- By CNI
- Category: နိုင်ငံရေး
- Hits: 182
CNI International News
ပြုံယမ်း၊ ဇွန်လ ၈
မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် ရပ်တည်နေသော အခြေအနေမှ နောက်ပြန်လှည့်၍ ရတော့မည် မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ၏ ဩဇာကြီးမားသည့် ညီမဖြစ်သူ ကင်မ်ယိုဂျုံ (Kim Yo Jong) က ပြောကြားခဲ့သည်ဟု Korea Times မှ ဖော်ပြခဲ့ သည်။
ထို့ပြင် နျူကလီးယား လက်နက်များသည် နောက်ဆုံးစည်းဖြစ်ပြီး မည်သည့် ခြိမ်းခြောက်မှုကိုမဆို ခွင့်လွှတ် သည်းခံသွားမည် မဟုတ်ကြောင်း ကင်မ်ယိုဂျုံက ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယား၏ နျူကလီးယား လက်နက် စီမံကိန်းသည် ဆွေးနွေးညှိနှိုင်းစရာကိစ္စ မဟုတ်ကြောင်း ကင်မ်ယိုဂျုံက ထပ်မံ အတည်ပြုခဲ့ပြီး နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် နိုင်ငံတကာ၏ ကြိုးပမ်း မှုများကိုလည်း ငြင်းပယ်ခဲ့သည်။
“မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ် ရပ်တည်မှုဟာ နောက်ဆုတ်စရာမရှိတဲ့ စည်းဖြစ်ပြီး ဒါဟာ ဘယ်သူကပဲ အသိအမှတ် ပြုပြု၊ မပြုပြု ငြင်းပယ်လို့မရတဲ့ လက်တွေ့ အရှိတရားပဲ ဖြစ်ပါ တယ်”ဟု ထုတ်ပြန်ချက်တွင် ကင်မ်ယိုဂျုံက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
ကင်မ်ယိုဂျုံ၏ ယခုထုတ်ပြန်ချက်သည် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ ဇွန်လ ၈ မှ ဇွန်လ ၉ ရက်အထိ သွားရောက်ရန် စီစဉ်ထားသည့် မြောက်ကိုရီးယားခရီးစဉ် မတိုင်မီ တစ်ရက်အလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့်လက ပေကျင်း (Bejing) မြို့တော်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တရုတ်သမ္မတ ရှီတို့ တွေ့ဆုံခဲ့သည့် ထိပ်သီး အစည်းအဝေးအတွင်း မြောက်ကိုရီးယား၏ နျူကလီးယား ဖျက်သိမ်း ရေး ရည်မှန်းချက်ကို အတည်ပြုခဲ့ကြောင်း အမေရိကန်၏ ပြောကြားချက်များအပေါ် ကင်မ်ယိုဂျုံက ငြင်းဆိုခဲ့ သည်။
ထရမ့်နှင့် ရှီတို့သည် မြောက်ကိုရီးယားနိုင်ငံ နျူကလီးယား ဖျက်သိမ်းရေးဆိုင်ရာ ၎င်းတို့၏ ဘုံရည်မှန်းချက်ကို အတည်ပြုခဲ့ကြသည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သော်လည်း ထိုထုတ်ပြန်ချက်သည် မဟုတ်မှန်ကြောင်း ကင်မ်ယိုဂျုံက တုံ့ပြန်ခဲ့သည်။
“အမေရိကန် အရာရှိတချို့က အဖြစ်မှန်ကို ရှောင်လွှဲချင်ပြီး ခေတ်နောက်ကျနေတဲ့ သူတို့ရဲ့ အိပ်မက်တွေထဲကနေ အခုထက်ထိ နိုးမလာသေးပါဘူး။ ဒါဟာ အမေရိကန်ရဲ့ အကျင့်လိုဖြစ်နေတဲ့ သတင်းမှား ဖြန့်ဝေမှုတစ်ခုပဲ ဖြစ်ပါ တယ်” ဟု ကင်မ်ယိုဂျုံက ပြောကြားခဲ့သည်။
Source: Korea Times
- By CNI
- Category: နိုင်ငံရေး
- Hits: 340
CNI International News
ဘေဂျင်း၊ ဇွန်လ ၆
တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) သည် ဇွန်လ ၈ ရက်နေ့မှစပြီး မြောက်ကိုရီးယားနိုင်ငံသို့ နှစ်ရက်ကြာ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၅ ရက် တွင် ကြေညာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုခရီးစဉ်မှာ ရှီအတွက် ၇ နှစ်နီးပါး ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားသို့ သွားရောက်ခြင်း ဖြစ်ပြီး တရုတ်အစိုးရ အနေဖြင့် မဟာမိတ်ဖြစ်သော မြောက်ကိုရီးယားအစိုးရနှင့် ဆက်ဆံရေးကို ပြန်လည်ခိုင်မာ အောင် ဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ခရီးစဉ်အတွင်း ရှီသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အပြန်အလှန် ဆက်နွှယ်မှုရှိသည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ကာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြောက်ကိုရီးယားသမ္မတ ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
