- By CNI
- Category: နိုင်ငံရေး
- Hits: 171
CNI International News
တိုကျို၊ ဇွန်လ ၂၉
ရုရှားနှင့် တရုတ်၏ ဗုံးကြဲလေယာဉ်များ ပူးတွဲကင်းလှည့် ပျံသန်းမှုကို တုံ့ပြန်သည့် အနေဖြင့် ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ဇွန်လ ၂၇ ရက်တွင် တိုက်လေယာဉ်များအား အရေးပေါ် ပျံသန်းစေခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-လေတပ် (PLAAF) က ယခုကင်းလှည့် ပျံသန်းမှုများသည် ဂျပန် ပင်လယ်၊ အရှေ့တရုတ်ပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းတို့ကို ဖြတ်သန်းခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုကင်းလှည့် ပျံသန်းမှုများသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်စောင့်ရှောက်ရန် တရုတ်နှင့် ရုရှား နှစ်နိုင်ငံ၏ ပြတ်သားမှုနှင့် စွမ်းဆောင်ရည်ကို ပြသခြင်းဖြစ်ကြောင်းလည်း PLAAF က ပြောကြား ခဲ့သည်။

ဂျပန်တိုက်လေယာဉ်ကို တွေ့ရစဉ်
ယခုကင်းလှည့် ပျံသန်းမှုသည် တရုတ်နှင့်ရုရှားကြား ၂၀၁၉ ခုနှစ်နောက်ပိုင်း ၁၁ ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။
တရုတ် H-6 ဗုံးကြဲ လေယာဉ်များနှင့် ရုရှား Tu-95 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ ပါဝင်သည့် လေကြောင်းပျံသန်းမှု နှစ်ခုကို ခြေရာခံမိခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဗုံးကြဲလေယာဉ်များနှင့်အတူ တရုတ် J-16 တိုက်လေယာဉ်များ၊ ရုရှား Tu-142 ရေကြောင်း ကင်းလှည့် လေယာဉ်များနှင့် ရုရှား Su-30 တိုက်လေယာဉ် တစ်စင်းကလည်း အတူလိုက်ပါ ပျံသန်းခဲ့ကြကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ပျံသန်းမှုမြေပုံအရ အချို့ စစ်လေယာဉ်များသည် အိုကီနာဝါ (Okinawa) နှင့် မီယာကိုကျွန်းများ (Miyako Islands) ကြားရှိ အဓိကရေလမ်းကြောင်း တစ်ခုဖြစ်ပြီး တရုတ် အရှေ့ပိုင်းပင်လယ်မှ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းသို့ ထွက်ပေါက်ဖြစ်သော မီယာကိုရေလက်ကြား (Miyako Strait) ကို ဖြတ်ပြီးပျံသန်းခဲ့ကြကြောင်း သိရသည်။

တရုတ် ဗုံးကြဲလေယာဉ်တွေကို တွေ့ရစဉ်
ထို့ပြင် တရုတ်နှင့် ရုရှားစစ်လေယာဉ် ၁၀ စင်းခန့်သည် တောင်ကိုရီးယား၏ လေကြောင်းရန် ကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) အတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် မိမိတို့လေတပ်၏ တိုက်လေယာဉ်များကို အရေးပေါ် ပျံတက်ခဲ့ကြောင်း တောင်ကိုရီးယားဘက်က ပြောကြားခဲ့သည်။
သို့သော် အဆိုပါ လေယာဉ်များသည် တောင်ကိုရီးယား၏ လေပိုင်နက်ကို ချိုးဖောက်ခဲ့ခြင်း မရှိကြောင်း အစီရင်ခံ စာတွင် ဆက်လက် ဖော်ပြထားသည်။
လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်ဆိုသည်မှာ အချုပ်အခြာအာဏာပိုင် လေပိုင်နက် မဟုတ်ဘဲ လုံခြုံရေး အရ ချဉ်းကပ်လာသည့် လေယာဉ်များကို ခွဲခြားသိရှိရန် သက်ဆိုင်ရာနိုင်ငံများက သတ်မှတ်ထားသည့် ကြားခံဇုန် တစ်ခုသာဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း တရုတ်-ရုရှား ဗုံးကြဲလေယာဉ်များ ပူးတွဲကင်းလှည့်မှုကို ဂျပန်နှင့် တောင်ကိုရီး ယား နှစ်နိုင်ငံစလုံးက ကန့်ကွက်ရှုတ်ချခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 137
CNI International News
ဘဲလ်ဂရိတ်၊ ဇွန်လ ၂၉
ဆားဘီးယားနိုင်ငံတွင် အစိုးရဆန့်ကျင်သည့် ဆန္ဒပြမှုများ ၁၈ လကြာ ဖြစ်ပွားခဲ့ပြီးနောက် ဆားဘီးယားသမ္မတ အလက်ဇန်းဒါး ဗူစစ် (Aleksandar Vucic) က လာမည့် သီတင်းပတ်များအတွင်း ရာထူးမှ နုတ်ထွက်သွားမည် ဖြစ်ကြောင်း ဇွန်လ ၂၉ ရက်တွင် ပြောကြားခဲ့သည်ဟု CNN မှ ဖော်ပြခဲ့သည်။
ထို့ပြင် သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများကိုလည်း စောစောစီးစီး ကျင်းပသွားမည်ဟု ၎င်းက ဆိုသည်။
