CNI International News

နယူးဒေလီ၊ မတ်လ ၂၈

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussels) မြို့တွင် ပထမအကြိမ် နျူကလီးယားစွမ်းအင်ညီလာခံ အောင်မြင်စွာ လက်ခံကျင်းပနိုင်မှုအတွက် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi)က ဘယ်လ်ဂျီယံဝန်ကြီးချုပ် အလက်ဇန္ဒား ဒီခရူး (Alexander De Croo) ကို တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး ဂုဏ်ပြုစကားပြောကြားခဲ့သည်ဟု NDTV မှ ဖော်ပြခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံအကြား ဆက်ဆံရေးများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေး၊ ဘယ်လ်ဂျီယံနိုင်ငံ၏ ဥရောပသမဂ္ဂ အလှည့်ကျဥက္ကဋ္ဌ တာဝန်ရယူထားသည့် ကာလအတွင်း အိန္ဒိယ-ဥရောပသမဂ္ဂ မိတ်ဖက်ဆက်ဆံရေးအား မြှင့်တင်ရေး ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အိန္ဒိယနှင့် ဘယ်လ်ဂျီယံအကြား တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ဆေးဝါးများနှင့် အစိမ်းရောင် ဟိုက်ဒရိုဂျင် ထုတ်လုပ်မှုကဏ္ဍများ အပါအဝင် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှုများ မြင့်တက်နေမှုကိုလည်း ဆွေးနွေးခဲ့ကြသည် ဟု ဘယ်လ်ဂျီယံဝန်ကြီးချုပ် ဒီခရူးက ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံသည် အိန္ဒိယနိုင်ငံအား တော်ဝင်ကုန်သွယ်ရေးမစ်ရှင်အဖွဲ့ စေလွှတ်သွားမည်ဟုလည်း ဒီခရူးက ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံဝန်ကြီးချုပ် အလက်ဇန္ဒား ဒီခရူးနဲ့ မိုဒီကို တွေ့ရစဉ်

ထို့ပြင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ သန့်စင်သည့် နည်းပညာများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ဆေးဝါးများ၊ အစိမ်းရောင် ဟိုက်ဒရိုဂျင်၊ အိုင်တီ၊ ကာကွယ်ရေးနှင့် ဆိပ်ကမ်းများ အပါအဝင် မတူကွဲပြားသည့် ကဏ္ဍအသီးသီး တွင် နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေး တိုးတက်စေရန် ဆွေးနွေးခဲ့ကြသည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

ခေါင်းဆောင်နှစ်ဦးသည် ဥရောပသမဂ္ဂကောင်စီ၏ ဥက္ကဋ္ဌရာထူးကို ဘယ်လ်ဂျီယံက တာဝန်ယူထားသည့် ကာလ အတွင်း အိန္ဒိယ-ဥရောပသမဂ္ဂ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား ပိုမိုမြင့်တက်စေရန် ၎င်းတို့၏ ကတိကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့သည်။

ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာတွင် ဖြစ်ပွားနေသည့် အခြေအနေများအပေါ် ထားရှိသော အမြင်များကိုလည်း ဖလှယ်ခဲ့ကြသည်။

ထို့နောက် ရုရှား-ယူကရိန်း ပဋိပက္ခနှင့် အနောက်အာရှဒေသတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဆောလျင်စွာ ပြန်လည် ထိန်းသိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်ရန် လိုအပ်ကြောင်းကိုလည်း သဘောတူ ခဲ့ကြသည်။

ဆက်လက်ပြီး ခေါင်းဆောင်နှစ်ဦးစလုံးက အဆက်အသွယ် မပြတ်ဘဲ ရှိနေစေရန် သဘောတူညီခဲ့ကြသည်။

ပထမဆုံးအကြိမ် နျူကလီးယားစွမ်းအင်ညီလာခံကို ဘယ်လ်ဂျီယံတွင် မတ်လ ၂၁ ရက်က ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၃၀ ကျော်မှ ခေါင်းဆောင်များနှင့် ဥရောပသမဂ္ဂ၏ ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြကာ နျူကလီးယားစွမ်းအင်ကို စွမ်းအင်လုံခြုံရေး၊ ရာသီဥတု ရည်မှန်းချက်များနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အသုံးပြုခြင်း၏ အရေးကြီးပုံအား အလေးထား ဆွေးနွေးခဲ့ကြသည်။

Source: NDTV