COVID-19 ကပ်ရောဂါကြောင့် နှစ်နိုင်ငံကြား ထိတွေ့ဆက်ဆံမှုများ ရပ်တန့်သွားခဲ့ပြီးနောက်ပိုင်း တရုတ်အစိုးရ သည် မြောက်ကိုရီးယားအစိုးရကို ၎င်း၏ ဩဇာလွှမ်းမိုးမှုအောက်သို့ ပြန်လည်ဆွဲသွင်းရန် ကြိုးပမ်းခဲ့သည်။
အထူးသဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်သည် ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို ထောက်ပံ့ရန် အတွက် စစ်သားများနှင့် လက်နက်ခဲယမ်းများ ပေးပို့ကာ ရုရှားအစိုးရနှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်လာခဲ့ပြီးနောက် တရုတ်နိုင်ငံက ယခုကဲ့သို့ ဆက်ဆံရေးကို ပြန်လည်ထိန်းကျောင်းရန် ကြိုးပမ်းလာ ခြင်း ဖြစ်သည်။
တရုတ်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံသည် လွန်ခဲ့သော ၆၅ နှစ်ကတည်းက ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန် အလှန် ရိုင်းပင်းကူညီရေးစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြပြီး ထိုစာချုပ်အရ တစ်နိုင်ငံက တိုက်ခိုက်ခြင်း ခံရပါက နောက်တစ်နိုင်ငံက စစ်ရေးအရ မဖြစ်မနေ ကူညီပံ့ပိုးပေးရန် ဥပဒေကြောင်းအရ အပြန်အလှန် တာဝန်ရှိသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြောက်ကိုရီးယားသမ္မတ ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
“တရုတ်ဘက်က သွယ်ဝိုက်ပြီး ပေးချင်တဲ့ မက်ဆေ့ခ်ျကတော့ မြောက်ကိုရီးယားကိစ္စနဲ့ ပတ်သက်လာရင် တရုတ် ဟာ အဓိက ဦးဆောင်သူ ဖြစ်နေဆဲပဲ ဆိုတာပါပဲ။ ဒီမက်ဆေ့ခ်ျကို ပေးပို့ချင်တဲ့ အဓိက နိုင်ငံတွေထဲက တစ်ခုက တော့ ရုရှားနိုင်ငံပဲ ဖြစ်ပါတယ်” ဟု Asia Society ၏ သုတေသီတစ်ဦးဖြစ်သူ ဂျွန် ဒီလူရီ (John Delury) က ပြောကြားခဲ့သည်။
အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာရေးရာဌာနက ဇွန်လ ၅ ရက်တွင် ရှီ၏ ခရီးစဉ်ကို ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ပြီး ထိုခရီးစဉ်သည် ပြီးခဲ့သည့်လအတွင်း ပေကျင်းမြို့တော်၌ ရှီသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) တို့နှင့် ထိပ်သီးတွေ့ဆုံပွဲများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
“နှစ်ဖက်စလုံးအနေနဲ့ အခုခရီးစဉ်ကို အခွင့်ကောင်းတစ်ခု အနေနဲ့ အသုံးချပြီး ခေတ်ကာလနဲ့အညီ တရုတ်-မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာအောင် မြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 295
CNI International News
တီဟီရန်၊ ဇွန်လ ၆
အီရန်၏ ဆိပ်ကမ်းများကို အမေရိကန်ရေတပ်က ပိတ်ဆို့ထားမှုနှင့် ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ ထားမှုများကြောင့် မေလအတွင်း အီရန်၏ ရေနံတင်ပို့မှုသည် တစ်ရက်လျှင် ရေနံစည်ပေါင်း ၃၀၀,၀၀၀ အောက်သို့ ကျဆင်းခဲ့ပြီး ထိုပမာဏသည် ၆ နှစ်တာကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ရေနံသယ်ယူပို့ဆောင်ရေးဆိုင်ရာ အချက်အလက်များကို ဆန်းစစ်သည့် Vortexa အဖွဲ့၏ ထုတ်ပြန်ချက်အရ မေလအတွင်း အီရန်၏ ရေနံတင်ပို့မှုသည် တစ်ရက်လျှင် ရေနံစည်ပေါင်း ၂၀၉,၀၀၀ သာရှိခဲ့ပြီး မတ်လအတွင်းက တစ်ရက်လျှင် ရေနံစည်ပေါင်း ၁ ဒသမ ၉ သန်းနီးပါး၊ ဧပြီလက တစ်ရက်လျှင် ၁ ဒသမ ၃၄ သန်း ရှိခဲ့ရာမှ သိသိ သာသာ ကျဆင်းသွားခြင်း ဖြစ်သည်။
ထိုကဲ့သို့ ရေနံတင်ပို့မှုပမာဏ ထိုးဆင်းသွားခြင်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ပထမသက်တမ်းအတွင်း အီရန်အပေါ် အဆုံးစွန် ဖိအားပေးမှု မူဝါဒကို ကျင့်သုံးခဲ့သည့် ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့် နှစ် ကာလနောက်ပိုင်း အနိမ့်ဆုံးအဆင့်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

