- By CNI
- Category: နိုင်ငံရေး
- Hits: 2943
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၂၀
ပြီးခဲ့သည့် သီတင်းပတ်က လုပ်ကြံသတ်ဖြတ်သည့် အားထုတ်ကြိုးပမ်းမှုမှ အသက်ရှင် လွတ်မြောက်ခဲ့သော အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) က နိုဝင်ဘာလတွင် ပြုလုပ်မည့် သမ္မတ ရွေးကောက်ပွဲ၌ နောက်တစ်ကြိမ် အနိုင်ရခဲ့မည်ဆိုပါက ကမ္ဘာပေါ်မှာ ဖြစ်ပွားနေသည့် ပဋိပက္ခများ အဆုံသတ် သွားလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း NDTV မှ ဖော်ပြခဲ့သည်။
ယနေ့ခေတ် ကမ္ဘာကြီးသည် တတိယကမ္ဘာစစ် ဖြစ်ပွားမည့် အခြေအနေသို့ နီးကပ်စွာ ရောက်ရှိနေကြောင်း၊ သူသာ သမ္မတ ဖြစ်လာခဲ့မည်ဆိုပါက အစ္စရေး-ဟားမာ့စ်စစ်ပွဲ၊ ရုရှား-ယူကရိန်းစစ်ပွဲ အပါအဝင် နိုင်ငံတကာ ပဋိပက္ခ အားလုံးကို အဆုံးသတ် ပေးနိုင်လိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။
ထရမ့်သည် ဇူလိုင် ၁၆ ရက်က ရီပတ်ဘလစ်ကန် အမျိုးသားညီလာခံကို တက်ရောက်ခဲ့ပြီးနောက် ရီပတ်ဘလစ်ကန်ပါတီအား ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခံရမှုကို တရားဝင် လက်ခံခဲ့သည်။
ယူကရိန်းနဲ့ရုရှားစစ်ပွဲကိုတွေ့ရစဉ်
“ကျနော်တို့ ကမ္ဘာကြီးက တတိယကမ္ဘာစစ်ဖြစ်ဖို့ နီးစပ်နေပါပြီ။ အဲဒီစစ်ပွဲဟာ တခြား ဘယ်စစ်ပွဲနဲ့မှ တူမှာမဟုတ် ပါဘူး။ ကျနော် သမ္မတဖြစ်လာရင် အခုအစိုးရက ဖန်တီးခဲ့တဲ့ နိုင်ငံတကာ ပဋိပက္ခတွေ အားလုံးကို အဆုံးသတ် သွားမှာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။
ထို့ပြင် ထရမ့်က သူသမ္မတ ဖြစ်နေချိန်တွင် အစ္စရေး-ဟားမာ့စ်စစ်ပွဲနှင့် ရုရှား-ယူကရိန်းစစ်ပွဲများ ဖြစ်လာလိမ့်မည် မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။
ရီပတ်ဘလစ်ကန်ပါတီ ညီလာခံ၏ နောက်ဆုံးနေ့တွင် ပြောကြားသော မိန့်ခွန်း၌ ထရမ့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၃ ရက် လုပ်ကြံခံရမှုဖြစ်ပွားပြီးနောက် ပထမဆုံးပြောကြားသော မိန့်ခွန်းတွင် ထရမ့်က သမ္မတဂျိုးဘိုင်ဒန် (Joe Biden) ကို ထိုးနှက်တိုက်ခိုက်ခဲ့သည်။
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဂျိုးဘိုင်ဒန် လက်ထက်တွင် ကမ္ဘာ၏ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ပုံကို ပုံဖော်ရန်ကြိုးစားခဲ့ပြီး ကမ္ဘာသည် တတိယကမ္ဘာစစ် ဖြစ်လုနီးပါး အနေအထားကို ရောက်နေသည်ဟု ထရန့်က ပြောကြားခဲ့ကာ နိုင်ငံတကာ စင်မြင့် ထက်တွင် အမေရိကန်၏ ဂုဏ်သိက္ခာကို ပြန်တင်ပေးသွားမည်ဟု ကတိပြုခဲ့သည်။
“ကျနော်တို့ဟာ တစ်ကမ္ဘာလုံးမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဟန်ချက်ညီရေးတို့ကို ပြန်လည်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သော်လည်း မည်ကဲ့သို့ ဆောင်ရွက်သွားမည် ဆိုခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်များကို ပြောကြားခဲ့ခြင်းမရှိပေ။
ထရမ့်သည် ဇူလိုင် ၁၃ ရက်က ပင်ဆယ်လ်ဗေးနီးယား (Pennsylvania) ပြည်နယ်၊ ဘတ်တလာ (Butler) မြို့တွင် ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးပွဲ တစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသော်လည်း နားရွက်၌ ဒဏ်ရာရရှိခဲ့ပြီး အသက်ရှင် လွတ်မြောက်ခဲ့သည်။
Source: NDTV
![](/images/hjfhgjfhfghjfhg.jpg#joomlaImage://local-images/hjfhgjfhfghjfhg.jpg)
- By CNI
