- By CNI
- Category: နိုင်ငံရေး
- Hits: 241
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁
မြန်မာနိုင်ငံ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဟိုကုကျေးရွာတွင် လှုပ်ရှားနေသော နာဂအမျိုး သားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့ကို နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ ယုံးအောင်(NSCN-K/YA)က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်နေ့ နံနက် ၆ နာရီက နန်းယွန်းမြို့နယ်၊ ဟိုကုကျေးရွာမှာ NSCN-K/YA အဖွဲ့က တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု NSCN-K/AM အဖွဲ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် Tangshang Region လက်အောက်ရှိ Ranchi ကျေးရွာမှ Rajapeyu Sgt. Kambey သည် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ၎င်းသည် တောင်သူလယ်သမားများနှင့် ဒေသခံများ၏ အကူအညီကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း NSCN-K/AM က ထုတ်ပြန်ခဲ့သည်။
NSCN-K/AM အဖွဲ့က “နာဂအချင်းချင်းကြား သွေးထွက်သံယိုမှုနှင့် ညီအစ်ကိုချင်း ပဋိပက္ခများ ဆက်လက် ဖြစ်ပွား နေခြင်းသည် နာဂလူမျိုးတို့၏ စုပေါင်းရည်မှန်းချက်များ၊ စည်းလုံးညီညွတ်မှုနှင့် အနာဂတ်ကိုသာ ထိခိုက်ပျက်စီး စေမည်”ဟု ပြောသည်။

NSCN-K/AM အဖွဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
မိမိတို့ အဖွဲ့သည် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် နာဂ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရေးအတွက် ဆက်လက် ကတိကဝတ်ပြုထားဆဲ ဖြစ်သော်လည်း ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သော ရန်လိုတိုက်ခိုက်မှုများကို ရှုံ့ချရမည်ဖြစ်ကြောင်း၊ နာဂ ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့်လည်း လျစ်လျူရှုမထားသင့်ကြောင်း NSCN-K/AM အဖွဲ့က ထုတ်ပြန်ခဲ့သည်။
NSCN-K/AM နှင့် NSCN-K/YA သည် ယခင်က NSCN-K အဖြစ် ရပ်တည်ခဲ့ကြသော်လည်း ၂၀၁၇ ခုနှစ်တွင် NSCN-K ဥက္ကဋ္ဌ ကပ္ပလန် ကွယ်လွန်ပြီးနောက်မှာတော့ NSCN-K ကနေ NSCN-K/YA၊ NSCN-K/AM၊ ENNO/ENDA၊ NSCN-K/NK၊ NSCN-K/KH ဆိုပြီး အသီးသီး ကွဲသွားခဲ့သည်။
လက်ရှိတွင် NSCN-K/YA NSCN-K/AM ENNO/ENDA တို့သည် မြန်မာနိုင်ငံ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းမှာ လှုပ်ရှားနေပြီး NSCN-K/NK၊ NSCN-K/KH တို့ကတော့ အိန္ဒိယဘက်ခြမ်းမှာ လှုပ်ရှား၍ အိန္ဒိယအစိုးရ နှင့် ငြိမ်းချမ်းရေးယူထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 573
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁
အိန္ဒိယနိုင်ငံကို တရားဝင် ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်က အိန္ဒိယနိုင်ငံ၊ နယူးဒေးလီမြို့ရှိ Hyderabad House(ဟိုက်ဒရာဘတ်အိမ်)မှာ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
ထို့နောက် နိုင်ငံအကျိုးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 465
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁
တရုတ်အစိုးရသည် မြန်မာနိုင်ငံ၏ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို ထိန်းချုပ်ကိုင်တွယ်နိုင်သည့် အနေအထားမျိုး ရောက်နေသည်ဟု တရုတ်-မြန်မာအရေး လေ့လာသူများနှင့် နိုင်ငံရေးအကဲခတ်သူများက ထောက်ပြကြသည်။
အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ အနေဖြင့် တရုတ်၏ သဘောထားကို လျစ်လျူရှု၍ မရနိုင်ကြောင်း၊ တရုတ်အနေဖြင့် မြန်မာနိုင်ငံအပေါ် နိုင်ငံရေးပရိယာယ်ဖြင့် ကိုင်တွယ်ထားသည့် သဘောမျိုး ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုဟာက တရုတ်က ၁၀၂၇ စစ်ဆင်ရေးက သူ့ရဲ့ ကျားဖြန့် နှိမ်နင်းရေး သူ့အကျိုးစီးပွား ထိခိုက်နေတဲ့ ကျားဖြန့် နှိမ်နင်းရေးကိစ္စဆိုတဲ့ ရည်ရွယ်ချက်လေးတစ်ခု ပါနေလို့ ပါနေတဲ့ အတွက်ကြောင့်မို့လို့ ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးကို မသိမသာ မျက်စိမှိတ်ထားပြီးတော့ ဖွင့်ပေးလိုက်တာ၊ လွှတ်ပေးလိုက်တာပေါ့။ လွှတ်ပေးလိုက် ပြီးတဲ့ အခါကျတော့ မထင်မှတ်တဲ့ အောင်ပွဲတွေ သူတို့လည်း သိပ်မျှော်လင့်ထားပုံ မရဘူး။ လာရှိုးထိ သိမ်းနိုင်တာ တို့၊ မိုးကုတ်ထိ သိမ်းနိုင်တာတို့ အဲဒီလောက်ထိ၊ ရခိုင်ဆိုရင် တစ်ပြည်နယ်လုံးနီးပါး သိမ်းသွားတာတို့ ဒီလောက်ထိ သူတို့ မျှော်လင့်ထားပုံ မရဘူး။ အဲဒီလိုတွေ ဖြစ်လာတဲ့ အခါကျတော့ တစ်ဖက်မှာ တစ်ခါ တပ်မတော်အစိုးရ ပြုတ် ကျသွားမှာလည်း သူကစိုးရိမ်ပုံရတယ်။ အဲဒါနဲ့ သူပြန်ဝင်ပြီး နှစ်ဖက်စလုံးကို သူက ဝင်ပြီးတော့ ကြိုးကိုင်လိုက် တာပေါ့။ အဲဒီတော့ သူ့ဘက်က ကြည့်မယ်ဆိုရင်တော့ ဘာကောင်းလဲဆိုတော့ ဒီပွဲမှာ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေကိုရော၊ ဦးမင်းအောင်လှိုင်ကိုရော နှစ်ဖက်စလုံးကို ပိုင်ပိုင်နိုင်နိုင် ထိန်းလိုက်နိုင်ပြီဆိုတဲ့ အနေအထား ရောက်သွားတာပေါ့။ သူကလည်း အဲဒါမျိုးလိုချင်တာ သူက ဗမာပြည်က အစိုးရကို သူ့ကို ခပ်ထန် ထန် ဆက်ဆံနေတဲ့ အနေအထားက သူက ဗြောင်ကြီး မျက်မှန်းတဆ ရန်တွေ့ပြီးတဲ့ အခါကျတော့ ဟိုဟာဖြစ်တာ မျိုး မလုပ်ချင်ဘူး။ သူက နိုင်ငံရေး ပရိယာယ်နဲ့ (မင်း ငါ့လက်အောက်ကနေ ထွက်ပြေးလို့ မရပါဘူးကွာဆိုတဲ့ ဟာ လောက်ကို ပြချင်တာ။) အခု ဒီ ၁၀၂၇ စစ်ဆင်ရေးမှာ မျက်စိတစ်ဖက် မှိတ်ထားလိုက်ပြီးတော့ ပြီးတဲ့အခါကျတော့ မှ သူပြုတ်သွားမယ် ပြိုကွဲသွားမယ့် အနေအထား ရောက်တဲ့အခါကျတော့မှ သူက သူ့လူတွေကို မင်းနည်းနည်း တော်တော့ လျှော့တော့ ပေးလိုက်ပေးလိုက်ဆိုပြီးတော့ ဝင်ပြီးတော့ တစ်ဖက်က ကျေးဇူးတင်တာကို သူက ခံယူ လိုက်တာပေါ့။ အဲဒီတော့ ဆိုလိုချင်တာကတော့ နှစ်ဖက်စလုံးမှာ ကျေးဇူးရှိသွားပြီးတော့ နှစ်ဖက်စလုံးကို သူက နဖားကြိုး ကိုင်ထားတာပေါ့ အဲဒီအနေအထား ရောက်သွားတာ။ အဲဒီဝောာ့ အဲဒီလို အနေအထားမှာ ဘယ်အဖွဲ့က ပဲဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ်၊ စစ်အစိုးရကပဲဖြစ်ဖြစ် သူ့ကို ကလန်ကဆန် လုပ်မယ်ဆိုရင် ဒီထက်ပိုပြီး ပြင်းထန်တဲ့ နည်းတွေနဲ့ သူက တုံ့ပြန်လိမ့်မယ် သူက အားရှိတာကို သူက အိန္ဒိယထက် လည်း အားကြီးတယ်၊ အားကြီးတဲ့ အခါကျတော့ ကမ္ဘာမှာ ဒုတိယ အနေအထားကနေ ပထမ အနေအထားထိ တက်ဖို့အထိတောင် ဗြောင်တောင် သူပြောနေပြီ Trump နဲ့တွေ့တဲ့အချိန်မှာ ငါက Rising power ဖြစ်တယ်။ မင်းက ကျဆုံးနေတဲ့ အင်အား ဖြစ်တယ်ဆိုပြီး ဗြောင်တောင် သူပြောနေပြီ။ အဲဒီလို အနေအထားမျိုးမှာ ဘယ်လိုမှ အိန္ဒိယနဲ့ပေါင်းပေါင်း၊ အမေရိကန်နဲ့ပေါင်းပေါင်း သူကတော့ သူသွားချင်တဲ့ ဥစ္စာ အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက် ရအောင် သူ့ရည်မှန်းချက်အတိုင်း ကြိုးစားမှာပဲ” ဟု ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သို့ သွားရောက်စဉ်
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ငြိမ်းချမ်းစေချင်သည့် စိတ်စေတနာရှိသလို တစ်ဖက်တွင်လည်း မြန်မာနိုင်ငံကို ကစားနေသည့် အနေအထားဖြစ်ကြောင်း၊ တရုတ်သည် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် သြဇာလွှမ်းမိုး မှုကို အသုံးချပြီး မြန်မာ့ပြည်တွင်းရေးတွင် ဆက်လက် ပါဝင်နိုင်မည့် အနေအထားမျိုးရှိကြောင်း စစ်ရေးနှင့်နိုင်ငံ ရေးအကဲခတ်များက ထောက်ပြကြသည်။
ထို့အပြင် မြန်မာနိုင်ငံအား ၎င်းတို့၏ အကျိုးစီးပွားအတွက် များစွာ အသုံးချသွားမည့် အလားအလာ ရှိနိုင်သည်ဟု ၎င်းတို့က ထောက်ပြကြသည်။
တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ အနေဖြင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ မြစ်ဆုံဆည်၊ မိုးပျံရထားလမ်း၊ ကန်ပိုက်တည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ မူဆယ်- မန္တလေးကုန်သွယ်ရေးလမ်းကြောင်း ၊ လျှပ်စစ်ရထားလမ်း၊ ရွှေလီ-မန္တလေး-ကျောက်ဖြူ အမြန်လမ်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်း စသဖြင့် အများအပြား ရှိနေသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး အသက်သွေးကြော အားလုံးသည် တရုတ်အစိုးရ ကိုင်တွယ်ထားနိုင်သည့် အနေအထား မျိုးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း တရုတ်ကို အလုံးစုံ မှီခိုနေရကြောင်း တရုတ်-မြန်မာအရေး လေ့လာ သုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ချုပ်ကိုင်ထားတယ်ပြောလည်း ပြောလို့ရတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးရဲ့ စီးပွားရေး အသက်သွေးကြောတွေကို သူက ကိုင်ထားတာ ဖြစ်တာကို။ အဲဒီတော့ လူမျိုးစု တိုင်းရင်းသားတွေ အတွက်လည်း တရုတ်ကို မမှီခိုလို့ မရဘူးလေ။ အထူးသဖြင့် ဒီမြောက်ပိုင်းဘက်က ကပ်နေတဲ့ သူနဲ့ နယ်နမိတ်ကပ်နေတဲ့ သူတွေ က သူ နယ်စပ်ဂိတ်တွေဖွင့်ပေးမှ စီးပွားရေးက ဖြစ်မှာဆိုတော့ ဒါကလည်း သူ့အတွက် အရေးကြီးတယ်။ ထို့အတူပဲ စစ်ကောင်စီ အတွက်ကလည်း သူ့မှာ အင်အားကြီး နိုင်ငံတွေကို နည်းပါးနေမှာဆိုးတော့ တရုတ်ကို တော်တော်ကို ဖက်ထားရတာ။ အဲဒီတော့ စစ်ကောင်စီဘက်ကလည်း တရုတ်အပေါ် မှီခိုရတာ အမှန်ပဲ။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု တွေက အများကြီး ဖြစ်တာကို။ သူအိန္ဒိယသွားလည်း အိန္ဒိယက ဒီလောက် ရင်းနှီးမမြှုပ်နှံဘူးလေ။ အိန္ဒိယရဲ့ အကျိုးစီးပွားက ဒီလောက်မရှိဘူး။ တကယ့်တကယ် စီးပွားရေး၊ အကျိုးစီးပွားကျတော့ သူက တရုတ်ကိုတော့ မှီခိုရတာဖြစ်တာကို။ ဗမာပြည်ရဲ့ Stateholder တွေပေါ့နော် ဗမာပြည်မှာ အရေးပါ အရာရောက်တဲ့ သူတွေ အားလုံးက တရုတ်ကို တစ်နည်းတစ်ဖုံနဲ့ မှီခိုနေကြရတာပါပဲ” ဟု ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ သမ္မတ ဦးမင်းအောင်လှိုင် တွေ့ဆုံစဉ်
တရုတ်အစိုးရသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားကြသော “ဝ”တပ်ဖွဲ့ (UWSA)နှင့် မြောက်ပိုင်း ၃ ဖွဲ့ ဖြစ်သည့် AA-TNLA-MNDAA တို့အပေါ် သြဇာလွှမ်းမိုးမှုရှိသည့်အပြင် လိုအပ်သလို ထိန်းချုပ်ကာ ထုတ်သုံး ကစားနိုင်သည့် အင်အားရှိသည်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေလုံခြုံရေး၊ တည်တံ့ခိုင်မြဲရေးကို စွဲစွဲမြဲမြဲ ထောက်ခံ အားပေးလျက်ရှိမှု၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား ရင်ကြားစေ့ရေးနှင့် လူ့ဘောင် အဖွဲ့အစည်း သဟဇာတ ဖြစ်မှုကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ထောက်ခံ အားပေးလျက်ရှိ မှု အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
