- By CNI
- Category: နိုင်ငံရေး
- Hits: 712
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၉
မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးအပြီး တရုတ်နိုင်ငံသားများ ယခင်က ထက် ပိုမို ဝင်ရောက်လာမှုနှင့် တရုတ်၏ ကြီးစိုးမှုကို အစိုးရ၊ KIA နှင့် ရှမ်းတပ်ဖွဲ့များ ပူးပေါင်းကာ ထိန်းချုပ်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့(MNDAA)တို့ သိမ်းပိုက် ထိန်းချုပ်ထားသည့် နယ်မြေဒေသများ၌ တရုတ် စကားကိုသာ ပြောစေပြီး၊ တရုတ်ငွေကြေးဖြစ်သည့် ယွမ်ငွေကိုသာ သုံးစေကြောင်း၊ ထို့ပြင် တရုတ်စာ တန်းပါသည့် ဆိုင်းဘုတ်များနှင့် ကိုးကန့် အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်များကို ထုတ်ပေးလျက်ရှိနေ ကြောင်း သိရသည်။
ထိုဒေသများ၌ တရုတ်နိုင်ငံသားများ မြေဝယ်ယူမှု များလာနေပြီး၊ စီးပွားရေး လုပ်ပိုင်ခွင့်နှင့် သတ္တုတူး ဖော်ခွင့်များကို ကိုးကန့်တပ်ဖွဲ့က ဖော်ဆောင်ပေး ထားသည်ကို တွေ့ရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းကို တရုတ်လူမျိုးများ ဝင်ရောက် ကျူးကျော် လာနေမှုများအား တားဆီးရန် ရှမ်းမြောက်ရှိ ကချင်တပ်များ၊ ရှမ်းတပ်များ၊ အခြား EAO တပ်များနှင့် ငြိမ်းချမ်းရေးရပြီး ထိရောက်စွာ ကိုင်တွယ်နိုင်မှသာ တားဆီးနိုင်မည်ဟု မြင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန် လက CNI သတင်းဌာနသို့ ပြောသည်။

MNDAA က မြန်မာနာမည်ရွာတွေကို တရုတ်နာမည်နဲ့လုပ်ထားစဉ်
၎င်းက “အဲဒါကို ကာကွယ်ဖို့ဆိုရင် ရှမ်းမြောက်က ကချင်တပ်တွေ၊ SSPP တပ်တွေ၊ ရှမ်းတပ်တွေ၊ EAO တပ်တွေနဲ့ ငြိမ်းချမ်းရေးရပြီး နည်းနည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှ တားဆီးနိုင်မယ်လို့ ကျနော် မြင်တယ်။ အဲဒီတော့ ကချင်ပြည်နယ် ထိုးစစ်က ကချင်ပြည်နယ် မြစ်ကြီးနား-မန္တလေး လမ်းကြောင်းကြီး ပွင့်သွားပြီ။ ကောင်းသွားပြီ။ ပြီးတော့ အပြီးတိုက်မယ်ဆိုတာထက် ကျနော့် အမြင်ကတော့ ပြည်တွင်း စည်းလုံးညီညွတ်ရေးကို အမြန်ဆုံး အကောင်အထည် ဖော်ပြီးတော့မှ ခုနက ပြည်ပ ကိစ္စတွေပေါ့။ ကျူးကျော်မှု ကိစ္စတွေ၊ နယ်မြေတွေ ပဲ့ပါသွားတဲ့ ကိစ္စတွေကို အမြန်ဆုံး ကာကွယ်နိုင်ဖို့က ပိုအရေးပါ တယ်။ အဲဒီတော့ ရှမ်းမြောက်ကိစ္စကို ကာဖို့ဆိုရင် KIO နဲ့ SSPP တွေက ရှမ်းမြောက်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေး ပြေလည်ပြီး ကာကွယ်နိုင်ဖို့က ပိုအရေးပါသလားလို့။ အဲဒီလို ဟိုဘက်မှာ ပိတ်နိုင်မှ ဒီဘက် မှာ အကောင်အထည် ဖော်နိုင်မယ်လို့တော့ ကျနော်က မြင်တယ်။ ဆိုတော့ ကချင်ပြည်နယ် စစ်ပွဲက စစ်ပွဲအပြီးတိုင် တိုက်ရေးထက် ငြိမ်းချမ်းရေးက ပိုအရေးပါနေတယ်။ ငြိမ်းချမ်းရေး အတတ်နိုင်ဆုံး ယူပြီး တော့မှ KIA တပ်တွေနဲ့ ရှမ်းမြောက်ဘက်မှာ SSPP တပ်တွေနဲ့ ကာနိုင်ဖို့က အရေးပါနေတယ်လို့ မြင်တယ်” ဟု ပြောသည်။
ကိုးကန့်တပ်ဖွဲ့(MNDAA)သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင် ရေးမှ စတင်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပြင် သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ ဖောင်းဆိုင်၊ မုံးကိုး၊ ချင်းရွှေဟော်၊ သီပေါ၊ ကြူကုတ်-ပန်းဆိုင် စသည့် ဒေသများကိုပါ အုပ်ချုပ်ခွင့်ရရေး အစိုးရ-တပ်မတော် နှင့် ဆွေးနွေးလျက်ရှိသည်။
လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်အင်အား သာမက လူဦးရေ အင်အားကို ပါ တည်ဆောက်နေပြီး အဓိကအားဖြင့် တရုတ်လူဦးရေ ပွားများလာအောင် သွင်းလာနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
ကွတ်ခိုင်-မူဆယ်-ကြူကုတ်(ပန်ဆိုင်း)နှင့် မုံးကိုး၊ မုံးပေါ်တို့တွင် ဒေသခံလူထုသည် ကချင်လူမျိုးများ ကြောင်း၊ KIA ၏ တပ်မဟာ ၄၊ ၆၊ ၁၀ တို့သည်လည်း ၎င်းဘက်၌ ရှိကြောင်း၊ လူဦးရေ ၂ သိန်း မပြည့် သည့် လူတစ်စု၏ နယ်မြေချဲ့ထွင်လာမှုကို ကျစ်လျစ်စွာ ကိုင်တွယ်မည်ဆိုပါက အချိန်မီသေးကြောင်း ၎င်းက ပြောသည်။

