကို နောက်ဆုံးအဓိက သုံးရ မလဲဆိုရင်တော့ စေ့စပ်ညှိနှိုင်းမှုကတော့ အဓိက နောက်ဆုံးသွားရလိမ့်မယ်လို့ ကျနော်ထင်တယ်” ဟု ပြောသည်။
တရုတ်အစိုးရ အနေဖြင့် လာမည့် ငါးနှစ်အတွင်းတွင် မြန်မာနိုင်ငံအတွင်း တရုတ်၏ စီမံကိန်းများ ဖြစ်သည့် ပိုးလမ်းမစီမံကိန်းနှင့် ကျောက်ဖြူရေနက် စီမံကိန်းကို အပြီးသတ် လုပ်သွားမည့် အလားအလာ ရှိနိုင်သည်ဟု တရုတ်-မြန်မာအရေး လေ့လာသူများက ထောက်ပြကြသည်။
တရုတ်၏ စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်နိုင်ရေးအတွက် တရုတ်အစိုးရအနေဖြင့် အစိုးရ- တပ်မတော်နှင့် AA တို့အကြား မည်ကဲ့သို့ ကြားဝင်စေ့စပ် ညှိနှိုင်းမလဲဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ AA အနေဖြင့်လည်း တရုတ်၏ ပြောစကားကို လက်ခံပါ့မလား ဆိုသည်မှာ မသေချာဘူးဟု နိုင်ငံရေးလေ့လာသုံး သပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “အဲဒီတော့ တရုတ်- မြန်မာ စီးပွားရေးစင်္ကြံက လုပ်ငန်းကြီးတွေနဲ့ ပတ်သက်လို့ရှိရင်ဝောာ့ နှစ်ဖက်စလုံးက ထိခိုက်ရဲမှာ မဟုတ်ဘူး။ ထိခိုက်ရဲမှာ မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ တရုတ်ကလည်း အဲဒါအတွက်တော့ သိပ် မပူဘူးပေါ့။ ရခိုင်ဒေသမှာကျတော့ အခုပြဿနာက ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါး သူတို့က ထိန်းချုပ်ထားနိုင်ပြီ။ မြို့(၃) မြို့ပဲ ကျောက်ဖြူ၊ စစ်တွေနဲ့ ရမ်းဗြဲပဲ ကျန်တာပေါ့နော်။ အဲဒီလိုဖြစ်တဲ့ အခါကျတော့ အဲဒီက ဥစ္စာကို AA ဘက်ကတော့ ၂၀၂၇ မှာ အဆုံးအဖြတ် စကားပြောမယ်ဆိုတော့ အဲဒါကို ၂၀၂၇ မှာ ရအောင်သိမ်းမလားပေါ့နော်။ သူတို့အနေနဲ့က ပြောမယ်ဆိုရင်တော့ သတ်မှတ်ပေးထားတဲ့ ရခိုင်ပြည်နယ်ဆိုတဲ့ ဧရိယာတစ်ခုလုံးရအောင် တိုက် ချင်တဲ့ သဘောရှိတယ်။ ဒီဟာနဲ့ ပတ်သက်လို့ တရုတ်က ဘယ်လိုကြားဝင်မလဲ။ တရုတ်ကကြားဝင်တဲ့ ဆွေးနွေး ချက်ကို ဆွေးနွေးတာကို AA ကရော နားထောင်ပါ့မလားပေါ့။ အဲဒါတော့ သိပ်ပြီးတော့ ရှင်းရှင်းလင်းလင်းမရှိဘူး။ ဆိုလိုချင်တာက ခင်ဗျားတို့ မြို့တော်ဖြစ်တဲ့ စစ်တွေကို မတိုက်ပါနဲ့ ကျောက်ဖြူကို မသိမ်းပါနဲ့ စသဖြင့်ပေါ့ဗျာ အဲဒီ လိုဟာမျိုး တရုတ်က ပြောလာလို့ရှိရင် AA က လက်ခံပါ့မလားဆိုတာတော့ သိပ်မသေချာဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ တွေ့ဆုံဆွေးနွေးစဉ် ကုလာတန်းမြစ် ဘက်စုံစီမံကိန်း အကောင်အထည်ဖော်ရေး၊ အိန္ဒိယ- မြန်မာ-ထိုင်း ကုန်သွယ်ရေးလမ်း စီမံကိန်း အကောင်အထည်ဖော်ရေး၊ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအတွင်းရှိ သူပုန် များ နှိမ်နင်းရေး စသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
လက်ရှိတွင် သမ္မတဦးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ သွားရောက်လျက်ရှိပြီး စီးပွားရေးနှင့် ပတ်သက်သည့် သဘောတူညီချက် အများအပြား ရရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 247
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈
NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့ဖြင့် စုဖွဲ့ထားသည့် 7 EAO Alliance ၏ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ၍ ငြိမ်းချမ်းရေးအား မည်သို့ ဆက်သွားမလဲ ဆိုသည့်အပေါ် ဆွေးနွေးကြမည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင်(၇)ဖွဲ့ဖြင့် စုဖွဲ့ထားသည့် 7 EAO Alliance ၏ ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။
ယခုကဲသို့ NSPNC နှင့် 7 EAO Alliance တို့ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ညီညွတ်မှုများရရှိကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အကြောင်းအရာကတော့ ဒီမကြာခင်ကပဲ ဟို NSPNC နဲ့ ကျမတို့ 7 EAO Alliance နဲ့ လာတွေ့သွားတာရှိ တယ်။ အဲဒီကိစ္စတွေကို ခေါင်းဆောင်တွေကို တင်ပြဖို့ရှိတယ်။ အတွင်းရေးမှူးအဖွဲ့က တင်ပြပြီးတော့မှ အစိုးရရဲ့ နိုင်ငံရေးပေါ်လစီ၊ အစိုးရရဲ့ ငြိမ်းချမ်းရေး ပေါ်လစီပေါ့လေ။ ငြိမ်းချမ်းရေးပေါ်မှာသွားနိုင်တဲ့ ပေါ်လစီတွေကို တင်ပြ ပြီးတော့မှ ခေါင်းဆောင်တွေဆီက ရှေ့ကိုဆက်လျှောက်ရမယ့် ကိစ္စေတွေအတွက်ကို သဘောထား ဆုံးဖြတ်ချက် တွေ ယူလိမ့်မယ်လို့ ထင်ပါတယ်။ ကျမတို့ မျှော်လင့်လို့ရတာက 7 EAO Alliance အနေနဲ့ NSPNC မှာ လာရောက် ဆွေးနွေးတာကို ခေါင်းဆောင်ကြီးတွေကို တင်ပြခြင်းဖြင့် အစိုးရနဲ့ဆွေးနွေးခဲ့တဲ့ သဘောထား စုစည်းချက်တွေကို ခေါင်းဆောင်တွေ သိရှိနိုင်တာ တစ်ခုရှိတယ်၊ နောက်ပြီးလို့ရှိရင် ရှေ့ဆက်သွားရမယ့် လမ်းကြောင်းအတွက်လည်း ခေါင်းဆောင်တွေဆီက လမ်းညွန်ချက်တွေ ရသွားနိုင်တယ်။ နောက်ပြီးတော့ ကျမတို့ EAO ထဲမှာလည်း ဒီလို တွေ့ ဆုံ နေခြင်းအားဖြင့် ဆိုလို့ရှိရင် ညီညွတ်မှုတွေရတယ်။ အဲဒါကြောင့် ဒီအချက် သုံးချက်ကတော့ အရေးကြီးပါတယ် လို့ ပြောချင်ပါတယ်”ဟု ပြောသည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်က NSPNC နဲ့ 7 EAO Alliance အလွတ်သဘော တွေ့ဆုံ ဆွေးနွေးကြစဉ်