ဆားဘီးယားတွင် ကျောင်းသားများ ဦးဆောင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားနေချိန်၌ သမ္မတရာထူးနှင့် ဝန်ကြီးချုပ် ရာထူးများကို ရရှိပြီး ၁၂ နှစ်ကြာ အာဏာစွဲကိုင်ထားသော ဗူစစ်၏ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက နိုဗီဆက်မြို့တွင် လူ ၁၆ ဦး သေဆုံးခဲ့သည့် ရထားဘူတာရုံ အမိုးပြိုကျမှု ဖြစ်စဉ် ကြောင့် လူထုကြား ဒေါသများ ကြီးထွားလာခဲ့ပြီးနောက် ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆားဘီးယားဆန္ဒပြနေကြစဉ်
ထိုရထားဘူတာရုံ ဖြစ်ရပ်ဆိုးသည် ဆောက်လုပ်ရေး စီမံကိန်းများအပေါ် အစိုးရ၏ စီမံခန့်ခွဲပုံ မှားယွင်းခြင်းနှင့် အဂတိလိုက်စားမှု၏ လက္ခဏာ တစ်ရပ်ဖြစ်ကြောင်း ဆန္ဒပြသူများ၊ အတိုက်အခံများနှင့် လူ့အခွင့်အရေးအဖွဲ့များ က စွပ်စွဲခဲ့သည်။
“လာမယ့် သီတင်းပတ် အနည်းငယ်အထိပဲ ကျနော်ဟာ သမ္မတနေရာမှာ ဆက်ရှိနေမှာပါ။ ပြီးရင်တော့ ရာထူးက နုတ်ထွက်သွားမှာပါ” ဟု ဗူစစ်က ဘဲလ်ဂရိတ်မြို့တော်တွင် အစိုးရထောက်ခံသူများ စည်းရုံးပွဲ၌ ၎င်း၏ ထောက်ခံ သူများကို ပြောကြားခဲ့သည်။
ဗူစစ်၏ ဒုတိယမြောက်နှင့် နောက်ဆုံးအကြိမ် သမ္မတသက်တမ်းသည် ၂၀၂၇ ခုနှစ် နှစ်လယ်ပိုင်းတွင် သက်တမ်း ပြည့်မည်ဖြစ်သည်။
ဗူစစ်က ၎င်းနုတ်ထွက်ပြီးနောက် ၂၀၂၇ ခုနှစ်တွင် ပြုလုပ်ရန် သတ်မှတ်ထားသည့် အချိန်ထက်စောပြီး ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများ၌ ၎င်း၏ ဆားဘီးယား တိုးတက်ရေးပါတီ (SNS) အနိုင် ရရှိစေရန် ကူညီပေးသွားမည်ဟု ပြောကြားခဲ့သည်။
ဗူစစ်သည် ၎င်းနုတ်ထွက်မည့် ရက်စွဲ အတိအကျကို ပြောကြားခဲ့ခြင်းမရှိဘဲ လွှတ်တော်ကို ဖျက်သိမ်းရန် ရှိ/မရှိနှင့် ရွေးကောက်ပွဲများ ကျင်းပမည့် အချိန်တို့ကိုလည်း အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
Source: CNN
- By CNI
- Category: နိုင်ငံရေး
- Hits: 137
CNI International News
ခါတွန်၊ ဇွန်လ ၂၆
ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် အရန်ပြည်သူ့စစ် (RSF)အဖွဲ့က ထိန်းချုပ်ထားသော နယ်မြေ အတွင်း အသစ်ထုတ်ဝေလိုက်သည့် ဆူဒန်ပေါင် (Sudanese pound) ငွေစက္ကူများ ဝင်ရောက်လာကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုငွေစက္ကူများ မည်သည့်နေရာမှ ရောက်ရှိလာသနည်း ဆိုသည့်အပေါ် မေးခွန်းများ ထွက်ပေါ်လာပြီး နိုင်ငံတစ်ဝန်း စိတ်ဝမ်းကွဲပြားမှုကို ပိုမိုနက်ရှိုင်းသွားစေနိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ဆူဒန်စ-စ်တပ်နှင့် RSF တို့သည် ယခင်က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရင်းနှီးသည့် ဆက်ဆံရေး ရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် တစ်ဖက်နှင့်တစ်ဖက် သဘောထား ကွဲလွဲကာ တိုက်ပွဲများ ဖြစ်ပွားရာမှ ဆူဒန်ပြည်တွင်းစစ် စတင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် RSF သည် ဆူဒန်နိုင်ငံ၏ ကျယ်ပြန့်သော ဒါဖာ (Darfur) ဒေသ အပါအဝင် နိုင်ငံ၏ နယ်မြေ အများအပြားကို ထိန်းချုပ်ထားသည်။
ပြီးခဲ့သည့်နှစ်တွင် RSF သည် ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေများ၌ တာဆစ် (Tasis) ဟု လူသိများသည့် စင်ပြိုင်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဝန်ထမ်းလစာများ ထုတ်ပေးခြင်း ကဲ့သို့သော အုပ်ချုပ်ရေး လုပ်ငန်းဆောင်တာ များကို လုပ်ဆောင်ရန် တဆင့်ချင်းစီ ကြိုးပမ်းလာခဲ့သည်။

ဆူဒန်စစ်ပွဲ အပျက်အစီးကို တွေ့ရစဉ်
စ-စ်တပ်ဦးဆောင်သော ဆူဒန်အစိုးရက ဆူဒန်ပေါင်ငွေ အဟောင်းများကို တရားမဝင်တော့ကြောင်း ကြေညာကာ ၅၀၀ တန်နှင့် ၁၀၀၀ တန် ငွေစက္ကူအသစ်များကို စတင်ထုတ်ဝေခဲ့သည့် ၂၀၂၄ ခုနှစ်ကတည်းက ဆူဒန်နိုင်ငံ၏ ငွေကြေး ထိန်းချုပ်နိုင်ခွင့်သည် အငြင်းပွားဖွယ်ရာ အချက်တစ်ချက် ဖြစ်လာခဲ့သည်။
RSF ကလည်း ထိုငွေစက္ကူ အသစ်များကို တရားမဝင်ကြောင်း ပြန်လည်ကြေညာခဲ့သဖြင့် ၎င်းတို့ထိန်းချုပ်ထား သည့် နယ်မြေများအတွင်း ငွေစက္ကူပြတ်လပ်မှုများ ပေါ်ပေါက်လာခဲ့ကြောင်း ဒေသခံလေးဦးက ပြောကြားခဲ့သည်။
သို့သော် မေလနှောင်းပိုင်းတွင် Tasis အစိုးရအဖွဲ့သည် ဝန်ထမ်းများနှင့် RSF တိုက်ခိုက်ရေးသမားများကို ဆူဒန် ပေါင် ငွေများဖြင့် လစာထုတ်ပေးခဲ့ချိန်၌ ငွေစက္ကူပြတ်လပ်မှု အခြေအနေမှာ လျော့ပါးသွားခဲ့ပြီး RSF ထိန်းချုပ်ရာ နယ်မြေများမှာ ရှားရှားပါးပါး တိုးတက်မှုတစ်ခုဖြစ်ခဲ့သည်။