အီရန်နဲ့ဟော်မုဇ်ရေလက်ကြားကို တွေ့ရစဉ်
အီရန်ဆိပ်ကမ်းများသို့ သင်္ဘောများ အဝင်/အထွက် မရှိအောင် တားဆီးရန် ရည်ရွယ်ပြီး ဧပြီလ ၁၃ ရက်တွင် အမေရိကန်က ရေတပ်ဖြင့် စတင်ပိတ်ဆို့ခဲ့ပြီးနောက် ယခုကဲ့သို့ အီရန်၏ ရေနံတင်ပို့မှု ကျဆင်းခဲ့ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်ခဲ့ခြင်းကြောင့် ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ အီရတ်နှင့် ယူအေအီးနိုင်ငံများမှ ရေနံတင်ပို့မှုများပါ ပြတ်တောက်သွားစေခဲ့ပြီး ကမ္ဘာ့ရေနံစျေးကွက်အတွင်း အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။
Vortexa မှ လေ့လာဆန်းစစ်သူ တစ်ဦးဖြစ်သည့် ကလဲရား ဂျန်းမန်း (Claire Jungman) က အီရန်နိုင်ငံ၏ ရေနံ တင်ပို့မှု ကျဆင်းသွားရခြင်း၏ အဓိက အကြောင်းရင်းများမှာ ဟော်မုဇ်ရေလက်ကြားတစ်ဝိုက် ပြတ်တောက်မှုများ ဖြစ်ပေါ်ခြင်း၊ အမေရိကန်ရေတပ်၏ ပိတ်ဆို့မှုများနှင့် လက်ရှိ လုံခြုံရေးအရ စိုးရိမ်ရသည့် အခြေအနေများကြောင့် သင်္ဘောပိုင်ရှင်များ၊ လုပ်ငန်းလည်ပတ်သူများ၊ အာမခံကုမ္ပဏီများနှင့် ကုန်သွယ်ဖက်များအနေဖြင့် ၎င်းတို့၏ သင်္ဘောများနှင့် သင်္ဘောသားများကို စေလွှတ်ရန် ဝန်လေးနေကြခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်နဲ့ဟော်မုဇ်ရေလက်ကြားကို တွေ့ရစဉ်
စွမ်းအင်ဆိုင်ရာ အချက်အလက်များကို ဆန်းစစ်သည့် Kpler အဖွဲ့၏ ထုတ်ပြန်ချက်များတွင်လည်း မေလအတွင်း အီရန်၏ ရေနံတင်ပို့မှုသည် တစ်ရက်လျှင် ရေနံစည်ပေါင်း ၂၆၀,၀၀၀ ခန့်ရှိခဲ့ပြီး ထိုပမာဏသည် Vortexa အဖွဲ့၏ စာရင်းဇယားထက် အနည်းငယ် ပိုမိုများပြားသော်လည်း ခြောက်နှစ်တာ ကာလအတွင်း အနိမ့်ဆုံး အဆင့်တွင်သာ ရှိနေဆဲ ဖြစ်သည်။
အကယ်၍ ယခုအခြေအနေသည် ရေရှည်ဖြစ်ပွားနေမည်ဆိုပါက အီရန်အနေဖြင့် ၎င်းတို့၏ အဓိက စျေးကွက် လည်းဖြစ်၊ အရေးပါသော စွမ်းအင် ဝင်ငွေရရှိရာ အရင်းအမြစ်လည်းဖြစ်သည့် တရုတ်နိုင်ငံသို့ ရေနံတင်ပို့မှု ပမာဏကို ဆက်လက် ထိန်းသိမ်းထားနိုင်လိမ့်မည် မဟုတ်ကြောင်း Kpler မှ လေ့လာဆန်းစစ်သူ ဟိုမာယွန် ဖာလက်ရှာဟီ (Homayoun Falakshahi) က ပြောကြားခဲ့သည်။
နောက်ဆုံး ရရှိထားသည့် အချက်အလက်များအရ တရုတ်နိုင်ငံ၏ အီရန်ရေနံစိမ်း တင်သွင်းမှုသည် မေလတွင် တစ်ရက်လျှင် ရေနံစည်ပေါင်း ၁ ဒသမ ၁၀ သန်းအထိ ကျဆင်းသွားခဲ့ပြီး၊ ထိုပမာဏသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 232
CNI International News
ကိယက်ဗ်၊ ဇွန်လ ၆
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskyy) သည် ဇွန်လ ၄ ရက်က ရုရှားသမ္မတ ပူတင် (Vladimir Putin) ထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး လူချင်းတွေ့ဆုံကာ မျက်နှာချင်းဆိုင် ညှိနှိုင်း ဆွေးနွေးကြရန် တောင်းဆိုလိုက်ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ထိုစာသည် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ဇာလန်းစကီးက ပူတင် ထံသို့ လူသိရှင်ကြား တိုက်ရိုက် ရေးသားပေးပို့သည့် ပထမဆုံး သဝဏ်လွှာဖြစ်ပြီး ပူတင် ၂၆ နှစ်တာ အာဏာချုပ် ကိုင်မှု သမိုင်းကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြင်းပြင်းထန်ထန် ဝေဖန်ပုတ်ခတ်ထားသည်။
ဇလန်းစကီးက အမေရိကန်၏ ဦးစားပေး လုပ်ဆောင်ရမည့် ကိစ္စရပ်များ ပြောင်းလဲသွားခြင်းကို ဝန်ခံပြောဆိုခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရအဖွဲ့အနေဖြင့် အီရန်စစ်ပွဲ အပေါ်တွင်သာ အာရုံစိုက် နေချိန်၌ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် အမေရိကန်၏ အာရုံစိုက်မှုကို ထိုင်စောင့်နေခြင်းသည် မှားယွင်းလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှားပြည်သူ အများစုသည် ယူကရိန်း၏ ဒုံးကျည်နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုများနှင့် စက်သုံးဆီ ပြတ်လပ်မှု ဒဏ်များကို စိတ်ပျက် ငြီးငွေ့နေကြပြီဖြစ်ပြီး၊ ငြိမ်းချမ်းရေးအတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ထိုစာထဲတွင် ဇာလန်းစကီးက ရေးသားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