အလားတူ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ပြီးခဲ့သည့် ၅ နှစ်အတွင်း ၂ ကြိမ် တွေ့ဆုံခဲ့ရာမှာလည်း မြန်မာနိုင်ငံအတွင်း ရှိ တရုတ်၏ စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ကုမ္ပဏီများ၊ နိုင်ငံသားများ၏ လုံခြုံရေးကို အာမခံချက်ပေးရန် သမ္မတ ဦးမင်းအောင်လှိုင်အား ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 379
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁
တရုတ်၏ စီးပွားရေးအင်အားဖြင့် မြန်မာနိုင်ငံအား ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွင် တည်ဆောက်၍ ရနိုင် သလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေကြသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေး၊ နည်းပညာ၊ အခြေခံ အဆောက်အအုံ အင်အားများကို အသုံးချ၍ ရနိုင်သော်လည်း တရုတ်နိုင်ငံတစ်ခုတည်းအပေါ် လုံးဝ အမှီပြု၍ နိုင်ငံအား အောင်မြင်စွာ တည်ဆောက်ရန် မဖြစ် နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
တရုတ်နိုင်ငံ အနေဖြင့် အိမ်နီးချင်းကောင်း ပီသခဲ့ပါက ၎င်း၏အင်အားကိုယူကာ နိုင်ငံအတွက် အသုံးပြုမည် ဆိုလျှင် အားဖြစ်နိုင်သော်လည်း တရုတ်သည် အိမ်နီးချင်းကောင်း မပီသသဖြင့် နိုင်ငံအတွက် အန္တရာယ်ရှိကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တရုတ်က တကယ် အိမ်နီးချင်းကောင်း ပီသခဲ့ရင်တော့ အခုတရုတ်က အရမ်းကြီးထွားနေပြီ ဆိုတဲ့အခါ ကြတော့ တရုတ်အင်အားကို ယူပြီး သုံးနိုင်မယ်ဆို အားဖြစ်လာမှာပေါ့။ အခု ကျနော့် အမြင်အရ ပြောရင် တရုတ် က အိမ်နီးချင်းကောင်း မပီသဘူး။ ဘာလို့ဆို ဒီနိုင်ငံရဲ့ သယံဇာတတွေ သူပဲယူချင်တယ်။ ဒီနိုင်ငံကို အလုပ်အကျွေး ပြုတာ သိပ်မရှိဘူး။ ဒီနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို လုပ်ပေးခဲ့တာတွေ မတွေ့ရှိရဘူး။ ဒီအတွက်ကြောင့် တရုတ်အင်အားနဲ့သာ ကျနော်တို့ အစစအရာရာ တည်ဆောက်မယ် ဆိုရင်တော့ ကျနော်တို့ ၁၈၈၈ ခုနှစ်တုန်းက အင်္ဂလိပ်လက်အောက်ကို ကျခဲ့တယ်။ ယနေ့လည်း တရုတ်နိုင်ငံရဲ့ ကိုလိုနီနယ်တစ်ခုလို ဖြစ်သွားပါလိမ့်မယ့် ခေတ်သစ် ကိုလိုနီပေါ့နော်။ အဲဒီလိုတွေ ဖြစ်သွားနိုင်ပါတယ် သူ့အားနဲ့သာ တည်ဆောက်မယ်ဆိုရင်။ အခု တောင်အာဖရိက နိုင်ငံများဆိုရင်တော့ တရုတ်ရဲ့ ကြွေးမြီတွေ၊ ဗင်နီဇွဲလားဆိုရင်လည်း တရုတ်ကြွေးမြီ ပြဿနာတွေ၊ အဲဒါနဲ့ လူထုက ပြဿနာ တော်တော်လေး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အနောက်နဲ့ EU ကြားထဲမှာ ကောင်းကောင်း ကစားပြီးမှ ကိုယ့်နိုင်ငံ တိုးတက်မြင့်မားအောင် ဆောင်ရွက်လို့ရပါတယ်။ တရုတ် အားတစ်ခုတည်းနဲ့တော့ ကျနော် တို့ နိုင်ငံတိုးတက်မယ်လို့တော့ မမြင်ဘူး။ win-win နဲ့ သွားတာမတွေ့ရဘူး” ဟု ပြောသည်။

တရုတ်၏ BRI စီမံကိန်းလမ်းကြောင်းကိုတွေ့ရစဉ်
တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံနှင့် အိမ်နီးချင်းလည်းဖြစ်သလို မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကဏ္ဍ၌လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်။
တရုတ်အင်အားအပေါ် စီးပွားရေးနှင့် နိုင်ငံရေးအရ အလွန်အကျွံ မှီခိုမိပါက မြန်မာနိုင်ငံ၏ မူဝါဒ ရေးဆွဲမှုများတွင် လွတ်လပ်မှု အားနည်းသွားနိုင်ပြီး ဩဇာလွှမ်းမိုးမှု ခံရနိုင်ကြောင်း၊ စီမံကိန်းကြီးများကို စနစ်တကျ မတွက်ချက်ဘဲ တရုတ်ချေးငွေများဖြင့် တည်ဆောက်ပါက ရေရှည်တွင် ပြန်လည် မပေးဆပ်နိုင်ဘဲ အမျိုးသားအကျိုးစီးပွား ထိခိုက်နိုင်သည့် အချို့နိုင်ငံများလည်း ရှိခဲ့ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) အပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုသည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အသွားထက်သည့် ဓားတစ်လက်ကဲ့သို့ ဖြစ်နေလိမ့်မယ်ဟု ၎င်းတို့က သုံးသပ်ကြသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံစီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများဖြစ်သည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရထား လမ်းများနှင့် လမ်းပန်းဆက်သွယ်ရေး ကွန်ရက်များသည် မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးကို မြှင့်တင်ပေးနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ယူဆကြသည်။
ထို့ပြင် လျှပ်စစ်မီးရရှိရေး၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် (နေရောင်ခြည်နှင့် ရေအားလျှပ်စစ်) နှင့် ဒစ်ဂျစ်တယ် နည်းပညာ တည်ဆောက်ရေးတို့တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများသည် မြန်မာနိုင်ငံအတွက် များစွာ အထောက်အကူ ပြုနိုင်သည်။
အလားတူ မြန်မာ့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန်များအတွက် တရုတ်နိုင်ငံသည် အကြီးမားဆုံးသော နယ်စပ်စျေးကွက်ကြီး ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