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် 7 EAO Alliance တို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဥ်နှင့် ပတ်သက်ပြီး မည်သို့ နည်းလမ်းများ ရှာကျန်ဖော်ထုတ်ရမလဲဆိုသည့် ရည်ရွယ်ချက် ဖြင့် စတင်ပြီး ခြေလှမ်းလှမ်းခြင်းဖြစ်ကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီဦးဆောင်ဖွဲ့ အစည်းအဝေးကတော့ ပုံမှန် ကျနော်တို့ သုံးလတစ်ကြိမ် လုပ်တဲ့ အစည်းအဝေးပဲလေ။ အဓိ က အကြောင်းအရင်းကတော့ ပြီးခဲ့တဲ့ ၁၀ ရက် ကျနော်တို့ အလွတ်သဘော တွေ့ဆုံဆွေနွေးပွဲ လုပ်ခဲ့တယ်။ တွေ့ဆုံပွဲသွားတဲ့ အဖွဲ့ကလည်းပဲ အလွတ်သဘော ညှိနှိုင်းရေးအဖွဲ့ပေါ့။ ဆိုတော့က အဲဒီကနေ ရရှိလာတဲ့ နှစ်ဖက် အပြန်အလှန် တင်ပြမှုတွေကို သက်ဆိုင်ရာ ခေါင်းဆောင်တွေ အသီးသီးကို ပြန်လည်တင်ပြဖို့လည်း အစီအစဥ် ရှိတယ်လေ။ လက်ရှိ ကျနော်တို့နိုင်ငံရဲ့ အခြေအနေက ဒါအားလုံး သိပြီးသားဖြစ်မှာပါ ဒါတွေကတော့ ဒီလက်ရှိ ဖြစ်ပေါ်နေတဲ့ ဒီ ပြည်တွင်းစစ်လို့ ပြောမလား၊ ဒီလက်နက်ကိုင်ပဋိပက္ခတွေက အရမ်းကို ကြီးမားကျယ်ပြန့်တယ်၊ ဆက်လက်ပြီးတော့လည်း ဖြစ်ပေါ်နေတယ်။ အဲဒီပေါ်မှာ ကျနော်တို့ နိုင်ငံသူနိုင်ငံသား ပြည်ထောင်စု ဒါတွေ အပါ အဝင်ပေါ့လေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကို လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့အညီပေါ့။ ကျနော်တို့ ဘယ်လို စတင်နိုင်မယ့် နည်းလမ်းတွေ ရှာကျန်ဖော်ထုတ်လို့ ရမလဲဆိုတဲ့ ဒါရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့ အလွတ်သဘောတွေ့ ဆုံပွဲမှာ ကျနော်တို့ စတင်ပြီးတော့ ခြေလှမ်းလှမ်းတာပေါ့ဗျာ။ အဆင်ပြေပြေနဲ့ ပါလာနိုင်တဲ့ အခင်းအကျင်းမျိုး လည်း ဖြစ်ဖို့လိုအပ်တယ်”ဟု ပြောသည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်က NSPNC နဲ့ 7 EAO Alliance အလွတ်သဘော တွေ့ဆုံ ဆွေးနွေးကြစဉ်
7 EAO Alliance တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ALP တို့ဖြစ်ကြသည်။
လက်ရှိတွင် NCA စာချုပ်ပါ လုပ်ငန်းစဉ်များ ရပ်ဆိုင်းနေပြီး NCA ပျက်သွားပြီ မပျက်သေးဘူးဆိုသည့်အပေါ် မှာလည်း အငြင်းပွားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 322
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈
မြန်မာနိုင်ငံတွင် တရုတ်နှင့် အိန္ဒိယတို့ အကောင်အထည်ဖော်နေသည့် စီမံကိန်းများရှိရာ ဒေသများ၌ တိုင်းရင်းသားလက်နက်ကိုင်များ အသီးသီး လှုပ်ရှားနေကြခြင်းကို တရုတ်-အိန္ဒိယ-မြန်မာ ပူးပေါင်း၍ ဘယ်လို ထိန်းချုပ်လာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
မြန်မာနိုင်ငံတွင် တရုတ်၏ အဓိက မဟာဗျူဟာမြောက် စီမံကိန်းကြီးများသည် ရခိုင်ပြည်နယ်၊ မကွေး တိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ကို ဖြတ်သန်းသွားရခြင်းဖြစ်ကာ ထိုလမ်း ကြောင်းများ၌ UWSA, MNDAA, TNLA, SSPP, KIA, PDF နှင့် AA တို့ ထိန်းချုပ်လှုပ်ရှား ကြသည်။
ထို့ပြင် အိန္ဒိယ၏ စီမံကိန်းဖြစ်သည့် ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် အိန္ဒိယ-မြန်မာ- ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေးလမ်း စီမံကိန်းတို့သည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အတွင်း ပါဝင်နေပြီး ထိုဒေသများတွင် AA, CNF,CDF,SNA တို့အပြင် နာဂနှင့်ကသည်း လက်နက်ကိုင် ထိန်းချုပ် လှုပ်ရှားလျက် ရှိကြသည်။
မြန်မာနိုင်ငံ၏ အရှေ့မြောက်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် အများစုသည် တရုတ်၏ ဩဇာနှင့် မကင်းကြောင်း၊ ၎င်းတို့ တိုက်ခိုက်နိုင်နေခြင်းသည် တရုတ်၏ ထောက်ပံ့ကူညီမှုများကြောင့်သာ ဖြစ် ကြောင်း၊ ထို့ကြောင့် တရုတ်သည် ၎င်းတို့အပေါ်၌ ကျေးဇူးခံ၊ ကျေးဇူးစားဖြစ်သည်ဟု ခန့်မှန်း၍ရ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်-အိန္ဒိယရဲ့ မြန်မာနိုင်ငံအတွင်းက စီမံကိန်းတွေကို တွေ့ရစဉ်
