- By CNI
- Category: နိုင်ငံရေး
- Hits: 201
CNI International News
နယူးဒေီ၊ ဇွန်လ ၂၅
အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) သည် BRICS အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးအကြံပေးများ၊ အဆင့်မြင့် လုံခြုံရေးအရာရှိများနှင့် ဇွန်လ ၂၃ ရက်တွင် တွေ့ဆုံခဲ့သည်ဟု DD India သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ထို့နောက် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် BRICS အဖွဲ့ကြီး၏ အရေးပါပုံကို အလေးထား ပြောဆိုခဲ့သည်။
ထိုတွေ့ဆုံပွဲအတွင်း ဝန်ကြီးချုပ် မိုဒီက ပိုမိုရှုပ်ထွေးလာသည့် ကမ္ဘာ့အခင်းအကျင်းတွင် အဓိကကျသော လုံခြုံရေး ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မှု အားကောင်း လာစေရန်အတွက် BRICS အဖွဲ့၌ အရေးကြီးသော ကဏ္ဍတစ်ခု ရှိကြောင်း ပြောကြားခဲ့သည်။
အကြမ်းဖက်မှု၊ ဆိုင်ဘာလုံခြုံရေးနှင့် တိုးတက်လာသည့် နည်းပညာများကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများ ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မိုဒီက ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယနိုင်ငံ၏ BRICS အလှည့်ကျဥက္ကဋ္ဌ တာဝန်သည် အဖွဲ့ဝင်နိုင်ငံများကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရန် အဓိက အာရုံစိုက်သွားမည်ဖြစ်ကြောင်း မိုဒီက ပြောသည်။
ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ အကျိုးစီးပွားကို ရှေ့တန်းတင် ကာကွယ်ပေးသွားမည့် အိန္ဒိယ၏ ကတိကဝတ်ကို မိုဒီက ထပ်လောင်း ပြောကြားခဲ့ပြီး BRICS အဖွဲ့ကြီး အနေဖြင့် ပိုမို ဘေးကင်းလုံခြုံပြီး အားလုံးပါဝင်နိုင်သော ကမ္ဘာကြီးတစ်ခု တည်ဆောက်ရာတွင် များစွာ အထောက်အကူ ပြုနိုင်ကြောင်း ၎င်းက ဆိုသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
BRICS အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးအကြံပေးများ၊ အဆင့်မြင့် လုံခြုံရေးအရာရှိများနှင့် ရင်းရင်းနှီးနှီး ဆွေးနွေးခွင့် ရခဲ့သည့်အတွက် ဝမ်းမြောက်မိကြောင်း မိုဒီက ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသား ခဲ့သည်။
အကြမ်းဖက်မှုနှင့် ဆိုင်ဘာလုံခြုံရေးကဲ့သို့ ဘုံစိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းရန်နှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများအား ပိုမိုမြှင့်တင်ရန်အတွက် BRICS အဖွဲ့တွင် အရေးပါသော ကဏ္ဍတစ်ခုရှိကြောင်း မှတ်ချက် ပြုခဲ့သည်။
“BRICS နိုင်ငံတွေက အမျိုးသားလုံခြုံရေးအကြံပေးတွေ၊ အဆင့်မြင့် လုံခြုံရေးအရာရှိတွေနဲ့ တွေ့ဆုံခွင့်ရတဲ့ အတွက် ဝမ်းမြောက် မိပါတယ်။ ပြောင်းလဲနေတဲ့ ကမ္ဘာ့အခြေအနေမှာ အကြမ်းဖက်မှု၊ ဆိုင်ဘာလုံခြုံရေးကနေ နည်းပညာဖွံ့ဖြိုးစ နိုင်ငံတွေအတွက် ဘုံစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင် ရွက်မှုတွေကို ပိုမို နက်ရှိုင်းအောင် လုပ်ဆောင်ဖို့အတွက် BRICS အဖွဲ့မှာ အရေးပါတဲ့ ကဏ္ဍတစ်ခု ရှိနေပါတယ်” ဟု မိုဒီက ရေးသားခဲ့သည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၆ ခုနှစ်အတွက် BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူထားပြီး ၎င်းတို့၏ သက်တမ်းအတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များတွင် လက်တွေ့ကျသော ရလဒ်များ ထွက်ပေါ်လာစေရန် မြှင့်တင်ပေးခြင်းတို့ကို အဓိက ဦးစားပေး လုပ်ငန်းများအဖြစ် ဆက်လက် ထားရှိသွားမည်ဟု ပြောကြားခဲ့သည်။
Source: DD India
- By CNI
- Category: နိုင်ငံရေး
- Hits: 176
CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၄
အီရန်နိုင်ငံနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ နိုင်ငံရေးဆိုင်ရာ အမှား အယွင်း ကြီးမားခဲ့ကြောင်း တဖြည်းဖြည်း ထင်ရှားလာခဲ့သည်ဟု CNN မှ ဖော်ပြခဲ့သည်။
ထရမ့် အစိုးရအဖွဲ့အနေဖြင့် အီရန်နိုင်ငံနှင့် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံး အကြိမ် ပြုလုပ်ခဲ့သည့် အဓိက လူထုသဘောထား စစ်တမ်းတွင် ထရမ့်အတွက် သတင်းကောင်းဟု ယူဆရမည့် အချက်တစ်ချက် တွေ့ရှိရသည်။