ဒေသခံများ၏ ပြောပြချက်အရ ထိုငွေစက္ကူများသည် အသစ်ထုတ်ဝေထားပြီး အသုံးပြုရခြင်း မရှိသေးသည့် ငွေစက္ကူများဖြစ်ကာ ငွေစက္ကူများပေးတွင် "၂၀၂၂ ခုနှစ်၊ မေလ" ဟု ရက်စွဲ ရိုက်နှိပ်ထားကြောင်း ရိုက်တာ သတင်းဌာနက ရရှိခဲ့သည့် ဓာတ်ပုံတစ်ပုံတွင် ဖော်ပြထားသည်။
စ-စ်ပွဲမတိုင်မီက ငွေစက္ကူများနှင့် ပုံစံချင်း ထပ်တူနီးပါး တူညီနေသည့် ထိုငွေစက္ကူများ မည်သည့်နေရာမှ ရောက်ရှိ လာသည်ဆိုသည်ကို ရိုက်တာသတင်းဌာနအနေဖြင့် အတည်မပြုနိုင်သေးပေ။

ဆူဒန်ငွေစက္ကူကို တွေ့ရစဉ်
သို့သော် Tasis အာဏာပိုင်များ အခြေစိုက်ရာ ဒါဖာဒေသရှိ ညာလာ (Nyala) မြို့မှ ဘဏ်ဝန်ထမ်းတစ်ဦးကမူ ထိုငွေစက္ကူများသည် အသစ် ရိုက်နှိပ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
မရေရာမှုများကို ပိုမို ကြီးထွားစေသည့် အချက်မှာ ထိုငွေစက္ကူများပေါ်တွင် စ-စ်ပွဲမတိုင်မီက ဆူဒန်ဗဟိုဘဏ် ဥက္ကဋ္ဌ ဖြစ်ခဲ့သည့် ဟူစိန် ယာဟီယာ ဂျန်ဂေါလ် (Hussein Yahia Jangol) ၏ လက်မှတ် ပါရှိနေခြင်းဖြစ်သည်။
ဂျန်ဂေါလ်သည် ယခုငွေစက္ကူများ ထွက်ပေါ်မလာမီ မေလ ၂၁ ရက်နေ့က Tasis အစိုးရက ထိန်းချုပ်ထားသည့် ဗဟိုဘဏ်အသစ်၏ အကြီးအကဲအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူ ဖြစ်သည်။
Tasis အစိုးရအဖွဲ့၏ ဝန်ကြီးချုပ် မိုဟာမက် ဟာဆန် အာလ်-တာအီရှီ (Mohamed Hasan al-Taishi) က ၂၀၂၄ ခုနှစ်၊ ဇွန်လမတိုင်မီက ထုတ်ဝေခဲ့သော ပေါင်ငွေများကို အာဏာပိုင်များအနေဖြင့် ဆက်လက်အသိအမှတ် ပြုထားကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 183
CNI International News
ကွာလာလမ်ပူ၊ ဇွန်လ ၂၆
လက်ရှိ မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့သစ်သည် ယခင်အစိုးရနှင့် နှိုင်းယှဉ်ပါက အကြံပြုချက်များကို နားထောင်ရန် ပိုမို ပွင့်လင်းလာပုံပေါ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန် (Mohamad Hasan) က ဇွန်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အရှေ့တောင်အာရှ(အာဆီယံ)နိုင်ငံများသည် မြန်မာအစိုးရအဖွဲ့နှင့် ထိတွေ့ဆက်ဆံရန် ဆက်လက် ကြိုးပမ်းနေ ကြချိန်တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဇန်နဝါရီလက ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲအပြီး ဧပြီလ၌ အစိုးရသစ် ဖွဲ့စည်းနိုင်ခဲ့ပြီး နောက် ကာကွယ်ရေးဦးစီးချုပ် ဦးမင်းအောင်လှိုင်သည် တပ်မတော်က အငြိမ်းစားယူခဲ့ပြီးနောက် သမ္မတဖြစ်လာခဲ့ သည်။
မိုဟာမက်က သူသည် ပြီးခဲ့သည့်လက နေပြည်တော်၌ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံ ခဲ့ချိန်တွင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ခြင်း တိုးတက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း မလေးရှားလွှတ်တော်မှာ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ကို တွေ့ရစဉ်
ထို့ပြင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်ရေးကိစ္စနှင့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ ဘင်္ဂလီ ဒုက္ခသည်အရေးကို ဖြေရှင်းဆောင်ရွက်မည့် ကြိုးပမ်းမှုများကဲ့သို့ အခြား အရေးကြီးသော ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း မိုဟာမက်က ဆိုသည်။
“အရင်နှစ်က မလေးရှားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ချိန်က ကျနော်တို့ကြားမှာ ရှိခဲ့တဲ့ ဆက်ဆံ ပြောဆိုမှုတွေနဲ့ နှိုင်းယှဉ်ရင် ဒီတစ်ကြိမ်မှာတော့ မြန်မာအစိုးရဟာ တင်ပြလာတဲ့ အကြံပြုချက်တွေ အပေါ် ပိုပြီး ပွင့်ပွင့်လင်းလင်း နားထောင်လာတာကို တွေ့ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အာဆီယံခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည် ဖော်ရန်အတွက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများကို ညွှန်ကြား ထားပြီး ထိုအစီအစဉ်တွင် ပါရှိသော အချက်အလက်များကို လိုအပ်သလို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ခြေရှိ သည်ဟု မိုဟာမက်က ပြောကြားခဲ့သည်။
