- By CNI
- Category: နိုင်ငံရေး
- Hits: 141
CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အီရန်နှင့် စ-စ်ပွဲ ပြန်လည်စတင်မည်ဟု ဇွန်လ ၂၁ ရက် တွင် ခြိမ်းခြောက်ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်နှင့် အီရန်ကြား စ-စ်ပွဲ အဆုံးသတ်ရန် ပြီးခဲ့သည့် သီတင်းပတ်က ရရှိခဲ့သော နားလည်မှုစာချွန်လွှာ (MOU) အရ ယာယီငြိမ်းချမ်းရေး သဘောတူညီချက်အောက်တွင် အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) သည် အီရန်အရာရှိများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေချိန်အတွင်းမှာပင် ထရမ့်၏ ခြိမ်းခြောက်မှု ထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဟော်မုဇ်ရေလက်ကြားကို ထပ်မံ ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း အီရန်အစိုးရ၏ ကြေညာချက်ကြောင့်လည်း အဆိုပါ ဆွေးနွေးပွဲများအပေါ် အရိပ်မည်း လွှမ်းမိုးသွားခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ တောင်ထိပ်ပေါ်တွင် တည်ရှိသည့် ဘာဂန်စတော့ခ် (Buergenstock) အပန်းဖြေစခန်း၌ ပြုလုပ်သော ယခုဆွေးနွေးပွဲသည် နှစ်နိုင်ငံကြား စ-စ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်ပြီး၊ ပြီးခဲ့သည့် ဧပြီလ ကတည်းက စတင်ခဲ့သော အပစ်အခတ်ရပ်စဲရေး သက်တမ်းကို နောက်ထပ် ရက်ပေါင်း ၆၀ အထိ တိုးမြှင့်ရန် အတွက် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်ကို တွေ့ရစဉ်
ယခုရရှိထားသော သဘောတူညီချက်တွင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်တင်ပို့မှုအတွက် အချက်အချာကျသော ဟော်မုဇ်ရေလက်ကြားကို ပြန်လည် ဖွင့်လှစ်ရန်နှင့် အီရန်၏ မဟာမိတ် ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့နှင့် အစ္စရေးကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် လက်ဘနွန်နိုင်ငံ အပါအဝင် စ-စ်မျက်နှာအားလုံးတွင် တိုက်ခိုက်မှု များကို အဆုံးသတ်ရန် တောင်းဆိုထားသည်။
သို့သော် အမေရိကန်နိုင်ငံ အနေဖြင့် လက်ဘနွန်တွင် တိုက်ပွဲများရပ်တန့်ရန် ၎င်း၏ ကတိကဝတ်ကို ပျက်ကွက် ခဲ့သည်ဟု အီရန်ဘက်က စွပ်စွဲပြောဆိုခဲ့ပြီး ဟော်မုဇ်ရေလက်ကြားမှတဆင့် ရေကြောင်းဖြတ်သန်း သွားလာမှုများ ကို ထပ်မံ ပိတ်ဆို့လိုက်ကြောင်း ကြေညာခဲ့သည်။
“အီရန်အနေနဲ့ လက်ဘနွန်မှာရှိတဲ့ သူတို့ရဲ့ လက်အောက်ခံ အဖွဲ့တွေ ပြဿနာရှာနေတာကို ချက်ချင်း ရပ်တန့်ခိုင်းရမယ်” ဟု သမ္မတ ထရမ့်က လက်ဘနွန်ရှိ အီရန်၏မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့ကို ရည်ညွှန်းပြီး လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
“တကယ်လို့ သူတို့ဘက်က ရပ်တန့် မပေးဘူးဆိုရင်တော့၊ ပြီးခဲ့တဲ့အပတ်က ကျနော်တို့ လုပ်ခဲ့သလိုမျိုးပဲ အီရန်ကို နောက်တစ်ကြိမ် အပြင်းထန်ဆုံး တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။ ဒီတစ်ခါတော့ ပိုပြီးတော့တောင် ပြင်းထန် လိမ့်မယ်”ဟု ၎င်းက ဆက်လက် သတိပေးခဲ့သည်။

အမေရိကန်-အီရန် ဆွေးနွေးပွဲမှာ ခေါင်းဆောင်တွေကို တွေ့ရစဉ်
Fox News ၏ ဖော်ပြချက်အရ သမ္မတထရမ့်သည် အင်တာဗျူးတစ်ခုတွင် ယခုထက်ပိုပြီး ပြင်းထန်သည့် စကား လုံးများဖြင့် ပြောဆိုခဲ့ပြီး၊ အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ပါက "မင်းတို့မှာ နိုင်ငံဆိုတာ ရှိတော့ မှာ မဟုတ်ဘူး" ဟု ထရမ့်က အီရန်အရာရှိများကို သတိပေးခဲ့သည်။