ထိုအချက်မှာ အမေရိကန်ပြည်သူ အများစုက ထရမ့်အနေဖြင့် အီရန်ဘက်မှ အလျှော့ပေး လိုက်လျောမှုများ ရှိလာအောင် ဖိအားပေးနေမည့်အစား စစ်ပွဲကိုသာ အဆုံးသတ်သင့်သည်ဟု တစ်ညီတစ်ညွတ်တည်း သဘောတူညီ ကြခြင်းပင် ဖြစ်သည်။
သို့သော် ထိုအချက်မှာ အမေရိကန် ပြည်သူများ အနေဖြင့် အီရန်နှင့် သဘောတူညီချက်ကို အမှန်တကယ် နှစ်သက် သဘောကျခြင်းကြောင့် မဟုတ်ဘဲ စစ်ပွဲကို အမြန်ဆုံး အဆုံးသတ် သွားစေချင်သောကြောင့် ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
CBS News နှင့် YouGov တို့၏ လူထုသဘောထား စစ်တမ်းအသစ်အရ အမေရိကန်ပြည်သူ ၇၈ ရာခိုင်နှုန်းက စစ်ပွဲကို ချက်ချင်း အဆုံးသတ်ရန် ပိုမိုလိုလားကြပြီး ကျန် ၂၂ ရာခိုင်နှုန်းကသာ အီရန်ဘက်မှ ပိုမိုလျှော့ချပေးလာ သည်အထိ ဆက်လက် ဖိအားပေးရန် လိုလားကြောင်း လေ့လာတွေ့ရှိရသည်။
ထရမ့်၏ အကြံပေးပုဂ္ဂိုလ် တစ်ဦးကမူ အီရန်နှင့် သဘောတူညီချက် ရယူမည့် ကိစ္စတွင် အမေရိကန်ပြည်သူများ သည် ထရမ့်နှင့် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) တို့ဘက်မှ ရပ်တည်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း စစ်တမ်း၏ ကျန်ရှိသော အချက်အလက်များအရ ထိုယူဆချက်သည် လုံးဝ မမှန်ကန်ကြောင်း ပြသနေသည်။
ထိုသဘောတူညီချက်သည် မည်သူ့ကို ပိုပြီး အကျိုးရှိစေသနည်းဆိုသည့် မေးခွန်းကို မေးမြန်းရာတွင် အမေရိကန် ပြည်သူ ၂၂ ရာခိုင်နှုန်းကသာ ထိုသဘောတူညီချက်သည် အမေရိကန်အတွက် ပိုမို အကျိုးရှိစေသည်ဟု ဖြေကြားခဲ့ ကြပြီး ၃၇ ရာခိုင်နှုန်းကမူ အီရန်အတွက် ပိုမိုအကျိုးရှိစေသည်ဟု ဖြေကြားခဲ့ကြသည်။
စစ်တမ်းတွင် ပါဝင်ဖြေဆိုသည့် ကျန် ၄၁ ရာခိုင်နှုန်းကမူ နှစ်နိုင်ငံလုံးအတွက် တန်းတူနီးပါး အကျိုးရှိစေသည်ဟု ဖြေကြားခဲ့သည်။
သဘောတူညီချက်သည် အမေရိကန်အတွက် ပိုမို အကျိုးရှိစေသည်ဟု ဖြေကြားသူများထဲတွင် ရီပတ်ဘလစ်ကန် ပါတီဝင် ၃၉ ရာခိုင်နှုန်းသာ ပါဝင်သည်။
ထို့ကြောင့် ပိုမိုထင်ရှားအောင် နှိုင်းယှဉ်ပြရမည်ဆိုပါက ထရမ့်၏ ရီပတ်ဘလစ်ကန် ပါတီဝင်များထဲမှ ၁၀ ဦးတွင် ၄ ဦးခန့်ကသာ အီရန်နှင့် သဘောတူညီချက် ရယူခဲ့သည့် ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း လေ့လာတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
Source: CNN
- By CNI
- Category: နိုင်ငံရေး
- Hits: 157
CNI International News
လန်ဒန်၊ ဇွန်လ ၂၄
တရုတ်နိုင်ငံသည် အရေးကြီးသော ကုန်ကြမ်းပစ္စည်းများအပေါ် ပို့ကုန်ထိန်းချုပ်မှုနှင့် ရောင်းချမှု ကန့်သတ်ချက် များ ပြုလုပ်ခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂ (EU) ၏ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ရေး အစီအစဉ်များသည် အဟန့်အတားနှင့် ရင်ဆိုင်နေရသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် EU အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ၎င်းတို့၏ ထောက်ပံ့ရေး ကွင်းဆက်များကို အခြား အရင်းအမြစ်များ ထံမှ ရှာဖွေရန် EU ခေါင်းဆောင်များက တိုက်တွန်း နှိုးဆော်နေကြသည်။
ဥရောပကော်မရှင်သည် စီးပွားရေးဆိုင်ရာ မမျှတမှုများကို ဖြေရှင်းရန် ကြိုးပမ်းမှု တစ်ရပ်အနေဖြင့် ဥရောပ တစ်ဝန်းရှိ ကုမ္ပဏီများအား ထောက်ပံ့ရေး အရင်းအမြစ် ကွန်ရက်ကို ပိုမို ကျယ်ပြန့်အောင် လုပ်ဆောင်ရန် တောင်းဆိုထားသည့် ဥပဒေအသစ်တစ်ရပ်ကို လာမည့်အပတ်တွင် အဆိုပြု သွားမည်ဖြစ်ကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။
သို့သော် EU သည် ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ အမည်ကိုမူ တိုက်ရိုက် ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိပေ။
ယူကရိန်းစစ်ပွဲနှင့် အမေရိကန်၏ လုံခြုံရေးဆိုင်ရာ ကတိကဝတ်များသည် သေချာရေရာမှု မရှိတော့သဖြင့် ဥရောပအစိုးရများသည် စစ်အသုံးစရိတ်နှင့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုများကို တိုးမြှင့်ရတော့မည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

ဒရုန်းတစ်စင်းကိုတွေ့ရစဉ်