“ကျနော်တို့ နှစ်ယောက်ကြား တိုက်ရိုက် ထိတွေ့ဆက်ဆံမှုကတစ်ဆင့် ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ကမ်းလှမ်းပါ တယ်။ ကျနော်ကတော့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာပါ။ တကယ်လို့ ဒီစစ်ပွဲကို အဆုံးသတ်ရမယ့်အချိန် ရောက်ပြီဆိုတာကို သင်ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူးဆိုရင်တော့ ယူကရိန်းဟာ ကိုယ့်ရဲ့ ဖြစ်တည်မှုအတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်” ဟု ဇာလန်းစကီးက ပူတင်ထံ ပေးခဲ့သည့် စာထဲတွင် ရေးသားခဲ့သည်။
ထရမ့်ကလည်း ပူတင်နှင့် ဇာလန်းစကီးတို့ တွေ့ဆုံမည်ဆိုပါက အလွန်ကောင်းမွန်လိမ့်မည်ဖြစ်ပြီး ၎င်းတို့နှစ်ဦး အစည်းအဝေး ဖြစ်မြောက်အောင် လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။
ကရင်မလင်နန်းတော်ကမူ ဇာလန်းစကီး၏ ပေးစာကို ရရှိထားပြီးဖြစ်ကြောင်း၊ ထိုစာနှင့်ပတ်သက်ပြီး ပူတင်ကို အစီရင်ခံ တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ပေးစာကို သံတမန်ရေးရာ လမ်းကြောင်းများမှတဆင့် တရားဝင် ထပ်မံ ပေးပို့သွားမည်ဖြစ်ကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာ (Andrii Sybiha) ကလည်း X လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။
ယခုပေးစာသည် စစ်ပွဲကို အဆုံးသတ်ရန် ရှင်းလင်းပြီး လက်တွေ့ လုပ်ဆောင်နိုင်တဲ့ အစီအစဉ်များ၊ ကိုယ်တိုင် ကိုယ်ကျ တွေ့ဆုံဆွေးနွေးရေး ဖိတ်ကြားချက်များ ပါဝင်သည့် အဓိပ္ပာယ်ပြည့်ဝသော ကမ်းလှမ်းမှုတစ်ခု ဖြစ်ကြောင်း ဆီဘီဟာက ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 234
CNI International News
ဘေရွတ်၊ ဇွန်လ ၆
လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့သည် အစ္စရေးနှင့် လက်ဘနွန်အစိုးရကြား နောက်ဆုံးရရှိထား သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ငြင်းပယ်ကြောင်း ဇွန်လ ၄ ရက်တွင် ကြေညာခဲ့သည်ဟု အေပီ မှ ဖော်ပြခဲ့သည်။
လက်ဘနွန်နိုင်ငံအတွင်း တိုက်ပွဲများ ပိုမို ပြင်းထန်လာခြင်းကြောင်း အီရန်စစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းမှုများ ကို အဟန့်အတား ဖြစ်နေချိန်တွင် အစ္စရေးတပ်ဖွဲ့များကို လက်ဘနွန်နိုင်ငံအတွင်းမှ အပြီးသတ် ဆုတ်ခွာပေးရန် ဟစ်ဇ်ဘိုလာအဖွဲ့က တောင်းဆိုခဲ့သည်။
လက်ဘနွန်ဒေသန္တရအာဏာပိုင်များ၏ ပြောကြားချက်အရ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများကြောင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီးနောက် ဟစ်ဇ်ဘိုလာအဖွဲ့၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် လက်ဘနွန်တောင်ပိုင်း တိုက်ပွဲအတွင်း အစ္စရေးစစ်သားတစ်ဦးလည်း သေဆုံးခဲ့သည်။
ဟစ်ဇ်ဘိုလာခေါင်းဆောင် နာအင် ကက်ဆမ် (Naim Kassem) က ရုပ်မြင်သံကြားမှတစ်ဆင့် ဖတ်ကြားခဲ့သည့် ကြေညာချက်တွင် လက်ရှိ လုပ်ဆောင်နေသော ညှိနှိုင်းမှုများသည် အဓိပ္ပာယ်မရှိဘဲ သိက္ခာကျစရာဖြစ်ပြီး စော်ကားလွန်းသည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။

ခံတပ်ဟောင်းကို တွေ့ရစဉ်