- Category: နိုင်ငံရေး
- Hits: 2272
CNI International News
ပြုံယမ်း၊ ဇူလိုင် ၂၀
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ပြုံယမ်း (Pyongyang) မြို့တော်သို့ ရောက်ရှိ လာသည့် ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇီ ကရီဗိုရုချ်ကို (Alexey Krivoruchko) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
ကင်မ်သည် ရုရှားနှင့် မြောက်ကိုရီးယားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၏ အရေးကြီးပုံနှင့် နှစ်နိုင်ငံ လုံခြုံရေး အကျိုးစီးပွားများကို အထောက်အကူဖြစ်စေရန် ကရီဗိုရုချ်နှင့် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA မှ ဖော်ပြခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် ၎င်း၏ နွေးထွေးသည့် နှုတ်ဆက် အမှာစကားကို ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အမှာစကားပါးခဲ့ပြီး ကင်မ်ကလည်း ပူတင်၏ နှုတ်ဆက်စကားအတွက် ကျေးဇူးတင် ကြောင်း ပြန်လည် အမှာစကားပါးခဲ့သည်ဟု ဆိုသည်။
ယူကရိန်းတွင် ရုရှား၏ အထူးစစ်ဆင်ရေး ဆင်နွှဲနေချိန်၌ ရုရှားနှင့် စည်းလုံးညီညွတ်စွာရှိကြောင်း၊ ရုရှားစစ်တပ် သည် မိမိ၏ အချုပ်အခြာအာဏာနှင့် နိုင်ငံ့လုံခြုံရေးအတွက် တရားမျှတသည့် စစ်ပွဲကို ဆင်နွှဲနေသော အချက်ကို ထောက်ခံကြောင်း ကင်မ်က ပြောကြားခဲ့သည်။
ကင်မ်ဂျုံအန်နဲ့ပူတင်ကို တွေ့ရစဉ်
ထို့ပြင် ဇွန်လအတွင်းက ပူတင်နှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေး၏ အရေးကြီးပုံကို ကင်မ်က အလေးထား ပြောဆို ခဲ့ပြီး နှစ်နိုင်ငံ စစ်တပ်များအကြား ရှည်လျားသည့် သမိုင်းကြောင်း အစဉ်အလာနှင့် စစ်ရေးဆက်ဆံမှုများ ရှိခဲ့သည် ဟု ပြောကြားခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယား-ရုရှား ဆက်ဆံရေးသည် နိုင်ငံတကာ တရားမျှတမှု၊ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ဒေသတွင် တည်ငြိမ်ရေးကို ကာကွယ်ရာ၌ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ကင်မ်က ပြောကြားခဲ့ သည်။
ပူတင်သည် ဇွန်လ ၁၈ ရက်နှင့် ၁၉ ရက်တွင် ပြုံယမ်းမြို့တော်သို့ လာရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား ပြည့်စုံ ကျယ်ပြန့်သည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စာချုပ်ချုပ်ဆိုခဲ့ကာ ဆေးဝါး၊ ဆေးပညာ၊ သိပ္ပံပညာ နှင့် ဆောက်လုပ်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု ရရှိခဲ့သည်။
Source: တာ့စ်
![](/images/yifyhfifyigrfikjfyij7uf.jpg#joomlaImage://local-images/yifyhfifyigrfikjfyij7uf.jpg)
- By CNI
- Category: နိုင်ငံရေး
- Hits: 1783
CNI International News
ကိယက်ဗ်၊ ဇူလိုင် ၁၉
ယူကရိန်းတွင် AI နည်းပညာစနစ်များ တပ်ဆင်ထားသည့် တိုက်ပွဲဝင်ဒရုန်းများကို ကုမ္ပဏီအချို့က တီထွင်နေပြီး စစ်မြေပြင်၌ ရုရှားတပ်ဖွဲ့များအပေါ် နည်းပညာအသာစီးရရှိစေရန် ကြိုးပမ်းလုပ်ဆောင်နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
AI စနစ်များ တပ်ဆင်သည့် ဒရုန်းများသည် ရှေ့တန်းစစ်မျက်နှာပြင်တွင် ရုရှား၏ ဒရုန်းဖျက်စနစ်များကို ကျော်လွှားနိုင်စေရန်နှင့် ထိုကဲ့သို့ မောင်းသူမဲ့လေယာဉ် (UAV) များကို အများအပြား ထုတ်လုပ်နိုင်ရန် ယူကရိန်းက မျှော်လင့်ထားသည်။