တစ်ချိန်တည်းမှာပင် ဥရောပသမဂ္ဂ လုံခြုံရေး လေ့လာမှုဆိုင်ရာ အင်စတီကျု (EUISS)မှ မူဝါဒဆန်းစစ်သူ ဂျောရစ် တီယာ (Joris Teer) ၏ မေလတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ဥရောပသမဂ္ဂက အရေးတကြီး လိုအပ်နေ သော ကုန်ကြမ်းပစ္စည်း ၃၄ မျိုးအနက် ၁၇ မျိုးကို တူးဖော်ခြင်း သို့မဟုတ် သန့်စင်ခြင်း လုပ်ငန်းစဉ်များ၌ တရုတ် နိုင်ငံက ၇၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားကြောင်း ဖော်ပြထားသည်။
ထို့ပြင် ထိုကုန်ကြမ်းပစ္စည်း ၃၄ မျိုးအနက် ၈ မျိုးမှာ လက်ရှိတွင် တရုတ်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်မှုအောက်၌ တည်ရှိနေသည်။
“တရုတ်နိုင်ငံဟာ ဥရောပရဲ့ လက်နက်တပ်ဆင်ရေး ကြိုးပမ်းမှုတွေကို လျှော့ပါးအောင် လုပ်ဆောင်နေပါတယ်။ တရုတ်နိုင်ငံဟာ သူတို့ရဲ့ အသာစီးရမှုကို မြှင့်တင်လိုက်နိုင်ပြီဖြစ်ပြီး သူတို့ရဲ့ သဘောဆန္ဒအတိုင်း ထောက်ပံ့မှု တွေကို အချိန်မရွေး ထိန်းချုပ် ကန့်သတ်နိုင်စွမ်းရှိကြောင်း ပြသခဲ့ပါတယ်”ဟု တီယာက ရေးသားခဲ့သည်။
ဥရောပ၏ အာကာသ၊ လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းများအသင်း (ASD) ကလည်း ပထဝီနိုင်ငံရေး အခြေအနေများနှင့် အရေးကြီး ကုန်ကြမ်းပစ္စည်းများအပေါ် ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းတို့ကြောင့် ဥရောပ၏ ထောက်ပံ့ရေး ကွင်းဆက်များကို ပိုမို အားကောင်းအောင် လုပ်ဆောင်ရန် လိုအပ်လာပြီးဖြစ်ကြောင်း သတိပေး ခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 200
CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၄
အမေရိကန်နှင့် အီရန်သည် ဟော်မုဇ်ရေလက်ကြားကို အမြဲတမ်း ပြန်လည်ဖွင့်လှစ်ရန်နှင့် အရှေ့အလယ်ပိုင်း ဒေသ၏ ရေနံစီးဆင်းမှုကို ပြန်လည်စတင်ရန် ဆွေးနွေးနေကြချိန်တွင် ရေနံစျေးကွက်၏ အနာဂတ်သည် တရုတ်နိုင်ငံအပေါ်တွင်သာ မူတည်နေလိမ့်မည်ဟု CNN မှ ဖော်ပြခဲ့သည်။
ကမ္ဘာပေါ်တွင် ဒုတိယမြောက် ရေနံစိမ်း သုံးစွဲမှု အများဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် အီရန်ပဋိပက္ခကြောင့် တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၁ သန်းကျော် ရရှိနိုင်မည့် အခွင့်အလမ်းများ ပြတ်တောက်သွားခဲ့ရပြီးနောက်၊ ရေနံများကို ထိန်းသိမ်းရန်အတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့သည်။
ပြည်ပမှ ရေနံတင်သွင်းမှုများကို လျှော့ချခြင်း၊ သိုလှောင်ထားသော ရေနံအမြောက်အမြားကို အသုံးပြုခြင်းနှင့် သန့်စင်သောစွမ်းအင်ကို ပိုမို အသုံးပြုခြင်းဖြင့် တရုတ်နိုင်ငံသည် ပြည်တွင်း၌ မြင့်တက်နေသော ရေနံဈေးနှုန်းများ ၏ သက်ရောက်မှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ခဲ့သည်။

ဟော်မုခ်ရေလက်ကြားကို တွေ့ရစဉ်
မည်သို့ပင်ဆိုစေ တရုတ်၏ ထိုလုပ်ဆောင်ချက်များသည် ကမ္ဘာ့စျေးကွက် အပေါ်တွင်လည်း သက်ရောက်မှု ရှိခဲ့သည်။
အီရန်စ-စ်ပွဲ သုံးလကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် လေ့လာဆန်းစစ်သူအချို့က ယခုနှစ်အတွင်း ရေနံဈေးနှုန်းများ သည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၂၀၀ အထိ မြင့်တက်သွားနိုင်ကြောင်း ခန့်မှန်းခဲ့ကြသည်။
သို့သော် ရေနံထောက်ပံ့ရေး ကွင်းဆက်တွင် ရေနံစည် စုစုပေါင်း ၁ ဘီလျံကျော်အထိ ရပ်တန့်သွားခဲ့သည့်တိုင် ရေနံစိမ်း ဈေးနှုန်းများသည် သိသိသာသာ တက်ရိပ်မပြဘဲ ငြိမ်သက်နေခဲ့ကြောင်း၊ ထိုကဲ့သို့ စျေးနှုန်းငြိမ်သက်မှု သည် တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များက အဓိက အကြောင်းရင်းဖြစ်ကြောင်း လေ့လာသူများက ထောက်ပြခဲ့ သည်။
“တရုတ်နိုင်ငံဟာ ကျန်တဲ့ အာရှဒေသတွေအတွက် ရေနံပြတ်လပ်မှုဒဏ်ကို ကြားခံတစ်ခုအဖြစ် ကာကွယ်ပေးတဲ့ နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ အဲဒါကြောင့် ကမ္ဘာ့စီးပွားရေးကိုပါ ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ခဲ့တာပါ”ဟု Ember စွမ်းအင်သုတေသနအဖွဲ့မှ တာဝန်ခံ ဒန် ဝေါ်လ်တာ (Daan Walter) က ပြောကြားခဲ့သည်။

ရေနံစိမ်း အညွှန်းကိန်းကို ဖော်ပြထားစဉ်