တိုက်ပွဲများ ဖြစ်ပွားနေချိန်အတွင်း ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားများ လက်ဘနွန်တောင်ပိုင်းမှ ထွက်ခွာပေး ရန် သဘောတူညီချက်၏ တောင်းဆိုချက်သည် လက်နက်ချ အရှုံးပေးသည့် သဘောဖြစ်ကြောင်း ကက်ဆမ်က ဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ သူသည် ဟစ်ဇ်ဘိုလာအဖွဲ့အပြင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) နှင့်ပါ စကားပြောဆိုခဲ့ပြီး တိုးတက်မှုအချို့ ရှိကြောင်း ပြောကြားခဲ့သည်။
“အဲဒီဒေသမှာ တစ်ခုခု ထူးခြားဖြစ်ပျက်လာတာကို ခင်ဗျားတို့ မြင်တွေ့ရလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ လက်ဘနွန်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး ရသွားမယ်ဆိုရင် တကယ် ကောင်းမှာပါ။ လက်ဘနွန်ဟာ နှစ်ပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရပြီး အမြဲတမ်း အားနည်းတဲ့ အခြေအနေမှာ ရှိနေခဲ့တာမို့ ဒါတွေအားလုံး အဆုံးသတ်သွားနိုင်ရင် တကယ်ကို အဆင်ပြေမှာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 251
CNI International News
ဘန်ကောက်၊ ဇွန်လ ၅
ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းဝန်ကြီး သူရဆက် ပန်ချာရွန်ဝိုရာကူလ် (Surasak Phancharoenworakul) က ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိသည့် အပန်းဖြေကျွန်းများပေါ်ရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ၊ ဟန်ပြဖွင့်လှစ်ထားသော စီးပွားရေးလုပ်ငန်းများကို တင်းကျပ်သည့် စည်းကမ်းများဖြင့် ကိုင်တွယ်သွားမည်ဖြစ်ပြီး ဒုစရိုက်ဂိုဏ်းများနှင့် ဆက်နွှယ်နေသည့် အရာရှိများအား ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကတိပြုခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ကော့စမွီ (Koh Samui) နှင့် ကော့စမက် (Koh Samet) ကျွန်းများ အပါအဝင် လူသိများသော အပန်းဖြေကျွန်း များပေါ်တွင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများအပေါ် တိုက်ခိုက် စော်ကားမှုများနှင့် လုံခြုံရေးဆိုင်ရာ မတော်တဆမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးစံနှုန်းများကို မြှင့်တင်ရန်နှင့် ထိုင်းနိုင်ငံ၏ ခရီးသွား လုပ်ငန်းပုံရိပ်ကို သိက္ခာပြန်ဆယ်ရန်အတွက် ဆောင်ရွက်မည့် အစီအမံများကို သူရဆက်က ချပြခဲ့သည်။
ဥပဒေကို တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်း အရေးယူနိုင်ရန်အတွက် ဝန်ကြီးဌာန အနေဖြင့် အုပ်ချုပ်ရေးပိုင်းမှ အာဏာ ပိုင်များ၊ ကမ္ဘာလှည့် ခရီးသွားရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက အတည်ပြု ပြော ကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းဝန်ကြီး သူရဆက် ပန်ချာရွန်ဝိုရာကူလ်ကို တွေ့ရစဉ်
အာဏာပိုင်များသည် အထူးသဖြင့် တောင်ပိုင်းဒေသများရှိ ကျွန်းများပေါ်တွင် ဒုစရိုက်ဂိုဏ်းများပုံစံ လွှမ်းမိုး ချုပ်ကိုင်မှုများကို အမြစ်ပြတ် ချေမှုန်းရန်အတွက် ဆိုင်ခန်းများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် အများ ပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူများကို ကျယ်ကျယ်ပြန့်ပြန့် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ် သွားမည်ဖြစ်သည်။
အကယ်၍ မည်သည့် အရာရှိမဆို ပြစ်မှုကျူးလွန်သူများနှင့် ပတ်သက် ဆက်နွှယ်နေခြင်း၊ ဒုစရိုက်မှုကို မျက်ကွယ် ပြုထားခြင်း သို့မဟုတ် ကူညီပံ့ပိုးပေးထားခြင်းတို့ရှိကြောင်း စုံစမ်းတွေ့ရှိရပါက ဥပဒေအရ အပြင်းထန်ဆုံး အရေး ယူမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) နှင့် ဒုတိယဝန်ကြီးချုပ် စူဖာဂျီ စူသမ်ဖန် (Suphajee Suthumpun) တို့ ဦးဆောင်သည့် အစိုးရအဖွဲ့၏ တင်းကျပ်သော လုံခြုံရေးမူဝါဒ ချမှတ်ပြီးနောက်ပိုင်း ယခုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်းအာဏာပိုင်တွေက ပြည်သူတွေကို စကားပြောနေစဉ်