“ကျနော်တို့ ပြုပြင်ပြောင်းလဲဖို့ လိုအပ်မယ်ဆိုရင် ပြုပြင်ပြောင်းလဲသွားမှာပါ။ ဒါပေမဲ့ ဘယ်လို အပြောင်းအလဲမျိုး မဆို မလုပ်ခင်မှာ အာဆီယံ ခေါင်းဆောင်အားလုံးရဲ့ အတည်ပြုချက် ရယူဖို့တော့ လိုအပ်ပါလိမ့်မယ်” ဟု မိုဟာမက်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 168
CNI International News
နယူးဒေလီ၊ ဇွန်လ ၂၆
အိန္ဒိယသည် တရုတ်ကို အမှီလိုက်ဖို့အတွက် တာဝေးပစ် လက်နက်များ ထုတ်လုပ်မှုကို တိုးမြှင့်ရန် အာရုံစိုက်လာ နေသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အဆင့်မြှင့်တင်ရေး လုပ်ငန်းစဉ်များသည် ပါကစ္စတန်နိုင်ငံနှင့် ပြိုင်ဆိုင်မှုကို ထည့်သွင်းစဉ်းစားကာ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သော်လည်း လက်ရှိတွင် တရုတ်နိုင်ငံတစ်ဝန်းရှိ ပစ်မှတ် များဆီသို့ ရောက်ရှိနိုင်မည့် လက်နက်စနစ်များကို တိုးမြှင့်ဖော်ဆောင်ရန် ပိုမိုအာရုံစိုက် လုပ်ဆောင်လာနေသည်။
မကြာသေးမီက စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့ (SIPRI) ၏ ထွက်ပေါ်လာသော အစီရင်ခံ စာအရ အိန္ဒိယသည် ၎င်း၏ နျူကလီးယား လက်နက်တိုက်ကို ခန့်မှန်းခြေ ထိပ်ဖူး အရေအတွက် ၁၉၀ အထိ တိုးမြှင့်ထားကြောင်း ဖော်ပြထားသည်။
ထိုအစီအစဉ်အရ တရုတ်နှင့် ပါကစ္စတန် နှစ်နိုင်ငံလုံးထံမှ တိုးတက်ပြောင်းလဲလာနေသည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကြားတွင် အိန္ဒိယ၏ မဟာဗျူဟာမြောက် တပ်ဖွဲ့များကို ခေတ်မီဆန်းသစ်လာစေရန် အိန္ဒိယအစိုးရ၏ ကြိုးပမ်းနေမှုများကို မီးမောင်းထိုးပြရာ ရောက်ခဲ့သည်။
အိန္ဒိယနိုင်ငံ၏ နျူကလီးယားလက်နက် သိုလှောင်မှုသည် ၂၀၂၅ ခုနှစ်တွင် နျူကလီးယားထိပ်ဖူး အရေအတွက် ၁၈၀ ခန့်ရှိရာမှ ၂၀၂၆ ခုနှစ် အစောပိုင်း၌ ထိပ်ဖူး အရေအတွက် ၁၉၀ ခန့်အထိ တိုးလာကြောင်း SIPRI ၏ အစီရင်ခံစာမှာ ခန့်မှန်းတွက်ချက်ထားသည်။

အိန္ဒိယရဲ့တာဝေးပစ် လက်နက်ကို တွေ့ရစဉ်
ထို့ပြင် အိန္ဒိယ၏ နျူကလီးယား ခေတ်မီဆန်းသစ်ရေး အစီအစဉ်သည် တရုတ်နိုင်ငံတစ်ဝန်းရှိ ပစ်မှတ်များသို့ ရောက်ရှိနိုင်မည့် တာဝေးပစ် လက်နက်စနစ်များကို တိုးမြှင့်ဖော်ဆောင်ရန် ပိုမိုအာရုံစိုက်လာကြောင်း အစီရင်ခံ စာတွင် ဖော်ပြထားသည်။
ထိုအချက်သည် ယခင်က ပါကစ္စတန်အပေါ် အာရုံစိုက်ခဲ့ရာမှ မဟာဗျူဟာမြောက် စီမံကိန်းများကို တဖြည်းဖြည်း ချင်း ပြောင်းလဲ လုပ်ဆောင်လာခြင်းကို ထင်ဟပ်နေသည်။
သို့သော် အိန္ဒိယက လက်နက်စနစ်များ တိုးမြှင့်နေသည့်တိုင် အာရှ၏ အင်အားကြီး နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယကြား နျူကလီးယား လက်နက်အင်အား ကွာဟချက်မှာ ကြီးမားစွာ ကျန်ရှိနေဆဲဖြစ်သည်။
SIPRI ၏ ခန့်မှန်းချက်အရ တရုတ်နိုင်ငံတွင် နျူကလီးယားထိပ်ဖူး ၆၂၀ ခန့်ရှိပြီး ထိုပမာဏသည် အိန္ဒိယ နျူကလီးယားထိပ်ဖူး အရေအတွက်ထက် ၃ ဆကျော် ပိုမိုများပြားကာ တရုတ်သည် ၎င်းတို့၏ မဟာဗျူဟာ မြောက် တပ်ဖွဲ့များကိုလည်း အလျင်အမြန် တိုးချဲ့နေကြောင်း ဖော်ပြထားသည်။
ထိုကဲ့သို့ နျူကလီးယားထိပ်ဖူး အရေအတွက် ကွာဟချက်မှာ ပိုမို ကျယ်ပြန့်နေသော်လည်း တရုတ်နှင့် အိန္ဒိယ ကြား အပြန်အလှန် ခြိမ်းခြောက် ဟန့်တားနိုင်စွမ်းသည် ယခင်အတိုင်း ပုံစံမပျက်ဘဲ ဆက်ရှိနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 154
CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၆
အမေရိကန်နှင့် အီရန်ကြား စ-စ်ပွဲကို အဆုံးသတ်ရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ပြီးနောက် သဘောတူညီချက် တစ်ခုရယူရန် ဆွေးနွေးမှုများ ပြုလုပ်နေသည့် အခြေအနေအား ပါရှန်းပင်လယ်ကွေ့ဒေသရှိ အမေရိကန်၏ မဟာမိတ်များဖြစ်သည့် အာရပ်နိုင်ငံများက စိုးရိမ်နေကြောင်း CNN မှ ဖော်ပြခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက ပါရှန်းကွေ့ဒေသရှိ အာရပ်နိုင်ငံ ခေါင်းဆောင်များသည် အမေရိကန်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးတစ်ခုအဖြစ် ရှုမြင်ခဲ့ကြ သည်။
