CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၇

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ ဧပြီ ၂၆ ရက်(သောကြာနေ့)က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာ ၃ ခုကို မေးခွန်းမေးမြန်းခွင့် ပိတ်ပင်ခဲ့ပါတယ်။

အဲရစ်တန်ဟတ်ဟာ The Sun, The Mirror နဲ့ Manchester Evening News တို့က ဂျာနယ်လစ်တွေကို မေးခွန်းမေးမြန်းခွင့် မပြုခဲ့တာပါ။

ဒီဂျာနယ်လစ်တွေဟာ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့ကြပေမယ့် မေးခွန်းတွေ မေးမြန်းခွင့်ပြုမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို ကြိုတင်ပြီး အသိပေးထားတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနဲ့ အဲရစ်တန်ဟတ်တို့ဟာ ကိုဗင်ထရီအသင်းကို အနိုင်ရရှိခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကြီးကြီးမားမား ဝေဖန်မှုတွေ ခံခဲ့ရတာပါ။

ယူနိုက်တက်အသင်းဟာ ဒီပွဲစဉ်မှာ ၃ ဂိုးပြတ်နဲ့ ဦးဆောင်ပြီးမှ ချေပဂိုးတွေ ဆက်တိုက်ပေးခဲ့ရကာ ပင်နယ်တီ အဆုံးအဖြတ်ရောက်မှ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းကိုတွေ့ရစဉ်

အဲရစ်တန်ဟတ်က ဒီပွဲနဲ့ပတ်သက်ပြီး သူတို့အပေါ် တုန့်ပြန်မှုတွေက ရှက်စရာကောင်းတယ်လို့ ပြီးခဲ့တဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မတိုင်ခင်မှာ ပြောခဲ့တာပါ။ 

ဒတ်ချ်လူမျိုးနည်းပြဟာ ဒီရာသီ အစောပိုင်းကလည်း အသင်းနဲ့ပတ်သက်ပြီး အဆိုးမြင်တဲ့ သတင်းတွေကို ဖော်ပြခဲ့တဲ့ မီဒီယာ ၄ ခုကို ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့သေးတာပါ။ 

ယူနိုက်တက်အသင်းဟာ ဒီနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် တန်းဆင်းဇုန်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတဲ့ ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ဘန်လေအသင်းက အဆင့် ၁၉ နေရာ မှာ ရပ်တည်နေတာပါ။

ဘန်လေအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်ကစားဖို့ ၄ ပွဲ ကျန်ရှိတဲ့အချိန်မှာ တန်းဆင်းဇုန်အထက်က နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ ၃ မှတ်သာ ကွာဟတော့တာကြောင့် လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာဆက်ပြီးရှိနေနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Source: BBC