MNDAA တပ်ဖွဲ့ကို တွေ့ရစဉ်
ဒေါက်တာအမ်ကောန်လက “နိုင်ငံရေးအရရော စစ်ရေးအရရော ကိုင်တွယ် ဖို့လိုနေတယ်။ ဘာကြောင့်လဲ ဆိုတော့ demographic အရ လူ ၂ သိန်းတောင် မပြည့်တဲ့လူက proxy ပုံစံမျိုး ဒီလောက်ကြီးအထိ နယ်မြေ ချဲ့လာတာက ကျနော်တို့ အချဲ့ခံတယ်ဆိုရင် ကျနော်တို့ ညံ့နေတယ်လို့ ကျနော်အနေနဲ့ ဒီလိုပဲ မြင်တယ်။ ဒီဟာကို ပြန်ပြီး ကျစ်ကျစ်လျစ်လျစ် နိုင်ငံရေးအရရော၊ စစ်ရေးအရရော ကိုင်တွယ်မယ်ဆို ကိုင်တွယ်လို့ ရနိုင်သေးတယ်။ ဒီဟာကို ဒီအတိုင်း လွှတ်ထားလိုက်ရင်တော့ နောင်တစ်ချိန်မှာ ဒီထက် ပိုခက်သွားမယ်။ ဘာလို့ဆို ကိုးကန့်က အခု စစ်အင်အား တည်ဆောက်နေတယ် ကျနော် သိရသလောက် ဆို၊ လူအင်အားရော စစ်အင်အားရော အဓိက,က သူတို့ရဲ့ တရုတ်လူဦးရေကို ပွားများလာအောင် သွင်းနေ တာက ကျနော်တို့ တော်တော်လေး ဒီကိစ္စကို ဆောင်ရွက်ရလိမ့်မယ်။ အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေး ပေါ့နော်။ အင်အားဦးစီးဌာန။ လ.ဝ.က ရယ်၊ ပြည်ထဲရေးရယ် ဒီ ၂ ခုက ကျနော်တို့ နိုင်ငံရေးအရ စကား ပြောပြီးပြီဆိုရင် ကျနော်တို့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ဖို့လိုမယ်။ ကွမ်လုံရဲ့ ဟိုဘက် သံလွင်မြစ်ရဲ့ အရှေ့ဘက်ကို သူတို့နေရာကို ပြန်ထားကို ထားရလိမ့်မယ်။ အဲဒီလိုဆိုရင် တရုတ်နဲ့လည်း သေချာ ပြေလည်အောင် ညှိဖို့လိုတယ်။ အဲဒီလိုဆိုရင် အချင်းချင်း ပစ်နေခတ်နေလို့တော့ မလွယ်ဘူး။ အချင်းချင်း ပစ်နေခတ်နေရင် တရုတ်နဲ့လည်း ညှိရမှာ မဟုတ်ဘူး။ ဒီလိုပဲ MNDAA က ဒီကြားထဲမှာ ဝင်ပြီးတော့မှ စားသွားလိမ့်မယ်” ဟု ပြောသည်။
ကိုးကန့်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆၊ အပိုဒ်ခွဲ(င) အရ ရှမ်းပြည်နယ်ရှိ ကုန်းကြမ်း မြို့နယ်၊ လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေး ခြင်းကို ခံထားရခြင်းဖြစ်သည်။
သို့သော် လက်ရှိတွင် MNDAA သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထက် ပိုမိုကျော်လွန်ကာ နယ်မြေများ အား သိမ်းပိုက် ရရှိထားသကဲ့သို့ တရုတ်မှလည်း ကျောထောက်နောက်ခံ ပေးထားကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 233
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၉
တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန် ၂၄ နာရီ တာဝန်ရှိသည့် ခိုင်မာ သော အဖွဲ့အစည်းဖြစ်သလို သေအတူယှဉ်မကွာသော သံယောဇဉ်တရားဖြင့် တည်ဆောက်ထားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။
၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်တွင် ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦးက “ တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန် ၂၄ နာရီ တာဝန်ရှိသည့် ခိုင်မာသော အဖွဲ့အစည်းဖြစ်ကာ အထက်အောက်လေးစား၍ အမိန့်နာခံမှုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ သေအတူယှဉ်မကွာသော သံယောဇဉ်တရားဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ နေ့စဉ် လုပ် ဆောင်နေသော သမားစဉ် လုပ်ငန်းများသည် လေ့ကျင့်နေမှုပင်ဖြစ်၍ အားလုံး တစ်စုတစ်စည်းတည်း လိုက်ပါ ဆောင်ရွက်ခြင်းဖြင့် စည်းလုံးညီညွတ်မှုကို ရရှိစေသည်”ဟု ပြောသည်။
ပြောင်းလဲလာသော ခေတ်မီ စစ်လက်နက်ပစ္စည်းများနှင့် စစ်နည်းဗျူဟာများကိုလည်း မျက်ခြည်မပြတ် လေ့လာ၊ လေ့ကျင့်နေရန်လိုကြောင်း၊ ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်နေသော စစ်ပွဲများ၏ သုံးစွဲနေသော လက်နက်များနှင့် နည်း ပညာများကိုလည်း အမြဲလေ့လာသုံးသပ်နေရန်လိုကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးက “အုပ်ချုပ်မှုအပိုင်းတွင် တပ်မှူးများသည် ဖခင်ကောင်း စိတ်ဓာတ်၊ ခေါင်းဆောင်ကောင်း စိတ်ဓာတ်ဖြင့် အုပ်ချုပ်သကဲ့သို့ တပ်မှူးများ၏ ဇနီးများသည်လည်း မိခင်သဖွယ်စိတ်ဓာတ်ဖြင့် ထိန်းကျောင်းပေး ရန်လိုကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်မှု ကောင်းမွန်ရန် အထက်အောက်ဆက်ဆံရေး ကောင်းမွန်းနေရန် လို ကြောင်း၊ တပ်တွင်း စည်းလုံးမှု တည်ဆောက်ခြင်းသည် အင်အားတည်ဆောက်ခြင်းသာဖြစ်ပြီး စစ်ရေး စွမ်းရည်ကို ဖြစ်ပေါ်စေကြောင်း၊ အုပ်ချုပ်မှုကောင်းမွန်ရန် မျက်နှာလိုက်ခြင်း ကင်းမဲ့သော၊ ကျောသားရင်သား မခွဲခြားသော စိတ်ဓာတ်တို့ဖြင့် မျှတစွာ စီမံသော ဆောင်ရွက်ကွပ်ကဲအုပ်ချုပ်ရန်လိုသည်”ဟု ပြောသည်။
၂၀၂၁ ခုနှစ်တွင် အကြမ်းဖက်အဖွဲ့များ အနေဖြင့် တပ်မတော်နှင့် ပြည်သူကို သွေးခွဲရန် နည်းမျိုးစုံဖြင့် ကြိုးစား လုပ်ဆောင်ခဲ့ကြောင်း၊ အချို့ဝန်ထမ်းများသည်လည်း နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲကွဲပြားပြား သိမြင်မှုမရှိဘဲ နားယောင်၍ DCS လုပ်ဆောင်ခဲ့သဖြင့် ခက်ခဲမှုများစွာဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ကြိုးစား လုပ် ဆောင်ခဲ့ရကြောင်း၊ ဆက်လက်၍လည်း နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုအောက်တွင် တပ်မတော်နှင့် ပြည်သူ၏ ညီညွတ်သော အားဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်သွားရမည်ဟု တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 682
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၈
မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်၍ နယ်မြေထိန်းချုပ်နေသည့် ကိုးကန့်တပ်ဖွဲ့(MNDAA)ကို “ဝ”တပ်ဖွဲ့(UWSA)လို အစိုးရအနေဖြင့် အခွင့်အရေးပေး၍ မရကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ကိုးကန့်ကို “ဝ” ကဲ့သို့ ဖြစ်လာမည်ကို နိုင်ငံတော် အစိုးရအနေဖြင့် အဖြစ်ခံမည် မဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကိုင်တွယ်နိုင်ကြောင်း၊ “ဝ” ကိုလည်း နောက်ပိုင်းတွင် ယင်းအတိုင်း ဆောင်ရွက်သွားနိုင်သည်ဟု ၎င်းက ပြောသည်။
စိုင်းဋ္ဌေးအောင်က “ ၂၀၀၈ အခြေခံဥပဒေအရပဲ အစိုးရ ကိုင်တွယ်လိမ့်မယ်။ “ဝ”ကိုလည်း တစ်ချိန်ကျရင် ၂၀၀၈ အခြေခံဥပဒေအရ ပြင်ဆင်လိမ့်မယ်။ မပြင်ဆင်နိုင်ဘူးဆိုရင်တော့ ၂၀၀၈ အခြေခံဥပဒေအတိုင်းပဲ သူလုပ်နိုင် အောင်တော့ ကြိုးစားရမှာဗျ။ ဘာကြောင့်လဲဆိုတဲ့ အခါကျတော့ အခု မြန်မာနိုင်ငံက တရုတ်နဲ့ သံခင်းတမန်ခင်း ကလည်း ကောင်းကောင်းမွန်မွန် ရှိနေပြီ။ သံခင်းတမန်ခင်းရော၊ နိုင်ငံရေးအရရော၊ ဖွဲ့စည်းပုံအရရော ချိန်းဆိုပြီး စဉ်းစားရမှာ ဖြစ်တယ်ဗျ။ အဲဒီအတွက်ကြောင့်မို့ အခုသွားနေတဲ့ အခြေအနေအရတော့ အစိုးရကတော့ “ဝ”လိုမျိုး သူလက်ခံလို့ ရအုံးမှာ မဟုတ်ဘူး။ ၂၀၀၈ အခြေခံဥပဒေအရ “ဝ”ကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ အာဏာစက်က “ဝ”ဒေသကို မသက်ရောက်ဘူး။ အဲဒီလိုမျိုး နောက်တစ်ခု ပေါ်လာမှာကိုတော့ အစိုးရက အဖြစ်ခံမှာ မဟုတ်ဘူးဗျ” ဟု ပြောသည်။

UWSA- MNDAA ခေါင်းဆောင်များကို တွေ့ရစဉ်
လက်ရှိတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆၊ အပိုဒ်ခွဲ(စ) အရ ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ၆ ခုကို စုစည်းပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုင်းအဖြစ် သတ်မှတ်ထားသည်။
အလားတူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆၊ အပိုဒ်ခွဲ(င) အရ ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်၊ လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားသည်။သို့သော် “ဝ” ဒေသသည် မြန်မာနိုင်ငံ ဗဟိုအစိုးရ၏ တိုက်ရိုက်အုပ်ချုပ်မှုကို ဘယ်တုန်းကမှ မခံခဲ့ရသလို အင်္ဂလိပ်ကိုလိုနီခေတ် ကာလကပင် အုပ်ချုပ်ရေးအာဏာ မသက်ရောက်ခဲ့သည့် ဒေသဖြစ်သည်။
ကိုးကန့်သည် “ဝ” ဒေသကဲ့သို့ သွားချင်သော်လည်း “ဝ” နှင့် နှိုင်းယှဉ်ပါက “ဝ” သည် ကိုလိုနီ လက်ထက် ကတည်းက အာဏာစက် မသက်ရောက်ခဲ့သည့်အပြင် တရုတ်အစိုးရနှင့် မြန်မာအစိုးရသည်လည်း ဝင်ရောက် စွတ်ဖက်ခြင်း မရှိခဲ့ကြောင်း၊ သို့သော် ကိုးကန့်သည် ယခင်က သိန္နီစော်ဘွားများ၏ လက်အောက်ခံ အဆင့်သာ ရှိသည့်အတွက် “ဝ” ကဲ့သို့ ပေး၍မရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