၎င်းက “တကယ်လို့ သူနဲ့ ကျေးဇူးခံ၊ ကျေးဇူးစား မဟုတ်ဘူး၊ သူ့ရဲ့ ထောက်ပံ့ကူညီမှုတွေ မပါဘဲနဲ့ တိုက် နိုင်တာဆိုရင် ဟိုအဖွဲ့တွေက ဘယ်လက်ခံမလဲ။ အခုက သူပြောမှရတယ်၊ သူပြောလို့ရှိရင် အောင်မြင် တယ်ဆိုတဲ့ဟာကို ကြည့်လိုက်ခြင်းအားဖြင့် တရုတ်ရဲ့ proxy တွေပဲဆိုတာ မှန်းလို့ရတယ်။ မှန်းလို့ရ တော့ သူ့အနေနဲ့ကတော့ အဲဒီဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်တွေပဲ ထိန်းချုပ်ထားထား၊ အစိုးရ တပ်ပဲ ထိန်းချုပ်ထားထား ပြဿနာမရှိဘူး။ အစိုးရက တက်တက်ကြွကြွ အကောင်အထည် ဖော်ဖို့ပဲလို တယ်။ အနောက်ဘက် အိန္ဒိယဘက်မှာကြတော့ အစိုးရနဲ့အဆင်ပြေပေမယ့် လက်ရှိမြေပြင်မှာ ထိန်းချုပ် ထားတာက AA တို့၊ CNA တို့၊ ချင်းလက်နက်ကိုင်တွေ ဖြစ်နေတဲ့ အခါကြတော့ အစိုးရအနေနဲ့ လုံခြုံရေး အရ အာမခံချက် မပေးနိုင်ဘဲနဲ့ အိန္ဒိယကို သွားပြီးတော့ ဖိတ်ခေါ်တဲ့သဘောက ခင်ဗျားတို့ အဆင်ပြေ အောင် ကိုယ့်ဘာသာကိုယ် ကြည့်လုပ်ဆိုတဲ့သဘော။ ကျနော်တို့က အပေါ်ကနေပြီး တရားဝင် ဒီလုပ်ငန်းတွေကို ခွင့်ပြုမယ်ဆိုတဲ့ဟာကို အချက်ပြလိုက်တယ်လို့ အဓိပ္ပါယ်ရတယ်။ အောက်မှာကတော့ ခင်ဗျားတို့ အဆင်ပြေအောင် ကြည့်လုပ်ကြပေါ့ဆိုသလိုပဲ။ ဘာလို့ဆို AA ကလည်း ပြောထားတာ ရှိတာ ကို။ အိန္ဒိယကနေ လာပြီးဖော်ဆောင်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်ရင် အကာအကွယ် ပေးပါ့မယ်ဆိုတဲ့ ဟာကို ပြောထားတာရှိတယ်။ အဲဒီတော့ အကာအကွယ် ပေးမယ်ဆိုတဲ့ နောက်ကွယ်မှာတော့ အပေး အယူတော့ ရှိမှာပေါ့နော်။ အဲဒါကို ဦးမင်းအောင်လှိုင်က သိရက်နဲ့သွားပြီးတော့ ဖိတ်ခေါ်တယ်။ လာလုပ်ပါ လို့ဆိုတဲ့ အဓိပ္ပါယ်က ခင်ဗျားအောက်မှာ အဆင်ပြေအောင် ကြည့်လုပ်ပါ၊ ရပါတယ်ဆိုတဲ့ သဘော ဖြစ် နေတယ်။ အရှေ့မြောက် စစ်ဒေသကတော့ ပြောစရာမလိုဘူး။ တရုတ်ကလည်း အောက်ခြေမှာ ဘယ်သူ ထိန်းချုပ်ထားတယ် ဘာညာ သူက ဂရုကိုမစိုက်ဘူး။ သူက ရတယ်၊ အထက်က စီမံကိန်းစပြီး ဟိုဟာဖြစ် ပြီဆိုရင် မီးစိမ်းသာပြလိုက် သူဝင်ပြီးတော့ လုပ်မယ်၊ သူအဲဒီလို အဆင်သင့်ဖြစ်ပြီးသား။ ဒါကြောင့် ဒီတစ် ခေါက်ကတော့ လက်တွေ့လုပ်ဖို့အတွက် တရုတ်ကတော့ တွန်းအားပေးလိမ့်မယ်၊ ဆွေးနွေးလိမ့်မယ်လို့ ထင်တယ်” ဟု ပြောသည်။
လက်ရှိတွင် အိန္ဒိယ၏ ကုလားတန်စီမံကိန်း လမ်းကြောင်းတစ်ခုလုံးကို အဓိက စိုးမိုးထားသည်မှာ AA ဖြစ်ပြီး နယ်စပ်ကုန်းလမ်းပိုင်းတွင်မူ ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ရှိနေသဖြင့် စီမံကိန်း လုံခြုံချောမွေ့စေရန် ၎င်းတို့အဖွဲ့များအား မဖြစ်မနေ ထိတွေ့ဆက်ဆံမှု ပြုလုပ်ရမည်ဖြစ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အိမ်နီးချင်းနိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားရမည်ဖြစ်ကာ အိန္ဒိယ နိုင်ငံဘက်မှ AA အား ဆွေးနွေးရေးလမ်းကြောင်းပေါ် ရောက်လာစေရန် ဆောင်ရွက်မည်လား သို့မဟုတ် အင်အားချိနဲ့ သွားအောင် လုပ်ဆောင်မည်လားကိုမူ မဖြစ်မနေ စဉ်းစားရမည်ဖြစ်ကြောင်း မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့မှ အကြံပေး ဦးညိုအုန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များကို တွေ့ရစဉ်
၎င်းက “နောက်တစ်ခုကလည်း ကျနော်တို့ အခုအိန္ဒိယနိုင်ငံဆိုရင် ကုလားတန်မြစ်ဝှမ်းနဲ့ စစ်တွေ ပင်လယ်ထွက်ပေါက်ကို အသုံးချရမှာဖြစ်တယ်။ အဲဒီအသုံးချရမှာ ဖြစ်တဲ့အတွက် လက်ရှိ AA နဲ့ ဖြစ်နေ တဲ့ ပဋိပက္ခမှာ AA အတွက် ဆွေးနွေးပွဲ (သို့မဟုတ်) အင်အားချိနဲ့သွားအောင် အိန္ဒိယအစိုးရက မဖြစ်မနေ စဉ်းစားရမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ချစ်ခြင်း၊ မုန်းခြင်း မဟုတ်ပါဘူး။ သူ့ရဲ့အကျိုးစီးပွားပါ။ အဲဒီတော့ ဒီကုလားတန်မြစ်ဝှမ်း စီမံကိန်းမရှိရင် ဥပမာအားဖြင့် ပလက်ဝပေါ့နော်။ ပလက်ဝမှာ လက်နက်ကိုင် အင်အားစုတွေ ထိန်းချုပ်ထားမယ်ဆိုရင် ဒါက သွားလို့မရတဲ့ လမ်းတစ်ခုဖြစ်တယ်။ နောက်တစ်ခုက နှစ်နိုင်ငံ နီးစပ်နေတဲ့အတွက် အချုပ်အခြာအာဏာကို လေးစားရမယ်။ တရုတ်သည်ဖြစ်စေ၊ အိန္ဒိယသည် ဖြစ်စေ၊ အဲဒီအတွက်ကြောင့် သူတို့က လက်နက်ကိုင် အင်အားစုတွေနဲ့ တိုက်ရိုက် တရားဝင် ဆက်ဆံခွင့် မရှိပါဘူး” ဟု ပြောသည်။
လက်ရှိတွင် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးသည် ၎င်းတို့၏ အဓိကကျသော စီမံကိန်းများအား အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် မြန်မာအစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသည်။
တရုတ်နိုင်ငံသည် စီးပွားရေး ပိတ်ဆို့မှုနှင့် နယ်စပ်ဖိအားကိုသုံးပြီး EAO များကို အကြပ်ကိုင် ထိန်းချုပ်နိုင် ကာ အိန္ဒိယနိုင်ငံကမူ အိမ်နီးချင်းကောင်း ဆက်ဆံရေး၊ နယ်စပ်ခိုလှုံခွင့်နှင့် စီမံကိန်းလုပ်ပိုင်ခွင့် ညှိနှိုင်းမှု နည်းလမ်းများသုံးပြီး EAO များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရယူနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲ ခတ်များက သုံးသပ်ကြသည်။
လတ်တလောတွင် သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိလည်းကောင်း၊ တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်ထိ သွားရောက်၍ သမ္မတရှီကျင့်ဖျင် အပြင် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဖြင့် တွေ့ဆုံ ဆွေးနွေးထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 407