ထို့ပြင် ဗီဇာသက်တမ်း ကုန်ဆုံးသည့်တိုင် အိုဗာစတေး (Overstay) ဖြင့် ဆက်လက် နေထိုင်သည့် နိုင်ငံခြားသား များကို စိစစ်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့တွင် ကူညီပေးနိုင်ရန်အတွက် နည်းပညာများကိုလည်း အသုံးပြုသွားမည် ဖြစ်သည်။
တရုတ်သံရုံးသည် ထိုင်းနိုင်ငံအတွင်းသို့ စည်းကမ်းရှိသည့် ကမ္ဘာလှည့်ခရီးသွားများ လာရောက် လည်ပတ်စေရန် နှင့် နှစ်နိုင်ငံစလုံး၏ ပုံရိပ်ကို ကာကွယ်ရန်အတွက် တရုတ်နိုင်ငံသားများကို စိစစ်ကြပ်မတ်ရာတွင် ပူးပေါင်း ဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း သူရဆက်က ပြောကြားခဲ့သည်။
သူရဆက်က သူသည် မကြာသေးမီက ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းကျန့်ဝေ (Zhang Jianwei) နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။
“အခုအချိန်ဟာ လုံခြုံရေးကို အလေးအနက်ထား လုပ်ဆောင်ရမယ့် အချိန်ဖြစ်ပါတယ်။ သာမန် လူတစ်ယောက်က ပြစ်မှုကျူးလွန်ရင် ချက်ချင်းဖမ်းဆီးရမှာ ဖြစ်သလို၊ လုပ်ငန်း လုပ်ကိုင်သူတစ်ဦးရဲ့ ပေါ့ဆမှုကြောင့် ဆုံးရှုံးနစ်နာမှု တွေ ဖြစ်ပေါ်လာရင်လည်း ဥပဒေနဲ့အညီ အမြန်ဆုံး ပြုပြင်တည့်မတ်သွားဖို့ ညွှန်ကြားရမှာ ဖြစ်ပါတယ်” ဟု သူရဆက်က ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 197
CNI International News
ဘန်ကောက်၊ ဇွန်လ ၅
ထိုင်းဘုရင်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြစ်ဒဏ်မှ လွတ်မြောက်လာခဲ့သည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် (Thaksin Shinawatra) သည် ဖြူးထိုင်းပါတီ၏ အတွင်းရေး စီမံခန့်ခွဲမှုများကို လွှမ်းမိုးချုပ်ကိုင်ရန် ပြန်လည် ဝင်ရောက် လာတော့မည် မဟုတ်ကြောင်း ဖြူးထိုင်းပါတီ၏ ထိပ်သီးခေါင်းဆောင်နှစ်ဦးက ဇွန်လ ၄ ရက်တွင် အတည်ပြုခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ဇွန်လ ၃ ရက်နေ့တွင် ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် သက်ဆင်၏ ခံဝန်ဖြင့် လွတ်မြောက်နေသည့်ကာလ ပြီးဆုံးသွားခဲ့ပြီးနောက် ဖြူးထိုင်းပါတီ ခေါင်းဆောင်များ၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သက်ဆင်၏ အခန်းကဏ္ဍနှင့် ပတ်သက်သည့် မေးခွန်းများကို အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များနှင့် သီးခြားစီ ခွဲခြားရှုမြင်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင် မှုဆိုင်ရာဝန်ကြီး ယော့ချာနန် ဝေါင်ဆာဝပ် (Yodchanan Wongsawat) က ဇွန်လ ၄ ရက်တွင် အစိုးရအိမ်တော်၌ ပြောကြားခဲ့သည်။
အစိုးရအဖွဲ့ အနေဖြင့် နိုင်ငံကို စီမံခန့်ခွဲရန် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ ရှိပြီးသားဖြစ်ကြောင်းနှင့် ဝန်ကြီး တစ်ဦးချင်းစီကလည်း မိမိတို့၏ ကျရာတာဝန်များကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြကြောင်း ယော့ချာနန် က ပြောသည်။
ပါတီစီမံခန့်ခွဲမှုပိုင်းသည် သီးခြားကိစ္စရပ် တစ်ခုဖြစ်ပြီး ဖြူးထိုင်းပါတီ၏ တရားဝင်ဖွဲ့စည်းပုံယန္တရား အောက်တွင် သာ ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖြူးထိုင်းပါတီ ခေါင်းဆောင်များကို တွေ့ရစဉ်
ဖြူးထိုင်းပါတီတွင် ပါတီအရေး ကိစ္စများကို ပံ့ပိုးကူညီရန် အကြံပေးယန္တရားတစ်ခု ရှိနှင့်ပြီးသားဖြစ်ကြောင်း၊ ပါတီ၏ အနာဂတ်နိုင်ငံရေး ဦးတည်ချက်နှင့် ကိုက်ညီစေရန်အတွက် အတွင်းရေး စီမံခန့်ခွဲမှုပိုင်းကိုလည်း ပြင်ဆင် ညှိနှိုင်းမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း ယော့ချာနန်က ပြောကြားခဲ့သည်။
