CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ဝါးပြုံးကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO/PNLA)က မိမိတို့ တပ်ဖွဲ့ဝင် ၅ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ် ဆောင်၍ သတ်ဖြတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)က စက်တင်ဘာ ၁၅ ရက်၌ ထုတ်ပြန်ခဲ့သည်။

PNO/PNA အဖွဲ့သည် ခွန်ထွန်းဦး (ဒု-စုမှူး)၊ ခွန်ရှိန် (ဒု-စိပ်မှူး)၊ ခွန်သန်းဖေ (ရုဲင်းဖက်)၊ ခွန်ကြယ်စင် (ရုဲင်း ဖက်)၊ ခွန်ရဲနောင် (ရုဲင်းဖက်)တို့ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်က ရန်ငြိုးရန်စ တစ်စုံတစ်ရာ မရှိဘဲ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း၊ ထိုသတ်ဖြတ်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ ကြောင်း၊ ၎င်းပြဿနာအား ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း PNLO/PNLA က ထုတ်ပြန်ခဲ့သည်။

PNO/PNA သည် ၁၉၉၁ ခုနှစ်က တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက် ပအိုဝ်းဒေသကို အထူးဒေသ ၆ အဖြစ် သတ်မှတ်ပေးကာ ကိုယ်ပိုင်အုပ်ချုပ်ခဲ့သည်။

ထို့နောက် ၂၀၁၀ ခုနှစ်တွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့/ပအိုဝ်းအမျိုးသားတပ်မတော်(PNO/PNA)အဖြစ် ပြောင်းလဲခဲ့သလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာလည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နာမည်ဖြင့် နိုင်ငံရေးပါတီ အနေနှင့် မှတ်ပုံတင်ခဲ့သည်။

 PNLO တပ်ဖွဲ့ကိုတွေ့ရစဉ်

ထို့ကြောင့် PNO သည် ပြည်သူ့စစ်နှင့် နိုင်ငံရေးပါတီဟုဆိုကာ အသွင်နှစ်မျိုးဖြစ် ရပ်တည်လျက်ရှိပြီး ပင်လောင်း မြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုန်းမြို့နယ်တို့ ပါဝင်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား စီမံအုပ်ချုပ် လျက်ရှိသည်။

PNLO/PNLA ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ပအိုဝ်းလက်နက်ကိုင်ဖြစ်ပြီး ခွန်သူရိန်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဦးဆောင် နာယကအဖြစ်လည်းကောင်း တာဝန်ယူကာ ဦးဆောင်လျက်ရှိသည်။

ထို့နောက် PNLO/PNLA သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်၊ ဟိုပုန်း၊ မောက်မယ် ဒေသများတွင် လှုပ်ရှား လျက်ရှိပြီး မောက်မယ်တွင် ဌာနချုပ်အဖြစ် သတ်မှတ်ထားသည်။

ယခင် PNLO ၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သော ခွန်မြင့်ထွန်းကတော့ ပအိုဝ်းအမျိုးသား များဖက်ဒရယ်ကောင်စီ(PNFC)ကို ထူထောင်၍ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ နွေဦးတော်လှန်ရေးတွင် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ဖြင့် ချိတ်ဆက်ကာ ဆောင်ရွက်လျက်ရှိနေသည်။