- By CNI
- Category: နိုင်ငံရေး
- Hits: 1587
CNI International News
ဝါရှင်တန် ၊ ဇူလိုင် ၂၅
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် သမ္မတရွေးကောက်ပွဲမှ နုတ်ထွက်သွားခဲ့ပြီးနောက် ဒုတိယ သမ္မတ ကာမယ်လာ ဟားရစ် (Kamala Harris) မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေချိန်တွင် ပြိုင်ဘက်ဖြစ်သူ ဒေါ်နယ်ထရမ့် (Donald Trump)က ဇူလိုင် ၂၃ ရက်တွင် ဝေဖန်ထိုးနှက်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်သည် မြောက်ကာရိုလိုင်းနား ( North Carolina) ပြည်နယ်၊ ရှားလော့ (Charlotte) မြို့တွင် မဲဆွယ်စည်းရုံးပွဲ ပြုလုပ်မည်ဖြစ်သည်။
ထိုပြည်နယ်သည် နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲ၌ အဓိကယှဉ်ပြိုင်ရမည့် မဲယိမ်း ပြည်နယ် တစ်ခုဖြစ်သည်။
ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့ကမူ ဟားရစ်သည် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း ဖြစ်လာမည်ဆိုပါက ထိုအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားသည်။
ဒေါ်နယ်ထရမ့်သည် သမ္မတ ဂျိုးဘိုင်ဒန်၏ စီးပွားရေးနှင့် လူဝင်မှုကြီးကြပ်ရေး မူဝါဒများတွင် လက်ကိုင်တုတ် သဖွယ် ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဇူလိုင် ၂၃ ရက်ကလည်း ထရမ့်က နယ်စပ်ဒေသ အရေးနှင့်ပတ်သက်ပြီး ၎င်း၏ မဲဆွယ်စည်းရုံးရေး အစီအစဉ်များကို သတင်းထောက်များအား ပြောကြားရာတွင် ရွှေ့ပြောင်းများ ဝင်ရောက်လာမှုအတွက် ဟားရစ်တွင်လည်း အနည်းနှင့်အများဆိုသလို တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
“သူ (ဟားရစ်) က တစ်ယူသန် လက်ဝဲသမားဖြစ်ပါတယ်။ ဒီနိုင်ငံကို ဖျက်ဆီးမယ့် တစ်ယူသန် လက်ဝဲသမားကို အလိုမရှိပါဘူး။ သူက နယ်စပ်တွေကို ဖွင့်ပေးချင်နေပါတယ်။ ဘယ်သူကမှ မလုပ်ချင်တာတွေကို သူက လုပ်ချင်နေ ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
ကာမယ်လာဟားရစ်ကို တွေ့ရစဉ်
ဇူလိုင် ၂၃ ရက်က ရိုက်တာနှင့် Ipsos တို့၏ လူထုသဘောထား ကောက်ယူမှု စစ်တမ်းများတွင် ပါဝင်ဖြေဆိုသူ စုစုပေါင်းအနက် ဟားရစ်က ထရမ့်ထက် လူထုထောက်ခံမှုနှုန်း ၂ ရာခိုင်နှုန်း ပိုမိုများပြားနေသည်ကို ဖော်ပြခဲ့ သည်။
သို့သော် အခြားစစ်တမ်းများတွင်မူ ထရမ့်က ဟားရစ်ထက် ပိုမိုအသာစီးရသည့် ရလဒ်များ ထွက်ပေါ်ခဲ့သည်။
ထိုအချိန်အတောအတွင်း ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အများစုက ဟားရစ်သည် ဘိုင်ဒန်၏ နေရာကို အစားထိုးရမည့် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ရွေးကောက်ပွဲမှ နုတ်ထွက်သွားသည့် ဘိုင်ဒန်၏နေရာကို အစားထိုးရန် သီတင်းပတ် အနည်းငယ်သာ အချိန် ရမှုနှင့်အတူ ဒီမိုကရက်အများစုသည် ဟားရစ်ကို ထောက်ခံ နေကြသည်။
ထို့ကြောင့် လျင်မြန်ပြီး လက်တွေ့ကျသည့် ရွေးချယ်မှုပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြသည်။
Source: ရိုက်တာ
![](/images/dkedkjedujtdidjzd.jpg#joomlaImage://local-images/dkedkjedujtdidjzd.jpg)
- By CNI
- Category: နိုင်ငံရေး
- Hits: 290
CNI International News
တိုကျို၊ ဇူလိုင် ၂၄
အမေရိကန်တွင် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းဖြစ်ရန် အလွန် နီးစပ်နေပြီဖြစ်သည့် ဒုတိယသမ္မတ ကာမယ်လာ ဟားရစ်(Kamala Harris) ၏ အာရှရေးရာ မူဝါဒများသည် ဂျပန်၏ စိုးရိမ်မှုများကို ပြေလျော့စေနိုင်ဖွယ်ရှိကြောင်း Japan Times မှ ဖော်ပြခဲ့သည်။