MNDAA က လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်စဉ်
၎င်းက “သူက “ဝ”လိုပုံစံမျိုး သွားချင်နေတယ်။ ကျနော်တို့က “ဝ”က အစကတည်းက တရုတ်အစိုးရလည်း မနိုင်ဘူး။ မနိုင်ဘူးဆိုတာက ဝင်မစွက်ဘူး။ ဗမာကလည်း တောင်ပေါ်မှာ ခေါင်လွန်းအားကြီးလို့ဆိုပြီး မသွားဘူး။ နောက်တစ်ခုက ဗြိတိသျှ အစိုးရကိုယ်တိုင်ကိုက “ဝ”နယ်ကို ၁၈၈၆ တစ်နိုင်ငံလုံး သိမ်းပြီးတဲ့ အချိန်တောင်မှ “ဝ”နယ်ကို အနှစ် ၅၀ လုံးလုံး လွှတ်ထားတယ်။ အဲဒီလို အနေအထားမျိုး ရှိတယ်။ အခုချိန်မှာ သူက သီးသန့်နေတဲ့ သဘောကို ကျနော်တို့က အချို့အပိုင်းလေးတွေမှာ ကျနော်တို့က ဒီဟာကို မသိချင်ယောင်ဆောင်ရမယ့် သဘော တော့ ရှိတယ်။ ဒါပေမယ့် ဟိုဘက်ကျတော့ ကိုးကန့်ကျတော့ ဒီလိုလုပ်လို့မရဘူး။ ကိုးကန့်ကျတော့ သိန္နီစော်ဘွား အရင် လက်အောက်ခံလေ။ သူက စော်ဘွားအဆင့်တောင် မရှိဘူး။ နယ်စားအဆင့်လောက်ပဲ ရှိတဲ့အခါကျတော့ ဒီလူတွေအနေနဲ့က “ဝ”လိုမျိုး နေလို့မဖြစ်ဘူး။ အတိုင်းအတာ တစ်ရပ်အထိ သူက သူ့ဒေသအတွင်းမှာ သူ စီမံအုပ် ချုပ်ခွင့်ရှိတာတော့ လက်ခံတယ်။ သို့သော် ဆိုပါတော့ နိုင်ငံတော် တရားလွှတ်တော်ချုပ်တို့၊ သမ္မတတို့ရဲ့ သဘော တူညီချက် မပါဘဲနဲ့ လူတွေကို သေဒဏ်ပေးတာတို့ ဒါတွေကိုတော့ ကျနော်တို့ လက်မခံဘူး” ဟု ပြောသည်။
လက်ရှိတွင်လည်း ကိုးကန့်သည် “ဝ” ကဲ့သို့ ၎င်းသိမ်းပိုက် ထိန်းချုပ်ထားသည့် နယ်မြေဒေသတွင် တရုတ် စကားကိုသာ ပြောစေပြီး၊ တရုတ်ယွမ်ငွေကြေး၊ တရုတ်စာတန်းပါသည့် ဆိုင်းဘုတ်များနှင့် ကိုးကန့် အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်များကို ထုတ်ပေးလျက်ရှိနေသည်။
ကိုးကန့်တပ်ဖွဲ့(MNDAA)သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးမှ စတင်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပြင် သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ ဖောင်းဆိုင်၊ မုံးကိုး၊ ချင်းရွှေဟော်၊ သီပေါ၊ ကြူကုတ်-ပန်းဆိုင် စသည့် ဒေသများကိုပါ အုပ်ချုပ်ခွင့်ရရေး အစိုးရ-တပ်မတော်နှင့် ဆွေးနွေးလျက်ရှိ သည်။
တခြား တစ်ဖက်မှာလည်း ကိုးကန့်တပ်ဖွဲ့(MNDAA)သည် ၎င်း ထိန်းချုပ်ရာ ဒေသများတွင် တရုတ်နိုင်ငံသားများ မြေဝယ်ယူမှု များလာနေပြီး၊ စီးပွားရေး လုပ်ပိုင်ခွင့်နှင့် သတ္တုတူးဖော်ခွင့်များကို ကိုးကန့်တပ်ဖွဲ့က ဖော်ဆောင်ပေး ထားသည်ကို တွေ့ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 352
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၈
မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြတ်သန်း ဝင်ရောက်လာနေသည့် မူးယစ်ဆေးဝါး လမ်းကြောင်းကို ထိန်းချုပ်သွားမည်ဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM)အဖွဲ့က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများ ကြီးထွားနေခြင်းကို အခွင့်အရေးယူ၍ မူးယစ် ဆေးဝါး မှောင်ခိုဂိုဏ်းများက နိုင်ငံအနှံ့အပြားမှာ မူးယစ်ဆေးဝါးများ ရောင်းဝယ် ဖောက်ကားနေသလို အိမ်နီးချင်း နိုင်ငံများသို့လည်း တင်သွင်း ဖြန့်ဖြူးလျက်ရှိသည်။
ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲသို့ မူးယစ်ဆေးဝါးများ ဝင်ရောက်လာပြီး ရောင်းဝယ် ဖောက်ကား နေကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများသည် ကချင်ပြည်နယ်မှ နန်းယွန်းမြို့နယ်သို့ ဝင်ရောက်လျက်ရှိကြောင်း NSCN-K/AM အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ လက်ရှိ သတင်းတွေ ပြန့်နေတဲ့ဟာကတော့ ကျနော်တို့ ကချင်ပြည်နယ်က ဝင်နေတဲ့ဟာတွေ များနေတယ်။ အဲဒီကိစ္စကိုလည်းပဲ ကျနော်တို့ နန်းယွန်းဆို လည်းပဲ နန်းယွန်း၊ ကချင်ပြည်နယ်ကို အဲဒီ နန်းယွန်းလမ်းကနေဝင်တာ များတယ်ပေါ့နော်။ သူက နန်းယွန်းမြို့ပေါ် သူတို့ရဲ့သက်ဆိုင်ရာ၊ ဌာနဆိုင်ရာကနေ ဒါလေးကို ချိတ်ဆက်ပြီးတော့မှ သူတို့ဆောင်ရွက်မယ်ဆိုတဲ့ လမ်းကြောင်း တော့ ပြောထားတာတော့ ရှိတယ်ပေါ့နော်။ ဒါပေမယ့် တရားဝင် ကျနော်တို့ အစည်းအဝေး လုပ်ထားတာတော့ မရှိသေးဘူး။ ကျနော်တို့လည်း သူတို့နဲ့ပူးပေါင်းပြီးမှ အစည်းအဝေးတော့ ကျနော်တို့ ပြန်လုပ်မယ်။ ပြီးရင် ဘယ်လို အတိုင်းအတာ ဘယ်လိုပြန်လုပ်ရမလဲ ဆိုတဲ့ဟာကိုလည်း ဒီဟာ အစည်းအဝေးပြီးမှပဲ ဒီဟာ အဖြေတစ်ခုတော့ ထွက်လာမယ်ထင်တယ်။ ဒီဟာကတော့ ဟိုလမ်းကြောင်း တစ်ခုတော့ ရှာရမှာပေါ့နော်။ ကျနော်တို့ အစိုးရနဲ့ညှိပြီး တော့မှ သူတို့နဲ့ပဲ အရင်အစည်းအဝေးလုပ်မှပဲ ကျနော်တို့ လက်ရှိအာဏာရ၊ အစိုးရအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီး။ ဒါ ကတော့ ပွင့်ပွင့်လင်းလင်း ပြောတာလေနော် သူတို့သက်ဆိုင်ရာ၊ ဌာနဆိုင်ရာတွေလည်း ပါနိုင်တယ်လို့ ကျနော် တော့ အဲဒီလိုပဲမြင်တယ်။ မူးယစ်ဆေးဝါးကိစ္စနဲ့တော့ ကျနော်တို့လည်းပဲ အများကြီး ကြိုးစားထားတာ ရှိတယ်။ ဆိုတော့ ဒီဟာကို ဘယ်လိုထိန်းချုပ် ရမလဲဆိုတဲ့ လမ်းကြောင်းကို ကျနော်တို့ အစည်းအဝေးပြီးမှပဲ အဖြေတစ်ခု ထွက်လာမယ်လို့ ကျနော် အဲ့လိုမြင်တယ်”ဟု ပြောသည်။