သို့သော် တရုတ်၏ ခေတ်သစ် ကုန်သွယ်လမ်းကြောင်း ပိုးလမ်းမ (BRI) စီမံကိန်းသည် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု ဖြစ်သောကြောင့် မြန်မာနိုင်ငံ အနေဖြင့် တရုတ်အင်အားနှင့် နိုင်ငံတည်ဆောက်၍ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီတော့ ကျနော်တို့က မဖြစ်မနေ သွားရမှာက BRI တရုတ်စီမံကိန်း။ ကျနော်တို့က စာချုပ်ချုပ် ဆိုပြီး သားတွေ၊ သဘောတူညီပြီးသားတွေ၊ ကျောက်ဖြူစီမံကိန်းဆို အကောင်အထည် စဖော်နေပြီ။ အဲဒီဟာတွေကို လုပ်ကို လုပ်ရမယ့်ဟာတွေတော့ ပါတယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံသားတွေနဲ့ ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာ မထိပါးအောင်တော့ ဒါကိုတော့ သတိပြုရမယ်။ BRI က လုပ်တတ်ရင်တော့ ကမ္ဘာ့ကုန်သွယ်ရေး လမ်း ကြောင်းထဲကို ကျနော်တို့က ရောက်သွားမှာ။ တရုတ်ရဲ့ အင်အားနဲ့ ကျနော်တို့နိုင်ငံကို တည်ဆောက်လို့ရတယ်။ ဥပမာ ဘင်္ဂလားဒေ့ရှ်ကို ကြည့်ကြည့်ရအောင်။ ဘင်္ဂလားဒေ့ရှ် အခုတလော အရဲတကုပ် သူလုပ်တာတွေ ရှိတယ်။ တရုတ်နဲ့လည်း စီးပွားရေး၊ အခွင့်အရေး တည်ဆောက်မှုတွေ အများကြီးလုပ်တယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ရဲ့ တစ်ခုတည်းသော ရေနက်ဆိပ်ကမ်းကို Matarbari ကို US ရေတပ်ကို ယာဉ်ရပ်နားခွင့်၊ ရိက္ခာဖြည့်ခွင့်တွေ အဲဒီလို စစ်ရေးဆိုင်ရာ agreement တွေ သူက ထပ်ဖွင့်တယ်။ ဆိုလိုတာက နိုင်ငံတစ်ခုက သူ့ရဲ့ diplomacy နဲ့ သူ့ရဲ့ မျှော်မှန်းချက်တွေ၊ နောက်တစ်ခါ သူ့ရည်မှန်းချက်တွေကို စိတ်ကြိုက် လုပ်ပိုင်ခွင့် ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ နိုင်ငံကလည်း BRI ကို စာချုပ်တွေချုပ်ပြီး လုပ်တာက လုပ်သင့်လုပ်ထိုက်တယ်။ စာချုပ် ချုပ်ပြီးတဲ့အခါ ကောင်း ကောင်းမွန်မွန် ဆက်ပြီးလုပ်ရမယ်။ ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းထဲကို ကျနော်တို့ ရောက်ဖို့အတွက် ကောင်း မွန် မှန်ကန်တဲ့ နည်းလမ်းတွေ ပြင်ဆင်ရမယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့အသစ် တက်လာပြီးနောက် ဧပြီလအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ လာရောက်ခဲ့ကာ နှစ်နိုင်ငံကြား စီမံကိန်းများအား အကောင်အထည် ဖော်ဆောင်ရန် ပြောကြားသွားခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် မေလကလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia နှင့်အဖွဲ့ဟာ ဒုသမ္မတများ နှင့်တွေ့ဆုံခဲ့ကြပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်းများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ တိုးမြှင့်ရေးတို့အတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အလားတူ သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ သွားရောက်ရန် ရှိနေသလို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး စီစဉ်မှုများရှိကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 190
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ် H.E.Mr.Ajit Doval နှင့် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးကြသည်။
၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်က အိန္ဒိယနိုင်ငံ၊ နယူးဒေသလီမြို့မှာ တွေ့ဆုံ ဆွေးနွေးကြခြင်းဖြစ်သည်။
ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက် သွားမည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အိန္ဒိယဘက်က အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် H.E.Mr.Ajit Doval နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Shri Abhay Thakur တို့ တက်ရောက်ခဲ့သည်။
အလားတူ မြန်မာဘက်က သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြား ရေးဝန်ကြီး ဦးတင်မောင်ဆွေ၊ တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ဆွေတို့ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ သွားရောက်လျက်ရှိသည်။
ထိုအိန္ဒိယခရီးစဉ်အတွင်းမှာ အိန္ဒိယသမ္မတ၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့နှင့်လည်း သီးသန့် တွေ့ဆုံဆွေးနွေးမည်ဖြစ် သည်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံသည် နယ်နိမိတ် ထိစပ်မှု မိုင် ၁၀၀၀ ကျော် ရှိပြီး မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့နှင့် ထိစပ်လျက်ရှိသည်။
အဆိုပါ နယ်စပ်တစ်လျှောက်တွင် လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံ လှုပ်ရှားလျက်ရှိပြီး တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
အလားတူ မြန်မာနိုင်ငံဘက်ခြမ်းကနေ အိန္ဒိယနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါး မှောင်ခိုသွင်းမှုများ ကြီးထွားနေ၍ အိန္ဒိယဘက်က အမျိုးသားလုံခြုံရေးအပေါ် စိုးရိမ်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 371
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၉
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဖြစ်၍ ထိုခရီးစဉ်အတွင်းမှာ မြန်မာ့ မြေရှားသတ္တုနှင့် လုံခြုံရေးကိစ္စရပ်များကို အဓိက ဆွေးနွေးနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ မကြာမီ ရက်ပိုင်းအတွင်းတွင် သွားရောက်မည်ဖြစ်သည်။
အဆိုပါ အိန္ဒိယခရီးစဥ်တွင် အိန္ဒိယသမ္မတ အပါအဝင် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့နှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ် သလို အိန္ဒိယအစိုးရအဖွဲ့ အကြီးအကဲများနှင့် စီးပွားရေးသမားများဖြင့်လည်း တွေ့ဆုံ ဆွေးနွေးကြမည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြေရှားသတ္တုနဲ့ လက်နက်ကိုင်များကို တွေ့ရစဉ်