အသက် ၅၉ နှစ်အရွယ် ဟားရစ်သည် ဂျပန်နှင့် မဟာမိတ်ဖွဲ့မှုကို ဆက်လက် ထောက်ခံပြီး တရုတ်ကို တန်ပြန်မှု များ ဆက်လက် လုပ်ဆောင်လိမ့်မည်ဟု ကျွမ်းကျင်သူများက ယူဆထားကြသည်။
ဇူလိုင် ၂၁ ရက်က သမ္မတဂျိုးဘိုင်ဒန် (Joe Biden) သည် သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဟားရစ်ကို ၎င်းနေရာ အစားထိုးမည့် ကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံကြောင်း ပြောကြားခဲ့သည်။
ဟားရစ်သည် အမေရိကန် အထက်လွှတ်တော် အမတ်အဖြစ် ၄ နှစ်၊ ဒုတိယသမ္မတအဖြစ် ၃ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း အာရှမှ မဟာမိတ်နိုင်ငံများ၏ ခေါင်းဆောင်များနှင့် ဆက်ဆံရေးများ တည်ဆောက်ခဲ့သည်။
အထူးသဖြင့် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ အငြင်းပွားဖွယ် လှုပ်ရှားမှုများ၊ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုကို တုန့်ပြန်ရာ၌ ဂျပန်၊ တောင်ကိုရီးယားတို့နှင့် စည်းလုံး ညီညွတ်စွာ ရပ်တည်နေသည့် အမေရိကန်၏ မူဝါဒများကို ဟားရစ်က ထောက်ခံခဲ့သည်။
ကာမယ်လာဟားရစ်နဲ့ ဂျပန်၀န်ကြီးချုပ် ကီရှီဒါကို တွေ့ရစဉ်
ထို့ကြောင့် ဟားရစ်သည် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရပြီး သမ္မတအဖြစ် ရွေးကောက်ခံရပါက အမေရိကန်၏ ဂျပန်အပေါ်ထားရှိသည့် မူဝါဒများ ကြီးကြီးမားမား အပြောင်းအလဲ မရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
"အမေရိကန်ရွေးကောက်ပွဲမှာ ဟားရစ်ပဲ ရွေးကောက်ခံရမလား၊ အရင်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) ပဲ ပြန်လည်ရွေးကောက် ခံရမလားဆိုတာကို စောင့်ကြည့်ရပါမယ်။ ဟားရစ်နဲ့ ဘိုင်ဒန်တို့ရဲ့ နိုင်ငံခြား ရေးမူဝါဒနဲ့ ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ မတူညီဘူးဆိုတာကို ဂျပန်အစိုးရက ကောင်းကောင်း သိရှိထားပါ တယ်" ဟု ဒတ်မောင့် တက္ကသိုလ် (Dartmouth University) မှ ပါမောက္ခဖြစ်ပြီး အရှေ့အာရှ မူဝါဒရေးရာ ကျွမ်းကျင်သူ ဂျင်နီဖာ လင်း (Jennifer Lind) က ပြောကြားခဲ့သည်။
ဂျပန်သည် ထရမ့်၏ ဆိုးရွားသည့် သံတမန်ရေး ချဉ်းကပ်ဆောင်ရွက်မှုများကို အကောင်းဆုံး ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သဖြင့် ထရမ့် ရွေးကောက်ခံရပါကလည်း အလွန်စိုးရိမ်စရာကောင်းသည့် အခြေအနေမဟုတ်ပေ။
ဟားရစ်ကမူ အာရှတွင် ဘိုင်ဒန်၏ မူဝါဒများကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာ ပြောကြားထားသဖြင့် ဂျပန်အတွက် ဟားရစ်နှင့်ထရမ့်တို့ မည်သူပဲ ရွေးကောက်ခံရစေကာမူ စိုးရိမ်စရာ မဟုတ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Japan Times
- By CNI
- Category: နိုင်ငံရေး
- Hits: 984
CNI International New
နယူးဒေလီ၊ ဇူလိုင် ၂၄
အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် လက်နက်တင်ပို့ရောင်းချမှု အများဆုံး ထိပ်သီး ၂၅ နိုင်ငံ စာရင်း၌ ပါဝင်လာခဲ့ သည်ဟု Economic Survey စစ်တမ်းက ဇူလိုင် ၂၂ ရက်တွင် ဖော်ပြခဲ့သည်ဟု The Hindu သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အိန္ဒိယသည် ကမ္ဘာ့ဒုတိယအများဆုံး လက်နက်ဝယ်ယူ တင်သွင်းသည့်နိုင်ငံ ဖြစ်ခဲ့သော်လည်း လက်ရှိတွင် အနေအထားမှာ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။
၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်တွင် အိန္ဒိယ၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုသည် ရူပီး ၇၄,၀၅၃ ကုဋေ အထိ မြင့်တက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရူပီး ၁၀၈,၆၈၄ ကုဋေအထိ မြင့်တက်ခဲ့ကာ ကာကွယ်ရေးပစ္စည်း တင်ပို့ ရောင်းချမှုကို မြင့်တက်စေခဲ့သည်။
အိန္ဒိယရဲ့ စစ်လက်နက်တွေကိုတွေ့ရစဉ်
ပုဂ္ဂလိကကဏ္ဍနဲ့ ကာကွယ်ရေး ပြည်သူ့ကဏ္ဍ လုပ်ငန်းများ (DPSUs) အပါအဝင် ကာကွယ်ရေးကဏ္ဍသည် ကာကွယ်ရေးပစ္စည်းများ တင်ပို့ရောင်းချမှုကို စံချိန်တင် မြင့်တက်စေရန် အရှိန်အဟုန်ဖြင့် စွမ်းဆောင်နိုင်ခဲ့ ကြောင်း စစ်တမ်းတွင် ဖော်ပြခဲ့သည်။
ထို့ပြင် ကာကွယ်ရေးပစ္စည်း တင်ပို့ရောင်းချသည့် ကုမ္ပဏီများကိုလည်း ပို့ကုန်ခွင့်ပြုချက်များကို တိုးမြှင့်ပေးခဲ့ပြီး ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ခွင့်ပြုချက် ၁၄၁၄ မှ ၂၀၂၄ ဘဏ္ဍာနှစ်၌ ပို့ကုန်ခွင့်ပြုချက် ၁၅၀၇ အထိ တိုးမြှင့်ပေးခဲ့ သည်။
Dornier-228 လေယာဉ်၊ လက်နက်ကြီး အမြောက်များ၊ BrahMos ဒုံးကျည်များ၊ Pinaka ရော့ကတ်များနှင့် လောင်ချာများ၊ ရေဒါများ၊ ကျည်ကာကားများကဲ့သို့ ကာကွယ်ရေး ထုတ်ကုန်များနှင့် ပစ္စည်းကိရိယားများကို တင်ပို့ရောင်းချနေသည့် ပြည်တွင်းကုမ္ပဏီပေါင်း ၁၀၀ ခန့်ရှိသည်ဟု စစ်တမ်းတွင်ဖော်ပြခဲ့သည်။
လက်နက်ကြီးကျည်ဆံကိုတွေ့ရစဉ်
အစိုးရသည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ကာကွယ်ရေးပစ္စည်းများ တင်ပို့ရောင်းချမှုကဏ္ဍကို မြှင့်တင်ရန် မူဝါဒ အများအပြားအား ချမှတ်လုပ်ဆောင်ခဲ့ပြီး ကာကွယ်ရေးပစ္စည်း တင်ပို့ရောင်းချမှု လုပ်ငန်းစဉ်ကို အဆင်ပြေ ချောမွေ့စေရန် ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။
ထိုကဲ့သို့ ကာကွယ်ရေးပစ္စည်းများ တင်ပို့ရောင်းချမှုကဏ္ဍ မြင့်တက်လာမှုနှင့်အတူ အိန္ဒိယသည် ကမ္ဘာပေါ်တွင် လက်နက်များ တင်သွင်းဝယ်ယူမှု အများဆုံးနိုင်ငံများ စာရင်းတွင်လည်း ဆက်လက် ပါဝင်နေဆဲဖြစ်သည်။
အိန္ဒိယ၏ ၂၀၁၉-၂၀၂၃ ခုနှစ်အတွင်း လက်နက်များ တင်သွင်းဝယ်ယူမှုသည် ၂၀၁၂-၂၀၁၈ လက်နက်တင်သွင်း ဝယ်ယူမှုနှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟုလည်း စစ်တမ်းတွင် ဖော်ပြခဲ့သည်။
Source: The Hindu
![](/images/u4u6u64urd7uriy.jpg#joomlaImage://local-images/u4u6u64urd7uriy.jpg)
- By CNI
- Category: နိုင်ငံရေး
- Hits: 475
CNI International News
အစ္စလာမ်မာဘက်၊ ဇူလိုင် ၂၄
ပါကစ္စတန်တွင် အကျဉ်းချခံထားရသည့် အသက် ၇၁ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း (Imran Khan) ၏ PTI ပါတီကို ပိတ်ပင်မှုသည် ပါကစ္စတန်၏ ကျိုးပျက်လွယ်သည့် ဒီမိုကရေစီကို ယုတ်လျော့စေနိုင်ကြောင်း Islam Khabar သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ပြည်ပမှ ရန်ပုံငွေထောက်ပံ့မှု၊ မေလ ၉ ရက် ဆူပူအုံကြွမှုများသည် PTI ကို ပိတ်ပင်ရသည့် ခိုင်လုံသော သက်သေ အထောက်အထားများဖြစ်သည်ဟု ဇူလိုင် ၁၅ ရက်တွင် ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး အက်တူလာ တာရာ (Attaullah Tarar) က ပြောကြားခဲ့သည်။
ထိုလုပ်ဆောင်ချက်သည် ပါကစ္စတန်တွင် အာဏာကို ရယူထားသူများက ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များ ကိုသာ ရှေ့တန်းတင်ပြီး နိုင်ငံ၏ ဒီမိုကရေစီ စံတန်ဖိုးများကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
PTI ပါတီကိုတွေ့ရစဉ်
ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ရှာဘက် ရှရစ်ဇ် (Shehbaz Sharif) ဦးဆောင် သည့် အစိုးရအဖွဲ့ အာဏာရလာခဲ့ပြီးနောက် ထိုအစိုးရအဖွဲ့သစ်သည် နိုင်ငံ၏ အနာဂတ်ကို တောက်ပစေရန်နှင့် ကောင်းမွန်စွာ အုပ်ချုပ်နိုင်လိမ့်မည်ဟု ပြည်သူများက မျှော်လင့်ခဲ့ကြသည်။
သို့သော် အစိုးရအဖွဲ့သစ်၏ နိုင်ငံရေးအယူအဆမှာ ပြောင်းလဲခဲ့ပုံမပေါ်ဘဲ နိုင်ငံ၏ စီးပွားရေး အကျပ်အတည်း၊ ပြည်သူများ၏ စားဝတ်နေရေးနှင့် နိုင်ငံ၏ ဒီမိုကရေစီကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းထက် အတိတ်ကာလက PTI နှင့် မကျေလည်မှုများကိုသာ ဖြေရှင်းရန် ဦးစားပေး လုပ်ဆောင်ခဲ့သည်။
အစိုးရသည် ယခင်အာဏာရပါတီဟောင်းဖြစ်သည့် PTI ကို ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများကို သွေးထိုးလှုံ့ဆော်မှု၊ လျှို့ဝှက်ချက်များ ပေါက်ကြားစေမှုတို့ဖြင့် စွပ်စွဲခဲ့ပြီး ပိတ်ပင်ကြောင်း ကြေညာခဲ့ခြင်းဖြစ် သည်။
PTI ပါတီကိုတွေ့ရစဉ်
ထိုဆုံးဖြတ်ချက်သည် ယခင်ကတည်းက ပါတီပေါင်းစုံပါဝင်သည့် နိုင်ငံရေးအခင်းအကျင်းမှ သွေဖည်နေသော အငြင်းပွားမှုများ၊ ပဋိပက္ခများကို ပိုမိုဆိုးရွားစေကာ အာဏာရှင်အစိုးရ ဖြစ်လာနိုင်သည့် အခြေအနေသို့ ဦးတည်သွားစေနိုင်သည်။
ထို့ပြင် PTI ပါတီအား ပိတ်ပင်သည့် အစိုးရ၏ လုပ်ဆောင်ချက်သည် နိုင်ငံရေးအရ စေ့ဆော်မှုဖြစ်နိုင်ခြေရှိပြီး အထူးသဖြင့် တရားရုံးချုပ်က PTI ကို တရားဝင်ပါတီအဖြစ် အသိအမှတ်ပြုထားသည့်တိုင် အစိုးရအဖွဲ့က ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
ထိုကဲ့သို့ PTI ပါတီအား ပိတ်ပင်မှုကြောင့် အမေရိကန်ကဲ့သို့ ပထဝီနိုင်ငံရေး မဟာမိတ်များနှင့် နိုင်ငံရေး ကျွမ်းကျင်သူများအကြား လက်ရှိ ပါကစ္စတန်အစိုးရသစ်၏ ဒီမိုကရေစီအပေါ် ထားရှိသည့် မူဝါဒများကို သံသယများ ကြီးထွားလာစေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Islam Khabar
- By CNI
- Category: နိုင်ငံရေး
- Hits: 850
CNI International News
မနီလာ၊ ဇူလိုင် ၂၃
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) သည် ဇူလိုင် ၂၂ ရက်တွင် နိုင်ငံတော်မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး ထိုမိန့်ခွန်း မပြောကြားမီ အတိုက်အခံများ၏ ဆန့်ကျင်မှုများကို အောက်လွှတ်တော်က ပိတ်ပင်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
လွန်ခဲ့သည့် ၁၀ စုနှစ်အတွင်း ဖိလစ်ပိုင်တွင် သမ္မတ၏ နှစ်ပတ်လည် နိုင်ငံတော်မိန့်ခွန်း ပြောကြားပွဲများကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပြီး လွှတ်တော်အမတ်များ၊ အရာရှိများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ထို့ပြင် အတိုက်အခံ လွှတ်တော်အမတ်များ၊ အတိုက်အခံ ခေါင်းဆောင်များသည် သမ္မတ၏ နိုင်ငံတော်မိန့်ခွန်း ပြောကြားပွဲကို ဆန့်ကျင်သည့် ဆောင်ပုဒ်များ၊ ရုပ်ပုံများကို ၎င်းတို့၏ အင်္ကျီများတွင် ရိုက်နှိပ်ပုံဖော်ကာ တက်ရောက်ကြလေ့ရှိသည်။
သို့သော် ယခုနှစ် နိုင်ငံတော်မိန့်ခွန်း ပြောကြားစဉ်တွင် အောက်လွှတ်တော်က သမ္မတအား ဆန့်ကျင်ရာရောက်သည့် ထိုကဲ့သို့ လှုပ်ရှားမှုများကို တားမြစ်ပိတ်ပင်ခဲ့သည်။
"ဒါက ဆန္ဒပြရမယ့်နေ့ မဟုတ်ပါဘူး" လွှတ်တော်တွင် အမိန့်ထုတ်ပြန်မှုများ၊ ဆုံးဖြတ်ချက်များကို ချမျတ်ရသည့် အောက်လွှတ်တော် အတွင်းရေးမှူးချုပ် ရီဂျင်နယ် ဗယ်လ်လက်စ်ကို (Reginald Nelasco)က ယခုလအစောပိုင်း တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အခြေခံလူတန်းစားကိုတွေ့ရစဉ်