နန်းယွန်းမြို့သို့ မူးယစ်ဆေးဝါးပို့မည့် ဒေါ်ကော့ယွမ်ကို ဘိန်းဖြူများနဲ့အတူ ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်က ဖမ်းမိစဉ်
၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်က ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့မှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့သို့ ခရီးသွားမည့် ဒေါ်ကော့ယွမ်၏ ပစ္စည်းအိတ်ထဲကနေ ဆပ်ပြာခွက် ၈၈ ခွက်အတွင်း ဘိန်းဖြူများကို ဖုံးကွယ် သယ်ဆောင်လာခြင်းကို စစ်ဆေး တွေ့ရှိခဲ့သည်။
လက်ရှိတန်ဖိုးအရ ကျပ်သိန်း ၄၄၀ တန်ဖိုးရှိကြောင်း သိရသည်။
နာဂဒေသအတွင်းသို့ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများသည် အိမ်နီးချင်း ကချင်ပြည်နယ်ဘက်မှ အဓိက စီးဝင် နေကြောင်း၊ နန်းယွန်း-လေရှီး- ခန္တီးမြို့နယ်များရှိ ကျေးရွာများအထိ မူးယစ်ဆေးဝါးများ ပျံ့နှံ့နေပြီးဖြစ်ကြောင်း၊ အထက်တန်း ကျောင်းသားအရွယ် လူငယ်များပင် သုံးစွဲမှုရှိလာကြောင်း နာဂဒေသခံများက ပြောသည်။
နာဂဒေသ၌ မူးယစ်ဆေးဝါး ဝင်သည့် လမ်းကြောင်းကမူ အများကြီးရှိကြောင်း၊ ထိုလမ်းကြောင်းများကို ဌာန ဆိုင်ရာ အကြီးအကဲများဖြင့် တွေ့ဆုံပြီး ထိန်းချုပ်ရန် ဆွေးနွေးဆုံးဖြတ်ထားကြောင်း ခန္တီးမြို့နယ် နာဂရိုးရာယဥ် ကျေးမှုဥက္ကဋ္ဌ ဦးရှမ်းမော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မူးယစ်ဆေးဝါးကိစ္စတော့ ဟုတ်တယ် အဲဒါတော့ တော်တော်ကြီးမားတဲ့ ပြဿနာပေါ့ဗျာ။ ဘာလို့လဲ ဆိုတော့ ဒါနိုင်ငံရေးနဲ့ သက်ဆိုင်သွားတဲ့ အရာလည်း ဖြစ်တယ်လေ။ နိုင်ငံရေး ကောင်းသွားရင်တော့ ဒီမူးယစ် ဆေးကိုလည်း ဘယ်လို ထိန်းချုပ်ကြမလဲ ဆိုတဲ့ဟာကိုတော့ သူဟာသူတော့ ဆွေးနွေးကြရင် ပေါ်လာမှာပေါ့ဗျာ။ ဟိုလက်နက်ကိုင် အနေနဲ့သော်လည်းကောင်း၊ ရဲဦးစီးအဖွဲ့နဲ့သော်လည်းကောင်း၊ အရပ်ဖက် အဖွဲ့အစည်းနဲ့ သော် လည်းကောင်းပေါ့ဗျာ၊ ညှိနှိုင်းပြီးတော့မှ အကောင်းဆုံး ကိုင်တွယ်ဖို့တော့ အဲဒါတော့ရှိတယ်။ အခုဟာက နာဂ ဒေသအတွင်း မဟုတ်ဘဲနဲ့ ဒါတစ်နိုင်ငံလုံး ဖြစ်နေတဲ့ကိစ္စ ဖြစ်တယ်။ အဲဒီတော့ ဒါနိုင်ငံတော်အဆင့်ထိ မူဝါဒ ရေးဆွဲ သွားရမယ့် အဆင့်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူက လမ်းပေါက်ကတော့ အများကြီးရှိတယ်လေ။ ဟိုကချင် ပြည်နယ်က ဝင်တယ်၊ ခန္တီးက နေဝင်တယ်၊ ဟုမ္မလင်း ဘက်ကနေဝင်တယ် လမ်းကြောင်းကတော့ အများကြီးရှိ တာပေါ့။ သေချာတာတော့ လက်နက်ကိုင် လမ်းကြောင်းနဲ့ပဲ ဝင်တာပါ များတာပါ။ ဘာလို့လဲဆိုတော့ သက်ဆိုင် တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပါဝင်ပတ်သက်မှုတွေ၊ သက်ဆိုင်ရာဌာန အကြီးအကဲတွေရဲ့ ပါဝင် ပတ်သက်မှုတွေ လည်း အများကြီး ရှိနေတဲ့အခါ ကြတော့လေ ဒါကိုတော့ ဆိုင်ရာဆိုင်ရာ အကြီးအကဲတွေနဲ့ ထိတွေ့ပြီးမှပဲ ကျနော်တို့ ဆွေးနွေးဆုံးဖြတ်ချက် ယူတော့ မယူရသေးဘူးပေါ့ ဆွေးနွေးဆုံးဖြတ်နေတုန်းပဲ ရှိသေးတယ်”ဟု ပြော သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းက မူးယစ်စက်ရုံတစ်ခုကို ဖမ်းဆီးရမိစဉ်
ယခုနှစ်(၂၀၂၆ ခုနှစ်)အတွင်းမှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂၀ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနှင့် မိုင်းရယ်မြို့ အနီးတွင်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်နေသည့် စက်ရုံများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရေးအတွက် အသုံးပြုရာတွင် ပါဝင်သည့် ပစ္စည်းများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်မှ ၂၂ ရက်အတွင်းတွင် ဖမ်းဆီးရမိခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ငွေကျပ် ၁၇၆၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ် ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသည့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်ဟု နေပြည်တော်ဘက်က သတင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ကွန်ရက်ကို လက်နက်ကိုင်များ၊ စီးပွားရေးသမားများနှင့် အကျင့်ပျက်ခြစားသည့် အာဏာပိုင်များ၊ အိမ်နီးချင်းနိုင်ငံများမှ မူးယစ်ဆေးဝါးဂိုဏ်းများ ပူးပေါင်း၍ လုပ်ဆောင်နေကြကြောင်း၊ ထို့နောက် အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ- လာအို- ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တင်ပို့လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1287
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၈
သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်မည့် အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းများ လက်တွေ့ အကောင် အထည် ဖော်ဆောင်ရွက်ရာ၌ KIA နှင့် AA ကို မည်ကဲ့သို့ သီးခြား ကိုင်တွယ်သင့်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များကြား သုံးသပ် ဆွေးနွေးမှုများ ရှိနေကြသည်။
KIA သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် စသည့် မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေးကို ကြိုးပမ်းနေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။
တစ်ဖက်တွင် အာရက္ခတပ်တော်(AA)သည် ၂၀၀၉ ခုနှစ်၊ ဧပြီလအတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေး စတင်ချိန်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ခြေကုတ်ယူကာ ရခိုင်ပြည်နယ်အတွင်း စတင်ထိုးဖောက် ဝင်ရောက်ခဲ့နောက် ပင်လယ်ထွက်ပေါက်ကို ရအောင် ထိန်းချုပ်လာခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ CNF-KIA- ABSDF- PDF- TNLA- MNDAA တို့နှင့်ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသလို လှုပ်ရှား/ထိန်းချုပ် နယ်မြေများ ချဲ့ထွင်လျက်ရှိနေသည်။
လက်ရှိ စစ်ရေး အခင်းအကျင်းအရ AA သည် KIA ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း ၎င်းနှစ်ဖွဲ့အား ကိုင်တွယ်ရမည့် ပုံစံသည် မတူညီနိုင်ကြောင်း၊ အစိုးရအနေဖြင့် ၎င်းတို့နှစ်ဖွဲ့အား ကိုင်တွယ်ရာတွင် တရုတ်၏ ကြားဝင်စေ့စပ်မှု အခန်းကဏ္ဍသည် အရေးကြီးကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။

KIA ခေါင်းဆောင် ဂွမ်မော်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးကို တွေ့ရစဉ်
၎င်းက “ယေဘူယျအားဖြင့် AA သည် KIA ၏ ထိန်းချုပ်မှုအောက်မှာ ရှိတယ်လို့ ပြောလို့ရပေမယ့် တကယ့် လက်တွေ့မှာ လက်ရှိမှာ သူတို့နှစ်ယောက်ရဲ့ AA ဆိုတာ KIA မွေးပေးလို့ ဖြစ်လာတာ။ ဆိုလိုတာကဗျာ AA ဆိုတာ KIA ရဲ့တပည့်၊ သို့သော် ဒီဆရာတပည့် နှစ်ယောက်က အခုဟာက တစ်ထပ်တည်းလို့ ပြောလို့မရတော့ဘူး။ ဆိုလို တာက KIA ကို Deal လုပ်ရမယ့် ပုံစံမျိုးနဲ့ AA ကို Deal လုပ်ရမယ့် ပုံစံမတူဘူးဗျ။ ဆရာတပည့် မှန်ပေမယ့် ဆရာကို ပုံစံတစ်မျိုး ဆက်ဆံရမယ်။ တပည့်ကို ပုံစံတစ်မျိုး ဆက်ဆံရမယ့် အနေအထားမျိုးဖြစ်တယ်။ ဘာလို့ဆိုမတူဘူး သူတို့ နှစ်ယောက်ရဲ့ လက်နက်ကိုင် လမ်းစဉ်ပေါ်မှာ ရပ်တည်ချက်တွေက မတူညီလို့ပါ။ အဓိက,ကတော့ တရုတ် ကြားဝင်စေ့စပ်ပေးရင် AA က ပြေလည်နိုင်တယ်။ ခုနကပြောတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စကားပြောတဲ့ အခါမှာ တစ်ခါတစ်လေ အင်အားသုံးရတာမျိုး ရှိတဲ့အခါမှာ AA ကတော့ ပိုပြီးနည်းနည်းလေး ဒီထက်ပိုမယ့် သဘောမျိုး ရှိတယ်ပေါ့နော်။ သူတို့မှာ အင်အားများတာ မှန်ပေမယ့် တပ်မတော်အနေနဲ့ အစိုးရအနေနဲ့ Deal လုပ်ရတာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုလည်း ပါလာမယ်။ ခုနကပြောသလို Power Balance လုပ်ရတာ AA က ပိုပြီးတော့ လွယ်ကူလိမ့်မယ်လို့ ထင်တယ်။ KIA ကတော့ ပိုရှုပ်ထွေးနိုင်တယ် နယ်မြေ အနေအထားအရကော သူ့ဆီကို ဝင်ရတာ ပိုခက်လိမ့်မယ်ထင်တယ်။ အဓိက,က သူက ကွန်ဖက်ဒရိတ်တွေ တောင်းနေတာလေ။ သူတို့ ကိုပါအောင် သူတို့ ထိန်းသိမ်းထားတဲ့ နယ်မြေရှိတယ်။ အဲ့ဘက်ကနေပြီးမှ ကိုယ့်ဘက်ကနေပြီးမှ ကိုယ့်ဘက်က Power တတ်နိုင်သလောက် ငြိမ်းချမ်းရေး စကားပြောတယ်ဆိုတာ တစ်ဖက်ကနေလည်း (Power Gain) က ဆော့ရဝာာကို။ ကိုယ့်ဘက်က Power ကို ပြန်ပြပြီးတော့မှ တစ်ဖက်က Deal လုပ်ပြီး သူတို့တောင်းဆိုတဲ့ဟာ အပေါ်မှာ သေချာတယ် ကွန်ဖက်ဒရိတ်တော့ ကျနော်တို့ မပေးနိုင်ဘူး။ အဲဒီတေ့ာ သူတို့နဲ့က ဘယ်လောက်ထိ ပေးမလဲ ဆိုလိုတာက ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်သဘောမျိုးထိပေးမလား၊ မပေးဘူးလား စသဖြင့် ဒီလိုစကားမျိုးတွေ ပြောရတော့မှာပေါ့ဗျာ” ဟု ပြောသည်။
လက်ရှိ နယ်မြေ အခင်းအကျင်းအရ KIA သည် မြန်မာ့ပြည်တွင်းရှိ သယံဇာတများဖြစ်သည့် မြေရှားနှင့် ကျောက်စိမ်း ကိစ္စများကို အပေးအယူ လုပ်လာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်သူများက ထောက်ပြကြသည်။
အဓိကအားဖြင့် KIA ကို အခြား လက်နက်ကိုင်များနည်းတူ စဥ်းစား၍ မရနိုင်ကြောင်း၊ ၎င်းနှစ်ဖွဲ့သည် လိုချင်တာ မတူညီသည့်အတွက် ညှိနှိုင်းဆွေးနွေး စကားပြောရမည့် ပုံစံသည်လည်း တပြေးညီတည်းသွား၍ မရနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