ယူကရိန်းတွင် ထုတ်လုပ်နေသည့် AI ဒရုန်းများသည် ပစ်မှတ်များကို ခွဲခြားခြင်း၊ မြေပြင်အနေအထားကို ခြေရာခံ ခြင်းနှင့် ပိုမိုရှုပ်ထွေးသော ပရိုဂရမ်များဖြင့် စစ်မြေပြင်၌ ယူကရိန်းတပ်ဖွဲ့များအတွက် ကြီးမားစွာ အထောက်အကူ ပြုစေမည်ဖြစ်သည်။
နည်းပညာမြင့် ဒရုန်းများကို တပ်ဆင်နေစဉ်
ယူကရိန်း၏ စတင်အခြေတည်စ ကုမ္ပဏီတစ်ခုဖြစ်သည့် Swarmer ကုမ္ပဏီသည် ဒရုန်းများကို ကွန်ရက်တစ်ခု အတွင်း ချိတ်ဆက်ပေးသော ဆော့ဖ်ဝဲကို တီထွင်နေပြီး လူသားများကို ထိန်းချုပ်မောင်းနှင်ရ လွယ်ကူစေသည့် စနစ်များနှင့် တိုက်ခိုက်မှုစနစ်များကို လုပ်ဆောင်လျက်ရှိသည်။
"လူသားပိုင်းလော့တွေနဲ့ ဒရုန်းကို ထိန်းချုပ်မောင်းနှင်ဖို့ ကြိုးစာချိန်မှာ အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒရုန်း ၁၀ စင်း ဒါမှမဟုတ် အစင်း ၂၀ လောက်ရှိတဲ့ ဒရုန်း အုပ်စုကြီးကို ဒရုန်းမှာတပ်ထားတဲ့ ကင်မရာအမြင်နဲ့ ထိန်းချုပ် မောင်းနှင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး" ဟု Swarmer ကုမ္ပဏီ စီအီးအို ဆာဟိုင်း ကူပရီယန်ကို (Serhiy Kupriienko) က ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်က ယူကရိန်းကို ရုရှားက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ချိန်ကစပြီး လုပ်ငန်းများ စတင်လည်ပတ်ခဲ့သည့် နည်းပညာကုမ္ပဏီ ၂၀၀ ကျော်အနက် Swarmer ကုမ္ပဏီသည် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။
ပစ်မှတ်ထိကျတဲ့ ဒရုန်းကိုတွေ့ရစဉ်
IT နည်းပညာ ကျွမ်းကျင်သည့် အရပ်သားများသည် ဒရုန်းများနှင့် အခြားစစ်မြေပြင်သုံး ပစ္စည်းများကို ထုတ်လုပ်ခဲ့ ကြပြီး မိမိတို့ထက် အင်အားကြီးသည့် ရုရှားစစ်တပ်ကို ခုခံတိုက်ခိုက်နေသော ယူကရိန်းတပ်ဖွဲ့များအား တစ်ဖက်တစ်လမ်းမှ အကူအညီပေးခဲ့ကြသည်။
လူသားများဖြင့် ထိန်းချုပ်မောင်းနှင်သည့် ဒရုန်းစစ်ဆင်ရေးများတွင် ဒရုန်း ၅ စင်းကျော်လာပါက ထိန်းချုပ် မောင်းနှင်ရ ခက်ခဲလာမည်ဖြစ်ပြီး AI နည်းပညာဖြင့်ဆိုပါက ဒရုန်းပေါင်း ရာချီ ပျံသန်းမောင်းနှင် နိုင်လိမ့်မည်ဟု ကူပရီယန်ကိုက ပြောကြားခဲ့သည်။
ယူကရိန်း၏ တာဝေးပျံသန်းနိုင်သည့် ဒရုန်းအချို့ကို AI စနစ်များ တပ်ဆင်ပြီး ရုရှားနိုင်ငံအတွင်းရှိ စစ်ဘက် အဆောက်အအုံများ ရေနံစက်ရုံများအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။
Source: ရိုက်တာ
![](/images/nmyr6kymrkrfy7kr7.jpg#joomlaImage://local-images/nmyr6kymrkrfy7kr7.jpg)
- By CNI
- Category: နိုင်ငံရေး
- Hits: 1405
CNI International News
တိုင်ပေ၊ ဇူလိုင် ၁၉
ထိုင်ဝမ်အနေဖြင့် အမေရိကန်၏ အကာအကွယ်ပေးမှုအတွက် အဖိုးအခပေးသင့်ကြောင်း အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့သည်။
ထို့နောက် ထိုင်ဝမ်က ၎င်း၏ ကာကွယ်ရေးကဏ္ဍကို မြှင့်တင်ပြီး အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေးများ မရှိသည့်တိုင် ထိုင်ဝမ်ကို ထောက်ခံပေးသည့် အင်အားကြီးနိုင်ငံဖြစ်ပြီး ထိုင်ဝမ်အတွက် လက်နက်များ ထောက်ပံ့ပေးလျက်ရှိကာ ထိုင်ဝမ်၏ ကာကွယ်ရေး ကဏ္ဍအတွက် ဥပဒေများ ထုတ်ပြန်ထားသည်။
ထိုင်ဝမ်အစိုးရသည် ရေငုပ်သင်္ဘောများ ထုတ်လုပ်မှု အပါအဝင် ကာကွယ်ရေးကဏ္ဍ အဆင့်မြှင့်တင် မွမ်းမံမှုကို ဦးစားပေးကိစ္စအဖြစ် သတ်မှတ်လုပ်ဆောင်နေပြီး ထိုင်ဝမ်ကျွန်း၏ လုံခြုံရေးကို ကိုယ်တိုင် ကာကွယ်သွားမည်ဟု ပြောကြားခဲ့သည်။
ယခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်သည် ထိုင်ဝမ်၏ ဂျီဒီပီ စုစုပေါင်း၏ ၂ ဒသမ ၅ ရာခိုင်နှုန်း ကြေညာခဲ့ သဖြင့် သမိုင်းတစ်လျှောက် အများဆုံး ကာကွယ်ရေးအသုံးစရိတ် ဖြစ်ခဲ့သည်။
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထိုင်ဝမ်နှင့် အမေရိကန်သည် ဒီမိုကရေစီ၊ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးများတွင် တူညီသည့် စံတန်ဖိုးများထားရှိ ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေသည့် စီးပွားရေး ဆက်ဆံမှုများရှိကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မြောက်အမေရိကဌာန လက်ထောက်အကြီးအကဲ ကူယု ချီဂို (Kuoyu Chigo) က ပြောကြားခဲ့သည်။
“အဲဒါကြောင့် ထိုင်ဝမ်ဟာ အမေရိကန်ရဲ့ ပါတီတွေ၊ အစိုးရထောက်ပံ့မှုတွေကို ကာလကြာရှည်ရရှိခဲ့တာ ဖြစ်ပါ တယ်။ အနာဂတ်မှာလည်း ကျနော်တို့ဟာ အမေရိကန်နဲ့ အခြား စိတ်သဘောထားချင်းတူညီတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ပြီး ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားမှာပါ” ဟု ချီဂိုက ပြောကြားခဲ့သည်။
ဇူလိုင် ၁၇ ရက်တွင် ထရမ့်၏ အမျိုးသားလုံခြုံရေးဆိုင်ရာ ထိပ်သီးအကြံပေးပုဂ္ဂိုလ်က ထိုင်ဝမ်အနေဖြင့် တရုတ်၏ ရန်လိုမှုများကို ရင်ဆိုင်ရာတွင် ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဇူလိုင် ၁၇ ရက် နှောင်းပိုင်းမှာပင် ထိုင်ဝမ်အာဏာရပါတီက ထရမ့်၏ မှတ်ချက် စကားများနှင့်ပတ်သက်ပြီး တုန့်ပြန်ခဲ့ရာတွင် ထိုင်ဝမ်အနေဖြင့် ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂတို့ကဲ့သို့ မိမိ၏ လုံခြုံရေးကို မိမိကိုယ်တိုင် ကာကွယ်ရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံး သိမ်းယူ သွားမည်ဟု ပြောကြားခဲ့ကာ ထိုင်ဝမ်ကမူ တရုတ်၏ ကြေညာချက်များကို ငြင်းဆိုခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1844
CNI International News
ဆိုးလ်၊ ဇူလိုင် ၁၉
တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol)သည် ဇူလိုင် ၁၈ ရက်က မြောက်ကိုရီးယား သံတမန် ဟောင်းတစ်ဦးကို ဒုဝန်ကြီးရာထူးနေရာ ခန့်အပ်ခဲ့သည်။
ထိုဖြစ်စဉ်သည် မြောက်ကိုရီးယားမှ ထွက်ပြေးပြီး တောင်ကိုရီးယားတွင် နေထိုင်ခဲ့သည့် ထောင်နှင့်ချီသည့် မြောက်ကိုရီးယား နိုင်ငံသားများအနက် ရာထူးအမြင့်ဆုံး ရာထူးခန့်အပ်မှုဖြစ်သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
တေးယုံဟို (Tae Yongho) သည် လန်ဒန်မြို့ရှိ မြောက်ကိုရီးယားသံရုံး ဝန်ကြီးတစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် တောင်ကိုရီးယားဘက်သို့ ဘက်ပြောင်းခိုလှုံခဲ့သူဖြစ်သည်။
သူသည် မကြာသေးမီ နှစ်များအတွင်း တောင်ကိုရီးယားတွင် အခြေချနေထိုင်သည့် ရာထူးအမြင့်ဆုံး မြောက်ကိုရီးယား ပြည်ပြေးတစ်ဦးဖြစ်သည်။
ယွန်းဆော့ရွဲကိုတွေ့ရစဉ်
တေးက သူသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ၏ အရာရှိများကို ကွက်မျက်မှု များ၊ နျူကလီးယား ရည်မှန်းချက်အပေါ် စိတ်ပျက်ခဲ့ကြောင်း၊ ၎င်း၏ ကလေးများကို မြောက်ကိုရီးယားတွင် ဆင်းဆင်းရဲရဲဖြင့် မနေစေချင်သည့်အတွက် တောင်ကိုရီးယားသို့ ဘက်ပြောင်း ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။