အမေရိကန်အနေဖြင့် မြေရှားသတ္တုအား တရုတ်နိုင်ငံသို့ မှီခိုအားထားနေခြင်းကို လျှော့ချနိုင်ရေးအတွက် စဉ်းစားလာခြင်းကြောင့် မြန်မာနိုင်ငံနှင့် ဆက်စပ်လာနိုင်ကြောင်း၊ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေး သွားမည့် ခရီးစဥ်သည် မြေရှားအရေး ကိစ္စအတွက်ကို ဦးတည်လာနိုင်သလား စဥ်းစားမိကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,ကတော့ အဲဒီ ဒေသဘက်ကနေပြီးတော့ အမေရိကန်က မြေရှားသတ္တုတို့ ဘာတို့ လမ်းကြောင်း ဖောက်ချင်တယ်ထင်တယ်။ မကြာသေးခင်က အမေရိကန်နဲ့ အိန္ဒိယနဲ့ စာချုပ်ချုပ်တာ တစ်ခုတွေ့လိုက်တယ်။ တွေ့လိုက်တဲ့ အခါကျတော့ သူက မြေရှားသတ္တုမှာ အမေရိကန်က တရုတ်ပြည်ကို အဓိက မှီခိုအားထားနေရတဲ့ ကိစ္စကို လျှော့ချနိုင်ဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းဆိုပြီးတော့ အဲဒီလို သုံးသပ်တယ်။ သုံးသပ်တော့ တစ်ခုက အဲဒီမြေရှားသတ္တုက အိန္ဒိယက ပြီးတော့ ဘယ်နေရာက ယူမှာလဲ။ ကျနော်တို့က အဲဒီဟာကို သူ့တိုင်းပြည် အတွင်း မှာ မြေရှားသတ္တုထုတ်ပြီးတော့ ပေးမှာလား။ ဒါမှမဟုတ်ရင် KIA နဲ့ ဆက်စပ်ပြီးတဲ့ အခါကျတော့ မြေရှားသတ္တု တင်သွင်းမှာလားပေါ့နော်။ အဲဒါကို ကျနော်တို့က စိုးရိမ်တယ်။ စိုးရိမ်တော့ အဲဒီဟာကို ကျနော်တို့ စိုးရိမ်သလိုမျိုး ဦးမင်းအောင်လှိုင်ကလည်း စိုးရိမ်လို့ အဲဒီကိစ္စတွေအတွက် ဆွေးနွေးတာလားပေါ့။ အဲဒီဘက်ကနေပြီးတော့ KIA နဲ့ ချိတ်ဆက်ပြီးတော့ မြေရှားသတ္တုသယ်မှာဆိုရင် သူက KIA လိုအပ်နေတဲ့ လက်နက်ခဲယမ်း၊ လက်နက်တို့ ဘာတို့ ထောက်ပံ့တာတို့ ဘာတို့လုပ်ရမှာ။ ဆိုတော့ အဲဒီဒေသရဲ့ အလားအလာက စိုးရိမ်စရာတော့ နည်းနည်းကောင်းတာ ပေါ့နော်။ အဲဒီတော့ အိန္ဒိယအနေနဲ့က အရင်တုန်းက Policy အတိုင်း မြန်မာ့အရေးကိစ္စမှာ သူကဝင်မပါဘူး။ မပါ တဲ့အပြင်ကို သူ့တိုင်းပြည်ထဲမှာလည်း လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့တွေရှိတော့ အပြန်အလှန် တပ်နှစ်ခုက အပြန်အလှန်ကူညီပြီးတော့ နှိမ်နင်းတာမျိုးပေါ့နော် အဲဒီအတိုင်း ဆက်ပြီးထိန်းသိမ်းဖို့ ဆွေးနွေးဖို့ သွားတာလား ပေါ့ မပြောတတ်ဘူးပေါ့နော် တွေးကြည့်တာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် မြေရှားသတ္တု တူးဖော်ရေး လုပ်ငန်းများကို တရုတ်က အများစု လုပ်ကိုင်နေကြောင်း၊ KIA ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်အတွင်းက ပန်ဝါ-ချီဖွေ ဒေသတွင်လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းက NDAA နှင့် UWSA ထိန်းချုပ် ဒေသများတွင် လည်းကောင်း တူးဖော်လျက်ရှိသည်။

တရုတ်၊ မြန်မာနဲ့ လက်နက်ကိုင်တွေကို တွေ့ရစဉ်
ထို့နောက် KIA သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ကသုံးလုံး (ကန့်ဘလူ-ကောလင်း-ကသာ) စစ်ဆင်ရေးကို ဖော်ဆောင်၍ ကချင်ပြည်နယ်ကနေ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်ကို ဖြတ်သန်း၍ ရခိုင်ပြည်နယ်၏ ပင်လယ်ထွက်ပေါက်အား အသုံးပြု၍ အနောက်အုပ်စုနှင့် ဥရောပနိုင်ငံများသို့ မြေရှားသတ္တု တင်ပို့နိုင်ရေး ကြိုးပမ်း လျက်ရှိသည်။
အလားတူ ကချင်ပြည်နယ် တနိုင်းမြို့နယ်နှင့် ရှင်ဗွေယန်လမ်းကြောင်းကို အသုံးပြု၍ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသ ပန်ဆောင်ဂိတ်ကနေ အိန္ဒိယနိုင်ငံအတွင်းသို့ မြေရှားသတ္တု တင်ပို့နိုင်ရေး စစ်ရေးနှင့်စီးပွားရေး လမ်းကြောင်းများ ဖော်ဆောင်လျက်ရှိသည်။
အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယအနေဖြင့်လည်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြေရှားသတ္တုကို ဝယ်ယူရေး စိတ်ဝင်စားနေကာ KIA နှင့် လျှို့ဝှက် သဘောတူစာချုပ် ချုပ်ဆိုထားကြောင်းလည်း နိုင်ငံတကာ သတင်း ဆောင်းပါးများ ထွက်ပေါ်ထားသည်။
မြန်မာနိုင်ငံအတွင်း မြေရှားသတ္တု တရားမဝင်စီးပွားရေး ဖြစ်နေရခြင်းသည် တရုတ်၊ အိန္ဒိယ အစိုးရ၏ ပေါ်လစီ ကြောင့်ဟု ပြော၍မရနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တချို့ဟာတွေက တရုတ်တို့ ဘာတို့ ကျန်တဲ့ ဟိုဟာတွေကို သွားပြောနေရတဲ့ဟာက သိပ်မဟုတ်ဘူးလို့ ထင်တယ်။ မဟုတ်ဘူးလို့ ထင်တယ်ဆိုတာက ဘာဖြစ်လို့လဲဆိုတော့ တချို့ဟာက တရုတ်နိုင်ငံရဲ့ သူတို့ရဲ့ ပေါ်လစီအရ လာလုပ်နေတာ ဟုတ်ချင်မှဟုတ်မယ်။ တရုတ်စီးပွားရေးသမားတွေက မြန်မာပြည်မှာ လွယ်ကူနေ တာကို။ မြန်မာပြည်မှာ ဥပဒေစိုးမိုးမှု အားနည်းတယ်။ အဲဒီ ဒေသတွေမှာ အထူးသဖြင့် ပိုပြီးတော့မှ မြန်မာအစိုးရ ရဲ့ လက်တံလည်း ရောက်မနေဘူး။ ဒေသမှာရှိနေတဲ့ အဖွဲ့အစည်းတွေပေါ့နော်။ အဖွဲ့အစည်းတွေနဲ့ ညှိပြီးလုပ် လိုက်ရင် ရတယ်ဆိုတဲ့ ဟာမျိုးတွေမှာ လုပ်နေကြတဲ့ ဟာမျိုးတွေရှိတာပေါ့။ အဲဒီအပေါ်မှာ ကျနော်တို့က ဒီဘက် မှာဆိုရင် တရုတ်တွေ ရှိတာပေါ့နော်။ တရုတ်နိုင်ငံ အစိုးရရဲ့ တကယ့် ကုမ္ပဏီကြီးတွေက တရားဝင်လာ တူးနေတာ မဟုတ်ဘူးပေါ့၊ တရုတ်စီးပွားရေးသမားတွေက နားလည်မှုနဲ့ လာလုပ်နေတာဆိုတော့ တရုတ်ရဲ့ ပေါ်လစီလို့ ကျနော်တို့က ပြောရခက်တာပေါ့နော်။ နောက်တစ်ခုက အိန္ဒိယကလည်း ဒီလိုပဲ။ အော် အိန္ဒိယက အဲ့လိုတွေ လုပ်မယ် ပြုမယ်ကြားတယ်။ ဒါကလည်း အိန္ဒိယနိုင်ငံ အိန္ဒိယအစိုးရရဲ့ ပေါ်လစီဖြစ်ဖို့က ကျနော်တစ်ဦးတည်း အယူအဆဆို ဒါမျိုး မဟုတ်နိုင်ဘူးပေါ့ဗျာ။ ကျနော်တို့က ကိုယ့်ထဲမှာ ဖြစ်နေတဲ့ ပြဿနာတွေက ကိုယ့်အချင်းချင်း တိုင်ပတ်နေလို့ ဖြစ်ကြတဲ့ကိစ္စတွေ အဲ့တာကို တခြားနိုင်ငံတွေနဲ့က သိပ်ပြီးတော့မှ ပြောလို့ မရနိုင်ဘူးပေါ့နော်။ အိန္ဒိယကလည်း သူ့နယ်မြေထဲမှာတော့ သူ ထိန်းချုပ်လို့ ရမယ်လေ။ မြန်မာပြည်တွင်းမှာ ဖြစ်တဲ့ဟာကို သူလာပြီး ထိန်းချုပ်လို့ မရဘူး။ မြန်မာပြည် ဒီဘက်အစိုးရကလည်း အဲဒီနယ်မြေကို စိုးမိုးနေတာ မဟုတ်ဘူးဆိုတဲ့ အခါကျ တော့ ဒီလိုမျိုး ဘေးဇုန်တွေ ပေါ်ပြီးတော့မှ အဲဒီလို တရားမဝင်တဲ့ စီးပွားရေးတွေကတော့ ဖြစ်နေမှာပဲ။ အဲဒီ ဖြစ်နေတဲ့ဟာကို သူများသွားလွှဲချလို့မရဘူး ကိုယ့်ဟာကိုယ် ရှင်းကြရမယ့်ကိစ္စပဲပေါ့နော် အဲဒီလိုပဲ မြင်ပါတယ်" ဟု ပြောသည်။