AA ခေါင်းဆောင်ကိုတွေ့ရစဉ်
၎င်းက “ပထမတစ်ချက်က KIA က ကျန်တဲ့လူတွေနဲ့ ရောစဉ်းစားလို့ မရဘူး။ စဉ်းစားလို့ မရဘူးဆိုတာ သူ ကိုယ်တိုင်က ဒီအမေရိကန် Baptist Mission တွေရဲ့ လွှမ်းမိုးမှုရှိတယ်။ အနောက်အုပ်စုရဲ့ လွှမ်းမိုးမှုရှိတယ်။ တရုတ်နဲ့ စီးပွားရေးအရ ဆက်ဆံတယ်။ စိတ်ဓာတ်ရေးအရ အနောက်လိုလားတယ်။ ဒီတစ်ချက် သွားတွေ့တယ်။ နောက်တစ်ခုက အထဲထဲမှာ သူတို့ လူမျိုးချင်းမှာလည်း သူတို့ ကွဲပြားမှုရှိတယ်။ အနိုင်ကျင့်မှုလည်းရှိတယ် တစ်ဖက်ကလည်း အဓိက ရှမ်းနီအင်အားစုတွေရှိနေတယ်။ ရှမ်းနီအင်အားစုက ဗမာနဲ့ ပေါင်းလိုက်လို့ရှိရင် ကချင် ပြည်နယ်မှာ အင်အားအကြီးဆုံးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီကိစ္စဟာ ကချင်ပြည်နယ် အနေနဲ့တောင် ဆက်ရှိပါ အုံးမလားပေါ့။ ဒီနယ်နိမိတ်အတိုင်း ဗိုလ်ချုပ်အောင်ဆန်း မတိုင်မီက ၁၉၃၅ ခုနှစ် (Burma Government Act) ဆိုတဲ့အရ အဲဒီ အနေအထားကြီးတောင် ပြန်ရောက်သွားနိုင်တယ်လို့ ပြောချင်တာပေါ့နော်။ ဒါကတော့ KIA နဲ့ ပတ်သက်လို့ကတော့ သူက တရုတ်ရဲ့ယူနန်အစိုးရရဲ့ သဘောတူညီချက်တွေ ပူးပေါင်း ဆောင်ရွက်မှုတွေက လိုတယ်။ ဘာဖြစ်လို့လဲဆိုရင် ယူနန်ထဲမှာ ကချင်တွေက ရှိနေတာကို။ ဒါတစ်ချက်ရှိဖို့ လိုတယ်ပေါ့နော်၊ AA နဲ့ မတူတဲ့အချက်ပေါ့။ နောက်တစ်ခုက သူက ကုန်းပိတ်ပြည်နယ်လည်း ဖြစ်နေတယ်ပေါ့နော်။ ဒါ AA နဲ့မတူတဲ့ အချက်တွေပေါ့နော်။ လူမျိုးအားဖြင့်လည်း သူက ရခိုင်လောက်လည်း မများဘူးပေါ့နော်။ နောက်တစ်ခုကတော့ အဓိက,က သူက သူ့အနေနဲ့ အတင်းကို လိုချင်နေတဲ့ မြစ်ကြီးနားလို နေရာမျိုးကအစ ကိုလိုနီခေတ်တုန်းက ကချင်တောင်တန်းထဲမှာ မပါတဲ့နေရာ ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ စဉ်းစားချက်၊ တွေးခေါ်ချက်တိုင်းမှာတော့ AA နဲ့ တူလို့မရဘူးလို့ ပြောချင်တာပေါ့နော်” ဟု ပြောသည်။
လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်အတွင်း တစ်ဖွဲ့တည်း လှုပ်ရှားသလို ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ (MNDAA-AA-TNLA) အဖြစ်ဖွဲ့ထားပြီး စစ်ရေးလှုပ်ရှားမှုများရှိသည်။
မြန်မာ့တပ်မတော်နှင့် AA တို့အကြားတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် အပစ်ရပ် သဘောတူညီခဲ့ကြပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၌ တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့ကာ လက်ရှိ အချိန်အထိ စစ်ရေးတင်းမာနေကြသည်။
လက်ရှိတွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက် ပေးသွားမည့် ကိစ္စရပ်များအနက် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကဏ္ဍလည်း ပါရှိသည်။
မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ယုံကြည်မှု ပြန်လည် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း၊ ထိုအခင်းအကျင်း မရှိပါက ငြိမ်းချမ်းရေး ဖြစ်စဥ်တစ်ရပ် အောင်မြင်ရန် မလွယ်ကူ ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 763
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၈
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO)နှင့် အစိုးရသစ်၊ တပ်မတော်တို့အကြား တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက် ရေးထက် ငြိမ်းချမ်းရေးကို ထိရောက်စွာ အမြန်ဆုံးလုပ်နိုင်ပါက ကောင်းမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုကတော့ မြစ်ကြီးနား-မန္တလေး ကားလမ်းတောင် ပွင့်သွားပြီလေ။ နန့်စီးအောင်၊ မိုးညှင်း အဲဒါတွေ အကုန် ပွင့်သွားပြီဆိုတော့ အနေအထားကတော့ ကျနော်တို့ မြင်တာကတော့ ကသာလည်း အစိုး ဘက်က ပြန်ရသွားပြီဆိုတော့ ဗန်းမော် အနေအထားကလည်း ရှင်းရှင်းပြောရရင် KIO ဘက်က အခြေအနေ မကောင်းဘူး ပေါ့။ အစိုးရဘက်ကတော့ အကုန်ပြန်ရနိုင်တဲ့ အနေအထားတွေ ရှိတယ်။ ကျနော်တို့ မြင်တာက အခုက အစိုးရ သစ် အနေနဲ့ ဒီကိစ္စက နည်းနည်း ကျယ်ပြန့်တယ် ပြောရရင်လေ။ အစိုးရအသစ် အနေနဲ့ KIO နဲ့ ငြိမ်းချမ်းရေး ကိစ္စကတော့ အထိရောက်ဆုံးနဲ့ အမြန်ဆုံး လုပ်နိုင်ရင်တော့ ကောင်းမယ်။ အပြုတ် တိုက်တာထက်စာရင် ကျနော့် အမြင်ပေါ့နော်။ ဘာလို့လဲဆိုတော့ အခုက ကချင်ပြည်နယ်ဘက်ကို ဒီဘက်က အစိုးရစစ်တပ်က ထိုးတာတွေက နယ်မြေရအောင် ရှင်းရှင်းပြောရရင် စစ်ကိုင်းတိုင်းလမ်းကြောင်း၊ ဟိုဘက်က ချင်းပြည်နယ်လမ်းကြောင်း ထောက်ပံ့ရေး လမ်းကြောင်းတွေ ဖြတ်တောက်ပြီးတော့မှ စစ်ပွဲတွေ နိုင်အောင် ပြန်တိုက်နေတာပေါ့နော်” ဟု ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA/KIO)သည် ကချင်ပြည်နယ်ကနေ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည် နယ်ကို ချိတ်ဆက်၍ အနောက်မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေး စစ်ဆင်ရေးကို ဖော်ဆောင်လျက် ရှိသည်။

မန္တလေး-အင်းတော်-မြစ်ကြီးနားလမ်းကြောင်းကို တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်စဉ်
လက်ရှိတွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်မှ မြို့များဖြစ်သည့် ဗန်းမောက်၊ မော်လူး၊ အင်းတော်၊ ကသာ နှင့် ထီးချိုင့်မြို့များအား တပ်မတော်ဘက်မှ ပြန်လည် ထိန်းချုပ်ထားနိုင်သကဲ့သို့ ကချင်၊ စစ်ကိုင်းတိုင်းနှင့် ချင်း ပြည်နယ်တို့ဘက်၌ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဦးစားပေး လုပ်လာလျက် ရှိသည်ကို တွေ့ရသည်။
ထိုသို့ ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် KIA ၏ အနောက်မြောက်ဒေသ တစ်လျှောက် လွတ်မြောက်ရေး စစ်ဆင်ရေး အတွက် အကျပ်အတည်းများ ရင်ဆိုင်လာနေရသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
တပ်မတော်အနေဖြင့် ကချင်၊ စစ်ကိုင်းနှင့် ချင်းတို့သာမက အခြားပြည်နယ်များကိုပါ ထိုးစစ်ဆင်ရန် ရှိကြောင်း၊ မည်သည့် အတိုင်းအတာအထိ ထိုးစစ်ဆင်နိုင်မလဲဆိုသည်မှာ တပ်ပေါင်းစုများ အပေါ်မှာ မူတည်ကြောင်း ကချင် နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ လုပ်လာနိုင်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး ဆိုတာကလည်း ဘယ်လိုမျိုး ငြိမ်းချမ်းရေးလဲ။ အကုန်လုံး ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးလား၊ ဒါမှမဟုတ် win-win ပေါ့ဗျာ၊ အနိုင်ရတဲ့ အလုပ်ဖြစ်မယ့် ငြိမ်းချမ်းရေး ဖြစ်သလားဆိုတဲ့ အပေါ်မှာပဲ မူတည်လိမ့်မယ်။ ကျနော်တို့ ကြားရသလောက် သိရသလောက်ဆိုရင် ငြိမ်းချမ်းရေး ဆိုတဲ့ အပိုင်းက လက်ခံတာရှိသလို လက်မခံတဲ့ အပိုင်းတွေလည်း တော်လှန်ရေးဘက်က ရှိတယ်လို့ မြင်ပါတယ်။ ကချင်နဲ့စစ်ကိုင်းတင် မကပါဘူး။ ချင်းပြည်မှာလည်း ထိုးစစ်တွေ ဆင်နေပါတယ်။ နောက် တခြား ပြည်နယ်တွေကို လည်း ထိုးစစ်ဆင်ဖို့ သူတို့ဆီမှာ ရှိလာပုံရပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ ထိုးစစ်ဆင်နိုင်မလဲဆိုတဲ့ အပေါ် မှာတော့ တပ်ပေါင်းစုတွေ၊ ဒေသခံတွေ အပေါ်မှာပဲ မူတည်ပါတယ်” ဟု ပြောသည်။