သက်ဆင် အနေဖြင့် နိုင်ငံရေးမှ နောက်ဆုတ်ပေးလိုက်ပြီး ဖြူးထိုင်းပါတီ၏ တာဝန်ဝတ္တရားများကို သမီးဖြစ်သူ ပေတုန်တန် (Paetongtarn Shinawatra) နှင့် ယော့ချာနန်တို့ထံ လွှဲပြောင်း ပေးအပ်လိုက်ပြီဆိုသည့် သတင်း များနှင့် ပတ်သက်၍ မေးမြန်းရာတွင် ယော့ချာနန်က အစိုးရအဖွဲ့၏ လုပ်ငန်းများနှင့် ပါတီအရေးကိစ္စများကို သီးခြားစီ သဘောထားရမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
အစိုးရအဖွဲ့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို အစိုးရကသာ အပြည့်အဝ ကိုင်တွယ် ဖြေရှင်းသွားမည်ဖြစ်ပြီး၊ ပါတီ စီမံခန့်ခွဲမှုပိုင်းကိုမူ ဖြူးထိုင်းပါတီ၏ စည်းမျဉ်းစည်းကမ်းများနှင့် အတွင်းပိုင်း ဖွဲ့စည်းပုံအတိုင်းသာ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နောက်ထပ် ဖြူးထိုင်းပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သည့် အလုပ်သမားရေးရာဝန်ကြီး ဂျူလာပန် အမ်မွန်ဗီဗတ် (Julapun Amornvivat) ကလည်း သက်ဆင်သည် ဖြူးထိုင်းပါတီကို လွှမ်းမိုးချုပ်ကိုင် လာလိမ့်မည်ဆိုသည့် ထင်ကြေးပေးမှုများကို ငြင်းပယ်ခဲ့သည်။
သက်ဆင်နှင့် ဖြူးထိုင်းပါတီကြား လွှမ်းမိုးချုပ်ကိုင်မှုများနှင့် ပတ်သက်သည့် မေးခွန်းများသည် အတိတ်တွင် ကျန်ခဲ့ပြီဖြစ်ကြောင်း၊ လက်ရှိတွင် ပါတီသည် ကိုယ်ပိုင်ဦးတည်ချက် အခိုင်အမာရှိထားပြီဖြစ်ကြောင်း ဂျူလာပန်က ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 278
CNI International News
ဝါရှင်တန်၊ ဇွန်လ ၅
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် လက်ဘနွန်နှင့် အစ္စရေးကြား ပဋိပက္ခများကို အဆုံးသတ်ရန် ရည်ရွယ်ပြီး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြကြောင်း CNA မှ ဖော်ပြခဲ့သည်။
အမေရိကန်နှင့် ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ ယခု အပစ်အခတ်ရပ်စဲရေးသည် အီရန်လိုလားသော ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ဘက်မှ ပစ်ခတ်မှုများကို လုံးဝ ရပ်တန့်ရန်နှင့် လီတာနီတောင်ပိုင်းဒေသ (South Litani Sector) မှ ဟစ်ဇ်ဘိုလာ တပ်ဖွဲ့ဝင်အားလုံး ဆုတ်ခွာပေးရန်ဆိုသည့် အချက်များအပေါ် မူတည်နေသည်။
လက်ဘနွန်စစ်တပ် အနေဖြင့် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို ဖယ်ထုတ်ပြီး အဆိုပါ နယ်မြေကို အပြည့်အဝ ထိန်းချုပ်သွားမည့် ရှေ့ပြေးဇုန်များ ဖော်ဆောင်ရေးအား အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် နှစ်ဦးနှစ်ဖက်စလုံးက အမေရိကန်၏ လမ်းညွှန်မှုဖြင့် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အစ္စရေးနှင့် လက်ဘနွန်တို့သည် ပြီးခဲ့သည့် ဧပြီလကတည်းက တိုက်ခိုက်မှုများ ရပ်စဲရန် ကနဦး သဘောတူညီခဲ့ ကြပြီး မေလတွင် သက်တမ်းတိုးခဲ့ကြသော်လည်း အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေခဲ့သည်။

ဇွန်လ ၃ ရက်က လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး ဘေရွတ် (Beirut) မြို့တော်တောင်ပိုင်းရှိ မော်တော်ယာဉ်တစ်စီးလည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရ ကြောင်း လက်ဘနွန်လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အစ္စရေးကလည်း ဟစ်ဇ်ဘိုလာအဖွဲ့က လွှတ်တင်ခဲ့သည်ဟု ယူဆရသည့် ရန်သူ့လေယာဉ်တစ်စင်းကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဇွန်လ ၁ ရက်တွင် ကြေညာခဲ့သည့် အမေရိကန်က ကြားဝင်စေ့စပ်ပေးသော သဘောတူညီချက်အရ အစ္စရေး အနေဖြင့် ဟစ်ဇ်ဘိုလာအဖွဲ့ ထိန်းချုပ်ထားသည့် ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များကို တိုက်ခိုက် ခြင်းမှ နောက်ဆုတ်ပေးခဲ့ပြီး အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများကို ရပ်တန့်ခဲ့သည်။