သို့သော် ဒေါ်နယ်ထရမ့် (Donald Trump) ကမူ အာရပ်ခေါင်းဆောင်များ၏ အမြင်နှင့် ကွဲပြားစွာ ရှုမြင်ခဲ့သည်။
“ဘုရင်ကြီး၊ ကျနော်တို့က ခင်ဗျားတို့ကို ကာကွယ်ပေးနေတာ။ ကျနော်တို့သာ မရှိရင် ခင်ဗျားတို့ နှစ်ပတ်တောင် ခံမှာမဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ စစ်တပ်အတွက် ခင်ဗျားတို့ ပိုက်ဆံပေးရမယ်” ဟု ၂၀၁၈ ခုနှစ်တွင် ထရမ့်က ဆော်ဒီဘုရင်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
ထိုပြောကြားချက်သည် နှစ်ဦးနှစ်ဖက် ဆက်ဆံရေးများတွင် အပြန်အလှန် အကျိုးအမြတ်ကိုသာ အခြေခံသည့် ထရမ့်၏ အမြင်ကို ပေါ်လွင်စေခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယို ယူအေအီးနိုင်ငံကို ရောက်လာစဉ်
တစ်နှစ်ခန့်အကြာတွင် ဆော်ဒီနိုင်ငံ၏ အဓိက ရေနံချက်စက်ရုံများ တိုက်ခိုက်ခံရပြီး ဆော်ဒီ၏ ရေနံစိမ်း ထုတ်လုပ်မှု ထက်ဝက်ခန့် ယာယီရပ်တန့်သွားကာ ကမ္ဘာ့ရေနံစျေးနှုန်းများ မြင့်တက်သွားခဲ့ရသည်။
ထိုဖြစ်စဉ်သည် ဆယ်စုနှစ်များအတွင်း ဆော်ဒီပိုင်နက်အတွင်း အကြီးမားဆုံး တိုက်ခိုက်ခံရမှုဖြစ်စဉ် ဖြစ်ခဲ့သည်။
ထိုတိုက်ခိုက်မှုအတွက် အမေရိကန်က အီရန်တွင် တာဝန်ရှိကြောင်း ပြစ်တင်ရှုတ်ချခဲ့သော်လည်း ပင်လယ်ကွေ့ နိုင်ငံများအတွက်မူ အမေရိကန်အနေဖြင့် ၎င်းတို့ကိုယ်စား အီရန်ကို ရင်ဆိုင်ရန် အမှန်တကယ်ဆန္ဒ ရှိ/မရှိ မေးခွန်း များ ထွက်ပေါ်စေခဲ့သည်။
ထရမ့်၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွင်းတွင် ပင်လယ်ကွေ့ ခေါင်းဆောင်များသည် ထိုအချက်ကို သတိပြုမိခဲ့ကြသည်။
ပင်လယ်ကွေ့နိုင်ငံများက အမေရိကန်စီးပွားရေးတွင် ဒေါ်လာ ထရီလျံနှင့်ချီ ရင်းနှီးမြှုပ်နှံရန် ကတိပြုခဲ့ကြသဖြင့် ထရမ့်ကလည်း ၎င်း၏ ပထမဆုံးသော ပြည်ပတရားဝင် ခရီးစဉ်အဖြစ် ပင်လယ်ကွေ့နိုင်ငံများသို့ သွားရောက် ခဲ့သည်။
၂၀၂၅ ခုနှစ်၊ မေလက ထရမ့်သည် ပင်လယ်ကွေ့ဒေသသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ကာတာနိုင်ငံ၊ ဒိုဟာ (Doha) မြို့တော်သို့ ရောက်ရှိချန်တွင် “ကျနော်တို့ ဒီနိုင်ငံကို ကာကွယ်ပေးသွားမှာပါ” ဟု ပြောကြားခဲ့သည်။
သို့သော် ထိုကတိကဝတ်သည် ယခုနှစ်အတွင်း အကြီးမားဆုံးသော စိန်ခေါ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

ဟော်မုဇ်ရေလက်ကြားကိုတွေ့ရစဉ်
ယခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင် တိုက်ခိုက်ခဲ့သဖြင့် အီရန်ကလည်း ပင်လယ်ကွေ့နိုင်ငံများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပင်လယ်ကွေ့နိုင်ငံများမှ အစိုးရများသည် အမေရိကန်၏ ကာကွယ်စောင့်ရှောက်မှုအပေါ် သံသယများ ထွက်ပေါ်လာခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) သည် အမေရိကန်၏ လုံခြုံရေးဆိုင်ရာ ကတိကဝတ်များ အပြည့်အဝ ရှိနေဆဲဖြစ်ကြောင်း ပင်လယ်ကွေ့နိုင်ငံများကို ယုံကြည်အောင် စည်းရုံးရန် ယခုသီတင်းပတ်အတွင်း ပင်လယ်ကွေ့ဒေသသို့ ရောက်ရှိလာခဲ့သည်။
“ပင်လယ်ကွေ့ဒေသက အာရပ်နိုင်ငံတွေရဲ့ အမြင်အရတော့ အီရန်စစ်ပွဲဟာ ဒေသတွင်း လုံခြုံရေး အစီအမံ အတွက် ကပ်ဘေးသင့်စေတဲ့ အလှည့်အပြောင်းတစ်ခုပါပဲ”ဟု နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးသိပ္ပံ (IISS) မှ အဆင့်မြင့်သုတေသနပညာရှင် ဟာဆန် အာလ်ဟာဆန် (Hasan Alhasan) က ပြောကြားခဲ့သည်။
“ဒါပေမဲ့လည်း အာရပ်နိုင်ငံတွေဟာ အီရန်-အမေရိကန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကူညီ ပံ့ပိုးပေးခဲ့ကြပါတယ်။ သူတို့အတွက်တော့ သဘောတူညီချက်က ဘယ်လောက်ပဲ ဆိုးရွားနေပါစေ။ စ-စ်ပွဲ ဖြစ်နေတာထက်စာရင် တော်သေးတယ်လို့ ယူဆခဲ့ကြလို့ပါပဲ” ဟု ၎င်းက CNN ကို ပြောကြားခဲ့သည်။
Source: CNN
- By CNI
- Category: နိုင်ငံရေး
- Hits: 164
CNI International News
နယူးဒေလီ၊ ဇွန်လ ၂၅
