CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၇

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ တပ်ဖွဲ့ဝင် ၅ ဦးကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/ PNA) မှ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းကြောင့် ကျူးလွန်သူများကို အရေးယူရန် ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ (PNFC)က တောင်းဆိုခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ဝါးပြုံး ကျေးရွာတွင် PNO/PNA မှ မိမိတို့ တပ်ဖွဲ့ဝင် ၅ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ် ဆောင်၍ သတ်ဖြတ်ခဲ့ကြောင်း PNLO/PNLA က စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC)က “ထိခိုက်နစ်နာရသူများ တရားမျှတမှု ရရှိရေး အတွက် PNLO/ PNLA ဗဟိုကော်မတီသည် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိစွာဖြင့် ဖြေရှင်းဆောင်ရွက်ရန်၊ ၎င်းဖြစ်ရပ်နှင့် ပတ်သက်၍ PNO/PNA မှ ပြစ်မှုကျူးလွန်သည့် တာဝန်ရှိသူများကို အရေးယူ ဆောင်ရွက်ရန်”ထုတ်ပြန်ခဲ့သည်။

၂၀၁၆ ခုနှစ်၊ မိုင်ဂျာယန်မြို့မှာ ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံသို့ တက်ရောက်လာ သည့် ခွန်မြင့်ထွန်းကိုတွေ့ရစဉ်

ဒေသကာကွယ်ရေး အကြောင်းပြချက်ဖြင့် နိုင်ငံတကာ ကျင့်ဝတ်များကို ချိုးဖောက်သည့် ပအိုဝ်းအမျိုးသား အကျိုးစီးပွားကို ပျက်စီးစေသည့်၊ ပအိုဝ်းလူမျိုးများ၏ သမိုင်းကို အရုပ်ဆိုး အကျည်းတန်စေသည့် လုပ်ရပ်မျိုး ထပ်မံ မပေါ်‌ပေါက်စေရေးအတွက် PNO/PNA ၏ အပြည့်အဝ အာမခံမှုကို ဖော်ပြန်ရန် ‌တောင်းဆိုခဲ့သည်။

ပအိုဝ်းဒေသအတွင်းရှိ အခြားသော ညီနောင် တိုင်းရင်းသားများနှင့် ပအိုဝ်းလူမျိုးများအကြား ပဋိပက္ခများ မဖြစ် ပေါ်စေရေး၊ ဒေသကာကွယ်ရေး အကြောင်းပြချက်မှတဆင့် နယ်မြေချင်း ပဋိပက္ခ မဖြစ်ပေါ်စေရေး၊ နယ်မြေချင်း ပဋိပက္ခများမှ တဆင့် လူမျိုးတမျိုးနှင့် တမျိုးအကြား လူမျိုးရေးပဋိပက္ခများ မဖြစ်ပေါ်စေရေးကို သက်ဆိုင်သူများ အလေးထား ဆောင်ရွက်ရန် PNFC မှ တောင်းဆိုခဲ့သည်။

PNO/PNA အဖွဲ့သည် ခွန်ထွန်းဦး (ဒု-စုမှူး)၊ ခွန်ရှိန် (ဒု-စိပ်မှူး)၊ ခွန်သန်းဖေ (ရုဲင်းဖက်)၊ ခွန်ကြယ်စင် (ရုဲင်း ဖက်)၊ ခွန်ရဲနောင် (ရုဲင်းဖက်)တို့ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်က ရန်ငြိုးရန်စ တစ်စုံတစ်ရာ မရှိဘဲ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း PNLO/PNLA က ထုတ်ပြန်ခဲ့သည်။

လက်ရှိ PNLO ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ခွန်သူရိန်နဲ့ ခွန်မြင်ထွန်းကိုတွေ့ရစဉ်

PNLO/PNLA သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ပအိုဝ်းလက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်၊ ဟိုပုန်း၊ မောက်မယ် ဒေသများတွင် လှုပ်ရှား လျက်ရှိသည်။

PNO/PNA သည် ၁၉၉၁ ခုနှစ်က တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက် ပအိုဝ်းဒေသကို အထူးဒေသ ၆ အဖြစ် သတ်မှတ်ပေးကာ ကိုယ်ပိုင်အုပ်ချုပ်ခဲ့သည်။

ထို့နောက် ၂၀၁၀ ခုနှစ်တွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့/ပအိုဝ်းအမျိုးသားတပ်မတော်(PNO/PNA)အဖြစ် ပြောင်းလဲခဲ့ သလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာလည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နာမည်ဖြင့် နိုင်ငံရေးပါတီ အနေနှင့် မှတ်ပုံတင်ခဲ့သည်။

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC)ကတော့ PNLO/PNLA တွင် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ခွန်မြင့်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဖွဲ့စည်းထားသည့်  ပအိုဝ်းနွေဦးတော်လှန်ရေး အင်အားစုများနှင့် စုပေါင်းဖွဲ့စည်းထားသော နိုင်ငံရေး-စစ်ရေး ဦးဆောင်အဖွဲ့အစည်းသည်။