ကမ္ဘာ့ရေနံ စုစုပေါင်း၏ ၅ ပုံ ၁ ပုံ ဖြတ်သန်းစီးဆင်းသည့် ဟော်မုဇ်ရေလက်ကြားသည် မကြာမီ ပုံမှန်ကုန်သွယ်မှု ပြန်လည် စတင်နိုင်တော့မည်ဆိုသည့် မျှော်လင့်ချက်များကြောင့် ဇွန်လ ၂၂ ရက်တွင် ကမ္ဘာ့စံပြရေနံ ညွှန်းကိန်း ဖြစ်သည့် Brent ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် ၇၈ ဒေါ်လာအောက်သို့ ကျဆင်းသွားခဲ့သည်။
Brent ရေနံစိမ်းသည် အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ပဋိပက္ခမဖြစ်ပွားမီက တစ်စည်လျှင် ဒေါ်လာ ၇၀ အောက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ မေလ အစောပိုင်းတွင် ၄ နှစ်တာအတွင်း အမြင့်ဆုံး ဈေးနှုန်းဖြစ်သည့် ၁၁၄ ဒေါ်လာအထိ ရောက်ရှိသွားခဲ့သည်။
ကမ္ဘာ့စွမ်းအင်ကဏ္ဍအပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးနိုင်စွမ်း ပိုမို ကြီးထွားလာသည်နှင့်အမျှ တရုတ်နိုင်ငံ၏ မူဝါဒနှင့် သုံးစွဲမှု ပုံစံများသည် စွမ်းအင်စျေးကွက်အတွက် အလွန် အရေးပါလိမ့်မည်ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။
Source: CNN
- By CNI
- Category: နိုင်ငံရေး
- Hits: 169
CNI International News
ပြုံယမ်း၊ ဇွန်လ ၂၄
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က မြောက်ကိုရီးယားသည် နျူကလီးယား ပိုင်ဆိုင် သည့် နိုင်ငံဆိုသော ရပ်တည်ချက်ကို အသုံးချ၍ ခန့်မှန်းရခက်ခဲပြီး ရှုပ်ထွေးသည့် ကမ္ဘာ့လုံခြုံရေးအခြေအနေကို ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အင်အားကြီး နိုင်ငံများ၏ လူမိုက်ဆန်သည့် လောဘများကြောင့် အံ့အားသင့်စရာ ဖြစ်ရပ်ဆိုးများ ဖြစ်ပွားနေပြီး ကမ္ဘာတစ်ဝန်းတွင် ထိပ်တိုက် တွေ့ဆုံမှုများကို ပိုမိုပြင်းထန်လာစေကြောင်း ကင်မ်က ပြောကြားခဲ့သည်။
ထို့နောက် ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် သွေးထွက်သံယိုမှုများ ပိုမို ဆိုးရွားလာခြင်းအတွက် အမေရိကန်တွင် တာဝန်ရှိကြောင်း ၎င်းက ပြစ်တင်ဝေဖန်ခဲ့သည်။
ကင်မ်သည် ဇွန်လ ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည့် အာဏာရအလုပ်သမားပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြသည်။

မြောက်ကိုရီးယား ရေငုပ်သင်္ဘော တည်ဆောက်နေစဉ်
အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယားကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့၏ ပူးတွဲ နျူကလီးယားစီအစဉ်အား အဆင့်မြှင့်တင်နေပြီး ကိုရီးယားကျွန်းဆွယ်၏ လုံခြုံရေး အခြေအနေကို ပိုမို အန္တရာယ် များအောင် ပြုလုပ်နေသည်ဟု ကင်မ်က စွပ်စွဲခဲ့သည်။
“နျူကလီးယားအင်အားကို တစ်ဆင့်ချင်းစီ တိုးမြှင့်ဖို့နဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့နိုင်ငံရဲ့ အနေအထား ကို အပြည့်အဝ အသုံးချခြင်းဟာ ပုံစံမျိုးစုံနဲ့ ရှုပ်ထွေးနေတဲ့ ခန့်မှန်းရခက်တဲ့ နိုင်ငံတကာ စစ်ရေးနဲ့ နိုင်ငံရေး အခင်း အကျင်းကို ယုံကြည်မှုရှိရှိ ရင်ဆိုင်ဖြေရှင်းနိုင်မည့် အမှန်ကန်ဆုံးနဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်” ဟု ကင်မ်က ပြောကြားခဲ့ကြောင်း KCNA အေဂျင်စီမှ ဖော်ပြခဲ့သည်။
ကင်မ်သည် သမားရိုးကျ လက်နက်များကို တိုးမြှင့်ထုတ်လုပ်ရန်နှင့် တန်ချိန် ၁၀,၀၀၀ ရှိ မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်တပ် ခရူဇာစစ်သင်္ဘော တည်ဆောက်မှုကို အရှိန်မြှင့်တင်ရန်လည်း အမိန့်ပေးခဲ့ကြောင်း KCNA က ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
ကင်မ်၏ မှတ်ချက်စကားများသည် မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား ဖျက်သိမ်းရေးကို ဆက်လက် ငြင်းပယ်ပြီး နျူကလီးယား ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် အသိအမှတ်ပြုခံရရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း တောင်ကိုရီးယား၏ ဆိုးလ်မြို့အခြေအစိုက် မြောက်ကိုရီးယားလေ့လာရေးတက္ကသိုလ်မှ ပါမောက္ခ ယန်မူဂျင် (Yang Moo-jin) က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားအနေဖြင့် လက်နက် ဖျက်သိမ်းရေးထက် လက်နက် လျှော့ချရေးကိုသာ ရည်ရွယ်ထားပုံပေါ်ပြီး နျူကလီးယား လက်နက် ပိုင်ဆိုင်သည့် နိုင်ငံဆိုသော အဆင့်အတန်းမှနေပြီး ဆွေးနွေးပွဲများတွင် ပါဝင်လိမ့်မည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ၎င်းကိုယ်ကိုယ် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် ကြေညာခဲ့ပြီးနောက် နျူကလီးယား လက်နက်များကို စွန့်လွှတ်ရန် မည်သည့် အကြောင်းရင်းမျှမရှိကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 135
CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၃
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံကို စတင်တိုက်ခိုက်ခဲ့ချိန်၌ တရုတ် ခေါင်းဆောင်များသည် ဗင်နီဇွဲလားနိုင်ငံကဲ့သို့ ၎င်းတို့နှင့် ရင်းနှီးသော နောက်ထပ် အစိုးရတစ်ရပ် ထပ်မံဖြုတ်ချခံ ရမည့် အရေးကို စိုးရိမ်တကြီး စောင့်ကြည့်ခဲ့ကြကြောင်း CNN မှဖော်ပြခဲ့သည်။
အီရန်စ-စ်ပွဲမတိုင်မီက အမေရိကန်သည် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးပြီး အစိုးရအဖွဲ့အား ပြောင်းလဲနိုင်ခဲ့သော်လည်း အီရန်စ-စ်ပွဲတွင်မူ အခြေအနေမှာ သိသိသာသာ ကွဲပြားသွားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်ကို ၄ လနီးပါး တိုက်ခိုက်ခဲ့သော်လည်း အီရန်အစိုးရအဖွဲ့ ပြုတ်ကျမသွားဘဲ ဆက်လက် တည်ရှိနေဆဲဖြစ်ပြီး အီရန်နှင့် ယာယီသဘောတူညီချက် ရယူခဲ့သဖြင့် ယခုစ-စ်ပွဲသည် အမေရိကန်၏ ဩဇာအာဏာ အကန့်အသတ်ရှိသည်ကို ပေါ်လွယ်စေခဲ့သည်ဟု လေ့လာသူများက ယူဆခဲ့ကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
အီရန်စ-စ်ပွဲ ဖြစ်ပွားနေသည့် ကာလတစ်လျှောက် တရုတ်အစိုးရသည် ပြည်ပခေါင်းဆောင် အမြောက်အမြားကို ဆက်တိုက် ဖိတ်ခေါ်တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံကို ငြိမ်းချမ်းရေး လိုလားသူအဖြစ် ပုံဖော်ခဲ့သဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ချီးကျူးစကားကို ရရှိခဲ့ပြီး တရုတ်၏ သံတမန်ရေးရာ ဩဇာအာဏာသည် ပိုမိုမြင့်တက်လာခဲ့သည်။
“ကျနော် တရုတ်နိုင်ငံနဲ့ သမ္မတရှီကျင့်ဖျင် (Xi Jinping) ကို ကျေးဇူးတင်ချင်ပါတယ်။ သူက တကယ့်ကို ကြားနေ ပေးခဲ့တာကြောင့် ကျနော် အသိအမှတ်ပြုပါတယ်” ဟု သမ္မတထရမ့်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြင်သစ် နိုင်ငံတွင် ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီး ၇ နိုင်ငံ (G7) အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဖြစ်ပေါ် လာသည့် စွမ်းအင် အကျပ်အတည်းကိုလည်း အိမ်နီးချင်းနိုင်ငံ အများအပြားထက် ပိုမိုကောင်းမွန်စွာ ကျော်ဖြတ် နိုင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တရုတ်တွင် မဟာဗျူဟာမြောက် အရန်ရေနံသိုလှောင်မှု အမြောက်အမြား ရှိနေခြင်းနှင့် လျှပ်စစ်ကား (EV) များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြခြင်းကြောင့် ဖြစ်သည်။

ဟော်မုဇ်ရေလက်ကြားကို တွေ့ရစဉ်
အမေရိကန်-အီရန် သဘောတူညီချက် ရရှိကြောင်း ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်အစိုးရအနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ဖော်ဆောင်ရန်အတွက် တက်ကြွသောကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ထုတ်ပြန် ခဲ့သည်။
အမေရိကန်-အီရန် သဘောတူညီချက်တွင် တရုတ်အစိုးရက နောက်ကွယ်မှ ပါဝင်ပတ်သက်မှု ရှိ၊ မရှိ မေးမြန်း ရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လင်းကျန်း (Lin Jian)က တိကျသော အဖြေ တစ်ခုကို အတည်ပြု ပြောကြားခဲ့ခြင်းမရှိပေ။
သို့သော် အီရန်စ-စ်ပွဲ ကာလအတွင်း အမေရိကန်သမ္မတ ထရမ့်၊ ရုရှားသမ္မတ ပူတင် (Vladimir Putin) ၊ အီရန် နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီ (Abbas Araghchi) နှင့် ထိုပဋိပက္ခကို ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်နိုင်ငံမှ ခေါင်းဆောင်များသည် တရုတ်နိုင်ငံသို့ လာရောက်ခဲ့ပြီး ရှီနှင့် ထိပ်သီးအစည်းအဝေးများ ပြုလုပ်ခဲ့သဖြင့် နိုင်ငံတကာ စင်မြင့်ထက်တွင် ရှီနှင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် ပိုမိုမြင့်တက်လာခဲ့သည်။
ထို့ကြောင့် တရုတ်သည် အီရန်စ-စ်ပွဲတွင် အမေရိကန်၏ ဩဇာအာဏာ အကန့်အသတ်ရှိသူကို ပေါ်လွင်စေခဲ့ခြင်း၊ စွမ်းအင်အကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့ခြင်းနှင့် တရုတ်၏ သံတမန်ရေးရာ ဩဇာအာဏာကို မြှင့်တင်နိုင် ခဲ့ခြင်း အစရှိသည့် အကျိုးအမြတ်များကို ပြန်လည် တွက်ချက်နေပုံပေါ်ကြောင်း လေ့လာသူများက ပြောကြား ခဲ့သည်။