ထို့ပြင် သမ္မတမိန့်ခွန်း ပြောကြားမည့် လွှတ်တော် အဆောက်အအုံအဝေးတွင် ဆန္ဒပြသူများ မရှိစေရန် ရဲတပ်ဖွဲ့ဝင် ၂၂,၀၀၀ ခန့်ကို ဖြန့်ကြက်ချထားခဲ့ပြီး လုံခြုံရေးကို တင်းကျပ်ထားခဲ့သည်။
ဖိလစ်ပိုင်အစိုးရသည် ထိုအခမ်းအနားအတွက် တက်ရောက်လာမည့် ဧည့်သည်တော် ၂၀၀၀ ကျော်အတွက် အစားအစာ ကျွေးမွေးဧည့်ခံမှု အပါအဝင် အခြားပြင်ဆင်မှုများအတွက် ဖိလစ်ပိုင် ပီဆိုငွေကြေး သန်း ၂၀ (ဒေါ်လာ ၃၄၂၀၀၀) ခန့် သုံးစွဲခဲ့သည်။
ဆန္ဒပြမှုများကို ဦးဆောင်ပြုလုပ်လေ့ရှိသည့် တက်ကြွလှုပ်ရှားသူများ ညွှန့်ပေါင်းအဖွဲ့ဖြစ်သော BAYAN အဖွဲ့ကို ဦးဆောင်သည့် ရီနက်တို ရီးယက်စ် ဂျူနီယာ (Renato Reyes Jr) ကမူ ထိုနိုင်ငံတော်မိန့်ခွန်း ပြောကြားမှု အခမ်းအနားသည် အခြားသူများကို ကိုယ်ချင်းမစာသည့် ကြီးကျယ်သည့် ပွဲတစ်ခုဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
"စစ်မှန်တဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းဆိုတာ စင်မြင့်ပေါ်မှာ စကားတွေ ပြောနေရမှာ မဟုတ်ပါဘူး။ လမ်းမတွေ ပေါ်က လူတွေရဲ့ခံစားချက်တွေ၊ အခြေခံ လူတန်းစားတွေရဲ့ အမြင်တွေကို ပြောကြားရမှာဖြစ်ပါတယ်" ဟု ရီးယက်စ်က ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 276
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၂၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)က သူသည် လာမည့်ရွေးကောက်ပွဲကို ဝင်ပြိုင်တော့မည် မဟုတ် ကြောင်း ကြေညာခဲ့ပြီးနောက် ဒုတိယသမ္မတဖြစ်သည့် ကာမယ်လာဟားရစ် (Kamala Harris)ကို ပါတီကိုယ်စား ပြု သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံပေးရန် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ယှဉ်ပြိုင်ရန် ဟားရစ်အား ဘိုင်ဒင်၏ အဆိုပြုချက်ကို ဒီမိုကရက်အများစုက လျင်မြန်စွာ ထောက်ခံခဲ့ကြသော် လည်း အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပယ်လိုစီ (Nancy Pelosi) အပါအဝင် ဒီမိုကရက်တစ်ပါတီ၏ သြဇာကြီးမားသည့် ပါတီဝင်အချို့က နှုတ်ဆိတ်နေခဲ့ကြသည်။
အကယ်၍ ဟားရစ်သာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရမည်ဆိုပါက နိုဝင်ဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၁၀၀ သာ ကျန်ရှိတော့ သည့်အချိန်တွင် သူ့အတွက် မဲဆွယ်စည်းရုံးမှုများသည် အတိမ်းအစောင်း မခံနိုင်ဘဲ အရေးကြီးလာလိမ့်မည် ဖြစ်သည်။
ဟားရစ်နဲ့ဘိုင်ဒန်ကို တွေ့ရစဉ်
သို့သော်လည်း ဟားရစ်သည် ထရမ့်ကို ယှဉ်ပြိုင်ပြီး အနိုင်ယူနိုင်ခြေ ရှိ/မရှိအပေါ် ဒီမိုကရက်တစ်ပါတီအတွင်း သံသယများ ထွက်ပေါ်နေပြီး ဒီမိုကရက်အချို့ကမူ ပါတီအနေဖြင့် သြဂုတ်လတွင် ကျင်းပမည့် ပါတီညီလာခံ မတိုင်မီ အသေးစား အစည်းအဝေးတစ်ခု ပြုလုပ်သင့်ကြောင့် တိုက်တွန်းလျက်ရှိသည်။
ဘိုင်ဒန်ကမူ သူနုတ်ထွက်ကြောင်း ကြေညာပြီးနောက် ဟားရစ်ကို ကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံခဲ့ပြီး မကြာမီအချိန်မှာပင် အမေရိကန်လွှတ်တော်အတွင်းမှ အာဖရိကန်-အမေရိကန်နွယ်ဖွား အဖွဲ့ဝင်များ၊ အဓိက အလှူရှင်များ၊ လွှတ်တော်အမတ်များက လျင်မြန်စွာ ထောက်ခံခဲ့ကြသည်။
"ဒီနေ့မှာတော့ ကာမယ်လာကို ကျနော်တို့ ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် ကျနော် အပြည့်အဝ ထောက်ခံကြောင်း ပြသလိုပါတယ်" ဟု ဘိုင်ဒန်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ဟားရစ်ကိုတွေ့ရစဉ်