မြောက်ကိုရီးယားကမူ တေးကို “လူဖျင်း၊လူညံ့” တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစိုးရ၏ ဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်ကာ ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲခဲ့သည်။
တောင်ကိုရီးယားသမ္မတ ယွန်းသည် တေးကို ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး အကြံပေးကောင်စီတွင် အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ထိုကောင်စီသည် ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး အတွက် သမ္မတကို မူဝါဒရေးရာ အကြံပေးရသည့် ကောင်စီဖြစ်သည်။
တေးကို ရာထူးခန့်အပ်မှုသည် မြောက်ကိုရီးယား ပြည်ပြေးတစ်ဦးကို တောင်ကိုရီးယားတွင် ဒုဝန်ကြီးအဆင့် ရာထူးနေရာ ခန့်အပ်မှုဖြစ်သည်။
လက်ရှိတွင် တောင်ကိုရီးယား၌ မြောက်ကိုရီးယား ပြည်ပြေး ၃၄,၀၀၀ ခန့် နေထိုင်လျက်ရှိကြောင်း ပြန်လည် ပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
တေးသည် ၂၀၂၀ ပြည့်နှစ်က တောင်ကိုရီးယားလွှတ်တော်တွင် ရွေးကောက်ခံခဲ့ရသည်။
ထို့နောက် တောင်ကိုရီးယား၌ လွှတ်တော်အမတ်များအဖြစ် တာဝန်ထမ်းဆောင်နေသည့် အခြားမြောက်ကိုရီးယား ပြည်ပြေးများလည်း ရှိခဲ့သည်။
တေးသည် မြောက်ကိုရီးယားတွင် နေထိုင်ခဲ့သည့် အတွေ့အကြုံများနှင့် တောင်ကိုရီးယားလွှတ်တော်တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် အတွေ့အကြုံများကြောင့် ၎င်းကို ပြန်လည်ပေါင်းစည်းရေး အကြံပေးကောင်စီ၌ ခန့်အပ်မှု သည် မှန်ကန်ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယားတွင် နေထိုင်လျက်ရှိသည့် မြောက်ကိုရီးယား ပြည်ပြေးအများစုသည် ၁၉၉၀ ပြည့်နှစ် အလယ်ပိုင်းက အငတ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင် လာကြသူများဖြစ်သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 440
CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၈
ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက အတိုက်အခံ Move Forward(MFP) ပါတီ၏ စုံစမ်းစစ်ဆေးရန် တောင်းဆိုချက်ကို ငြင်းဆိုခဲ့ပြီး MFP ဖျက်သိမ်းရေးကိစ္စကို သြဂုတ် ၇ ရက်တွင် စီရင်ချက်ချသွားမည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
တော်ဝင်အသရေဖျက်မှုဆိုင်ရာ ဥပဒေများကို ပြင်ဆင်မည်ဆိုသည့် MFP ပါတီ၏ လှုပ်ရှားမှုကြောင့် ထိုင်းရွေးကောက်ပွဲကော်မရှင်က MFP ပါတီကို ဖျက်သိမ်းရန်နှင့် နိုင်ငံရေးလောကမှ ၁၀ နှစ်ကြာ ပိတ်ပင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို တိုင်ကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ထိုအမှုကို စီရင်ချက်ချရန် လိုအပ်သည့် သက်သေ အထောက်အထားများ အလုံအလောက် ရှိနေပြီဖြစ်ကြောင်း တရားရုံးက ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ MFP နှင့် ရွေးကောက်ပွဲကော်မရှင်တို့အား ဇူလိုင် ၂၄ ရက် မတုင်မီ အချိန်အထိ လျှောက်လှဲချက် များ တင်သွင်းခွင့် ပြုသွားမည်ဖြစ်ကြောင်း၊ သြဂုတ် ၇ ရက် မွန်းလွဲ ၃ နာရီတွင် နောက်ဆုံး စီရင်ချက်ကို ချမှတ် မည်ဖြစ်ကြောင်း တရားရုံးက ထုတ်ပြန်ခဲ့သည်။
MFP ပါတီကိုတွေ့ရစဉ်
ပါတီဖျက်သိမ်းရေးအတွက် ရွေးကောက်ပွဲကော်မရှင်၏ အားထုတ်ကြိုးပမ်းမှုသည် အလျင်စလိုနိုင်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ ကြိုးပမ်းမှုသည် တရားမဝင်ကြောင်း တင်ပြရန် အခွင့်အရေးပင် မပေးကြောင်း MFP ပါတီက ပြောကြားခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲကော်မရှင်သည် ဇန်နဝါရီ ၃၁ ရက်က တရားရုံး၏ စီရင်ချက်ချမှတ်မှုကို ရည်ညွှန်းပြီး ပါတီ ဖျက်သိမ်းရေးကိုသာ တောင်းဆိုနေကြောင်း MFP ပါတီက ပြောကြားခဲ့သည်။