တောင်အာရှဒေသတွင် နျူကလီးယားလက်နက်များ၏ လောင်းရိပ်အောက်၌ အကန့်အသတ်ရှိသော စ-စ်ပွဲ (limited war) ဆင်နွှဲနိုင်ခြေသည် အလွန်အန္တရာယ်ကြီးမားသော အခြေအနေသို့ ရောက်ရှိနေကြောင်း The Diplomatic Insight သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ဒေသတွင်း စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများသည် သမားရိုးကျ စ-စ်ပွဲနှင့် နျူကလီးယား စ-စ်ပွဲတို့ကြား စည်းခြားထားမှုများကို သိသာစွာ ဝေဝါးလာခဲ့စေသဖြင့် အလွန်အန္တရာယ်များသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
အိန္ဒိယနိုင်ငံသည် ၎င်း၏ တိကျသေချာသော ပစ်ခတ်တိုက်ခိုက်မှု စွမ်းရည်များကို အသုံးပြုပြီး နျူကလီးယား စ-စ် ပွဲ မဟုတ်သည့် သမားရိုးကျ စ-စ်ပွဲ အဆင့်အောက်တွင်သာ စစ်ဆင်ရန် မဟာဗျူဟာများကို ရွေးချယ်အသုံးပြု လာသည်။
ပါကစ္စတန်နိုင်ငံကမူ အိန္ဒိယ၏ တိုက်ခိုက်မှုများသည် နျူကလီးယား စ-စ်ပွဲကို စတင် ဖြစ်ပွားနိုင်ကြောင်း သတ်မှတ်ထားပြီး သမားရိုးကျ စ-စ်ပွဲ အဆင့်ကို ငြင်းပယ်ထားသည်။
ထိုကဲ့သို့ စ-စ်ပွဲ ဖြစ်ပွားနိုင်ခြေအပေါ် နှစ်နိုင်ငံကြား တွေးခေါ်ပုံ ကွာဟချက်သည် ကြီးမားလှပြီး၊ အိန္ဒိယက စ-စ်ပွဲ ကို ထိန်းချုပ်နိုင်သည်ဟု ယူဆသော်လည်း ပါကစ္စတန်ကမူ မဖြစ်နိုင်ကြောင်း ယူဆထားသည်။

အိန္ဒိယ၏ Operation Sindoor ကို သရုပ်ဖော်ပြထားစဉ်
နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ အယူအဆ ကွဲလွဲမှုများကို ၂၀၂၅ ခုနှစ်၊ မေလတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများက မီးမောင်းထိုး ပြသခဲ့သည်။
ထိုအချိန်က အိန္ဒိယသည် ပါကစ္စတန် စစ်ဌာနချုပ်နှင့် နီးကပ်စွာ တည်ရှိသော နူးရ်ခန် (Nur Khan) လေတပ် စခန်းကို တိုက်ခိုက်ခဲ့ပြီး ပါကစ္စတန်ကမူ ထိုတိုက်ခိုက်မှုသည် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ ကွပ်ကဲမှု အခြေခံ အဆောက်အအုံကို တိုက်ရိုက် တိုက်ခိုက်ခြင်းအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။
ထို့နောက် ပါကစ္စတန်သည် Operation Bunyan ul Marsoos အမည်ရှိ စစ်ဆင်ရေးဖြင့် အိန္ဒိယ၏ စစ်ဘက် ဆိုင်ရာ ပစ်မှတ်များကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့သည်။
အိန္ဒိယကလည်း Operation Sindoor အမည်ရှိ စစ်ဆင်ရေးဖြင့် အသံထက်မြန်သော BrahMos ခရုစ်ဒုံးကျည်များ၊ SCALP အဝေးပစ်ဒုံးကျည်များ၊ ဒရုန်း အုပ်စုများဖြင့် ပါကစ္စတန်ပိုင်နက် တစ်လျှောက်ရှိ ပစ်မှတ်များသို့ တိုက်ခိုက် ခဲ့သည်။
ထို့ပြင် အိန္ဒိယသည် ၎င်း၏ ဘတ်ဂျက်တွင် ကာကွယ်ရေး အသုံးစရိတ်ကို ဒေါ်လာ ၈၆ ဘီလီယံအထိ တိုးမြှင့်ကာ ခေတ်မီ လက်နက်ဆန်းများကို ထုတ်လုပ်နေပြီး ထိုကဲ့သို့ သမားရိုးကျ စ-စ်အင်အား လျင်မြန်စွာ တိုးချဲ့လာခြင်း သည် နှစ်နိုင်ငံစစ်တပ်ကြား ကွာဟချက်ကို ပိုမိုကြီးမားလာစေသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
အိန္ဒိယက စ-စ်ပွဲဖိအားကို ၎င်းတို့ စိတ်ကြိုက် အတိုး၊အလျှော့ လုပ်နိုင်သော ခလုတ် တစ်ခုကဲ့သို့ ရှုမြင်သော်လည်း ပါကစ္စတန်အတွက်မူ သေလျှင်မြေကြီး၊ ရှင်လျှင်ရွှေထီးဆိုသည့် အစွန်းနှစ်ဖက် အနေဖြင့် ရှုမြင်ထားသည်။
ထို့ကြောင့် အိန္ဒိယက ၎င်းတို့၏ စစ်ဆင်ရေးကို အဆင့်အနည်းငယ်သာ မြှင့်တင်လိုက်သည်ဟု ယူဆချိန်တွင် ပါကစ္စတန်၏ စစ်ရေးလှုပ်ရှားမှုသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားနိုင်သည်။
ထို့ကြောင့် လက်ရှိ အခြေအနေတွင် နှစ်နိုင်ငံကြား ရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ရေရှည်ဖြေရှင်းချက် မဟုတ်ဘဲ ယာယီရပ်တန့်မှုတစ်ခုသာ ဖြစ်သည်။
နောက်ဆုံးတွင် နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ကွာဟချက်များကြောင့် တရားဝင် စ-စ်ကြေညာခြင်းထက် နားလည်မှုလွဲမှားခြင်း၊ မှားယွင်းတွက်ချက်မှုများဖြင့် အခြေအနေသည် ပိုမိုဆိုးရွားသွားနိုင်သည်ဟု သတင်းတွင် ဖော်ပြထားသည်။
Source: The Diplomatic Insight
- By CNI
- Category: နိုင်ငံရေး
- Hits: 235
CNI International News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅
မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ သမိုင်းတစ်လျှောက် အကြီးမားဆုံး စစ်သင်္ဘောဖြစ်သည့် တန်ချိန် ၅၀၀၀ ရှိ ဖျက်သင်္ဘော တစ်စင်းကို ဇွန်လ ၂၃ ရက်က တပ်တော်ဝင် အခမ်းအနားပြုလုပ်၍ ရေတပ်ကို လွှဲပြောင်းပေးအပ်ခဲ့ သည်ဟု CNN မှ ဖော်ပြခဲ့သည်။