မြန်မာ့မြေရှားသတ္တုနဲ့ တူးဖော်နေမှုကိုတွေ့ရစဉ်
လက်ရှိတွင် မြေရှားသတ္ထုသည် ပထဝီအနေအထားအရ အသုံးချ၍ရသည့် လက်နက်တစ်ခုကဲ့သို့ ဖြစ်နေ ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံရှိ မြေရှားသတ္တုကို ကမ္ဘာတစ်ဝန်းရှိ အင်အားကြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများက ၎င်းတို့နိုင်ငံ အတွက် နည်းပညာ၊ စစ်လက်နက် ပစ္စည်းများအတွက် လိုချင်နေကြသည်။
မြေရှားသတ္တုသည် အခြားနိုင်ငံများတွင် ရှားကောင်းရှားနိုင်သော်လည်း မြန်မာနိုင်ငံတွင်မူ မရှားဘူးဟု ပြော၍ ရကြောင်း၊ သို့သော် လိုချင်သည့် မည်သူ့ကိုမဆို စျေးဆစ်ခြင်းမျိုးမရှိဘဲ ငွေကြေးရလျှင် ပြီးရောဆိုသည့် သဘောမျိုးဖြင့် ရောင်းချခြင်းမျိုး မလုပ်သင့်ဘူးဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူ ဦးခွန်းဆိုင်က ပြောသည်။
၂၀၂၃ ခုနှစ် တစ်နှစ်တည်းတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံကို မြေရှားသတ္ထု တန်ချိန် ၅၀,၀၀၀ ကျော် တင်ပို့ခဲ့ကာ ၂၀၂၂ ခုနှစ်ထက် ၈၀ ရာခိုင်နှုန်း နီးပါးတိုးတက်သွားသည်။
ထို့အပြင် ကုန်သွယ်မှုတန်ဖိုးသည် နှစ်စဥ် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ဝန်းကျင်အထိ တန်ဖိုးရှိပြီး မြန်မာ့စီးပွားရေး အထူးသဖြင့် နယ်စပ်ဒေသအတွက် အလွန်ကြီးမားသည့် ပမာဏတန်ဖိုးလည်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 380
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၉
NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နှင့် NSPNC တို့ကြား ယေဘုယျအားဖြင့် သဘောတူထားသည့် အချက်များကို လွှတ်တော်၌ ဘယ်လိုပုံဖော်မလဲဆိုတာကို ဆွေးနွေးရမည်ဟု ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)သည် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နှင့် သဘောတူထားသည်များ ရှိသကဲ့သို့ နိုင်ငံရေး ပါတီများ အစုအဖွဲ့တို့နှင့်လည်း သဘောတူထားသည်များရှိသည်။
နိုင်ငံရေးပါတီများနှင့် ဆွေးနွေးထားသည်များအား လွှတ်တော်၌ တင်သွင်းသည့်အခါတွင် သက်ဆိုင်ရာ နိုင်ငံရေး ပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များက လက်ခံ၊ ငြင်းခုန်၊ အတည်ပြုခြင်းများ ဆောင်ရွက်နိုင်သည်။
သို့သော် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နှင့် သဘောတူထားသည့် အချက် များကိုမူ လွှတ်တော်တွင် တင်သွင်း ဆွေးနွေးမည်ဆိုပါက EAO များဘက်မှ လူပုဂ္ဂိုလ်များသည် လွှတ်တော်မှာ ရှိမနေကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

NSPNC အစည်းအဝေး ကျင်းပနေစဉ်
၎င်းက “ကျမတို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွေ အနေနဲ့လည်း သဘောတူထားတဲ့ ယေဘုယျ အားဖြင့် သဘောတူထားတဲ့ အချက်တွေတော့ ရှိပါတယ်။ နိုင်ငံရေးပါတီတွေနဲ့လည်း သဘောတူထားတဲ့ အချက် တွေလည်း ရှိတယ်။ အဲဒါတွေကို ပေါင်းစပ်ပြီးတော့မှ လွှတ်တော်မှာ အတည်ပြုလာမယ်။ အတည်ပြုပြီးတော့မှ ရှေ့ကို ဆက်သွားဖို့ နိုင်ငံရေးကို လမ်းကြောင်းတစ်ခု ပေါ်လာမယ်ဆိုပြီးတော့မှ ပြောကြတာတွေရှိပါတယ်။ အဲဒါ ကြောင့်မို့လို့ ကျမတို့ အနေနဲ့က လွှတ်တော်မှာ ပါဝင်ဖို့ဆိုရင် လွှတ်တော်ထဲမှာက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေက မပါနေသေးဘူး။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ က NSPNC နဲ့ ဆွေးနွေး ထားတာကိုပဲ လွှတ်တော်ကို တင်သွင်းရမယ့် သဘောမျိုး ဖြစ်နေတယ်။ အဲဒါတွေလည်း ပြန်ပြီးတော့မှ ဘယ်လိုစဉ်းစားလာရမလဲဆိုတာတွေလည်း ရှိနေသေးတာပေါ့။ အခု ဆက်လက်ပြီးတော့ ဆွေးနွေး ကြဖို့လည်း အနေအထားက ရောက်နေပါပြီ။ ကျမတို့ ကမ်းလှမ်းထားပြီးပြီ” ဟု ပြောသည်။
လက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားမယူခင်က တိုင်းရင်းသားလက်နက်ကိုင် (EAO)များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် လိုအပ်သည့် သဘောတူညီချက်များ၊ ဆွေးနွေးချက်များကို မကြာခင် ပေါ်ပေါက်လာမည့် လွှတ်တော်ထဲတွင် ပြန်လည် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ က ပြောဆိုခဲ့သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံရချိန်၌ NSPNC နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ကြား သဘောတူညီမှု ရယူထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ၄၃ ချက်ကို ပြည်ထောင်စု လွှတ်တော် မှာ တင်သွင်းဆွေးနွေးမည်ဟု ဧပြီလ ၁၀ ရက်နေ့က ပြောကြားထားသည်။
ယခင် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက်က ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့်ဆွေးနွေးရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)ကို ဖွဲ့စည်းခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးကို တွေ့ရစဉ်