ဇန်နဝါရီ ၃၁ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက MFP ပါတီနှင့် ပါတီခေါင်းဆောင်ဟောင်း ပီတာ လင်မ်ဂျာရွန်ရတ် ( Pita Limjaroenrat) တို့အား တော်ဝင် အသရေဖျက်မှု ဥပဒေအား ပြုပြင်ပြောင်းလဲမည့် လှုပ်ရှားမှုများအားလုံးကို ရပ်တန့်ရန် အမိန့်ချမှတ်ခဲ့သည်။
ထိုလှုပ်ရှားမှုများသည် စည်းမျဉ်းခံ ဘုရင်စနစ်ကို ဖြုတ်ချမည့် လုပ်ရပ်များအဖြစ် သတ်မှတ်နိုင်ကြောင်း တရားရုံးက ပြောကြားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 1010
CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၈
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကြယ်ငါးပွင့်ဟိုတယ် တစ်ခုတွင် ဇူလိုင် ၁၆ ရက်က သေဆုံးနေသော ဗီယက်နမ် နိုင်ငံသား ၄ ဦးနှင့် တခြား ပြည်ပနိုင်ငံသား ၂ ဦး စုစုပေါင်းအမှုကို ဗီယက်နမ်သံရုံးက ပူးပေါင်း၍ အမှုမှန် ပေါ်ပေါက်ရေး ဖော်ထုတ်မည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
၎င်းတို့ သေဆုံးမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွင် ထိုင်းအာဏာပိုင်များနှင့်အတူ ထိုင်းနိုင်ငံရှိ ဗီယက်နမ်သံရုံး က အနီးကပ် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး ဖန်းဗီယက်ဟွန်း(Pham Viet Hung)က ၎င်း၏သံရုံးအနေဖြင့် သေဆုံးသွားသော ဗီယက်နမ်နိုင်ငံသားများ၏ ကျန်ရစ်သူ မိသားစုကို ထောက်ပံ့ကူညီသွားမည်ဟု ပြောကြားခဲ့ သည်။
ထိုင်း၀န်ကြီးချုပ် ဆရီသာကို တွေ့ရစဉ်
ဗီယက်နမ်သံရုံးအနေဖြင့် လျင်မြန်ပြီး ထိရောက်သော စုံစမ်းစစ်ဆေးမှု ဖြစ်စေရန် ပူးပေါင်းကူညီပေးသွားမည် ဖြစ်ကြောင်း Vietnam Plus online တွင် ဖော်ပြထားသည်။
ဘန်ကောက်မြို့တော် ပါသူယန်ဝမ်ခရိုင်ရှိ ဟိုတယ်တွင် ဗီယက်နမ် နိုင်ငံသားလေးဦး အပါအဝင် ပြည်ပနိုင်ငံသား ခြောက်ဦး သေဆုံးနေကြောင်း တွေ့ရှိခဲ့သည်။
Vietnam Plus online တွင် ဖော်ပြချက်အရ သံရုံးအနေဖြင့် ထိုင်းအာဏာပိုင်များနှင့် အနီးကပ် ပူးပေါင်း လုပ်ဆောင်လျက်ရှိပြီး သေဆုံးသူများ၏ ကိုယ်ရေးအချက်အလက်များကို ဖော်ထုတ်နိုင်ရန်၊ ၎င်းတို့၏ ကျန်ရစ်သူ မိသားစုဝင်များအား လိုအပ်သော ကူညီထောက်ပံ့မှုများ စီစဉ်ပေးနိုင်ရန်နှင့် လိုအပ်သော နိုင်ငံသား ကာကွယ်ရေး စီမံချက်များ ချမှတ်လုပ်ဆောင်နိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနရှိ သက်ဆိုင်ရာဌာနများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်ဟု ဆိုသည်။
ထိုင်းရဲတပ်ဖွဲ့ကိုတွေ့ရစဉ်
နိုင်ငံကူးလက်မှတ် သတင်းအချက်အလက်များအပေါ် အခြေခံကာ သေဆုံးသူ ဗီယက်နမ်နိုင်ငံသားလေးဦး၏ ကိုယ်ရေးအချက်အလက်များကို ဖော်ထုတ်နိုင်ရန်အတွက် ဗီယက်နမ်၏ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သံအမတ်ကြီးက ပြောကြားခဲ့သည်။
အတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ မိသားစုများကို အကြောင်းကြားကာ အလောင်းများကို ထိုင်း အာဏာပိုင်များထံမှ ပြန်လည်လွှဲပြောင်းရေး လုပ်ငန်းများစဉ်များအား ကူညီဆောင်ရွက်ပေးသွားမည်ဟုလည်း ပြောကြားခဲ့သည်။