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးမှုမှတဆင့် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်လာနိုင်သလား ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက စောင့် ကြည့်နေကြသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ သွားရောက်နေသည်။
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်း က ပေကျင်းမြို့ရှိ The Great Hall ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ၁၈ ခု လက်မှတ် ရေးထိုးခဲ့ကြသည်။
မြန်မာသမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်သွားသည့် အခင်းအကျင်းသည် ငြိမ်းချမ်းရေးကို တရားဝင် ဖြစ်အောင် ဆွေးနွေးနိုင်သလို အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များ ပိုမို ဖြစ်ပေါ်လာနိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တရုတ်ကတော့ ဒီလိုဗျ သူက ဗမာပြည် ငြိမ်းချမ်းရေးရဖို့ပေါ့ဗျာ၊ အပစ်အခတ်ရပ်စဲဖို့၊ ငြိမ်းချမ်းရေးရဖို့ အဲဒါတော့ တော်တော်တွန်းတယ်။ အဲဒါ (ဦး)မင်းအောင်လှိုင်တို့က ဘယ်လောက် လိုက်လျောနိုင်မလဲတော့ မသိဘူး။ ဟိုမျက်နှာ ထောက်ထားတဲ့ အနေနဲ့တော့ တစ်စုံတစ်ရာ တရုတ်ပြည်လာပြီးမှ ပိုပြီး ဟိုစစ်ဆင်ရေးတွေ ပြင်းလာတာတော့ မဖြစ်ကောင်းဘူးလို့ ထင်တာပဲလေ။ တရုတ်က သူက အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးရဖို့ နိုးဆော်နေတာဖြစ်တယ်။ တရုတ်ကတော့ အဲဒီနယ်စပ်ဒေသမှာရှိတဲ့ အဖွဲ့တွေနဲ့ (ဦး)မင်းအောင်လှိုင်နဲ့ စေ့စပ် ဆွေးနွေးဖို့ တွန်းနေတာပဲလေ၊ ဟိုအဖွဲ့တွေလည်း သွားတွန်းတာပဲ။ နယ်စပ်က အဖွဲ့တွေကိုလည်း သွားတွန်းတာ တွေ့ရတယ်။ အဲဒီတော့ (ဦး)မင်းအောင်လှိုင်လည်း တွန်းမှာပဲ အဲဒီတော့ ဒါသူနားထောင်တာ နားမထာင်တာ တစ် ပိုင်းပေါ့။ သူကဒီမှာ ၅ ရက်ခရီးဖြစ်တာကို အဲဒီ ၅ ရက် ပြန်သွားလို့ရှိရင် ဟန်ဆောင်ပန်ဆောင်လေးတော့ ခဏ တဖြုတ်တော့ ပြေလည် လိမ့်မယ်ထင်တယ်။ တကယ်တော့ ကိုးကန့်နဲ့လည်း ညှိနှိုင်းပြီးပြီ၊ ကိုးကန့်ကလည်း ပြန် ပေးသင့်ပေးထိုက်တာ ပေးပြီးပြီ၊ TNLA ကလည်း ပေးစရာရှိတာပေးပြီးနေပြီ။ အဓိက ဖိအားပေးရမှာက စစ်တပ်ကိုပဲ။ သူ့နယ်စပ်က ဟိုတိုင်းရင်းသား အဖွဲ့တွေကိုတော့ ဖိဖိစီးစီး ပြောထားပုံရတယ်။ ဒါကြောင့်မို့ တိုက်ပွဲ တွေလည်း ငြိမ်နေတာပဲလေ။ ဒါပေမယ့် ဒီငြိမ်းချမ်းရေးကို တရားဝင်ဖြစ်အောင် ဆွေးနွေးတာတွေ ဘာတွေ အဲဒီ ဆွေးနွေးပွဲ စကားဝိုင်းကို စားပွဲဝိုင်းကို အားလုံးရောက်ဖို့ အတွက်တော့ တွန်းတွန်းတိုက်တိုက် လုပ်လိမ့်မယ်ထင် တယ် တရုတ်က။ အဲဒီတော့ အဲဒီကာလအတွင်းမှာ သူက အစည်းအဝေးခေါ်တာတို့ ဘာတို့ ဖြစ်နိုင်တယ်။ အပစ် အခတ်ရပ်စဲရေး အစည်းအဝေး ခေါ်တာတို့ ဘာတို့ အဲဒါက ပိုဖြစ်ဖို့များတယ်”ဟု ပြောသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာများ ရေးထိုးကြစဉ်
တရုတ်အစိုးရသည် ၂၀၂၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံတွင် အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ဩဇာလွှမ်းမိုးမှု ကြီးထွားလျက်ရှိပြီး နှစ်ဖက်စလုံး စစ်ပွဲများ ရပ်တန့်ရေးနှင့် နယ်မြေတချို့ ပြန်လည် လွှဲပြောင်း ပေးရေးကိစ္စများကို ဆောင်ရွက်ပေးခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက အိမ်နီးချင်းအဖြစ် ပထဝီနိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အရေးပါဆုံး အခန်းကဏ္ဍတွင် တည်ရှိနေသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း အဓိက စီမံကိန်းများကို အကောင်အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိပြီး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်နိုင်ရေးတို့အတွက် အလေးပေး ဆောင်ရွက် လျက်ရှိသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း အင်အားကြီး နိုင်ငံနှစ်ခုကို မြန်မာအစိုးရမှ ပထမဆုံး ချဉ်းကပ်နေပြီဖြစ်ကြောင်း၊ တရုတ် နိုင်ငံမှတဆင့် နိုင်ငံတကာနှင့် သံတမန်ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် ချဉ်းကပ်နေခြင်းဖြစ်နိုင်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “ဒီတရုတ်ခရီးစဥ်မှာ ဆိုလို့ရှိရင် ကျမ အခုမြင်ရတာက စာချွန်လွှာတွေ၊ လက်မှတ် ၁၈ ခုတောင်မှ လက်မှတ် ရေးထိုးထားတာရှိတယ်။ အကျိုးစီးပွားပေါ့ အကျိုးစီးပွားကို အများကြီး၊ ကိုယ့်ဘက်က အကျိုးစီးပွား၊ သူ့ဘက်က အကျိုးစီးပွား နှစ်နိုင်ငံအကျိုးစီးပွားကို အများကြီး ကြည့်လိမ့်မယ်လို့ ကျမထင်တယ်။ ဒီသံတမန်ရေး ကိစ္စတွေ ပါလာလိမ့်မယ်လို့ ကျမထင်တယ်။ အဲဒီနိုင်ငံရေးအရ အဲဒီကုလသမဂ္ဂကို ချဥ်းကပ်တဲ့ အခင်းအကျင်းမျိုး လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပဲ ကျမက သုံးသပ်တယ်။ စစ်ကြောင်း ထိုးတာကတော့ ရက်ပေါင်း ၁၀၀ အတွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကလည်း သွားနေတဲ့အပိုင်းလည်း သွားနေတာတွေရှိတယ်။ ၅ နှစ်အတွင်းမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဖို့ ဆိုလို့ရှိရင် အိမ်နီးနားချင်းနိုင်ငံတွေကို ချဥ်းကပ်ပြီးတော့ အစိုးရတစ်ရပ် အနေနဲ့တော့ ပြောဆိုရမယ့် အနေအထားတွေတော့ရှိတယ်။ ဘာကြောင့်လဲ ဆိုလို့ရှိရင် နယ်စပ်ချင်း ဆက်စပ်နေတဲ့ နိုင်ငံတွေအားလုံးနီးပါးမှာ မြန်မာနိုင်ငံက မြန်မာအစိုးရကို တော်လှန်နေကြတဲ့ လူတွေကရှိနေ တယ်။ ဒီအရေးကြီးတာက အင်အားကြီး နိုင်ငံနှစ်နိုင်ငံကို အနီးကပ်ဆုံးမှာရှိနေတဲ့ အင်အားကြီး နိုင်ငံနှစ်ခုကို ပထမဆုံး မြန်မာနိုင်ငံအစိုးရအနေနဲ့ ချဥ်းကပ်တာ”ဟု ပြောသည်။