ထို့ပြင် အမေရိကန်၏ ပြည်နယ် ၅၀ စလုံးမှ ဒီမိုကရက်တစ်ပါတီ ပြည်နယ်ဥက္ကဋ္ဌများကလည်း ဟားရစ်ကို ပါတီ၏ သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံကြလိမ့်မည်ဟု များပြားသည့် သတင်းရင်းမြစ် များကို ကိုးကားပြီး ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် (Billi Clinton) ၏ ဇနီးဖြစ်ပြီး သမ္မတဘာရက် အိုဘားမား (Barack Obama) လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း ဟားရစ်ကို ထောက်ခံကြောင်း ထုတ်ပြန်ခဲ့သည်။
ပယ်လိုစီ၊ အိုဘားမား အပါအဝင် သြဇာကြီးမားသည့် အချို့ဒီမိုကရက်များကမူ ဘိုင်ဒန်၏ မျိုးချစ်စိတ်ဓာတ်ရှိမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သော်လည်း ဟားရစ်ကို ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
Source: ရိုက်တာ
![](/images/yjgjghjfghjfh.jpg#joomlaImage://local-images/yjgjghjfghjfh.jpg)
- By CNI
- Category: နိုင်ငံရေး
- Hits: 387
CNI International News
တိုင်ပေ၊ ဇူလိုင် ၂၂
ထိုင်ဝမ်အနေဖြင့် မိမိတို့ အချုပ်အခြာအာဏာကို ကာကွယ်ရမည်ဖြစ်ပြီး မိမိတို့၏ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းကို သိရှိနားလည်ထားကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်တေ (Lai Ching-te)က ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
လိုင်က သူသည် တရုတ်ကို ပြန်လည်သိမ်းယူရန် ထိုင်ဝမ်ကို ခြေကုပ်စခန်း တစ်ခုအဖြစ် မှားယွင်းစွာ ယူဆထား သည့် ယခင်က အယူအဆဟောင်းကို ငြင်းဆိုကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်မေလက သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် လိုင်နှင့် ၎င်း၏ အာဏာရ (DPP) ပါတီတို့က ထိုင်ဝမ် သည် တရုတ်၏ ဝိသေသလက္ခဏာများနှင့် ကွဲပြားစွာ တည်ရှိနေကြောင်း ပြောကြားခဲ့သဖြင့် တရုတ်၏ ဒေါသတကြီး ဝေဖန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။
တရုတ်က ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံး သိမ်းယူမည် ဟု သတိပေးခဲ့ကာ မကြာသေးမီ နှစ်များအတွင်း ထိုင်ဝမ်အပေါ် စစ်ရေးနှင့် သံတမန်ရေးဖိအားများ တိုးမြှင့်ခဲ့သည်။
လိုင်သည် DPP ပါတီ၏ နှစ်ပတ်လည် ညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့ချိန်၌ ထိုင်ဝမ်၏ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ကြသူများသည် ကမ္ဘာပေါ်မှာ ထိုင်ဝမ်၏ အနေအထားကို ကောင်းစွာ သိရှိနားလည်ထားကြကြောင်း ပြောကြားခဲ့သည်။
လိုင်ချင်တေကို တွေ့ရစဉ်
"သူတို့တွေဟာ သူတို့ရဲ့ သွေးကိုပေးဆပ်ဖို့ နောက်မတွန့်ခဲ့ကြပါဘူး။ ထိုင်ဝမ်ဟာ ပြည်မကြီးကို ပြန်လည် သိမ်းပိုက်ဖို့အတွက် ခြေကုပ်စခန်းတစ်ခု ဖြစ်တယ်ဆိုတဲ့ မှားယွင်းတဲ့ အယူအဆနဲ့ ရှင်သန်ခဲ့ကြပါတယ်။ အမျိုးသားရေးမူဝါဒမှာ ထိုင်ဝမ်ဟာ ဦးစားပေးနေရာမှာ ရှိနေပါတယ်" ဟု လိုင်က ပြောကြားခဲ့သည်။
လက်ရှိတွင် မိမိတို့၏ တာဝန်မှာ ထိုင်ဝမ်လူထုကို စည်းလုံးညီညွတ်စေရန်နှင့် တရုတ်၏ ရန်လိုမှုကို ဆန့်ကျင် ရန်နှင့် အမျိုးသားရေး အချုပ်အခြာအာဏာကို စိတ်ချသေချာစေရန် လုပ်ဆောင်ရေးဖြစ်သည်ဟု လိုင်က Hokkien ဟု လူသိများသည် ထိုင်ဝမ်ဘာသာစကားဖြင့် ပြောဆိုခဲ့သည်။