ဗီယက်နမ်သံရုံးက ချက်ချင်းတုန့်ပြန် ဆောင်ရွက်မှုအတွက် ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်(Srettha Thavisin) နှင့် အခင်းဖြစ်ပွားရာ နေရာရှိ ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 1760
CNI International News
ဘေကျင်း၊ ဇူလိုင် ၁၈
တရုတ်နှင့် ရုရှားတို့သည် ယခုသီတင်းပတ်အတွင်း တောင်တရုတ်ပင်လယ်တွင် ကျည်အစစ်များဖြင့် ရေတပ် စစ်ရေး လေ့ကျင့်မှုများ ပူးတွဲပြုလုပ်ခဲ့သည်ဟု ရုရှားနှင့် တရုတ်နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြခဲ့ကြောင်း ရိုက်တာ သတင်းမှ ဖော်ပြခဲ့သည်။
သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုအတွင်း နှစ်နိုင်ငံလုံးက သင်္ဘောသုံးစင်းစီထက်မနည်း ဖြန့်ကြက်ချထားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် Global Times သတင်းစာတွင် ဇူလိုင် ၁၂ ရက်က ဖော်ပြခဲ့သည်။
“ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု-၂၀၁၄”ဟု အမည်ပေးထားသည့် ရုရှား-တရုတ် ရေတပ်စစ်ရေး လေ့ကျင့်မှု အဖွင့်အခမ်းအနားကို တရုတ်၏ ကျန့်ကျန်း(Zhanjiang) ဆိပ်ကမ်းမြို့တွင် ပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယခုသီတင်းပတ် အစောပိုင်း၌ ပြောကြားခဲ့သည်။
ရုရှားရဲ့ စစ်သင်္ဘောကိုတွေ့ရစဉ်
ပူးတွဲစစ်ရေး လေ့ကျင့်မှုများအတွင်း ရုရှား၏ ပစိဖိတ်စစ် သင်္ဘောအုပ်စုနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(ရေ-PLA)မှ သင်္ဘောများနှင့် သင်္ဘောသားများ ပါဝင်ခဲ့ပြီး လေကြောင်းကာကွယ်ရေး ပူးတွဲစစ်ရေး လေ့ကျင့်မှုနှင့်အတူ ရေငုပ်သင်္ဘောဖျက် ရေတပ်စစ်ဆင်ရေး လေ့ကျင့်ခန်းများကို အတူပူးပေါင်း ဆောင်ရွက်ခဲ့ကြ သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရုရှားရေတပ်နှင့် တရုတ်ရေတပ်တို့သည် ပူးပေါင်းစစ်ရေး လေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လက်နက်ကြီး ပစ်ခတ်မှုများကိုလည်း လုပ်ဆောင်ခဲ့သည်ဟု ရုရှား၏ ပစိဖိတ်သင်္ဘောအုပ်စု၏ ပြောကြားချက်ကို ကိုးကား၍ ရုရှားနိုင်ငံပိုင် RIA သတင်းတွင် ဇူလိုင် ၁၆ ရက်က ဖော်ပြထားသည်။
ရုရှား၏ စစ်သင်္ဘောအုပ်စုသည် ပစိဖိတ်မြောက်ပိုင်းတွင် သီးခြားပူးတွဲ ရေတပ်ကင်းလှည့်မှုတစ်ခုကို လုပ်ဆောင်ခဲ့ သည်။
ထိုသင်္ဘောအုပ်စုမှ corvettes အမျိုးအစား စစ်သင်္ဘော နှစ်စင်းဖြစ်သည့် Rezky နှင့် Gromky တို့သည် ကင်းလှည့် အုပ်စုမှ ခွဲထွက်ခဲ့ကာ တရုတ်နှင့်ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တရုတ်နဲ့ ရုရှား ရေတပ်စစ်သားတွေကိုတွေ့ရစဉ်
"တရုတ်-ရုရှား ပူးတွဲကင်းလှည့်မှုဟာ နှစ်နိုင်ငံနယ်ပယ်ကဏ္ဍ အများအပြားမှာ လက်တွေ့ကျတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ပေးနိုင်ပါတယ်"ဟု PLA ရေတပ်၏ တောင်ပိုင်းစစ်နယ်ဝန်းဌာနမှ ဝမ်ကွမ်ကျန်း (Wang Guangzheng)က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်၊ ကျန့်ကျန်းမြို့ရှိ ရေတပ်စစ်စခန်းမှ သင်္ဘောများသည် စစ်ရေးလေ့ကျင့်မှု တွင် ပါဝင်မည်ဖြစ်ကြောင်း PLA ရေတပ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသော်လည်း ပူးပေါင်းရေတပ်စစ်ရေး လေ့ကျင့်မည့်နေရာ အတိအကျကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ဇူလိုင် ၁၆ ရက်ကလည်း တောင်တရုတ်ပင်လယ်အတွင်းရှိ ရေပြင်များအတွင်း အမေရိကန်နှင့် ဖိလစ်ပိုင် ကမ်းခြေ စောင့်တပ်ဖွဲ့များက ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၊ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သည်ဟု အမေရိကန်ရေတပ်က ဇူလိုင် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 3046