KIA-CNF ခေါင်းဆောင်တချို့ကို တွေ့ရစဉ်
အစိုးရအနေဖြင့် KIO ကို ထိန်းနိုင်မည်ဆိုပါက ကျန်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့နှင့် တော်လှန် ရေး အင်အားစုများကိုလည်း ထိန်းနိုင်မည်ဟု နေပြည်တော်ဘက်မှ တွက်ဆထားကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။
သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့သစ် အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကို လက်နက်ကိုင် အားလုံးကို ဖိတ်ခေါ်ကြောင်း ပြောဆိုထားသော်လည်း မြေပြင်တွင် NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့အနက် ၇ ဖွဲ့အား ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်စာများ ပေးပို့ထားကြောင်း သိရသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့အနက် TNLA နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦးတို့ ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်မှ ၁၃ ရက်အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးကြကြောင်း လည်း သိရသည်။
ထို့အတူ မကြာခင်တွင် MNDAA နှင့်လည်းကောင်း၊ KIA နှင့်လည်းကောင်း ဆက်လက် ဆွေးနွေးကြမည်ဟူ၍ သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1535
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၅
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် နယ်စပ်ဒေသ ထိန်းချုပ်ရေး ကိစ္စရပ်များ၌ ဩဇာ လွှမ်းမိုးမှုနှင့် ဝင်ရောက်စွက်ဖက်မှုများ မြင့်တက်လာနိုင်ရန်အတွက် ကိုးကန့်တပ်ဖွဲ့(MNDAA)က မဟာဗျူဟာကျ ကျ ဖော်ဆောင်နေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြလာကြသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ကိုးကန့်တပ်ဖွဲ့(MNDAA)က ၎င်းထိန်းချုပ်ထားသည့် ချင်းရွှေဟော်ဂိတ်နှင့် ကျင်စန်းကျော့ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပြီး နှစ်နိုင်ငံကုန်စည်များကို ကုန်သွယ်နေသလို နေ့စဉ်ကုန်တင်ကား အစီးရေ ၃၀၀ ကျော် ဝင်ထွက်လျက်ရှိနေသည်။
ထို့အပြင် သိန္နီ၊ ကွတ်ခိုင်၊ နမ္မတူနှင့် နမ့်ခမ်းမြို့နယ်များတွင် တရုတ်နိုင်ငံသား လုပ်ငန်းရှင်များကို စီးပွားရေး လုပ်ပိုင်ခွင့်များ ပေးထားပြီး ဒေသခံများ၏ လယ်ယာမြေကွက်များကိုလည်း အတင်းအဓမ္မ ဝယ်ယူလျက် ရှိနေ သည်ဟု ဒေသခံများက ပြောသည်။
ရှမ်းမြောက်တွင် တရုတ်နိုင်ငံသားများ ဝင်ရောက်ပြီး စီးပွားရေး လုပ်ကိုင်နေမှုနှင့် နေထိုင်နေမှုများသည် ရခိုင် ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များ၌ ကျူးကျော် ဝင်ရောက်နေကြသည့် ဘင်္ဂါလီ များနှင့် တူညီလာနေသည်ကို တွေ့ရသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက ထောက်ပြသည်။

တရုတ်ကိုယ်စားလှယ်၊ မြန်မာ့တပ်မတော် ကိုယ်စားလှယ်နဲ့ MNDAA ကိုယ်စားလှယ်တို့ကို တွေ့ရစဉ်
တရုတ်နိုင်ငံ၏ မူဝါဒသည် လက်ရှိတွင် ကွန်မြူနစ်ဝါဒ မဟုတ်တော့ဘဲ အမျိုးသားရေးဝါဒသို့ ပြောင်းလဲလာနေ ခြင်းကြောင့် ထိုသို့ တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံသို့ ဝင်ရောက်ပြီး ကြီးစိုးချုပ်ကိုင်နေမှုသည် တရုတ်အစိုးရ၏ မူဝါဒ မဟုတ်ဘဲ ကိုးကန့်တပ်ဖွဲ့ MNDAA ၏ စနစ်ကြောင့်သာ ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တရုတ်အစိုးရရဲ့ အကြံ ဟုတ်ပုံမရဘူးဗျ။ ကျနော်မြင်တာတော့ MNDAA ရဲ့ အကြံပဲဖြစ်မယ်။ နောက် တစ်ခုကတော့ တရုတ်အစိုးရ အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ တာဝန်ရှိသူ အပေါ်မှာ သူ့ရဲ့မူဝါဒတွေကို ရှင်းရှင်း လင်းလင်း၊ ပြတ်ပြတ်သားသား ချပြဖို့လိုတယ်။ နယ်စပ်မှာ ခြံစည်းရိုး ပိုကာလိုက်လို့ ဒါတွေက အသေးအမွှားတွေ ပါ။ ဒါတွေကို ကျနော်တို့ ခေါင်းထဲမထည့်ဘူး။ ဒါတွေက တရုတ် - မြန်မာ နှစ်နိုင်ငံက အခိုင်အမာ စာချုပ် လက် မှတ်ထိုးပြီးသား။ နယ်စပ်က လူက၊ ဟိုဘက် မြို့နယ်အာဏာပိုင်လောက်က ခိုးပြီးကျူးကျော်လည်း ဒါက ဘာမှ ပြဿနာ မဟုတ်ဘူး။ ပြန်တိုင်းလို့ရှိရင် နောက်ဆုတ်ပေးရမယ့် လူတွေချည်းပဲ။ တစ်ခုတော့ ရှိတယ်ပေါ့နော် MNDAA ကလည်း တရုတ်စာပဲ အသိအမှတ်ပြုတာတို့ ဒါမျိုးတွေ လုပ်လာမယ်ဆိုရင်တော့ ပြောရမယ် ဆိုလို့ရှိရင် တော့ ဒီဘက်က ဘယ်သူကမှ သည်းညည်း မခံဘူးပေါ့နော်။ ပြောရမယ်ဆိုရင်တော့ ဟိုတုန်းက မင်မင်းဆက် လက်ထက်က စစ်ပြေးပြီးတော့ ပြေးလာတဲ့သူတွေက အခု ကျနော်တို့ အပေါ်မှာလာပြီး လူပါးဝတယ်ဆိုပြီး ကျနော်တို့ မကျေမနပ်ဖြစ်နေတဲ့ အတိုင်းအတာပေါ့နော်။ အဲဒီတော့ ခြုံပြောမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့က တရုတ်အစိုးရရဲ့ မူဝါဒတွေကို ဒီထက်ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။ နောက်တစ်ခုက တရုတ်အစိုးရ လည်း ဒါနဲ့ပတ်သက်လို့ သူ့ရဲ့မူဝါဒကို ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား သူ့ရဲ့ ရပ်တည်ချက်တွေပေါ့နော် ဒါတွေကို ကျနော်တို့ကို ပွင့်ပွင့်လင်းလင်း ချပြဖို့ လိုတယ်ပေါ့နော်။ နောက်မှာလည်း လိုတစ်မျိုး မလိုတစ်မျိုး လုပ် နေတာမျိုးဆိုရင်တော့ ကျနော်တို့ မကြိုက်ဘူးပေါ့နော်။ ဒါ ကျနော်တို့ရဲ့ ရပ်တည်ချက်ပေါ့နော်” ဟု ပြောသည်။
ကိုးကန့်တပ်ဖွဲ့(MNDAA)သည် ၎င်းထိန်းချုပ်ထားသည့် မြို့နယ်များတွင် မြို့အဝင် ဆိုင်းဘုတ်များကို တရုတ်စာ များဖြင့် ပြောင်းလဲခြင်း၊ နိုင်ငံသား မှတ်ပုံတင်ကတ်များကို တရုတ်စာများဖြင့် ထုတ်ပေးခြင်း၊ အိမ်ထောင်စုဇယား များကိုလည်း တရုတ်စာများဖြင့် ပြောင်းလဲခြင်း၊ ဒေသတွင်း ငွေကြေးသုံးစွဲမှုကိုလည်း တရုတ်ယွမ် ငွေကြေး များကိုသာ အသုံးပြုခိုင်းလာခြင်း စသဖြင့် လုပ်ဆောင်လာနေသည်။
မြန်မာနိုင်ငံတွင်းသို့ တရုတ်နိုင်ငံ၏ လူမျိုးစုတစ်ခု ယခုကဲ့သို့ ကြီးစိုးနေမှုကို မြန်မာအစိုးရ အနေဖြင့် အလျင်အမြန် ဖြေရှင်းရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြော သည်။