Source: CNN
- By CNI
- Category: နိုင်ငံရေး
- Hits: 158
CNI International News
ဒါကာ၊ ဇွန်လ ၂၃
ဥရောပသမဂ္ဂ (EU) ၏ မကြာသေးမီက တရားဝင် အတည်ပြုခဲ့သည့် ရွှေ့ပြောင်း နေထိုင်မှုနှင့် ခိုလှုံခွင့်ဆိုင်ရာ သဘောတူညီချက် အသစ်သည် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းများကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဥရောပသို့ ဝင်ရောက်လာသူ အများစုသည် စ-စ်ဘေးဒုက္ခသည်များ မဟုတ်ဘဲ စီးပွားရေးအရ ပိုမို ကောင်းမွန်သည့် အနာဂတ်အတွက် လာရောက်ကြသူများ ဖြစ်နေသဖြင့် EU အနေဖြင့် စည်းကမ်းချက်များကို တင်းကျပ်စွာ ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်နေရသည်။
ထိုအစီအမံများအနက် ဥရောပတွင် ခိုလှုံခွင့်ရရှိရန် အခွင့်အရေး ၂၀ ရာခိုင်နှုန်းအောက်သာရှိသည့် ဘင်္ဂလားဒေ့ရှ် ကဲ့သို့ နိုင်ငံများမှ လာရောက်သူများကို ဥရောပ ကုန်းတွင်းပိုင်းအတွင်းသို့ ပေးမဝင်ဘဲ နယ်စပ်ထိန်းသိမ်းရေး စခန်းများတွင် သီတင်းပတ် ၁၂ ပတ်ကြာ အမြန်စိစစ်ပြီး နေရပ်ပြန်လွှတ်မည့် လုပ်ထုံးလုပ်နည်းဖြစ်သည်။
သို့သော် EU အနေဖြင့် ဥပဒေများကို မည်မျှပင် တင်းကျပ်ထားစေကာမူ လက်တွေ့တွင် အဓိက ရင်ဆိုင်နေရသည့် အခက်အခဲမှာ ရွှေ့ပြောင်းများ၏ မိခင်နိုင်ငံများမှ အစိုးရများ၏ ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။

ဥရောပနိုင်ငံသားတွေရဲ့ သဘောထားကို ထုတ်ဖော်နေကြစဉ်
ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို နေရပ် ပြန်လည်ပို့ဆောင်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် တရားဝင် သဘောတူညီ ချက်များ လိုအပ်ပြီး၊ ထိုသို့ ပူးပေါင်းဆောင်ရွက်လာစေရန် EU ဘက်က ဖွံ့ဖြိုးရေး အကူအညီများနှင့် ကုန်သွယ်ရေး အခွင့်အရေးများကို အသုံးချကာ သံတမန်နည်းအရ ဆွေးနွေးမှုများ ပြုလုပ်နေရသည်။
ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်း နေထိုင်သူ အများစုသည် ဥရောပသို့ တရားမဝင် ဝင်ရောက်ရန်အတွက် လူမှောင်ခို ပွဲစားများကို အမေရိကန်ဒေါ်လာ ထောင်နှင့်ချီပြီး အကျိုးဆောင်ခ ပေးဆောင်ခဲ့ကြရပြီး လစ်ဗျား၊ တူရကီနှင့် ဘော်လ်ကန် ဒေသများမှတဆင့် အသက်အန္တရာယ်များလှသည့် လမ်းကြောင်းများကို ဖြတ်သန်းခဲ့ကြရခြင်း ဖြစ်သည်။
EU ၏ သဘောတူညီချက် အသစ်သည် ထိုကဲ့သို့သော လူမှောင်ခိုလုပ်ငန်း ကွန်ရက်များကို နှိမ်နင်းရန် ရည်ရွယ် သော်လည်း လမ်းကြောင်းဟောင်းများ ပိတ်သွားပါက ပိုမို အန္တရာယ်များသည့် လမ်းကြောင်းသစ်များ ပေါ်ပေါက် လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

ရွှေ့ပြောင်းနေထိုင်သူများကို ကယ်ဆယ်နေစဉ်
ယခုဥပဒေအသစ်အရ နယ်စပ်တွင် အမြန်စိစစ်နေစဉ် ကာလအတွင်း ရွှေ့ပြောင်း နေထိုင်သူများကို အကျဉ်းစခန်း သဖွယ် ထိန်းသိမ်းရေးစင်တာများတွင် ထားရှိမည်ဖြစ်သဖြင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက စိုးရိမ်နေကြ သည်။
ဥရောပသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ သိန်းခွဲနီးပါး တရားမဝင် ဝင်ရောက်ခဲ့သည့် ဖြစ်စဉ်သည် EU ၏ ရွှေ့ပြောင်း နေထိုင်မှု ပြဿနာသည် အလွန်ကြီးမားကြောင်း ပြသနေပြီး ဥပဒေအသစ်သည် တရားမဝင် ဝင်ရောက်မှုကို ထိရောက်စွာ တားဆီးနိုင်မည် ဟုတ်၊ မဟုတ် စောင့်ကြည့်ရမည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 140
CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အီရန်နှင့် စ-စ်ပွဲ ပြန်လည်စတင်မည်ဟု ဇွန်လ ၂၁ ရက် တွင် ခြိမ်းခြောက်ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်နှင့် အီရန်ကြား စ-စ်ပွဲ အဆုံးသတ်ရန် ပြီးခဲ့သည့် သီတင်းပတ်က ရရှိခဲ့သော နားလည်မှုစာချွန်လွှာ (MOU) အရ ယာယီငြိမ်းချမ်းရေး သဘောတူညီချက်အောက်တွင် အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) သည် အီရန်အရာရှိများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေချိန်အတွင်းမှာပင် ထရမ့်၏ ခြိမ်းခြောက်မှု ထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဟော်မုဇ်ရေလက်ကြားကို ထပ်မံ ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း အီရန်အစိုးရ၏ ကြေညာချက်ကြောင့်လည်း အဆိုပါ ဆွေးနွေးပွဲများအပေါ် အရိပ်မည်း လွှမ်းမိုးသွားခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ တောင်ထိပ်ပေါ်တွင် တည်ရှိသည့် ဘာဂန်စတော့ခ် (Buergenstock) အပန်းဖြေစခန်း၌ ပြုလုပ်သော ယခုဆွေးနွေးပွဲသည် နှစ်နိုင်ငံကြား စ-စ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်ပြီး၊ ပြီးခဲ့သည့် ဧပြီလ ကတည်းက စတင်ခဲ့သော အပစ်အခတ်ရပ်စဲရေး သက်တမ်းကို နောက်ထပ် ရက်ပေါင်း ၆၀ အထိ တိုးမြှင့်ရန် အတွက် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်ကို တွေ့ရစဉ်
ယခုရရှိထားသော သဘောတူညီချက်တွင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်တင်ပို့မှုအတွက် အချက်အချာကျသော ဟော်မုဇ်ရေလက်ကြားကို ပြန်လည် ဖွင့်လှစ်ရန်နှင့် အီရန်၏ မဟာမိတ် ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့နှင့် အစ္စရေးကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် လက်ဘနွန်နိုင်ငံ အပါအဝင် စ-စ်မျက်နှာအားလုံးတွင် တိုက်ခိုက်မှု များကို အဆုံးသတ်ရန် တောင်းဆိုထားသည်။
သို့သော် အမေရိကန်နိုင်ငံ အနေဖြင့် လက်ဘနွန်တွင် တိုက်ပွဲများရပ်တန့်ရန် ၎င်း၏ ကတိကဝတ်ကို ပျက်ကွက် ခဲ့သည်ဟု အီရန်ဘက်က စွပ်စွဲပြောဆိုခဲ့ပြီး ဟော်မုဇ်ရေလက်ကြားမှတဆင့် ရေကြောင်းဖြတ်သန်း သွားလာမှုများ ကို ထပ်မံ ပိတ်ဆို့လိုက်ကြောင်း ကြေညာခဲ့သည်။
“အီရန်အနေနဲ့ လက်ဘနွန်မှာရှိတဲ့ သူတို့ရဲ့ လက်အောက်ခံ အဖွဲ့တွေ ပြဿနာရှာနေတာကို ချက်ချင်း ရပ်တန့်ခိုင်းရမယ်” ဟု သမ္မတ ထရမ့်က လက်ဘနွန်ရှိ အီရန်၏မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့ကို ရည်ညွှန်းပြီး လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
“တကယ်လို့ သူတို့ဘက်က ရပ်တန့် မပေးဘူးဆိုရင်တော့၊ ပြီးခဲ့တဲ့အပတ်က ကျနော်တို့ လုပ်ခဲ့သလိုမျိုးပဲ အီရန်ကို နောက်တစ်ကြိမ် အပြင်းထန်ဆုံး တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။ ဒီတစ်ခါတော့ ပိုပြီးတော့တောင် ပြင်းထန် လိမ့်မယ်”ဟု ၎င်းက ဆက်လက် သတိပေးခဲ့သည်။

အမေရိကန်-အီရန် ဆွေးနွေးပွဲမှာ ခေါင်းဆောင်တွေကို တွေ့ရစဉ်
Fox News ၏ ဖော်ပြချက်အရ သမ္မတထရမ့်သည် အင်တာဗျူးတစ်ခုတွင် ယခုထက်ပိုပြီး ပြင်းထန်သည့် စကား လုံးများဖြင့် ပြောဆိုခဲ့ပြီး၊ အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ပါက "မင်းတို့မှာ နိုင်ငံဆိုတာ ရှိတော့ မှာ မဟုတ်ဘူး" ဟု ထရမ့်က အီရန်အရာရှိများကို သတိပေးခဲ့သည်။
ကာတာနိုင်ငံမှ ကြားဝင်စေ့စပ်ပေးသူများ ရှေ့မှောက်တွင် အမေရိကန်နှင့် အီရန်အရာရှိများ တွေ့ဆုံခဲ့ကြသည့် ဆွေးနွေးပွဲတွင်မူ ဒုသမ္မတ ဗန့်စ်က လက်ဘနွန်ရှိ အကြမ်းဖက်မှုများကို လျှော့ချပြောဆိုခဲ့ပြီး၊ လက်ဘနွန်တွင် တိုက်ခိုက်မှုများ အဆုံးသတ်ရေးအတွက် တိုးတက်မှုများ ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုဆွေးနွေးပွဲတွင် အမေရိကန်နှင့် အီရန် ကိုယ်စားလှယ်များ ဓာတ်ပုံအတူ တွဲရိုက်ခဲ့ခြင်း မရှိပေ။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ဂ်ချီ (Abbas Araqchi) သည် ဆွေးနွေးသည့် အခန်းထဲသို့ ဝင်ရောက် လာပြီးနောက် ကြားဝင်စေ့စပ်ပေးသူဖြစ်သည့် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ် (Shehbaz Sharif) ကို ပွေ့ဖက်နှုတ်ဆက်ခဲ့သော်လည်း အခန်း၏ နောက်ကျောဘက်တွင် ရှိနေသည့် ဗန့်စ်နှင့် တစ်စုံတစ်ရာ ဆက်ဆံ ပြောဆိုခြင်း မရှိခဲ့ပေ။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 143
CNI International News
အင်ဖာ၊ ဇွန်လ ၂၃
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အတွင်း ငြိမ်းချမ်းရေး ပြန်လည် ဖော်ဆောင်ရန်အတွက် လူမျိုးစု အသီးသီးနှင့် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဝိုင် ခမ်ချန်း ဆင်း (Y Khemchand Singh)က ဇွန်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု Daily Hunt သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ထို့နောက် ပဋိပက္ခများကို ဆွေးနွေးညှိနှိုင်းမှုဖြင့်သာ ဖြေရှင်းနိုင်မည်ဟု ၎င်းက ပြောသည်။