CNI International News
ဒါကာ၊ ဇူလိုင် ၁၈
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရအလုပ်အကိုင်များကို ခွဲတမ်းချပေးသည့် စနစ်အား ဆန့်ကျင်သည့် ကျောင်းသားများ ၏ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံအတွင်းရှိ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် တက္ကသိုလ်များအားလုံးကို ရက် အကန့်အသတ်မရှိ ပိတ်မည်ဟု အာဏာပိုင်များက ကြေညာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အစိုးရ၏ အလုပ်အကိုင်များ ခွဲတမ်းချသည့် စနစ်အရ ၁၉၇၁ ခုနှစ်တွင် ပါကစ္စတန်လက်အောက်မှ လွတ်လပ်ရေး ရယူသည့် စစ်ပွဲအတွင်း သေဆုံးခဲ့သည့် လွတ်လပ်ရေး သမားများ၏ မိသားစုများအတွက် အလုပ်အကိုင် စုစုပေါင်း ၏ ၃၀ ရာခိုင်နှုန်း ခွဲတမ်းချမှု အပါအဝင် အစိုးရအလုပ်အကိုင်များ ခွဲတမ်းချသည့် စနစ်ကို ဖျက်သိမ်းရန် ကျောင်းသားများက ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ယခုသီတင်းပတ်အတွင်း ဆန္ဒပြမှုများသည် ပိုမိုပြင်းထန်လာကာ လူ ၆ ဦးသေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာ ရခဲ့ပြီးနောက် အစိုးရက စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို ပိတ်မည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့နဲ့ ဆန္ဒပြလူအုပ်ကြီးကိုတွေ့ရစဉ်
လူပေါင်း သန်း ၁၇၀ ရှိသည့် ဘင်္ဂလားဒေ့ရှ်တွင် လူငယ် ၃၂ သန်းနီးပါးသည် အလုပ်အကိုင်မရှိခြင်း သို့မဟုတ် ပညာသင်ကြားခွင့် မရခြင်းတို့နှင့်အတူ လူငယ် အလုပ်လက်မဲ့နှုန်း မြင့်တက်လာမှုအပေါ် ကျောင်းသားများက ဒေါသထွက်နေကြခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) က ဆန္ဒပြသူများ၏ တောင်းဆိုချက်ကို လိုက်လျောရန် ငြင်းဆိုခဲ့သဖြင့် ဆန္ဒပြမှုများသည် ပိုမိုအရှိန်ပြင်းထန်လာခဲ့သည်။
ယခုသီတင်းပတ်အတွင်း အလုပ်အကိုင် ခွဲတမ်းချသည့် စနစ်ကို ဆန့်ကျင်သော ကျောင်းသားများနှင့် ဆန္ဒပြသူများ သည် အာဏာရ Awami League ပါတီမှ ကျောင်းသားလူငယ်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ရာဘာ ကျည်များ၊ မျက်ရည်ယို ဓာတ်ငွေ့များ အသုံးပြုပြီး လူစုခွဲခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ်မှာ လူငယ်တွေ ဆန္ဒပြနေကြစဉ်
ဇူလိုင် ၁၆ ရက်က အစိုးရဆန့်ကျင်သည့် ကျောင်းသားများ၊ ဆန္ဒပြသူများနှင့် အစိုးရကို ထောက်ခံသည့် ကျောင်းသားများအကြား ခိုက်ရန်ဖြစ်ပွားမှုကြောင့် ကျောင်းသား ၃ ဦး အပါအဝင် လူ ၆ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အာဏာပိုင်များသည် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ဝင်များတွင် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ နယ်စပ်လုံခြုံရေး အရံတပ်ဖွဲ့များကို ဖြန့်ကြက်ချထားခဲ့သည်။
ဇူလိုင် ၁၆ ရက် နှောင်းပိုင်းတွင် တက္ကသိုလ် ထောက်ပံ့ရေးကော်မရှင်က လုံခြုံရေး အခြေအနေကြောင့် နိုင်ငံ အတွင်းရှိ အထက်တမ်းကျောင်းများ၊ ကောလိပ်များနှင့် အခြား ပညာရေးဌာနများ အပါအဝင် တက္ကသိုလ်အားလုံး ကို ရက်အကန့်အသတ်မရှိ ပိတ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