CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/ PNLA) နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ (PNO) တို့အကြား ညှိနှိုင်းမှု အဆင်မပြေ၍ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း PNO မှ ဒုဗိုလ်မှူးကြီး ခွန်ထွန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း PNLO မှ တစ်ဦးသေဆုံးပြီး မိမိတို့ PNO တွင်လည်း ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း၊ PNLO က သယ်ဆောင်လာသော လက်နက်ခဲယမ်းများကို ၎င်းတို့ကိုယ်တိုင် မီးပြန်ရှို့ခဲ့ကြောင်း ၎င်းက ပြောသည်။

ဒုဗိုလ်မှူးကြီး ခွန်ထွန်းရွှေက “ကျနော်သိတာကတော့ အဲဒီ PNLA က သူတို့ မြောက်ဖက်ဆိုတော့ ဘယ်ကနေ လာတာလဲ မသိဘူး။ နောင်ယန်းဂိတ်ကို ဖြတ်တော့ မရပ်တော့ ကျနော်တို့က လိုက်တာပေါ့။ ဟိုပုံးဘက်ရောက် တော့ စံဖူးရွာ ရောက်တော့ အဲဒီမှာ နည်းနည်းလေး ဖြစ်ကြတာပေါ့နော်၊ ဖြစ်ကြတော့ အဲဒီမှာ ကျနော်တို့လည်း သူတို့နဲ့ အဲဒီညမှာ နည်းနည်းပါးပါး ထိတွေ့မှုဖြစ်တယ်။ သူတို့ဖက်က တစ်ယောက်ကျတယ်၊ ကျနော်တို့ဖက်က လည်း ဒဏ်ရာရတယ်။ နောက်ရက်ကြတော့ ညှိနှိုင်းမှုလုပ်တာ အဆင်မပြေတော့ သူတို့ပါလာတဲ့ လက်နက်တို့ ခဲယမ်းတို့ သူတို့ ပြန်ရှို့တော့ အဲဒါ ခဲယမ်းတွေ ပေါက်ကွဲလို့ ရွာတွေ မီးလောင်သွားတာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

 PNO တပ်ဖွဲ့ကို တွေ့ရစဉ်

PNLO အနေဖြင့် ရှမ်းမြောက်မှ လက်နက်ခဲယမ်း သယ်ဆောင်လာကြောင်း၊ လက်နက်ခဲယမ်းများအား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ပြောဆိုခြင်းနှင့် ပတ်သက်၍ PNLO ၏ သဘောထားကို သိရှိနိုင်ရေး ဆက်သွယ်ခဲ့သော်လည်း ဗိုလ်မှူးခွန်မင်းသိမ်းက တိုက်ပွဲဖြစ်ပွားခြင်းမှာ မှန်ကန်ပြီး ၎င်းကိစ္စအား ပြောဆိုခြင်း မပြုပေ။

PNLO ယူနီဖောင်း ဝတ်ဆင်ထားသူများ လိုက်ပါလာသည့် မော်တော်ယာဉ် ၅ စီးပါ ယာဉ်တန်းအား စစ်ဆေးမှုပြု လုပ်ရာ ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ရှိ လက်နက်ခဲယမ်းများ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ထို့နောက် စံဖူးရွာရှိ ဒေသခံများ၏ နေအိမ် ၂၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း နစကမှ ဇန်နဝါရီ ၂၁ ရက်မှာ သတင်းထုတ်ပြန်ထားသည်။

မီးဘေးသင့်ပြည်သူများအား သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက အကူအညီပေးနိုင်ရေး လုပ်ဆောင်နေ ကြောင်း၊ လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း အပြန်အလှန် လေးစားမှုရှိရန် လိုအပ်ကြောင်း ဒုဗိုလ်မှူးကြီး ခွန်ထွန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့ကတော့ NCA အဖွဲ့ဆိုတော့ ကျနော်တို့ကတော့ တရားမဝင် ဘာညာ ကျနော်တို့ ဂိတ်တွေ သူတို့ ဖြတ်ရင် အကြောင်းကြားပေါ့၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပြန်အလှန် လေးစားမှု ရှိဖို့ကတော့ ကျနော်တို့ကတော့ ညှိနှိုင်း သဘောတူထားတာ ရှိတယ်၊ အခုက သူတို့ အပြန်အလှန်လေးစားမှု မရှိတဲ့အတွက် တားတယ်၊ မေးတယ်ဆိုတာ လည်း သူတို့က အမေးမခံ၊ အစစ်မခံတော့ အဲဒီလို ပြဿနာတွေ ဖြစ်ကုန်တာပေါ့နော်” ဟု ပြောသည်။

 PNLO တပ်ဖွဲ့ကို တွေ့ရစဉ်

တောင်ကြီးမြို့တွင် ဖွင့်လှစ်ထားသော PNLO ၏ ဆက်ဆံရေးရုံးမှ ဗိုလ်မှူးခွန်မင်းသိမ်း အပါအဝင် ၃ ဦးကို မြန်မာ့တပ်မတော်က ဇန်နဝါရီ ၂၁ ရက်မှာ ခေါ်ယူတွေ့ဆုံခဲ့သည်။

တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက် PNO ကို ပအိုဝ်းဒေသအား အုပ်ချုပ်နိုင်ရေး အထူးဒေသ ၆ အဖြစ် သတ်မှတ်ပေးခဲ့သည်။

ထို့နောက် ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုန်းမြို့နယ်တို့ ပါဝင်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အား စီမံအုပ်ချုပ်လျက်ရှိသည်။

PNLO/PNLA မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ပအိုဝ်းလက်နက်ကိုင်ဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်၊ ဟိုပုန်း၊ မောက်မယ်ဒေသများတွင် လှုပ်ရှားလျက် ရှိပြီး မောက်မယ်ကို ဌာနချုပ်အဖြစ် သတ်မှတ်ထားသည်။