CNI International News

မော်စကို၊ မတ်လ ၂၆

မတ်လ ၂၂ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့တော် ဆင်ခြေဖုံးရှိ ဂီတခန်းမတွင် လူ ၁၃၇ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်တွင် IS စစ်သွေးကြွအဖွဲ့၏ တာဝန်ဖြစ်သည်ကို ထောက်လှမ်းရေး အချက်အလက်များက ဖော်ပြနေသည်ဟု ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန် (Emmanuel Macron) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံတွင် ဆယ်စုနှစ် နှစ်စုအတွင်း လူသေဆုံးမှု အများဆုံးဖြစ်ခဲ့သည့် ထိုတိုက်ခိုက်မှု ဖြစ်စဉ်၌ သေနတ် သမား ၄ ဦးက ရော့ခ်ဂီတာ ဖျော်ဖြေပွဲကျင်းပမည့်  Crocus City ခန်းမထဲသို့ ဝင်ရောက်လာခဲ့ပြီး ခန်းမအတွင်းရှိ လူများကို တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ဖြင့် လူ ၁၃၇ ဦးသေဆုံးကာ လူ ၁၈၂ ဦး ဒဏ်ရာရခဲ့သည်။

တာဂျစ်ကစ္စတန် နိုင်ငံသားတစ်ဦး အပါအဝင် သေနတ်သမား ၄ ဦးကို ရုရှားအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ပြီး နောက် ၎င်းတို့ကို အကြမ်းဖက်မှု စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို IS အဖွဲ့က ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း တာဝန်ခံထွက်ဆိုခဲ့ပြီး အမေရိကန်ကလည်း ထိုတိုက်ခိုက်မှုကို IS အဖွဲ့က ပြုလုပ်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့သည်။

 မော်စကိုမြို့တော် ဆင်ခြေဖုံးရှိ ဂီတခန်းမ တိုက်ခိုက်ခံရစဉ်

အမေရိကန်အရာရှိများကမူ ၎င်းတို့သည် မော်စကိုမြို့တော်တွင် ယခုလအတွင်း ကြီးမားသည့် တိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရုရှားကို ထောက်လှမ်းရေးသတင်းများ မျှဝေခဲ့ပြီး ကြိုတင်သတိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

"ကျနော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ကျနော်တို့ရထားတဲ့ သတင်းတွေ အရဆိုရင် ဒီတိုက်ခိုက်မှုကို IS အဖွဲ့ တစ်ဖွဲ့တည်းကသာ ပြုလုပ်ခဲ့တယ်ဆိုတာကို ဖော်ပြနေပါတယ်" ဟု ပြင်သစ်သမ္မတ မက်ခရွန်က သတင်းထောက် များကို ပြောကြားခဲ့သည်။

ထို IS အဖွဲ့သည် အာဖဂန်နစ္စတန် နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည့် ISIS-Khorasan ခေါ် ISIS-K ဟု လူသိများ သည့် IS အဖွဲ့ခွဲဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

"အဲဒီအဖွဲ့ဟာ ကျနော်တို့နိုင်ငံရဲ့ မြေပေါ်မှာ တိုက်ခိုက်မှုအချို့ ပြုလုပ်ဖို့လည်း ကြိုးပမ်းခဲ့ပါတယ်'' ဟု မက်ခရွန်က ပြင်သစ်နိုင်ငံ၊ ဂွီယာနာ (French Guiana) ဒေသသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

ရုရှားအာဏာပိုင်များကမူ ထိုတိုက်ခိုက်မှုသည် ယူကရိန်းနှင့် ဆက်နွှယ်မှု ရှိ/မရှိ စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သော်လည်း ယူကရိန်းအစိုးရကမူ ထိုတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။

Source: ရိုက်တာ