MNDAA က ထုတ်ပေးတဲ့ ဒေသခံစိစစ်ရေးကတ်ပြားကို တွေ့ရစဉ်
၎င်းက “သူတို့က လူဦးရေ ၂ သိန်းမကျော်ဘူး။ အဲဒီလောက်နဲ့ဆိုရင် သူတို့ကို ၂၀၀၈ အခြေခံဥပဒေအရ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိုပြီးတော့မှ လောက်ကိုင်နဲ့ ကုန်းကြမ်းကို ပေးထားတယ်။ အဲဒီမှာ ချင်းရွှေဟော်နဲ့ ကွမ်လုံ တို့ မပါဘူး။ ဒါပေမယ့် နယ်မြေက ဆက်စပ်နေတယ်။ အဲဒီတော့ နယ်စပ်ကုန်သွယ်ရေးက ချင်းရွှေဟော်က မူဆယ် ပြီးရင် အရေးပါတော့ အဲဒီဘက်ကိုပါ သူတို့က ကျူးလာတာ။ ကျူးလာတော့ ခုနက ကျနော်ပြောတဲ့ သူတို့ရဲ့ demographic အရဆိုရင် စစ်ပွဲတစ်ပွဲ အနိုင်တိုက်ဖို့ရော အုပ်ချုပ်ရေးနယ်မြေကို ဒီလောက်အကျယ်ကြီး ထိန်းဖို့ ရော၊ သံလွင်မြစ် အနောက်ဖက်ကမ်းကို ကူးတာကိုက မဖြစ်နိုင်ဘူး။ အဲဒီတော့ ဘာဖြစ်နေလဲဆိုတော့ အခု သတင်းတွေလည်း တော်တော်တက် လာနေတယ်လေ အားလုံးလည်း သိနေတာပဲ။ အခုရှမ်းမြောက်မှာက ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ တရုတ်လုပ်ငန်းရှင်တွေကို ခေါ်သွင်းလာတယ်။ လုပ်ငန်းရှင်တွေကနေ တဆင့် တရုတ် အလုပ်သမားတွေ သွင်းလာတယ်။ တရုတ်အလုပ်သမားတွေ သွင်းလာပြီးတော့ လူဦးရေအရ သူတို့က လွှမ်းမိုးဖို့ ဘင်္ဂါလီတွေလိုပဲ တစ်ပုံစံပဲ အဲဒီဟာကို သူတို့ကျင့်သုံးလာတယ်”ဟု ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွတ်ဖက်နိုင်ရန်အတွက် နယ်စပ်ဒေသရှိ လက်နက် ကိုင်များကို အထောက်အပံ့ ပေးခြင်းမှတဆင့် လိုအပ်သည့် ဖိအားပေးမှု၊ ကြားဝင်စေ့စပ် ပေးမှုများကိုလည်း လုပ် ဆောင်လျက်ရှိနေကြောင်း၊ အဓိကအားဖြင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း တစ်လျှောက်ရှိ MNDAA နှင့် TNLA တို့အပေါ်တွင် ပို၍ လုပ်ဆောင်နေသည်ကို တွေ့ရသည်။
ထို့အပြင် တရုတ်၏ ပိုးလမ်းမသစ်စီမံကိန်း(BRI) အစိတ်အပိုင်းဖြစ်သော ရထားလမ်းပိုင်းများ ပြန်လည် စတင်နိုင် ရန် မြန်မာ့တပ်မတော်နှင့် MNDAA တို့ကို လားရှိုးတွင် တွေ့ဆုံညှိနှိုင်းမှုများ တစ်လတစ်ကြိမ် လုပ်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 408
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၅
မြန်မာအစိုးရနှင့် နာဂဒေသ တည်ငြိမ်အေးချမ်းရေးကို အဓိကထား ဆွေးနွေးလိုကြောင်း နာဂအမျိုးသားဆိုရှယ် လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။
မိမိတို့သည် နာဂလူမျိုးများ လွတ်လပ်ရေး(Independent)ဆိုသည့် လမ်းကြောင်းကို သွားနေသော်လည်း လက်ရှိ မှာတော့ မြန်မာနိုင်ငံအတွင်းရှိ နာဂဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အဓိကထား၍ အစိုးရနှင့်တွေ့ဆုံ ဆွေးနွေးလိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆွေးနွေးလိုကြောင်း၊ အစိုးရ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ကြိဆိုပြီး ပါဝင်လိုကြောင်း ၎င်းက ပြောသည်။
ဦးချင်းမောင်က “လက်ရှိကတော့ ကျနော်တို့ကတော့ သမ္မတကြီးက ကျနော်တို့ကို တိုက်ရိုက် ဖိတ်ခေါ်တာတော့ မရှိဘူးပေါ့နော်။ ကျနော်တို့ အထက်ကနေလည်းပဲ သမ္မတကြီးကိုလည်းပဲ ကျနော် စာတင်ထားတာ မျိုးလည်း ရှိပါတယ်ဗျ။ စာတင်ထားတာရှိတဲ့ အတွက်ကြောင့် သူတို့က တရားဝင် ဖိတ်ခေါ်တယ် ဆိုလို့ရှိရင် အဲဒီ သူတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျနော်တို့ တက်ရောက်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ကျနော်တို့ တောင်းဆိုချင်တဲ့ အရာကတော့ အဲဒီစားပွဲပေါ် ရောက်မှပဲ ကျနော်တို့ သွားချင်တဲ့လမ်းကြောင်းတွေကို ခင်းကျင်းပြပြီးတော့မှ ဆွေးနွေးမယ်လို့ အဲဒီလိုပဲ စဥ်းစားထားတယ်။ အဓိက,ကတော့ ကျနော်တို့ကတော့ လောလောဆယ် ငြိမ်းချမ်းရေး ဆိုတဲ့ လမ်းကြောင်းထဲမှာ နာဂလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အဓိက,ကတော့ မူဝါဒတော့ ကွာတာပေါ့နော်။ ကျနော်တို့ကျတော့ လွတ်လပ်ရေး(Independent)ဆိုတဲ့ လမ်းကြောင်းကို သွားပေ မယ့်လည်း ဒီဟာကတော့ နိုင်ငံရေးလမ်းကြောင်းတစ်ခုပေါ့။ ဒါပေမယ့် လက်ရှိ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးလမ်းကြောင်းကို အဓိက ကျနော်တို့ ဆွေးနွေးဖို့ ရှိတယ်ဗျ။ အဲဒါလေးကိုတော့ အဓိက ဦးစားပေးပြီး မှ ကျနော်တို့ ဆွေးနွေးညှိနှိုင်းဖို့ရှိပါတယ်။ လက်ရှိ အခြေအနေမှာ ကျနော်တို့ကတော့ ငြိမ်းချမ်းရေးကို ဦးတည်ပြီး တော့မှ သွားနေတဲ့ လမ်းကြောင်းဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ဒေသ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေကို အဓိက ကြည့်ရှုပြီးတော့မှ ကျနော်တို့ ဦးစားပေး ပြီးတော့မှ သွားနေပါတယ်”ဟု ပြောသည်။

နစက လက်ထက်က NSCN-K/AM နဲ့ စစ်ကိုင်းတိုင်းအစိုးရတွေ့ဆုံ ဆွေးနွေးကြစဉ်
မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အလွန်နိမ့်ကျနေသော စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံဖြိုး ရေးအတွက် လိုအပ်တာများ လုပ်ဆောင်ပေးသွားမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ် ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ဖူးသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် လက်နက်ကိုင် အပါအဝင် NCA မထိုးသေးသည့် လက်နက်ကိုင် အဖွဲ့အစည်းများ၊ NCA ထိုးထားပြီးတော့ ၂၀၂၁-၂၀၂၅ အတွင်း တွေ့ဆုံ ဆွေးနွေးမှု မလုပ်ရသေးသော အဖွဲ့များ၊ Bilateral ထိုးထားသည့် အဖွဲ့အစည်းများ အနေဖြင့် ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံး ထား၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီ၂၁ ရက်တွင် ဖိတ်ခေါ်ခဲ့ သည်။
နာဂဒေသ တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်ပြီး တိုင်းပြည် အခင်းအကျင်း၊ နိုင်ငံရေး အခြေအနေ အခင်းအကျင်း က မည်သို့သွားမည်ဆိုတာ မသိရသည့်အတွက် ပြောရန်ဆိုရန် အခက်အခဲရှိကြောင်း ခန္တီးမြို့နယ် နာဂရိုးရာယဥ် ကျေးမှုဥက္ကဋ္ဌ ဦးရှမ်းမော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စေ့စပ်ညှိနှိုင်းရေးကော်မတီဆိုတာ အခု ဒီယဥ်ကျေးမှုကော်မတီက ဦးဆောင်ပြီးတော့မှ ဖွဲ့စည်းနေပြီပေါ့ နော်။ ဆိုတော့ အဲဒါ အကောင်းဆုံး အကောင်အထည်ဖော်ပြီးမှ ဖွဲ့စည်းပြီးသွားရင်တော့ အကောင်းဆုံး အဆင်ပြေ အောင် ကြိုးစားဖို့တော့ ကြိုးစားနေကြတာပေါ့ဗျာ။ အဲဒါတော့ လောလောဆယ်တော့ တိုင်းပြည် အခင်းအကျင်း၊ နိုင်ငံရေး အခြေအနေ အခင်အကျင်းကလည်း ကျနော်တို့က ပြောလို့ဆိုလို့က ခက်ခဲတဲ့ အတွက်ကြောင့်မို့လို့ အဲဒီ ဟာတော့ ပြောဖို့ဆိုဖို့က နည်းနည်း အခက်အခဲ ရှိသေးတယ်ဗျ။ ဘာလို့လဲဆိုတော့ တိုင်းပြည်က ဘယ်လို ဆက် ရွေ့ မလဲဆိုတာ ကျနော်တို့လည်း မသိသေးဘူးလေ။ အကောင်းဆုံးကတော့ သွားနေကြတာပေါ့ဗျာ။ ဒေသဦးစီး အဖွဲ့တွေလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တွေလည်းဖွဲ့ပြီးပြီ။ ဒါပေမယ့် ဘယ်လို တိုင်းပြည်ရဲ့ ညွှန် ကြားချက်က ဘယ်လိုသွားမလဲဆိုတာ ကျနော်တို့လည်း အခုအချိန်ထိ ဘာမှ မသိရသေးတော့က အဲဒါက ပြောဖို့ ဆိုဖို့အတွက် နည်းနည်းတော့ အခက်အခဲရှိမယ်။ အဓိကတော့ ပညာရေးပေါ့ဗျာ၊ ပညာရေးကို ဦးစားပေးချင်တယ်၊ ကျန်းမာရေး စောင့်ရှောက်မှုကို ဦးစားပေးချင်တယ်ပေါ့ဗျာ”ဟု ပြောသည်။