အီရန်အစိုးရကို ထောက်ခံပြီး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ဟစ်ဇ်ဘိုလာအဖွဲ့ကို နှိမ်နင်း ရန်အတွက် အစ္စရေးသည် ပြီးခဲ့သည့် မတ်လအတွင်းက လက်ဘနွန်နိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
အီရန်ကမူ အစ္စရေးနှင့် လက်ဘနွန်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရှိပါက အမေရိကန်နှင့် ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက် ရယူမည်မဟုတ်ကြောင်း ပြောကြားထားသည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 281
CNI International News
ပြုံယမ်း၊ ဇွန်လ ၅
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် နျူကလီးယား ကုန်ကြမ်းပစ္စည်းများ ထုတ် လုပ်ရေး စက်ရုံသို့ သွားရောက်ခဲ့ပြီး နျူကလီးယား လက်နက်အင်အားကို တစ်ဟုန်ထိုး မြှင့်တင်သွားမည်ဟု ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း လက်နက် ထုတ်လုပ်ရန် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့် နျူကလီးယား ပစ္စည်း ထုတ်လုပ်နိုင်မှု စွမ်းရည်သည် ယခင်ကထက် ၂ ဆကျော် မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း ကင်မ် ပြောကြားခဲ့ ပြီး မဟာဗျူဟာမြောက် ရည်မှန်းချက်များကို ပြည့်မီစေရန်အတွက် ထုတ်လုပ်မှုနှုန်းအား ပိုမိုတိုးမြှင့်သွားရန် တာဝန်ရှိသူများကို ညွှန်ကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဇွန်လ ၃ ရက်တွင် ဖော်ပြခဲ့သည်။
ထိုခရီးစဉ်အတွင်း ကင်မ်သည် ပိုမိုအဆင့်မြင့်သော နည်းပညာများ ထည့်သွင်းထားသည့် ထုတ်ကုန် လုပ်ငန်းစဉ် အသစ်များနှင့် ပတ်သက်သည့် ရှင်းလင်း တင်ပြချက်များကို နားထောင်ခဲ့ပြီး လက်ရှိ လုပ်ငန်းစဉ် လျာထားချက် များနှင့် အနာဂတ် အစီအစဉ်များကို ပြန်လည်သုံးသပ်ခဲ့သည်ဟု ဆိုသည်။
နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများတွင် ကင်မ်သည် စက်ရုံအတွင်းရှိ စက်ပစ္စည်း ကိရိယာများ ကြားတွင် လမ်းလျှောက်နေသည်ကို တွေ့ရပြီး ထိုအဆောက်အအုံသည် မြောက်ကိုရီးယား၏ အဓိက နျူကလီး ယား စက်မှုဇုန်ဖြစ်သော ယောင်ဗြွန် (Yongbyon)တွင် တည်ရှိနေခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
အလွန်ဆိုးရွားသည့် ရန်သူများနှင့် ထိပ်တိုက် တွေ့ဆုံနေရခြင်း၊ ပိုမိုဆိုးရွားလာသည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက် မှုများကြောင့် ယခုကဲ့သို့ နျူကလီးယားစွမ်းရည် တိုးချဲ့မှုမှာ မဖြစ်မနေ လိုအပ်ကြောင်း ကင်မ်က ပြောကြားခဲ့ သည်။
နျူကလီးယားအင်အားကို ပိုမိုခိုင်မာစေရန်အတွက် အစည်းအဝေးတစ်ခုကို ဇွန်လ ၃ ရက်တွင် ပြုလုပ်ခဲ့ပြီး နျူကလီးယား လက်နက်တိုက်အား အရည်အသွေးအရရော အရေအတွက်အရပါ အရှိန်အဟုန်မြှင့် တိုးချဲ့သွားရန် ကင်မ်က လမ်းညွှန်ချက်များ ချမှတ်ခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
မိမိတို့၏ နျူကလီးယားအင်အားကို အဆမတန်တိုးမြှင့်ရန် ရည်ရွယ်ရေးဆွဲထားသည့် ရည်မှန်းချက်ကြီးမားသော အနာဂတ်စီမံကိန်းအား အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် အစီအမံများကို ချမှတ်ထား ပြီးဖြစ်ကြောင်း ကင်မ်က ပြောကြားခဲ့သည်။
ဇွန်လ ၄ ရက်တွင် ထုတ်ဖော်ပြသခဲ့သည့် ဓာတ်ပုံထဲတွင် မြင်တွေ့ရသော နျူကလီးယား အဆောက်အအုံသည် ယူရေနီယံသန့်စင်သည့် စက်ရုံဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကင်မ်၏ ယခုခရီးစဉ်သည် မြောက်ကိုရီးယား၏ နျူကလီးယားအင်အား အရှိန်အဟုန်မြှင့် တည်ဆောက်နေမှုကို တရားဥပဒေကြောင်းအရ အကြောင်းပြချက် ခိုင်လုံစေရန် ထုတ်ပြန် ကြေညာခြင်း ဖြစ်နိုင်ကြောင်း လေ့လာဆန်း စစ်သူများက သုံးသပ်ခဲ့သည်။
Source: ရိုက်တာ
