CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၇

လိဒ်စ်အသင်းဟာ ကျူပီအာအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာကြောင့် လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တိုက်ရိုက် တန်းတက်ခွင့် ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

လိဒ်စ်အသင်းဟာ ဒီပွဲအရေးနိမ့်ခဲ့တဲ့အတွက် ချန်ပီယံရှစ်ပွဲစဉ် ကစားဖို့ ၁ ပွဲပဲ ကျန်ရှိတော့တဲ့ အချိန်မှာ အဆင့် ၁ နေရာက လက်စတာအသင်းနဲ့ ၄ မှတ်အထိ ကွာဟသွားခဲ့တာပါ။

အဲဒါကြောင့် လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းတက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

လက်စတာအသင်းဟာ ပရက်စတန်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရပြီး အစ်စဝှချ်အသင်းက ဟူးလ်စီးတီးအသင်းကို အနိုင်မရခဲ့ရင် လက်စတာအသင်းဟာ ချန်ပီယံရှစ်ဖလားကို ကိုင်မြှောက်နိုင်တော့မှာပါ။

လက်စတာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းခဲ့ပေမယ့် တစ်ရာသီအကြာမှာပဲ ချက်ချင်းတန်းပြန်တက်အောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်စတာအသင်းသားတွေကို တွေ့ရစဉ်

လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ခဲ့ပေမယ့် ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုကြောင့် လာမယ့်ရာသီမှာ အမှတ်လျှော့ ခံရဖွယ်ရှိနေတာပါ။

ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်ခွင့် လက်ကျန်တစ်နေရာအတွက် လိဒ်စ်အသင်းနဲ့ အစ်စဝှချ်အသင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

အစ်စဝှချ်အသင်းဟာ လက်ကျန် ၃ ပွဲမှာ ရမှတ် ၅ မှတ် ရယူနိုင်ခဲ့ရင် လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲကို တန်းတက်နိုင်မှာပါ။

အစ်စဝှချ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဝမ်းကနေ ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းတက်နိုင်ခဲ့ပြီး ဒီရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းတက်ဖို့ အခြေအနေ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။ 

ဆောက်သမ်တန်၊ နော်ဝစ်ချ်၊ ဝက်စ်ဘရွန်းနဲ့ ဟူးလ်စီးတီးအသင်းတို့ကတော့ ပလေးအော့ဖ်ကနေ ပရီးမီးယားလိဂ် ပြိုင်ပွဲကို တန်းတက်နိုင်ဖို့ ကြိုးစားရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

Source: BBC