CNI News

၂၀၂၄ ခုနှစ်၊ မတ် ၂၆

ပအိုဝ်းအမျိုးသားအဖွဲ့(PNO) နယ်မြေတွင် အခြားသော လက်နက်ကိုင်တပ်ဖွဲ့များ ရှိနေသရွေ့ တိုက်ပွဲများ ဖြစ်ပွားနေမှာဖြစ်ကြောင်း PNO မှ စောခွန်ကျော်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

၁၉၉၁ ခုနှစ်က မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက် ပအိုဝ်းဒေသကို အထူးဒေသ ၆ အဖြစ် သတ်မှတ်ကာ PNO က အုပ်ချုပ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂ လဝန်းကျင်က စတင်ကာ မိမိတို့ အထူးဒေသအတွင်း အခြားသော လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PNO ၏ နိုင်ငံရေးပါတီတွင် တာဝန်ထမ်းဆောင်နေသူ ၎င်းက ပြောသည်။

စောခွန်ကျော်ဝင်းက “လက်ရှိ ပအိုဝ်းဒေသပေါ့နော်၊ အထူးဒေသ ၆ ပေါ့နော်၊ အထူးဒေသ ၆ ဆိုတာ ၁၉၉၁ ငြိမ်းချမ်းရေး စယူကတည်းက အစိုးရနဲ့ရော ကျနော်တို့ သဘောတူထားတာရှိတယ်။ နောက်တစ်ခု နယ်မြေ ကလည်း ဒီတိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းနဲ့ သဘောတူထားတဲ့ နယ်မြေတွေရှိတယ်။ သူ့နေရာ ကိုယ့်နေရာ ရှိတာပေါ့နော်၊ PNO ဘက်က ရည်တည်တာ နဂိုကတည်းကပေါ့နော်၊ နစက အာဏာစထိန်း ကတည်းက ဘာလုပ်သလဲဆို‌တော့ ပအိုဝ်းဒေသ လုံခြုံဖို့အတွက် အကာအကွယ် ဒါပဲလုပ်တယ်။ တိုက်ပွဲလည်း မဖော်ဘူး။ တခြားဒေသလည်း မသွားဘူးပေါ့နော်၊ ဒါပေမဲ့ လက်ရှိ ပြီးခဲ့တဲ့ ၂ လက စပြီးတော့ အထူးဒေသ ၆ ထဲကို ပြောမယ်ဆို စစ်တလင်းဖြစ်လာတယ်၊ ကျူးကျော်လာတယ်၊ လုပ်လာတဲ့အခါကြတော့ PNO ဘက်ကတော့ သူ့ နယ်မြေ သူကာကွယ်ဖို့ ခုခံတိုက်ခိုက်ရတဲ့ အနေအထားလို့ ပြောရမှာပေါ့၊ သူကတော့ PNO ရဲ့ မူကတော့ နဂို အတိုင်း သူရှိပြီးသားပဲ၊ အားလုံးက မိတ်ဆွေလို့ သတ်မှတ်ထားတယ်၊ တိုင်းရင်းသားအဖွဲ့အစည်း အားလုံး ကျနော် တို့ မိတ်ဆွေလို့ (သဘော)ထားတယ်ပေါ့နော်၊ နောက် အစိုးရ ဘယ်အစိုးရ အဲဒီနဲ့ပဲ အမြဲတမ်း ပြည်ထောင်စုနဲ့ အစိုးရနဲ့ အမြဲတမ်းလက်တွဲတယ်၊ အဲဒီမူပဲ ထားတယ်ပေါ့၊ အဲဒီမူလည်း မပြောင်းဘူးပေါ့၊ နောက် တခြား တိုင်းရင်းသားတွေရဲ့ ဧရိယာထဲ သူတို့ မသွားဘူးပေါ့နော်၊ လက်ရှိ အနေအထားကတော့ ကျနော်အမြင်ကတော့ တခြားလက်နက်ကိုင် အဖွဲ့အစည်းကနေ အထူးဒေသ ၆ ပေါ့၊ တရားဝင်ဧရိယာထဲမှာ မရှိတော့ဘူးဆိုရင် ပြဿနာ တွေ အေးသွားတာပေါ့နော်၊ တကယ်လို့ ရှိဦးမယ်ဆိုရင် တိုက်ပွဲတွေတော့ ဆက်ရှိနေတယ်ပေါ့” ဟု ပြောသည်။