တရုတ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ နိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် အခြားသော အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းများစွာကို လုပ်ဆောင်လျက်ရှိသည်။
ရှမ်းပြည်နယ် အပါအဝင် မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် တိုက်ပွဲများ၊ တည်ငြိမ်ရေး ကိစ္စရပ်များနှင့် နယ်စပ် ကုန်သွယ်ရေး စသည့် အကြောင်းအရာများပေါ်တွင် တရုတ်ဘက်မှ အထူးအလေးထား စောင့်ကြည့်လျက်ရှိ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 372
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား သဘောတူထားသည့် ကုလားတန်မြစ် ဘက်စုံစီမံကိန်း ရပ်တန့်ထားရာကနေ ပြန်လည် အကောင်အထည်ဖော်နိုင်ရေးအတွက် မည်သည့် အင်အားစုက အဓိကကျနေသလဲ ဆိုသည့်အပေါ် စီးပွားရေး၊ စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား မေးခွန်းထုတ်လျက်ရှိနေသည်။
ကုလားတန်မြစ် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် အိန္ဒိယနှင့် မြန်မာအကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ခဲ့သည်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် AA-CNF-PDF များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းကြောင့် ရပ်တန့်လျက်ရှိနေသည်။

AA ခေါင်းဆောင် ၂ ဦးကို တွေ့ရစဉ်
အခြားနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများသည် စီးပွားရေး ကဏ္ဍများအပြင် နိုင်ငံ ရေး-စစ်ရေး အမြင်များ ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်-အိန္ဒိယ နှစ်နိုင်ငံကြားထဲတွင် ပါးနပ်စွာ မည်ကဲ့သို့ လျှောက်လှမ်းမလဲဆိုသည်ကို စောင့်ကြည့်ရမည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “Real Politics ပါတော့ AA က နယ်မြေဘာညာ အားလုံးသိတာပဲလေ။ လောလောဆယ် နယ်မြေ ဘာညာ ကို ကိုင်ထားတဲ့ သဘောရှိတာကို ဒါ Real Politics ပေါ့။ တစ်ခုရှိတာက ဘာလဲဆိုတဲ့ အခါကျတော့ တစ်ဖက်က ဘာနဲ့လည်း သွားစပ်လဲဆိုတော့ တရုတ်နဲ့ အိန္ဒိယရဲ့ အနေအထားနဲ့လည်း ဆက်စပ်ပြီး စဉ်းစားရမှာပေါ့နော်။ Local တစ်ခုတည်း စဉ်းစားလို့မရဘူး။ ကုးလားတန်မြစ်ဝှမ်း စီမံကိန်းပေါ့၊ ဒါကလည်း အိန္ဒိယက သူက စီးပွားရေး ပြောတာပေါ့လေ။ တကယ်လည်း စီးပွားရေး ဟုတ်သင့်သလောက် ဟုတ်ပါတယ်။ ဒါပေမယ့် တရုတ်က ဘယ်လို မြင်လဲ ဆိုတာလည်းရှိတယ်။ ကျနော်တို့ အခြေအနေက တော်တော်လေး Sensitive ဖြစ်တဲ့ အခြေအနေ ရောက် နေတာကို ဒီအပိုင်း စဉ်းစားရမှာပေါ့။ တစ်ခုရှိတာက ကုလားတန်မြစ်ဝှမ်း စီမံကိန်းနဲ့ပတ်သက်လို့ တရုတ်ရဲ့အမြင် က ဘယ်လိုရှိမလဲ အဲ့တာတော့ မပြောတတ်ဘူးပေါ့။ ဒါကလည်း ထည့်စဉ်းစားရမယ့် အချက်ပေါ့။ ဆိုတော့ ပြောချင်တာက နောက်ကွယ်က Security Issues ပေါ့။ အဲဒါ ပါမလား ဆိုတာမျိုးလဲ စဉ်းစားကြမှာပေါ့။ ဒါကတော့ စဉ်းကိုစဉ်းစားကြမှာပဲလေ။ အဆင့်မြင့် နိုင်ငံရေးဆိုတာ ဒါတွေအားလုံး ပါပြီး စဉ်းစားတာကို။ စီးပွားရေး အမြင် တစ်ခုတည်း မဟုတ်ဘူးလေ၊ နိုင်ငံရေးအမြင်၊ စစ်ရေးအမြင်၊ လုံခြုံရေးအမြင် အစစအရာရာ ထည့်စဉ်းစားမှာပေါ့။ ဒီဥစ္စာသည်တစ်ခု အိန္ဒိယအတွက် စီးပွားရေးသပ်သပ်ပဲလား ဆိုတာမျိုးတော့ စဉ်းစားမှာပေါ့။ အဲဒါအပြင် အခြား ဘာရည်ရွယ်ချက်တွေ ရှိနိုင်လဲဆိုတာလည်း တွေးမှာပေါ့ဗျာ။ တွေးကိုတွေးမှာ နည်းနည်းတွေးဝာာနဲ့ များများတွေး တာ ဒါပဲကွာမှာပေါ့။ လိုရင်းတိုရှင်း ပြောရင်တော့ ကုလားတန်မြစ်ဝှမ်း စီမံကိန်းပေါ်မှာ တရုတ်ရဲ့ သဘောထား ကလဲ ဘယ်လိုရှိမလဲ။ ဗမာက တရုတ်နဲ့ အိန္ဒိယကြားမှာ ဆက်ဆံရေးကို ဘယ်လို လိမ်မာပါးနပ်စွာ လုပ်မလဲဆို တာလည်း စောင့်ကြည့်ရမှာပေါ့” ဟုပြောသည်။
တရုတ်- အိန္ဒိယတို့၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် သဘောထားသည် ၎င်းတို့၏ ကိုယ်ပိုင်အမျိုးသား အကျိုး စီးပွား၊ ပထဝီဝင်နိုင်ငံရေး ယှဥ်ပြိုင်မှုနှင့် နယ်စပ်တည်ငြိမ်ရေးတို့ အပေါ်တွင် အခြေခံထားကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
ရခိုင်ပြည်နယ်တွင် တရုတ်၏ ကျောက်ဖြူရေနက်စီမံကိန်း၊ အိန္ဒိယ၏ ကုလားတန်မြစ် စီမံကိန်းနှင့် ဘင်္ဂလားဒေ့ရှ် ၏ နယ်စပ်ကုန်သွယ်ရေးတို့ရှိကြပြီး ပင်လယ်ထွက်ပေါက်လည်း တည်ရှိနေသည်။