အဆိုပါ UPWC တွင် ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ စိုင်းမောက်ခမ်း၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာနမှ ဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်တို့ ပါဝင်ခဲ့ကြသည်။
ထိုထဲတွင် ဝန်ကြီး ဦးအောင်မင်းသည် မြေပြင်ဆွေးနွေးပွဲများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများ၌ အဓိက စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူ ဦးဆောင်ခဲ့သူ ဖြစ်သည်။
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် NCCT အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး NCA စာချုပ်မူကြမ်းကို လွှတ်တော်၌ တိုင်းရင်းသား လက်နက်ကိုင်များ မပါဝင်ဘဲ အတည်ပြုနိုင်ခဲ့သည့် သက်သေများရှိသည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
သို့သော် လက်ရှိ အသွင်ကူးပြောင်းရေး အစိုးရသစ်လက်ထက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီများအား ဖွဲ့စည်းမှုတွင် လွှတ်တော် အခန်းကဏ္ဍ မပါဝင်သဖြင့် မည်သည့်ပုံစံမျိုး ပုံဖော်ကြ မည်ကို ဆွေးနွေးရင်းဖြင့် အဖြေထုတ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒေါ်စောမြရာဇာလင်းက “ကျမတို့ NCCT လက်ထက်ကပေါ့။ ကျမလည်း NCCT မှာ ပထမဆုံး ပါဝင်တဲ့ အမျိုးသမီး တစ်ယောက် အနေနဲ့ ရှိခဲ့တယ်။ အဲဒီ NCCT မှာပဲ ကျမတို့ စဉ်းစားခဲ့ကြတွေရှိတယ်။ အခုကတော့ အဲဒီ ပုဂ္ဂိုလ်တွေ က ပြင်ပကနေ လက်နက်ကိုင်တော်လှန်ရေးထဲမှာ ရှိနေကြတယ်။ ကျမတို့နဲ့ NCCT အဖွဲ့ ရှိခဲ့စဉ်အခါက လွှတ်တော်မှာ တစ်ထောင့်တစ်နေရာ ကနေပြီးတော့မှ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းဆိုတာ၌ ဒီ NCA လမ်းကြောင်း အတိုင်း ဆွေးနွေး နေကြတဲ့ အဖွဲ့အစည်းတွေသည် လွှတ်တော်ထဲမှာ ထိုင်ပြီးတော့မှ ပြောနိုင်ခွင့်၊ ဆိုနိုင်ခွင့်ကို စဉ်းစားရမယ်ဆိုတဲ့ စဉ်းစားချက်က ကျမတို့ဆီမှာ ရှိခဲ့တယ်။ ဒါပေမယ့် အဲဒီဟာကတော့ အကောင်အထည် မပေါ်ခဲ့ဘူး။ နောက်ဆက် လက် ပြီးတော့မှ ဘယ်လို စဉ်းစားလာရမှာလဲဆိုတာ အတိအကျပြောလို့တော့ မရသေးဘူး။ EAO အတွင်းမှာ လည်း ဆွေးနွေးစရာတွေ လိုသေးတယ်။ နောက်ပြီးတော့ တစ်ခုရှိခဲ့တဲ့ သက်သေက ဘာလဲဆိုတော့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်ခဲ့တဲ့ကာလ အဲဒီအချိန်မှာဆိုရင် ကျမတို့ ဆွေးနွေးလို့ရထားတဲ့ NCA စာချုပ်ရဲ့ မူကြမ်း အဲဒါကို လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့တဲ့ အနေအထားရှိခဲ့တယ်။ ကျမတို့ ဆွေးနွေးလို့ ရလာတာကို လွှတ်တော် မှာ အတည်ပြုနိုင်ခဲ့တယ်။ ကျမတို့တွေ မပါဘဲနဲ့ အတည်ပြု နိုင်ခဲ့တဲ့အချက်ဖြစ်တယ်။ အခုလည်းပဲ ဘယ်လိုပုံစံ မျိုးနဲ့ ပုံဖော်မှာလဲဆိုတာကတော့ ဆွေးနွေးရင်းကပဲ ရလာမှာဖြစ်ပါတယ်” ဟု ပြောသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ (NSPCC)၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (NSPWC)၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ကို ပြန်လည် ဖွဲ့စည်းကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ဖွဲ့စည်းမှုတွင် လွှတ်တော် အခန်းကဏ္ဍ ပါဝင်ခြင်း မတွေ့ရှိရ၍ လွှတ်တော်သည် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် မသက်ဆိုင်သည့်သဘော သက်ရောက်သလား ဆိုသည်ကို စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်မှုများ ရှိနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 240
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၈
မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ယခုရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယသမ္မတနှင့် တွေ့ဆုံမည်ဖြစ်သည်။

ထို့အပြင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲများ ကျင်းပခြင်းတို့အပြင် အိန္ဒိယ အစိုးရအဖွဲ့ ဝင် ဝန်ကြီးများ၊ ပြည်နယ် အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံ တွေ့ဆုံ သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အလားတူ အထင်ကရ အခြေခံအဆောက်အဦ စီမံကိန်းများကို လေ့လာသွားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကဏ္ဍများ အပါအဝင် ကဏ္ဍ ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်က တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 719
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၈
ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးအတွက် ပထမဦးဆုံး မှတ်ပုံတင်တွင် ရှမ်းနီလူမျိုး တရားဝင် သတ်မှတ် ရေး လွှတ်တော်၌ တင်ပြသွားမည်ဟု တိုင်းလိုင်(ရှမ်းနီ)တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် လက်ထက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် တာမိုးညဲဒေသက မုန်းဝန်း မျိုးနွယ်စုများကို မုန်းဝန်း(တရုတ်) ဟု သိထားခဲ့ကြသော်လည်း မုန်းဝန်း(ဗမာ)ဟူ၍ တရားဝင် စာရွက်စာတမ်း များဖြင့် ပြောင်းလဲသတ်မှတ်ပေးခဲ့သည်ကို တွေ့ရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသား ၁၃၅ မျိုးတွင် ရှမ်းနီ မပါဝင်ခြင်းကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန်အတွက် တရားဝင် နာမည် အသိအမှတ်ပြုရေး လိုအပ်နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသား ၁၃၅ မျိုးတွင် တိုင်းလိုင်-တိုင်းလျန် ဆိုပြီး အသိအမှတ်ပြုထားကြောင်း၊ တိုင်းလိုင်-တိုင်းလျန် ဆိုသည်မှာ တိုင်း(ရှမ်း)- လိုင်/လျန် (အနီရောင်)ဖြစ်ပြီး ဗမာ စကားအရ တိုက်ရိုက် ဘာသာပြန်ပါက ရှမ်းနီသာဖြစ်ကြောင်း သိရသည်။
