CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်အတွင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်တလင်း မဖြစ်စေချင်ကြောင်း ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)မှ ဗဟိုအလုပ်အမှုဆောင် စောခွန်ကျော်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

PNO အနေဖြင့် စစ်တလင်းမဖြစ်အောင် ကာကွယ်မည်ဆိုသည့် မူကိုချထားကြောင်း၊ မိမိ၏ တစ်ဦးတည်းအမြင် အရ စစ်ဖြစ်ပါက ပြည်သူလူထုသည် ဓါးစာခံဖြစ်မှာဖြစ်ကြောင်း ၎င်းက ပြောသည်။

စောခွန်ကျော်ဝင်းက “ကျနော်အမြင်ကတော့ PNO ရဲ့ မူကတော့ ဆရာတို့ သိပြီးသားပေါ့နော်၊ သိပြီးသားဆို ကျနော်တို့ ပအိုဝ်းဒေသပေါ့၊ အရင်တုန်းက ငြိမ်းချမ်းရေးယူတုန်းက အထူးဒေသ ၆ ပေါ့နော်၊ သတ်မှတ်ထားတဲ့ နယ်မြေရှိတယ်၊ အဲဒီနယ်မြေမှာ အစိုးရနဲ့ သဘောတူထားတာရှိတယ်၊ ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ပေါ့၊ ဥပမာ တောင်ဖက်ရော၊ အရှေ့ဖက်ရော အားလုံးက သူ့နယ်မြေ၊ ကိုယ့်နယ်မြေ ရှိပြီးသားပေါ့၊ ခြံစည်းရိုးက ရှိပြီးသားပေါ့၊ ဒီလိုသတ်မှတ်ထားတာ ရှိပြီးသားပေါ့နော်၊ အဓိကတော့ ဒီဖက်မှ နစက အာဏာ စယူတဲ့အချိန် ကစ ပြီး‌တော့ အဓိက ကျနော်တို့ နယ်မြေမှာ စစ်တလင်း မဖြစ်ချင်ဘူးပေါ့နော်၊ စစ်တလင်း မဖြစ်ချင်ဘူး။ စစ်ဖြစ်မယ် ဆိုရင် ကျနော်တို့ ဒီလက်နက်ကိုင်တဲ့ အဖွဲ့အစည်းမှန်သမျှ ပြဿနာမရှိဘူး။ ကိုယ့်ဟာကိုယ် ကာကွယ်လို့ရတယ်၊ ရိက္ခာတွေအားလုံး ပြည်သူလူထုနဲ့ ယူလို့ရတယ်၊ ဘယ်နည်းနဲ့ ဖြစ်ဖြစ်ပေါ့နော်၊ ဒါပေမဲ့ အဓိက ဓါးစာခံဖြစ်မှာ ပြည်သူလူထုက ဓါးစာခံဖြစ်မယ်၊ ဒုက္ခရောက်မှာ လူထုပဲ ဒုက္ခရောက်မှာ။ ဒါကြောင့် ဒီနယ်မြေကတော့ အတတ် နိုင်ဆုံး စစ်တလင်း မဖြစ်အောင် ကာကွယ်မယ်ဆိုတဲ့ မူကိုတော့ ချထားတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO)

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ထောင်ဒေသရှိ မြန်မာ့တပ်မတော်၏ စခန်း (၂) ခုကို ညီညွတ်သောရှမ်းတောင် ဖက်ဒရယ် တပ်ပေါင်းစုမှ စက်တင်ဘာ ၁၂ ရက်က ပထမဆုံးအကြိမ် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် တပ်မတော်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ နစကဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပေ။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့် ပတ်သက်၍ မှတ်ချက်ပေးစရာမရှိကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူး ခွန်မင်းသိမ်းက CNI သတင်းဌာနသို့ ပြောသည်။

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(PNDF)

၎င်းက “မှတ်ချက်ပေးစရာမရှိပါဘူး အဲဒါကတော့၊ တိုက်ပွဲဖြစ်တယ်ဆိုကတည်းက တိုက်ပွဲကတော့ ထုံးစံအတိုင်းပေါ့နော်၊ သေကြေ၊ ထိခိုက်၊ နစ်နာမှုတွေတော့ ရှိတတ်ပါတယ်” ဟု ပြောသည်။

ဆီဆိုင်မြို့နယ်၊ နောင်ထောင်ဒေသသည် PNLO လှုပ်ရှားဒေသ မဟုတ်ကြောင်း သို့သော်လည်း ဖြတ်သန်း သွားလာမှုရှိကြောင်း PNLO မှ ဗိုလ်မှူးခွန်မင်းသိမ်းက ပြောသည်။

တခြားတစ်ဖက်မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ဝါးပြုံးကျေးရွာ တွင် PNLO/PNLA တပ်ဖွဲ့ဝင် ၅ ဦးကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့က PNO/PNA ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ခြင်းကို ရှုံ့ချကြောင်း PNLO/PNLA က စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

PNLO ၏ ထုတ်ပြန်ချက်

စက်တင်ဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သော ဖြစ်စဉ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က အာဏာယူပြီးနောက်ပိုင်း ဖြစ်ပွားသည့် ဆန့်ကျင်တော်လှန်တိုက်ပွဲများတွင် ပအိုဝ်းဒေသ၌ ပထမဆုံး ဖြစ်ပွား သော တိုက်ပွဲဖြစ်သည်။

PNO ဆိုသည်မှာ ပြည်သူ့စစ် လက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီဆိုကာရှိသည်။ သို့သော် ထိုနှစ်ဖွဲ့သည် ခွန်အောင်ခမ်းထီး၏ ဦးဆောင်မှုကနေ ပအိုဝ်းအမျိုးသားရေးကို ဆောင်ရွက်နေကြခြင်းဖြစ်သည်။