အိန္ဒိယ- တရုတ် အနေဖြင့် AA ကို အသိအမှတ် မပြုသည်ရှိသော် လက်ရှိ ရခိုင်ပြည်နယ်၏ အချုပ်အခြာအာဏာ ကို AA ကိုင်ထားခြင်းဖြစ်သည့်အတွက် ဆွေးနွေးမှုများ လုပ်ရမည်ဖြစ်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များ က ထောက်ပြကြသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ သဘောတူထားသည့် ကုလားတန် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် အစိုးရအနေဖြင့် AA ကို အပြတ်တိုက်မည့် အနေအထားမျိုးသာ ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပထမဦးဆုံး တစ်ချက်ကတော့ AA ပါစရာမလိုဘူးလို့ AA အပေါ်မှာ ယုံကြည်မှု မရှိဘူးလို့ AA မီးတောက် တာဟာ ခဏလေးပဲလို့ အိန္ဒိယဘက်က အထူးသဖြင့် ယူဆထားလို့ ဒီလိုဇာတ်လမ်း ဖြစ်လာတာပေါ့နော်။ အိန္ဒိယ က အချုပ်အခြာအာဏာ မပိုင်တဲ့သူနဲ့ စကားမပြောသလို AA အနေနဲ့ကလည်း ရခိုင်မှာပေါ့နော်၊ ဘယ်တော့မှ အာရက္ခနိုင်ငံဆိုတာ ထူထောင်လို့ရမှာ မဟုတ်ဘူးလို့ အခိုင်အမာ ယုံကြည်ထားတဲ့ အတွက်ကြောင့်မို့လို့ ပြည်ထောင်စုအစိုးရနဲ့ပဲ ဆက်လုပ်တာပေါ့နော်၊ ဒါက သေချာပါတယ်။ (အပေးအယူက) မရှိနိုင်ပါဘူး၊ ဒီလိုမျိုး ဒီစီမံကိန်းမှာ သူ့ကို အကျိုးအမြတ် ခံစားခွင့်ပေးပြီးတော့ စိတ်မထင်ရင် မထင်သလို ကိုယ့်ကို ထထလုပ်တဲ့ သူနဲ့ ကတေ့ာ ငြိမ်းချမ်းရေးလုပ်တာဟာ ယာယီပဲ ဖြစ်မယ်။ ထာဝရတည်မြဲလိမ့်မယ် မဟုတ်ဘူး။ ဘယ်သူမှလဲ တပ်မတော် ထောက်ခံတဲ့သူတွေ မြန်မာမျိုးချစ်တွေကလည်း ဒီကိစ္စကို လက်ခံလိမ့်မယ် မဟုတ်ဘူးဆိုတာကို ဒါက သိပ်တိကျတာပေါ့နော်။ တပ်မတော်ကတော့ ဒီနေရာတွေ အပြတ်တိုက်ပစ်မှာပေါ့။ AA ကတော့ ပလက်ဝပါ သူ့ နယ်မြေ လုပ်နေတာလေ။ အဲဒီတော့ လက်ရှိ မြန်မာနိုင်ငံက အစိုးရရဲ့ ဒီလမ်းကြောင်းကြီး တစ်ခုလုံးကို ထိန်းချုပ် နိုင်တဲ့ထိကို အိန္ဒိယက စောင့်ပေးနေမှာပဲလေ”ဟု ပြောသည်။
အိန္ဒိယအစိုးရက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်(ပလက်ဝ)ကို ဖြတ်သန်းထားသော ကုလားတန်မြစ် ဘက်စုံ စီမံကိန်းကို ၂၀၂၇ ခုနှစ်အကုန်မှာ အပြီးသတ် အကောင်အထည်ဖော်လိုကြောင်း သဘောထားရှိနေသည်။
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ တွေ့ဆုံဆွေးနွေးစဉ်မှာ ကုလာတန်းမြစ် ဘက်စုံစီမံကိန်း အကောင်အထည်ဖော်ရေး၊ အိန္ဒိယ- မြန်မာ-ထိုင်း ကုန်သွယ်ရေးလမ်း စီမံကိန်း အကောင်အထည်ဖော်ရေး၊ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအတွင်းရှိ သူပုန် များ နှိမ်နင်းရေး စသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
လက်ရှိ အခင်းအကျင်းအရ ကုလားတန်မြစ် စီမံကိန်း ဆက်လက် လုပ်ဆောင်သွားမည်ဆိုလျှင် AA မပါဘဲ မဖြစ်နိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုလောလောဆယ် အခြေအနေအရတော့ AA မပါဘဲနဲ့တော့ မဖြစ်ဘူး။ ဒါပေမယ့်လည်း AA မပါဘဲနဲ့ AA က နိုင်ငံကို တော်လှန်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်တယ်ဆိုတော့ အမှန်တကယ် ကျတော့ G to G အလုပ်လုပ် ကြမယ်ဆိုရင် အိန္ဒိယနဲ့ မြန်မာနဲ့ ဗဟိုအစိုးရအချင်းချင်း စကားပြောထားတဲ့ကိစ္စကို ပြည်နယ်အစိုးရ ကလည်း အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်ဗျ။ ဒါကတော့ ငြိမ်းချမ်းရေးကာလ တစ်လျှောက်ကို ပြောချင် တာ ဖြစ်ပါတယ်။ အခု လက်နက်ကိုင် အဖွဲ့အစည်းတွေ လွှမ်းမိုးနေတဲ့ အခါကျတော့ အစိုးရအနေနဲ့ရော အိန္ဒိယနဲ့ မြန်မာရဲ့ ပေါ်လစီအနေနဲ့ရော AA အပေါ် ဘယ်လို သဘောထားတယ်ဆိုတဲ့ အပေါ်မှာ အများကြီး မူတည်မယ်လို့ ကျနော်ထင်ပါတယ်။ အစိုးရအနေနဲ့ကတော့ မြန်မာတစ်နိုင်ငံလုံးရဲ့ တာဝန်က ဗဟိုအစိုးရမှာပဲ တာဝန်ရှိပါတယ် တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကို ဒီလိုမျိုးတွေ အနေနဲ့ ဆွေးနွေးမယ် ပေးထားမယ် ဆိုရင်တော့ နောင်ကိုလည်း တခြားပြည်နယ်များမှာ လက်နက်ကိုင်ပြီးမှ တော်လှန်နေတဲ့ သူတွေ အားလုံးကိုလည်း ဗဟိုအစိုးရ က ပေးရပါလိမ့်မယ်။ အဲဒါဆိုရင်တော့ နိုင်ငံတော်အတွက် အခြေအနေက သိပ်မကောင်းနိုင်ဘူး ဖြစ်မှာပါ” ဟု ပြောသည်။
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းတွင် စစ်တွေဆိပ်ကမ်း တိုးချဲ့ ဆောက်လုပ်ရေး၊ နိုင်ငံတကာ သင်္ဘောများ သွားလာနိုင်ရေးအတွက် ကုလားတန်မြစ်ကို တိုးချဲ့တူးဖော်ရေးနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့မှတဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အထိ ကားလမ်းဖောက်လုပ်ရေးများ ပါဝင် ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 280
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇
မြန်မာသမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံသည့် အခင်းအကျင်းမှတဆင့် အာဆီယံ သို့ မြန်မာနိုင်ငံအနေဖြင့် ဘယ်လိုသွားနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှု များ ရှိနေကြသည်။
အာဆီယံသည် မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ထားခြင်းမျိုး မဟုတ်ဘဲ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ် လာသည့် နိုင်ငံရေး အခြေအနေများကြောင့် အဆင့်မြင့် ထိပ်သီးအစည်းအဝေးများတွင် နိုင်ငံရေးအရ ကိုယ်စားပြု ခွင့်အား ကန့်သတ်ထားသည်။
ထို့ပြင် တရုတ်သည် အာဆီယံ၏ အိမ်နီးချင်း ဖြစ်သကဲ့သို့ ဒေသတွင်း၌ စီးပွားရေး၊ သံတမန်ရေးနှင့် လုံခြုံရေးအရ အင်အားအကြီးမားဆုံး နိုင်ငံလည်းဖြစ်၍ အာဆီယံနိုင်ငံ အများစုသည် စီးပွားရေးအရ တရုတ်ကို မမှီခိုဘဲ မနေနိုင် သည့် အခြေအနေမှာရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံနှင့် ပြန်လည် ပေါင်းစည်းချင်သည့်အတွက် တရုတ်ကို ကပ်ထားခြင်း ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အာဆီယံဘက်ကို လက်လွှတ်တာ မဟုတ်ဘူးလေ။ အာဆီယံနဲ့ ဟိုဟာဖြစ်အောင် တရုတ်က အဓိက ဦးဆောင်ပြီးတော့ ပေါင်းစည်းပေးနေတာ။ နောက်တစ်ခုက သူက သွားချင်လို့လည်း အာဆီယံ ဘယ်နိုင်ငံကမှ သူ့ကိုဖိတ်မှာ မဟုတ်ဘူးလေ။ အဲဒီတော့ အာဆီယံနဲ့ပေါင်းစည်းဖို့ တစ်ဖက်ကနေ တွန်းအားပေး၊ ဖိအားပေးနေ တာက တရုတ်။ အဲဒီတော့ အာဆီယံကို လက်လွှတ်လိုက်တာလည်း မဟုတ်ဘူး။ အာဆီယံကို ဂွပြဲချင်လို့လည်း မဟုတ်ဘူး။ အာဆီယံနဲ့ ပြန်ပြီးတော့ ပေါင်းစည်း ဝင်ချင်လို့ တရုတ်ကိုသူက ပိုပြီး ဟိုဟာဖြစ်အောင် ကပ်ထားတာ။ အမှန်က သူက တရုတ်ကို အရင်သွားဖို့ပဲ။ တရုတ်က ဒီအာဆီယံထဲမှာ သူပြန်ပြီး ပါဝင်ဖို့ရအောင် အာဆီယံက လက်ခံအောင်လည်း သူက လှော်နေတဲ့အဖွဲ့ကို” ဟု ပြောသည်။
အာဆီယံနိုင်ငံများအကြား မြန်မာကို ဖယ်ကြဉ်ထားရာမှ ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက် လပိုင်းအတွင်းမှာပဲ ထိုင်း၊ မလေး၊ ဖိလစ်ပိုင်၊ လာအိုနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးများ နေပြည်တော်သို့ လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထိုအခင်းအကျင်းအရ အာဆီယံ၏ မြန်မာ့အရေး ချဉ်းကပ်ပုံ ပြောင်းလဲလာသည်ဟု ယူဆနိုင်ကြောင်း၊ ထို့ပြင် တရုတ်နှင့် အိန္ဒိယကဲ့သို့ အိမ်နီးချင်း အင်အားကြီးနိုင်ငံများ၏ မြန်မာအပေါ် ချဉ်းကပ်မှုပုံစံ ပြောင်းလဲလာခြင်း ကလည်း အာဆီယံ၏ ရပ်တည်ချက်ကို ဂယက်ရိုက်စေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။

လာအိုနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လက်ရှိတွင် သမ္မတဦးမင်းအောင်လှိုင် အနေဖြင့် မဟာဗျူဟာ စဉ်းစားထားပုံရပြီး အာဆီယံကိုတောင် လက်လွှတ် လိုက်သည်ဟု ထင်ကြောင်း၊ လက်ရှိ အာဆီယံ အဖွဲ့ဝင်များအနက် နိုင်ငံအနည်းငယ်သာ မြန်မာကို ဆန့်ကျင်နေ ခြင်းဖြစ်ကြောင်း မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ အကြံပေး ဦးညိုအုန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အတိုက်အခံတွေအနေနဲ့ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဘူးဆိုပေမယ့် အခုလောလောဆယ်မှာ သူတို့က ခံစစ်တွေ မဟုတ်ဘဲနဲ့ ခွာစစ်တွေ သုံးနေရတာကို ကျနော်တို့ တွေ့ရတာပေါ့။ အဲဒီတော့ သမ္မတကြီး ဦးမင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲအပြီးမှာ သမ္မတကြီး ဦးမင်းအောင်လှိုင်ကတော့ နည်းနည်း မဟာဗျူဟာ စဉ်းစားပုံရပါတယ်။ သူအဓိက တခြားတိုင်းပြည်တွေ၊ အာဆီယံတောင် သူလက်လွှတ်လိုက်တယ်လို့ ကျနော် ထင်တယ်နော်။ ဒါကျနော့် အမြင်ပါ” ဟု ပြောသည်။
လက်ရှိတွင် သမ္မတအဖြစ် ဦးမင်းအောင်လှိုင် စတင် တာဝန်ယူချိန်၌ အိမ်နီးချင်း အင်အားကြီး ၂ နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံများသို့ သွားရောက်ကာ သက်ဆိုင်ရာ နိုင်ငံ၏ အကြီးအကဲများနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
တစ်ဖက်၌လည်း မြန်မာ့အရေး အဖြေရှာရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးမည် ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားထား သကဲ့သို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ရက် ၁၀၀ အစား တိုးမြှင့်သတ်မှတ်ပေးရန် ပြောဆိုထားသည်။
အလားတူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိလာအောင် ကူညီပေးမည်ဟု ထုတ်ဖော် ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 173
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇
မြန်မာနိုင်ငံအနေဖြင့် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်မှုအောက်တွင် ပိုမိုစည်းလုံးပြီး ဖွံ့ဖြိုးတိုးတက်လာမည် ဟု ယုံကြည်ကြောင်း တရုတ်ဝန်ကြီးချုပ် မစ္စတာလီချန်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်က တရုတ်ဝန်ကြီးချုပ် လီချန်နှင့် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်တို့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ The Great Hall of the People ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