နိုင်ငံအနောက်ဘက် ကမ်းရိုးတန်းရှိ နမ်ဖို (Nampho) သင်္ဘောကျင်းတွင် ပြုလုပ်ခဲ့သည့် တပ်တော်ဝင် အခမ်းအနား၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က ထိုစစ်သင်္ဘောသစ် မိတ်ဆက် နိုင်ခြင်းသည် ၎င်းတို့၏ စစ်ဘက်သမိုင်းမှာ အခန်းကဏ္ဍသစ် တစ်ခုကို ကိုယ်စားပြုကြောင်းနှင့် မြောက်ကိုရီးယား ရေတပ်အနေဖြင့် နှစ်ပေါင်း ၇၀ ကျော်ကြာ တိုးတက်မှု ဆိပ်သုဉ်းနေသည့် အခြေအနေသည် အဆုံးသွားပြီဖြစ် ကြောင်း ပြောကြားခဲ့သည်။
“စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာ အပိုင်းမှာဆိုရင် ရေတပ်ဟာ ကျနော်တို့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တပ်ခွဲ အားလုံးထဲမှာ အားအနည်းဆုံး ဖြစ်ခဲ့ပါတယ်။ အခုတော့ အခြေအနေတွေ သိသိသာသာ ပြောင်းလဲသွားပါပြီ။ ကျနော်တို့ ရေတပ်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ဟာ စိတ်ကူးလို့ မရနိုင်လောက်အောင် တိုးတက်လာတော့မှာပါ”ဟု ကင်မ်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ချွဲဟွန်းစစ်သင်္ဘော တပ်တော်ဝင် အခမ်းအနားကျင်းပနေစဉ်
မြောက်ကိုရီးယား ရေတပ်သည် ခေတ်မီ စစ်သင်္ဘောများ၊ ရေငုပ် သင်္ဘောများနှင့်အတူ ဆန်းပြားသော အီလက်ထရွန်နစ်စနစ်များ၊ ဖျက်အားပြင်း ဒုံးကျည် ပစ်ခတ်မှု စွမ်းရည်များကို ပိုင်ဆိုင်ထားသည့် တောင်ကိုရီးယား နှင့် အမေရိကန် ရေတပ်အင်အားစုများ၏ လောင်းရိပ်အောက်တွင် ကာလကြာရှည် လွှမ်းမိုးခံထားရသည်။
ဇွန်လ ၂၃ ရက်က ပြုလုပ်ခဲ့သည့် တပ်တော်ဝင် အခမ်းအနားတွင် ချွဲဟွန်း (Choe Hyon) ဟု အမည်ရသော ဖျက်သင်္ဘောသည် သင်္ဘောဖျက် ဒုံးကျည်နှင့် မြေပြင် တိုက်ခိုက်ရေး ဒုံးကျည် ပစ်ခတ်နိုင်စွမ်းများ ရှိလာနိုင်ဖွယ် ရှိကြောင်း၊ သို့သော် လက်ရှိ အချိန်အထိ ယင်းစွမ်းရည် နှစ်ခုစလုံးကို အတည် မပြုနိုင်သေးကြောင်း ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။
ချွဲဟွန်းဖျက်သင်္ဘောသည် ပြီးခဲ့သည့်နှစ်က ရေချခဲ့သည့် တန်ချိန် ၅၀၀၀ ရှိ သင်္ဘောနှစ်စင်းအနက် တစ်စင်းဖြစ်ပြီး ယခုအခါတွင် တပ်တော်ဝင် အခမ်းအနားနှင့်တကွ ရေတပ်ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
ကင်မ်ကမူ မြောက်ကိုရီးယားရေတပ်ကို နျူကလီးယား လက်နက်များ တပ်ဆင် ပေးသွားမည်ဖြစ်ပြီး ပိုမိုကြီးမား သည့် စစ်သင်္ဘောများကိုလည်း တည်ဆောက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချွဲဟွန်းစစ်သင်္ဘော တပ်တော်ဝင် အခမ်းအနားကျင်းပနေစဉ်
“ချွဲဟွန်း စစ်သင်္ဘောပြီးရင်တော့ ကန်ကွန် (Kang Kon) ဖျက်သင်္ဘောကိုလည်း စစ်ဆင်ရေးတွေအတွက် မကြာမီ တာဝန်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကျနော်တို့ဟာ တန်ချိန် ၁၀,၀၀၀ ရှိတဲ့ မဟာဗျူဟာ မြောက် စစ်သင်္ဘောတွေကို တစ်စင်းပြီးတစ်စင်း ဆက်တိုက် ရေချသွားမှာပါ”ဟု ကင်မ်က ပြောကြားခဲ့ကြောင်း KCNA သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
တန်ချိန် ၁၀,၀၀၀ အဆင့်ရှိ စစ်သင်္ဘော တစ်စင်းသည် ပုံမှန်အားဖြင့် အလျား ၁၅၀ မီတာမှ ၁၇၀ မီတာ (၄၉၂ ပေ မှ ၅၅၇ ပေခန့်) အထိ ရှည်လျားပြီး ဘောလုံးကွင်း ၁ ကွင်းခွဲခန့် အရွယ်အစားရှိသည်။
တောင်ကိုရီးယားရေတပ်တွင် တန်ချိန် ၅၀၀၀ ကျော်ရှိသော စစ်သင်္ဘော ၁၀ စင်းထက်မက ရှိနေပြီး မြောက်ကိုရီးယားတွင်မူ ချွဲဟွန်း(Choe Hyon)နှင့် ကန်ကွန်(Kang Kon)အမည်ရှိ စစ်သင်္ဘော ၂ စင်းသာ ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
Source: CNN
- By CNI
- Category: နိုင်ငံရေး
- Hits: 138
CNI International News
ဘန်ကောက်၊ ဇွန်လ ၂၅
ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံသည် ပြည်တွင်းရှိ ကျားဖြန့်လုပ်ငန်းများကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီးနောက် သီရိလင်္ကာနိုင်ငံသည် ကျားဖြန့်ဗဟိုချက်ဖြစ်လာသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