"ထိုင်ဝမ်ရဲ့ ကိုယ်ပိုင် သမိုင်းကြောင်း အစဉ်အလာနဲ့ ယဉ်ကျေးမှုကို ထိုင်ဝမ်ဒေသခံ အားလုံးက သိရှိနားလည် စေဖို့အတွက် ကျနော်တို့ အကောင်းဆုံး လုပ်ဆောင်ရပါမယ်။ ထိုင်ဝမ်မှာနေထိုင်တဲ့ လူပေါင်း ၂၃ သန်းရဲ့ အမျိုးသားရေးလက္ခဏာကို ထူထောင်ရပါမယ်" ဟု လိုင်က ပြောကြားခဲ့သည်။
ထို့ပြင် လိုင်က ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်း ဖြစ်သည်ဆိုသည့် တရုတ်၏ ပြောကြားချက်ကို ငြင်းဆိုခဲ့ပြီး ထိုင်ဝမ်၏ အနာဂတ်ကို ထိုင်ဝမ်ဒေသခံများကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။
Source: ရိုက်တာ
![](/images/dtjtrujyruj46ruje6djuey.jpg#joomlaImage://local-images/dtjtrujyruj46ruje6djuey.jpg)
- By CNI
- Category: နိုင်ငံရေး
- Hits: 1459
CNI International News
ဂရန်း ရက်ပစ်၊ ဇူလိုင် ၂၂
အမေရိကန် သမ္မတရွေးကောက်ပွဲဝင် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) သည် မီချီဂန် (Michigan) ပြည်နယ်၊ ဂရန်းရက်ပစ် (Grand Rapids) မြို့တွင် ဇူလိုင် ၂၀ ရက်က ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးပွဲ၌ ဒီမိုကရက်များကို လှောင်ပြောင်သရော်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုမဲဆွယ်စည်းရုံးပွဲသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပင်ဆယ်ဗေးနီးယား (Pennsylvania) ပြည်နယ်၊ ဘတ်တလာ (Butler) မြို့တွင် ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးပွဲ၌ ထရမ့် ပစ်ခတ်ခံခဲ့ရသော ဖြစ်စဉ်အပြီးတွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲဖြစ်သည်။
ဂရန်းရက်ပစ်မြို့တွင် ပြုလုပ်သည့် ထိုမဲဆွယ်စည်းရုံးပွဲ၌ ထရမ့်က သမ္မတဂျိုးဘိုင်ဒန် (Joe Biden) နှင့် ဒီမိုကရက်များကို လှောင်ပြောင်သရော်ခဲ့သလို အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီ ပယ်လိုစီ (Nancy Pelosi) ကိုလည်း ခွေးနှင့် ခိုင်းနှိုင်းပြောဆိုခဲ့သည်။
ဘတ်တလာမြို့ မဲဆွယ်စည်းရုံးပွဲ ပစ်ခတ်ခံရမှု ဖြစ်စဉ်ကြောင့် ယခု ဂရန်းရက်ပစ်မြို့တွင် ပြုလုပ်သည့် မဲဆွယ် စည်းရုံးပွဲ၌ လုံခြုံရေးများ တင်းကျပ်စွာချထားခဲ့ပြီး မြို့တွင်းရှိ လမ်းများ၏ လမ်းထောင့်တိုင်းမှာ ရဲတပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ချထားခဲ့သည်။
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
"သူတို့ (ဒီမိုကရက်တွေ) ရဲ့ ပြသနာက ဘယ်သူ့ကို သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးရ မှန်းမသိတဲ့ ပြဿနာဖြစ်ပါတယ်။ ကျနော့်ကို ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်လိုက်တဲ့အချိန်မှာ သူတို့ဟာ ဘိုင်ဒန်ကို ရွေးကောက်ပွဲက နုတ်ထွက်စေချင်နေကြပါတယ်" ဟု ထရမ့်က ပြောကြားခဲ့သည်။
ထို့ပြင် နန်စီပယ်လိုစီသည်လည်း ခွေးတစ်ကောင်ကဲ့သို့ ဘိုင်ဒန်ကို ရွေးကောက်ပွဲမှ မနုတ်ထွက်စေရန် တွန်းအားပေးနေကြောင်းနှင့် နန်စီပယ်လိုစီသည် ကြမ်းပိုးတစ်ကောင်ကဲ့သို့ တုံးအသူဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်၏ ခွေးနှင့်နှိုင်းသည့် ပြောကြားချက်နှင့်ပတ်သက်ပြီး နန်စီပယ်လိုစီ၏ ရုံးက မှတ်ချက်ပေးရန် ရိုက်တာသတင်းဌာန၏ တောင်းဆိုချက်ကို ချက်ချင်းတုန့်ပြန်ခဲ့ခြင်းမရှိပေ။