တရုတ်ဝန်ကြီးချုပ် လီချန်က “ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအပေါ် အစဉ်အမြဲ ထောက်ခံအားပေးရပ်တည် လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် အဆွေတော်သမ္မတကြီး ဦးဆောင်မှုအောက်တွင် ပိုမိုစည်းလုံးပြီး ဖွံ့ဖြိုးတိုးတက် လာမည်ဟု ယုံကြည်ပါတယ်။ နှစ်နိုင်ငံအကြား ဆက်ဆံမှု ပိုမိုနက်ရှိုင်းစေရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမို တည် တံ့စေရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးတို့အတွက် အမြင်ချင်း ဖလှယ် ဆွေးနွေးလိုပါတယ်” ဟု ပြောသည်။
ယနေ့ ဆွေးနွေးမှုမှ တဆင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့် နည်းပညာ၊ ပြည်သူ အချင်းချင်း ချစ်ကြည် ရင်းနှီးမှုကဏ္ဍ အပါအဝင် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မည် ဟု ယုံကြည်ပါကြောင်း မြန်မာသမ္မတ ဦးမင်းအောင်လှိုင်က ပြန်လည် ပြောကြားခဲ့သည်။

တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင် တွေ့ဆုံ ဆွေးနွေးကြစဉ်
သမ္မတ ဦးမင်းအောင်လှိုင်က “ ယခုအချိန်တွင် တရုတ်နိုင်ငံအနေဖြင့် ၁၅ ကြိမ်မြောက် ငါးနှစ်သက်တမ်း စီမံကိန်း ချမှတ် ကျင့်သုံးနေချိန်ဖြစ်သကဲ့သို့ မိမိတို့ အစိုးရသစ် အနေဖြင့်လည်း ရေရှည်တည်တံ့သည့် ပြည်တွင်းငြိမ်းချမ်း ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်နေချိန်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရသစ် လက်ထက်တွင် ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရေး မဟာဗျူဟာ မြောက် မိတ်ဖက် နိုင်ငံများနှင့် စီးပွားရေးတိုးမြှင့်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ ဆွေးနွေးပွဲ မှ ထွက်ပေါ်လာသည့် ရလဒ်ကောင်းများကို နှစ်နိုင်ငံကြား လက်တွေ့ကျကျ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဟုလည်း အခိုင်အမာ ယုံကြည်ပါတယ်”ဟု ပြောသည်။
မိမိတို့ နှစ်နိုင်ငံသည် အိမ်နီးချင်း ဆွေမျိုးပေါက်ဖော်နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံ အကျိုးကျေးဇူး မြင့်မားသည့် ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့ကျကျ ဆက်လက် ဆောင်ရွက်သွားလိုပါကြောင်း၊ နှစ်နိုင်ငံအကြား နယ် ပယ် အသီးသီးတွင် ကျယ်ပြန့်စွာ ဆွေးနွေးလိုပြီး ထိရောက်သည့် အောင်မြင်မှုရလဒ်များကို ရရှိလိုပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးစီးပွား ကာကွယ်ရေးကို မြှင့်တင် ဆောင်ရွက်သွားလိုပါကြောင်း တရုတ် ဝန်ကြီးချုပ် လီချန်က ပြောသည်။
ထို့နောက် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်ဝန်ကြီးချုပ် လီချန်တို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု များ ကဏ္ဍစုံတွင် မြှင့်တင်နိုင်ရေး၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် နယ်စပ်ကုန်သွယ်မှု ကို တရားဥပဒေစိုးမိုးမှုနှင့်အညီ စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် ရေး၊ မြန်မာ့လယ်ယာနှင့် MSME ထုတ်ကုန်များအတွက် Quarantine စံနှုန်းဆိုင်ရာ နည်းပညာပံ့ပိုးမှု မြှင့်တင်ရေး နှင့် နယ်စပ်ဖြတ်ကျော် တရားဥပဒေ စိုးမိုးရေးကဏ္ဍများတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို အရှိန် အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင် ရှေ့မှာ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးကြစဉ်
အလားတူ မြန်မာနိုင်ငံအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိနိုင်ရေး အတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်စွမ်းအင် လိုအပ်ချက်အတွက် တည်ငြိမ်သည့် စွမ်းအင်စနစ် တည် ဆောက်မှုနှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်နည်းပညာပိုင်းတို့တွင် တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးနိုင်ရေး၊ မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံမှ လိုအပ်သည်များ ဆက်လက် ကူညီပံ့ပိုးပေးနိုင်ရေး၊ မြန်မာ-တရုတ် စီးပွားရေး စင်္ကြံစီမံကိန်းသည် နှစ်နိုင်ငံလုံးအတွက် အရေးပါသည့် စီမံကိန်းဖြစ်သည့်အတွက် အရှိန်အဟုန်မြှင့် တင် ဆောင်ရွက်သွားနိုင်ရေး တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရှေ့မှောက်တွင် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ၁၈ ခုကိုလည်း လက်မှတ် ရေးထိုးခဲ့ကြသည်။
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ ရောက်ရှိနေသည်။