NSCN-K/AM အဖွဲ့ ခေါင်းဆောင် ဦးအန်းမိုင်ကို တွေ့ရစဉ်
အစိုးရနှင့် တပ်မတော်တို့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံးကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ တက်ရောက်ရန် ဖိတ်ခေါ်ထားသော်လည်း ရှမ်းနီနှင့် နာဂလက်နက်ကိုင်အဖွဲ့များ ပါဝင်နိုင်မှုနှင့်ပတ်သက်၍ ရှင်း ရှင်းလင်းလင်း မရှိသေးဘဲ ဖြစ်နေကြောင်း သိရသည်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K) အနေဖြင့် နာဂဒေသနှင့် နာဂလူမျိုးများ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် တွေ့ဆုံဆွေးနွေးကာ ငြိမ်းချမ်းရေးဖော်ဆောင်ရန် ဆန္ဒရှိကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုထားသည်။
NSCN-K/AM အဖွဲ့ကို ဦးဆောင်သူသည် NSCN-K ဥက္ကဋ္ဌ ဦးကပ္ပလန်၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သလို ၂၀၁၉ ခုနှစ်က ခန္တီးမြို့မှာ မြန်မာ့တပ်မတော်က NSCN-K ခေါင်းဆောင် ၅ ဦးအား ဖမ်းဆီးလိုက်ရာမှာ ပါဝင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။
ထို့နောက် ဦးကပ္ပလန် ကွယ်လွန်ပြီး NSCN-K ကို ဦးယုံးအောင်က ဦးဆောင်လာသည့်အခါမှာ ဦးအန်းမိုင် အပါအဝင် ခေါင်းဆောင် အများစုကို ထုတ်ပယ်ခဲ့ကြောင်း၊ ထိုသို့ ထုတ်ပယ်ခံလိုက်ရပြီးနောက် ဦးအန်းမိုင် ဦးဆောင်သည့် အဖွဲ့က ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂ ရက်တွင် NSCN-K/AM ဆိုပြီး အဖွဲ့သစ်ကို ထူထောင်ခဲ့သည်။
အဆိုပါ NSCN-K/AM အဖွဲ့သည် ၂၀၀၉ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနှင့် NSCN-K ကြား ချုပ်ဆိုခဲ့သော တိုင်းဒေသကြီးအဆင့် Bilateral စာချုပ်ကို ပြန်လည်အသက်သွင်း ဆွေးနွေးရန် ဆန္ဒရှိနေကြောင်း၊ ထို့နောက် ပြည်ထောင်စုအဆင့်နှင့် NCA လမ်းကြောင်းကို ဆက်လက် လျှောက်လမ်းရန် ဆန္ဒရှိနေကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 348
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၅
မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေး အစိုးရသစ်နှင့် တပ်မတော်သည် စစ်ကိုင်းတိုင်း-မကွေးတိုင်းကို ထိန်းချုပ် ရင်းဖြင့် ငြိမ်းချမ်းရေးကိစ္စကို အကောင်အထည် ဖော်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်မှ မြို့များဖြစ်သည့် ဗန်းမောက်၊ မော်လူး၊ အင်းတော်၊ ကသာ နှင့် ထီးချိုင့်မြို့များအား တပ်မတော်ဘက်မှ ပြန်လည် ထိန်းချုပ်ထားနိုင်သကဲ့သို့ ကချင်၊ စစ်ကိုင်းတိုင်းနှင့် ချင်း ပြည်နယ်တို့ဘက်၌ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဦးစားပေး လုပ်လာလျက်ရှိသည်ကို တွေ့ရသည်။
တပ်မတော်အနေဖြင့် ထိုဒေသ ၃ ခုကို စစ်ရေး အပြင်းအထန် လုပ်ဆောင်နေရခြင်းသည် ပြီးခဲ့သည့် လပိုင်းခန့်က KIA ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်၏ ပြောကြားချက်ကြောင့် ဖြစ်နိုင်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။
KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ချင်းယူနစ်၊ ကချင်ယူနစ်၊ နာဂယူနစ်နှင့် ကသုံးလုံး(ကန့်ဘလူ-ကောလင်း-ကသာ) ဒေသဟူ၍ သတ်မှတ်ထားကြောင်း၊ ထိုဒေသများအား ထိန်းချုပ်ပြီး မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသနှင့် အောက်ပိုင်းဒေသ တစ်ခုလုံးကို ထိန်းချုပ် သိမ်းပိုက်မည်ဟု ပြောဆိုထားခြင်း ဖြစ်သည်။

မန္တလေး-အင်းတော်-မြစ်ကြီးနား လမ်းကြောင်းကို တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်စဉ်
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် စစ်ရေးလမ်းကြောင်းအား ဖြတ်တောက်နိုင်ပါက စစ်ကိုင်းတိုင်း-မကွေးတိုင်း-ချင်းပြည်နယ်တို့အပေါ် လက်နက်ထောက်ပံ့ရေးလမ်းကြောင်း ပြတ်သွားနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တကောင်းတိုက်ပွဲက အဆုံးအဖြတ် ဖြစ်နေတယ်။ တကောင်းပြီးတာနဲ့ ထီးချိုင့်ကို ရောက်တာလေ။ ထီးချိုင့်မှာ တကောင်းနီကယ်စက်ရုံ၊ တရုတ်နီကယ်စက်ရုံရှိတယ်။ နောက်တစ်ခါ ဧရာဝတီမြစ်ရဲ့ အနောက်ဘက် ကို ကူးလိုက်တာနဲ့ “က”သုံးလုံးနယ်မြေကို စစ်ကြောင်းထိုးတာပဲ။ ဘယ်လိုပဲပြောပြော စစ်ကိုင်းနဲ့ ကချင်ကို ဖြတ် လိုက်နိုင်တာနဲ့ စစ်ကိုင်း-မကွေး အညာဒေသရယ်၊ နောက်တစ်ခါ CNF တွေ ကြီးစိုးထားတဲ့ ချင်းပြည်နယ်ရဲ့ ဟာ တွေက အကုန်လုံးက ပွင့်ပွင့်လင်းလင်းပြောရရင် လက်နက်ထောက်ပံ့ရေး လမ်းကြောင်းပေါ် အဲဒါ အကုန်ပြတ် သွားတာ။ အဲဒါက မဟာဗျူဟာကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်ကိုင်းနဲ့ ချင်းဘက်၊ မကွေးဘက်က အဓိက လက်နက်ထောက်ပံ့ရေးလမ်းကြောင်းက AA က နည်းနည်းလေးပဲ လာတယ်။ အဓိက,က KIO ဆီကပဲ။ KIO လက်နက်စက်ရုံတွေဆီကနေမှ သွားနေတာ။ သွားနေတာဆိုတော့ ဒီစစ်ဆင်ရေးက အစိုးရဘက်က ကြည့်ရင် အလွန်အရေးပါတယ်။ ဒါ ဖြတ်ကို ဖြတ်ရမယ့်ကိစ္စဖြစ်တယ်။ အဲဒါမှ စစ်ကိုင်း-မကွေးကို control ပြန်လုပ်နိုင်မယ်။ ကျနော်ထင်တယ် စစ်ကိုင်း-မကွေးကို control လုပ်ရင်းနဲ့ ဟိုဘက်ကို ငြိမ်းချမ်းရေးကိစ္စကို အကောင်အထည် ဖော် မယ်နဲ့တူတယ်။ နောက်လလောက်ဆို။ ကျနော်မြင်တာကတော့ အဲဒီလိုမြင်တယ်” ဟု ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ကချင်ပြည်နယ်ကနေ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် ကို ချိတ်ဆက်၍ အနောက်မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေး စစ်ဆင်ရေးကို ဖော်ဆောင်လျက်ရှိသည်။
ထို့နောက် မြန်မာ့တပ်မတော်သည် ၁ နှစ်နှင့် ၃ လကျော် စစ်ဆင်ရေးလုပ်၍ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် ဆက်စပ်ဒေသ မြို့များကို ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်တွင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် KIA ၏ အနောက် မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေး စစ်ဆင်ရေးအတွက် အကျပ်အတည်းများ ရင်ဆိုင်လာနေရသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

MNDAA- တရုတ်ကိုယ်စားလှယ်-မြန်မာ့တပ်မတော် ကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးကြစဉ်
ရွေးကောက်ပွဲလည်း ကျင်းပပြီးကာ လွှတ်တော်လည်း ရှိလာပြီဖြစ်သည့်အတွက် နိုင်ငံတကာထံမှ ယုံကြည်မှုရ စေရန် နယ်မြေစိုးမိုးမှုကို အဓိကထား လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင် ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်တပ်ကနေ ထိန်းချုပ်လာတဲ့ အခါမျိုးတွေကြတော့ နဂိုမှာလည်း သူတို့အနေနဲ့ ထိန်းချုပ်တဲ့ နယ်မြေ တွေ ဖြစ်ပါတယ်။ ၂၀၂၁ အခင်းအကျင်း PDF တွေနဲ့ KIA ရဲ့ ပူးပေါင်း တပ်ပေါင်းစုကြီးကနေ ဒါကို ထိုးစစ်ဆင်ပြီးမှ ပြန်ပြီးသိမ်းပိုက်ခြင်း ဖြစ်ပါတယ်။ အခုက ပြန်ပြီးမှ သူတို့အနေနဲ့ (စစ်တပ်) ထိုးစစ်ဆင်ပြီးမှ သိမ်းပိုက်လာခြင်း ဖြစ်ပါတယ်။ လက်နက်နဲ့ ဖြေရှင်းတဲ့အချိန်မှာ အားရှိတဲ့သူကတော့ နိုင်မှာပဲ။ တည်မြဲမလား၊ မတည်မြဲဘူးလား ဆိုတာကတော့ ပြောဖို့ခက်ပါတယ်။ အဓိက,ကတော့ စကစ အနေနဲ့ ရွေးကောက်ပွဲလည်း ပြီးသွားပြီ။ စကစ လိုချင်တဲ့ ပါလီမန်လွှတ်တော်ကြီးလည်း ရှိလာပြီဆိုတော့ နယ်မြေစိုးမိုးမှုကို အဓိကထားပြီးမှ လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ ဖြစ်တယ်လို့ပဲ ကျနော်ယူဆပါတယ်။ ဘာလို့ဆို ဒီလိုနယ်မြေစိုးမိုးမှုရှိမှပဲ တချို့ဟာတွေက ပြန်ပြီး တော့ ရွေးကောက်ပွဲလည်း လုပ်လာနိုင်တယ်။ နောက်တစ်ချက်က နယ်မြေစိုးမိုးမှု ရှိတဲ့အချိန်မှာ နိုင်ငံတကာကို လည်း ယုံကြည်လာအောင် ပြဖို့လည်း ရှိလာတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် NSPNC က NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့အနက် ၇ ဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်စာများ ပေးပို့ထားပြီး တချို့အဖွဲ့များကို တွေ့ဆုံ ဆွေးနွေးနေပြီဖြစ်သည်။
အလားတူ TNLA နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကိုကိုဦးတို့ ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်မှ ၁၃ ရက်အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးကြကြောင်း၊ ထို့နောက် MNDAA နှင့်လည်း ကောင်း၊ KIA နှင့်လည်းကောင်း ဆက်လက် ဆွေးနွေးကြမည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