ကူကီးနှင့် နာဂလူမျိုးစုများ အဓိက နေထိုင်ကြသော တန်းနူးပါးလ်(Tengnoupal)ခရိုင်၊ ဟိုင်ကတ်ပေါ့ပီ (Heikak pokpi) ကျေးရွာရှိ မျက်မမြင်ကျောင်း ဖွင့်ပွဲအခမ်းအနားတွင် ဆင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ် သည်။
ပြည်နယ်အတွင်း နေထိုင်ကြသည့် လူမျိုးစု အားလုံးအတွက် စည်းလုံးညီညွတ်သော မဏိပူရပြည်နယ် ဖြစ်ပေါ်လာ ရေးသည်သာ ရှေ့ဆက်ရမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

မဏိပူရပြည်နယ်ဝန်ကြီးချုပ် ဝိုင် ခမ်ချန်း ဆင်းကို တွေ့ရစဉ်
“ငြိမ်းချမ်းရေး ဘယ်လိုဖော်ဆောင်မလဲဆိုတာ ဆွေးနွေးဖို့အတွက် မတူကွဲပြားတဲ့ လူမျိုးစုအသီးသီးက အဖွဲ့တွေ ဟာ ကျနော်ရဲ့ရုံးကို လာရောက်ကြပါတယ်။ တကယ်လို့ ကသည်း၊ ကူကီးနဲ့ နာဂ လူမျိုးတွေက ကိုယ့်လူမျိုး တစ်မျိုးစီရဲ့ အကျိုးစီးပွား တစ်ခုတည်းကိုပဲ ဆက်ပြီး တွေးနေကြမယ်။ ဆက်ပြီး တိုက်ခိုက်နေကြမယ်ဆိုရင်တော့ မဏိပူရပြည်နယ်ဟာ ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။
ပြည်နယ်အတွင်း တရားမဝင် လက်နက်များ ကိုင်ဆောင်ထားသူ အားလုံးထံမှ လက်နက်များကို ပြန်လည် သိမ်းဆည်းနိုင်ခြင်း မရှိသရွေ့ ငြိမ်းချမ်းရေး ရရှိရန် မဖြစ်နိုင်ကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က မကြာသေးမီ က ပြောကြားခဲ့သည်။
“သမိုင်းအဆက်ဆက် ပြည်နယ်အတွင်းက လူမျိုးစု ၃၆ စု စည်းလုံးညီညွတ်ခဲ့ကြလို့သာ ဗမာတွေ အပါအဝင် ပြင်ပ ရန်သူတွေကို ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုရှိနေတဲ့ ပြည်နယ်ရဲ့ နယ်နိမိတ်တွေကို လူမျိုးစုအားလုံးက အတူတကွ တည်ဆောက်ပြီး ကာကွယ်ခဲ့ကြတာပါ။ ကျနော်တို့ အနေနဲ့ ဘိုးဘွားတွေ လက်ဆင့်ကမ်းပေးခဲ့တဲ့ ဒီမြေတွေကို ချစ်မြတ်နိုးပြီး တန်ဖိုးထားရပါမယ်”ဟု ဆင်းက ပြောကြားခဲ့သည်။
ယခင်က ဘားမားဟု လူသိများခဲ့သည့် မြန်မာနိုင်ငံသည် မဏိပူရပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

မဏိပူရပြည်နယ်ဝန်ကြီးချုပ် ဝိုင် ခမ်ချန်း ဆင်းကို တွေ့ရစဉ်
“ကျနော်တို့အားလုံး အတူတကွ ပူးပေါင်း နေထိုင်သွားဖို့ကလွဲလို့ တခြား နည်းလမ်းမရှိတဲ့အတွက် အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့နဲ့ တစ်ဖက်လူရဲ့ အခက်အခဲတွေကို စာနာနားလည်ပေးနိုင်ဖို့ တွေးတော လုပ်ဆောင်ကြရ ပါမယ်။ ဒီနေ့ဆိုရင် ကျနော်တို့ရဲ့ ညီအစ်ကိုမောင်နှမ အများအပြားဟာ ခရီးသွားဖို့အတွက် အင်ဖာ (Imphal) မြို့က လေဆိပ်ကို လာရောက် အသုံးပြုနေကြပြီဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
အင်ဖာတောင်ကြားဒေသသည် ကသည်းလူမျိုးစုများ အဓိကနေထိုင်သည့် အရပ်ဒေသဖြစ်ပြီး ကူကီးနှင့် နာဂ လူမျိုးစုများမှာမူ တောင်ကုန်းဒေသများတွင် နေထိုင်ကြသည်။
ပဋိပက္ခများ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့သည့် အချိန်အတွင်းက တောင်ကုန်းဒေသများပေါ်တွင် နေထိုင်ကြ သူများသည် အင်ဖာလေဆိပ်သို့ သွားရောက်ခြင်းကို ရှောင်ကြဉ်ခဲ့ကြပြီး အိမ်နီးနားချင်း မီဇိုရမ်ပြည်နယ်ရှိ အိုက်ဇောလ် (Aizawl) လေဆိပ်ကိုသာ သွားရောက်အသုံးပြုခဲ့ကြသည်။
တောင်တန်းဒေသများတွင် ပဋိပက္ခအသစ်များ ပြန်လည် ဖြစ်ပွားလာခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကြန့်ကြာခဲ့ရခြင်း ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် ဆင်းက ပြောကြားခဲ့ပြီး မည်သည့် ပြဿနာကိုမျှ လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်း၍မရနိုင်ဘဲ ဆွေးနွေးညှိနှိုင်းမှုများဖြင့်သာ အဆုံးသတ်ရမည်ဖြစ်ကြောင်း ပြည်သူများကို တိုက်တွန်းနှိုးဆော်ခဲ့သည်။
“တစ်အိမ်တည်းနေတဲ့ မိသားစု တစ်စုထဲမှာတောင် ရန်ဖြစ်တာမျိုးတွေ ရှိတတ်ကြတာပဲ။ ဒါပေမဲ့ ကျနော်တို့အနေ နဲ့ အတိတ်က ကိစ္စတွေကို မေ့ပျောက် ခွင့်လွှတ်ကြပြီး နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် တွေးတော လုပ် ဆောင်ကြရပါမယ်” ဟု ဝန်ကြီးချုပ်ဆင်းက ပြောကြားခဲ့သည်။
Source: Daily Hunt