၁၉၈၂ ခုနှစ် နိုင်ငံသားအက်ဥပဒေ ပုဒ်မ ၆ နှင့် ပုဒ်မ ၈ အရ နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားလူမျိုးများ၏ နာမည်ကို အသိအမှတ် ပြုပေး၍ ရနိုင်သကဲ့သို့ ပယ်ဖျက်၍လည်း ရနိုင်သည်ဟု ပါရှိသည်။

ရှမ်းနီလူမျိုး တရားဝင် အသိအမှတ်ပြုပေးဖို့ တောင်းဆိုကြစဉ်
ထို့ကြောင့် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါ်ထွန်းရေးအတွက် ရှမ်းနီနာမည်ကို တရားဝင် ရရှိရေး လွှတ်တော် တွင် တင်ပြသွားမည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ၂၀၀၈ အခြေခံဥပဒေ ရေးဆွဲစဉ်အခါတုန်းက ညီလာခံရဲ့ ချမှတ်ထားတဲ့ မူရှိတယ်လေ။ ၁၀၄ ချက်မူဆိုတာ။ အဲဒီမူထဲမှာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ထက်ကို တစ်မြို့နယ်ထဲမှာ လူဦးရေက ၅၀ ရာခိုင်နှုန်း ကျော်ရ မယ်။ မြို့နယ် ၂ မြို့နယ် တစ်ဆက်တည်း ရှိတယ်ဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တင်ပြ တောင်းဆိုခွင့် ရှိတယ်ဆို ပြီးတော့ ဒါက ညီလာခံမူထဲမှာ ချမှတ်ထားတာ ဖြစ်ပါတယ်။ အဲဒီ ညီလာခံရဲ့မူနဲ့အညီပဲ နာဂတို့၊ ကိုးကန့်တို့၊ “ဝ” တို့၊ ပအိုဝ်းတို့၊ ပလောင်တို့၊ ဓနုတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့ကြတာပေါ့နော်။ သူတို့နဲ့ ကျနော်တို့ မတူကြခြင်း အကြောင်းအရင်းက ဘာရှိလဲဆိုတဲ့ အခါကျတော့ ရှမ်းနီတွေက လူမျိုးစာရင်း မပေါက်သေးဘူး လူမျိုးသာရှိတာ။ လူမျိုးစာရင်း တစ်မျိုးတည်းပေါက်အောင် ကြိုးစားတဲ့အခါမှာလည်း တချို့က တိုင်းလျန် ဖြစ်ချင်တယ်။ တချို့က တိုင်းလိုင် ဖြစ်ချင်တယ်။ တချို့က ရှမ်းနီဖြစ်ချင်တယ်။ တချို့က တိုင်းလိုင်း ဖြစ်ချင်တယ်။ အဲဒါကတော့ သဘောထား ကွဲလွဲ မှုတွေ ရှိနေတဲ့အခါကျတော့ ကျနော်တို့ အဓိကလုပ်ရမယ့် ကိစ္စကတော့ ကျနော်တို့ လူဦးရေ များများရအောင် လူဦးရေစာရင်း များများပေါက်နိုင်တဲ့ အမည်ကို ကျနော်တို့ လွှတ်တော်မှာ တင်ဖို့တော့ လိုအပ်မယ်။ လွှတ်တော်ကို တင်ပြပြီးတော့မှ လွှတ်တော်က အတည်ပြုခဲ့မယ်ဆိုရင် ကျနော်တို့က နောက်တစ်ဆင့် အနေနဲ့ ဘယ်မြို့နယ်မှာ ကျနော်တို့လူဦးရေ အများဆုံးရှိလဲဆိုတာကို သုံးသပ်ပြီးတော့မှ အဲဒီမြို့နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းရ မှာ ဖြစ်ပါတယ်။ အဲဒါက အခု ကျနော်တို့ ပါတီအနေနဲ့ကတော့ ရှမ်းနီအမည်ကို တင်သွင်းဖို့တော့ ဆုံးဖြတ်ထား တယ်။ ဒါလည်း ကျနော်တို့ ပြည်သူနဲ့ ပြန်ပြီးညှိနှိုင်းအုံးမှာပါ” ဟု ပြောသည်။
ရှမ်းနီတိုင်းရင်းသားများအတွက် ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု ပေါ်ပေါက်ရေးအတွက် ရှမ်းနီအမျိုးသားများကောင်စီ(SNNC)ကို ၂၀၂၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။
ထို့နောက် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) သည်လည်း ရှမ်းနီလူမျိုးများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး လက်နက်ကိုင် လှုပ်ရှားလျက် ရှိနေသည်။
လက်ရှိ လူဦးရေ အနေအထားအရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဟုမ္မလင်းနှင့် ဗန်းမောက်မြို့နယ်တို့ကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရရှိနိုင်သည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နဲ့ ရှမ်းနီလူထုကို တွေ့ရစဉ်
၎င်းက “အခုဆိုရင် ကျနော်တို့ လူဦးရေ အချိုးအစားအရ ကြည့်မယ်ဆိုရင် ဟုမ္မလင်းမြို့နယ်မှာ ၈၀ ရာခိုင်နှုန်းရှိ တယ်၊ ရှမ်းလူဦးရေပေါ့နော်။ ကျနော်တို့က လက်ရှိ ရှမ်းစာရင်းနဲ့ပဲ သွားနေရတာ ဖြစ်ပါတယ်။ ရှမ်းလူဦးရေ ၈၀ ရာခိုင်နှုန်းကျော်ရှိတယ်။ နောက် ဗန်းမောက်မြို့နယ်မှာ ၆၈ ရာခိုင်နှုန်းကျော်ရှိတယ်။ အဲဒီဥစ္စာက တခြား ရှမ်းတွေ မရှိပါဘူး။ ကျနော်တို့ ရှမ်းနီလူမျိုးတွေချည်းပါပဲ။ ရှမ်းနီလူမျိုးသာ အမည်ပေါက်ခဲ့မယ်ဆိုရင် အဲဒီတိုင်းဒေသကြီးမှာ ပထမဦးဆုံး ရနိုင်တဲ့ မြို့နယ် ၂ မြို့နယ်စာပဲ ရှိတယ်၊ သူတို့ပေးထားတဲ့ အမည်စာရင်းနဲ့ ကိုက်ညီတယ်ပေါ့နော်။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့တွေက လဝကစာရင်းမှာ အမည်ပေါက်ခဲ့မယ်ဆိုရင် ကျနော်တို့ လူမျိုးအရ ကျနော်တို့လူမျိုးတွေ ခံစားပိုင်ခွင့်တွေ ကျနော်တို့ တောင်းဆိုရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ရှမ်းနီလူမျိုးများကတော့ တချိန်က မိမိတို့ ဒေသများဖြစ်သည့် မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်းခရိုင်၊ ဗန်းမော်ခရိုင်နှင့် ခန္တီးခရိုင်၊ ဟုမ္မလင်းခရိုင်၊ တမူးခရိုင်၊ ကလေးခရိုင်တို့ကို စုစည်း၍ ရှမ်းနီပြည်နယ်ရရှိရေး တောင်းဆိုလျက်ရှိသည်။
အဆိုပါ ဒေသများသည် လက်ရှိမှာတော့ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ပါဝင်နေသလို အစိုးရနှင့် ကချင်လက်နက်ကိုင်(KIA)၏ လက်ခံနိုင်ခြေလည်း အားနည်းသည့်အတွက် ရှမ်းနီလူမျိုးများ၏ နယ်မြေ တောင်းဆိုမှုမှာ အခက်အခဲများ ကြုံတွေ့ရမည်ဖြစ်သည်။
ထို့ကြောင့် ရှမ်းနီလူမျိုးများအနေဖြင့် နိုင်ငံရေးပါတီ၊ လက်နက်ကိုင်၊ လူထုတို့သည် စည်းလုံးညီညွတ်ရန် လိုအပ်ပြီး တောင်းဆိုမှုများကို တစ်သံတည်းဖြစ်ရန်လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