 PNLO ရဲဘော်ကို တွေ့ရစဉ်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာတွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA/PNLO) နှင့် PNO တို့အကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ဖြစ်ပွားလျက် ရှိနေသည်။

လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲမှာ ပအိုဝ်းလူမျိုးစု အဖွဲ့အစည်း အချင်းချင်းကြား ဖြစ်ပွားနေခြင်း မဟုတ်ကြောင်း၊ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး တွန်းလှန်သည့် စစ်ပွဲဖြစ်ကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ (PNFC) မှ အတွင်းရေးမှူး - ၂ ခွန်ဝေထူးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ယနေ့ ဖြစ်နေတဲ့ တိုက်ပွဲက ဘယ်လို ပြောမလဲဆို‌တော့ ပအိုဝ်းဒေသတစ်ခုထဲမှာပဲ ဖြစ်နေတဲ့ တိုက်ပွဲ မဟုတ်သလို ကျနော်တို့ ပအိုဝ်းတိုင်းရင်းသားတွေမှာပဲ ပအိုဝ်းလူထုတွေမှာပဲ ဖြစ်ပွားနေတဲ့ စစ်ပွဲလည်း မဟုတ် ဘူးပေါ့နော်၊ ယနေ့ဖြစ်နေတဲ့ တိုက်ပွဲသည် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ဖိနှိပ်ခံ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးက တွန်းလှန်တဲ့ စစ်ပွဲဖြစ်တယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲဖြစ်တယ်။ ဒါကြောင့်မို့ ပအိုဝ်းပြည်သူ့စစ်နဲ့ ကျနော်တို့ ဒီကတော်လှန်ရေး တပ်ဖွဲ့တွေကြားမှာ ဖြစ်ပွားနေတဲ့ လူမျိုးချင်းကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခ မဟုတ်ဘူးဆိုတာကို ပြောလိုပါ တယ်ခင်ဗျ” ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်၊ PNO နှင့် PNLO မဟာမိတ်ပူးပေါင်းတပ်တို့အကြား ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးတို့ တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

 ပအိုဝ်းဒေသ မီးလောင်ထားစဉ်

PNO နှင့် PNLO နှစ်ဖွဲ့ ခေါင်းဆောင်အချင်းချင်းကြား သွားနေသည့် လမ်းကြောင်း မတူညီ၍ ညှိနှိုင်းမှု အဆင်မပြေ ခြင်းဟု ယူဆကြောင်း ပအိုဝ်းလူငယ်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်ရှိကလည်း အဲဒီနှစ်ဖွဲ့ကြားက သူတို့မှာလည်း ခေါင်းဆောင်တွေ အချင်းချင်းလည်း ရှုပ်တယ်ထင် တယ်၊ လမ်းကြောင်းလည်း မတူကြလို့ ညှိလို့မရတာလို့ပဲ ထင်တာပေါ့၊ ဒါပေမဲ့ တစ်ဖက်မှာ ပြန်ကြည့်ပြန်တော့ လည်း ခွန်ဥက္ကာကြတော့လည်း သူက ဦးခွန်အောင်ခမ်းထီကို ထိတွေ့တာ ရှိပေမယ့်လည်း တကယ့် PNLO ရဲ့ ဥက္ကဋ္ဌက သူကတော့ လုံးဝ နွေဦးတော်လှန်ရေးမှာ ပါဝင်မယ် အဲဒါကို ပြန်ပြီးတော့ စကားပြောလို့ အဆင်မပြေ ဘူးဆိုတဲ့ ပြောကြားချက်တွေလည်း တွေ့ရတော့ ကျမ အနေနဲ့လည်း ဘယ်လို ပြောရမလဲ မသိတော့ဘူး။ သူတို့ အချင်းချင်းမှာတင် နည်းနည်းလေး ရှုပ်ထွေးနေသလားပေါ့နော်၊ အဲဒီလိုမျိုးတော့ မြင်တယ်ပေါ့” ဟု ပြောသည်။

PNO သည် တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့ခြင်းကြောင့် ပအိုဝ်းဒေသကို အထူးဒေသ ၆ အဖြစ် သတ်မှတ်ပေး ခဲ့သည်။ 

ထို့နောက် ပင်လောင်း မြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုန်းမြို့နယ်တို့ ပါဝင်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  အဖြစ် ဖွဲ့စည်းပေးခဲ့ပြီး PNO က အုပ်ချုပ်လျက်ရှိသည်။