ထို့ပြင် ထရမ့်က ဘတ်တလာမြို့ မဲဆွယ်စည်းရုံးပွဲတွင် ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး သူသည် ဒီမိုကရေစီအတွက် ကျည်ဆန်ထိမှန် ခံခဲ့ရခြင်းဖြစ်သည်ဟုလည်း ၎င်း၏ ထောက်ခံသူများကို ဂုဏ်ယူဝံ့ကြွားစွာ ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဘိုင်ဒန်သည် နိုဝင်ဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဖိအားများနှင့် ရင်ဆိုင်နေရပြီးနောက် ဇူလိုင် ၂၁ ရက်နေ့မှာပဲ သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1184
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရ၏ အလုပ်အကိုင် ခွဲတမ်းချသည့်အစီအစဉ်ကို ဆန့်ကျင်သော ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြမှုများနှင့် ဆူပူအုံကြွမှုများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ခရီးမသွားရန် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၂၀ ရက်တွင် အမေရိကန်နိုင်ငံသားများကို တိုက်တွန်းခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဘင်္ဂလားဒေ့ရှ်သို့ ခရီးသွားလာမှုဆိုင်ရာ အကြံပြုချက်တွင် သတိပေး ချက်ကို အဆင့် ၄ အထိ တိုးမြှင့် ထုတ်ပြန်ထားသလို ဇူလိုင် ၁၉ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်မည့် အမေရိကန်ပြည်သူများကို ပြန်လည်စဉ်းစားရန် တိုက်တွန်းခဲ့သည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ အရေးပေါ် တာဝန်ထမ်းဆောင်စရာမလိုသည့် အမေရိကန်အစိုးရ အရာရှိများ နှင့် ၎င်းတို့၏ မိသားစုဝင်များကို ဘင်္ဂလားဒေ့ရှ်မှ မိမိသဘောဆန္ဒအလျောက် ထွက်ခွာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် စစ်သားတွေကိုတွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်တွင် အစိုးရ၏ အလုပ်အကိုင်များ ခွဲတမ်းချသည့်စနစ်အရ လစာကောင်းသည့် အစိုးရရာထူးနေရာ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကို ၁၉၇၁ ခုနှစ်က ပါကစ္စတန်လက်အောက်မှ လွတ်လပ်ရေးရယူသည့် စစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့သော စစ်မှုထမ်းဟောင်းများ၏ သားသမီးများအတွက် ခွဲတမ်းချပေးထားသည်။
ထိုအစီအစဉ်ကြောင့် နိုင်ငံတစ်ဝန်းရှိ ကျောင်းသားများက ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီး စစ်တပ်ကလည်း ကာဖျူး(ညမထွက်ရအမိန့်) ထုတ်ပြန်ခဲ့ကာ စစ်သားများကို နိုင်ငံတစ်ဝန်းတွင် ဖြန့်ကြက်ချထားခဲ့ကာ တည်ငြိမ်မှု ပြန်လည်ရရှိစေရန် ကြိုးပမ်းခဲ့သည်။
ဒါကာ (Dhaka) မြို့တော်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တစ်ဝန်းတွင် ဆူပူအုံကြွမှုများဖြစ်ပွားပြီး လူသေဆုံးမှုများရှိနေ သည့် အခြေအနေကြောင့် ပြည်သူများအနေဖြင့် ဘင်္ဂလားဒေ့ရှ်သို့ မသွားသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အဓိရုဏ်းကိုတွေ့ရစဉ်
လုံခြုံရေးအခြေအနေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ကောင်စစ်ဝန်ရုံးဝန်ဆောင်မှု လုပ်ငန်းစဉ်များသည် နှောင့်နှေးကြန့်ကြာနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို ထိန်းသိမ်းရန်နှင့် မကြာသေးမီ ရက်များအတွင်း ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှုများအတွက် စိုးရိမ်ကြောင်း အမေရိကန်နှင့် ကနေဒါတို့က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ပြီးခဲ့သည့် သီတင်းတစ်ပတ်က ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ခိုက်ရန်ဖြစ်ပွားမှု အပြင်းထန်ဆုံး အခြေအနေအထိ ရောက်ရှိခဲ့ပြီး သေဆုံးသူ ၁၅၀ ကျော်အထိ ရှိခဲ့သည်ဟု အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြခဲ့သည်။
Source: ဘန်ကောက်ပို့စ်