အရှေ့တောင်အာရှတွင် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံအချို့၌ ဒေါ်လာဘီလျံနှင့်ချီ လိမ်ညာနေသည့် ကျားဖြန့်လုပ်ငန်းကြီးများကို ပြင်းပြင်းထန်ထန် နှိမ်နင်းလျက်ရှိနေသည်။
ထို့နောက် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများသည် ၎င်းတို့ လုပ်ငန်းများကို နေရာ ရွှေ့ပြောင်းလာခဲ့သဖြင့် သီရိလင်္ကာသည် ကျားဖြန့်လုပ်ငန်းများ၏ ဗဟိုချက်အသစ်အဖြစ် ပေါ်ထွက်လာခဲ့သည်။
ကျားဖြန့်လုပ်ကိုင်သူများသည် ကမ္ဘာလှည့် ခရီးသွားများအဖြစ် ဗီဇာယူကာ နိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီး နောက် ကမ္ဘာတစ်ဝန်းရှိ လူများကို ပစ်မှတ်ထားသည့် ကျားဖြန့်လုပ်ငန်းများအား တရားမဝင် တည်ထောင် လုပ် ကိုင်လာခဲ့သဖြင့် နိုင်ငံအတွင်း ဆိုက်ဘာရာဇဝတ်မှုများ စိုးရိမ်ဖွယ်ရာ မြင့်တက်လာကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့ ၏ ပြန်ကြားရေးအရာရှိ ဖရက်ဒရစ် ဝုတ္တလာ (Fredrick Wootler) က ပြောကြားခဲ့သည်။

သီရိလင်္ကာရဲတပ်ဖွဲ့က လုံခြုံရေးစစ်ဆေးနေစဉ်
သီရိလင်္ကာ အာဏာပိုင်များသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ပြီး နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်းများဟု သံသယ ရှိသော လုပ်ငန်းခွင်များကို ၁၂ ကြိမ်ထက်မနည်း ဝင်ရောက်စီးနင်းခဲ့သည်။
ထိုရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရသော နိုင်ငံခြားသား ၇၀၀ နီးပါးကို ဖမ်းဆီးခြင်း၊ ပြည်နှင် ဒဏ် ပေးခြင်းတို့ ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း သီရိလင်္ကာရဲတပ်ဖွဲ့သည် ကိုလံဘိုမြို့တော်တွင် ဝင်ရောက် စီးနင်းမှုတစ်ခု ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံသား ၁၈ ဦးနှင့် လာအိုနိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
စီးနင်းခံရသည့် နေရာကို သွားရောက် လေ့လာရာတွင် လိမ်လည်သူများသည် တရားမဝင် အသိအမှတ်ပြု လက်မှတ်အတုများ၊ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ စာရွက်စာတမ်း အတုများနှင့် ၎င်းတို့၏ကုမ္ပဏီသည် ဒေါ်လာ ၁၀ ဘီလျံချီ တန်ကြေးရှိကြောင်း ဖော်ပြထားသည့် ကုမ္ပဏီမှတ်ပုံတင် စာရွက်စာတမ်းအတု အပါအဝင် စာရွက်စာတမ်းအတု အမြောက်အမြားကို ထားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
“သူတို့ဆီမှာ ဖုန်းတွေ၊ လက်ပ်တော့တွေ၊ drive တွေ၊ ကွန်ပျူတာရမ် (RAM) တွေ၊ ပရိုဆက်ဆာတစ်ခု၊ စာရွက် စာတမ်းအတု ပြုလုပ်ဖို့ အသုံးပြုတဲ့ တံဆိပ်တုံး တစ်ခုနဲ့ စာရွက်စာတမ်းအတု အများအပြား ရှိနေပါတယ်။ ကျနော် တို့ ရှာဖွေတွေ့ရှိခဲ့တဲ့ အသိအမှတ်ပြု လက်မှတ်တစ်ခုဆိုရင် သူတို့ဟာ အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ စီးပွား ရေး လုပ်ငန်းတစ်ခုဖြစ်ကြောင်း ပြသဖို့ အတုပြုလုပ်ထားတာဖြစ်ပြီး အဲဒါကို မှန်ဘောင်သွင်းပြီး နံရံမှာတောင် ချိတ်ဆွဲထားပါသေးတယ်”ဟု ဝုတ္တလာက ဆိုသည်။

သီရိလင်္ကာ လူဝင်မှုကြီးကြပ်ရေးက ခရီးသွားတွေကို စစ်ဆေးနေစဉ်
ယခုလှုပ်ရှားမှု၏ နောက်ကွယ်တွင် တရုတ်ရာဇဝတ်ဂိုဏ်းတစ်ခု ရှိနေကြောင်း အတည်ပြုခဲ့ပြီ ၎င်းတို့သည် အမေရိကန်နိုင်ငံသားများကို အမေရိကန်ကုမ္ပဏီ အတုတစ်ခုတွင် ရင်းနှီးမြှုပ်နှံရန် လိမ်လည်လှည့်ဖြားရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ရဲမှူးကြီး ကာမဲလ် အရီယာဝမ်ဆာ (Kamal Ariyawansa) က ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း ကျားဖြန့်လိမ်လည်မှုများတွင် ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးခံရပြီး ပြည်နှင်ဒဏ် ပေးခံရသူ အများ စုမှာ တရုတ်နိုင်ငံသားများ ဖြစ်ပြီး ဗီယက်နမ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် မြန်မာနိုင်ငံ တို့မှ နိုင်ငံသားများကိုလည်း ဝင်ရောက် စီးနင်းမှုများအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ဖမ်းဆီးခံရသူ အားလုံးသည် သီရိလင်္ကာနိုင်ငံသို့ ခရီးသွားဗီဇာ (Tourist Visa) များဖြင့် ဝင်ရောက် လာကြသူများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Source: Nikkei Asia