ကာတာနိုင်ငံမှ ကြားဝင်စေ့စပ်ပေးသူများ ရှေ့မှောက်တွင် အမေရိကန်နှင့် အီရန်အရာရှိများ တွေ့ဆုံခဲ့ကြသည့် ဆွေးနွေးပွဲတွင်မူ ဒုသမ္မတ ဗန့်စ်က လက်ဘနွန်ရှိ အကြမ်းဖက်မှုများကို လျှော့ချပြောဆိုခဲ့ပြီး၊ လက်ဘနွန်တွင် တိုက်ခိုက်မှုများ အဆုံးသတ်ရေးအတွက် တိုးတက်မှုများ ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုဆွေးနွေးပွဲတွင် အမေရိကန်နှင့် အီရန် ကိုယ်စားလှယ်များ ဓာတ်ပုံအတူ တွဲရိုက်ခဲ့ခြင်း မရှိပေ။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ဂ်ချီ (Abbas Araqchi) သည် ဆွေးနွေးသည့် အခန်းထဲသို့ ဝင်ရောက် လာပြီးနောက် ကြားဝင်စေ့စပ်ပေးသူဖြစ်သည့် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ် (Shehbaz Sharif) ကို ပွေ့ဖက်နှုတ်ဆက်ခဲ့သော်လည်း အခန်း၏ နောက်ကျောဘက်တွင် ရှိနေသည့် ဗန့်စ်နှင့် တစ်စုံတစ်ရာ ဆက်ဆံ ပြောဆိုခြင်း မရှိခဲ့ပေ။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 144
CNI International News
အင်ဖာ၊ ဇွန်လ ၂၃
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အတွင်း ငြိမ်းချမ်းရေး ပြန်လည် ဖော်ဆောင်ရန်အတွက် လူမျိုးစု အသီးသီးနှင့် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဝိုင် ခမ်ချန်း ဆင်း (Y Khemchand Singh)က ဇွန်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု Daily Hunt သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ထို့နောက် ပဋိပက္ခများကို ဆွေးနွေးညှိနှိုင်းမှုဖြင့်သာ ဖြေရှင်းနိုင်မည်ဟု ၎င်းက ပြောသည်။
ကူကီးနှင့် နာဂလူမျိုးစုများ အဓိက နေထိုင်ကြသော တန်းနူးပါးလ်(Tengnoupal)ခရိုင်၊ ဟိုင်ကတ်ပေါ့ပီ (Heikak pokpi) ကျေးရွာရှိ မျက်မမြင်ကျောင်း ဖွင့်ပွဲအခမ်းအနားတွင် ဆင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ် သည်။
ပြည်နယ်အတွင်း နေထိုင်ကြသည့် လူမျိုးစု အားလုံးအတွက် စည်းလုံးညီညွတ်သော မဏိပူရပြည်နယ် ဖြစ်ပေါ်လာ ရေးသည်သာ ရှေ့ဆက်ရမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

မဏိပူရပြည်နယ်ဝန်ကြီးချုပ် ဝိုင် ခမ်ချန်း ဆင်းကို တွေ့ရစဉ်
“ငြိမ်းချမ်းရေး ဘယ်လိုဖော်ဆောင်မလဲဆိုတာ ဆွေးနွေးဖို့အတွက် မတူကွဲပြားတဲ့ လူမျိုးစုအသီးသီးက အဖွဲ့တွေ ဟာ ကျနော်ရဲ့ရုံးကို လာရောက်ကြပါတယ်။ တကယ်လို့ ကသည်း၊ ကူကီးနဲ့ နာဂ လူမျိုးတွေက ကိုယ့်လူမျိုး တစ်မျိုးစီရဲ့ အကျိုးစီးပွား တစ်ခုတည်းကိုပဲ ဆက်ပြီး တွေးနေကြမယ်။ ဆက်ပြီး တိုက်ခိုက်နေကြမယ်ဆိုရင်တော့ မဏိပူရပြည်နယ်ဟာ ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။
ပြည်နယ်အတွင်း တရားမဝင် လက်နက်များ ကိုင်ဆောင်ထားသူ အားလုံးထံမှ လက်နက်များကို ပြန်လည် သိမ်းဆည်းနိုင်ခြင်း မရှိသရွေ့ ငြိမ်းချမ်းရေး ရရှိရန် မဖြစ်နိုင်ကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က မကြာသေးမီ က ပြောကြားခဲ့သည်။
“သမိုင်းအဆက်ဆက် ပြည်နယ်အတွင်းက လူမျိုးစု ၃၆ စု စည်းလုံးညီညွတ်ခဲ့ကြလို့သာ ဗမာတွေ အပါအဝင် ပြင်ပ ရန်သူတွေကို ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုရှိနေတဲ့ ပြည်နယ်ရဲ့ နယ်နိမိတ်တွေကို လူမျိုးစုအားလုံးက အတူတကွ တည်ဆောက်ပြီး ကာကွယ်ခဲ့ကြတာပါ။ ကျနော်တို့ အနေနဲ့ ဘိုးဘွားတွေ လက်ဆင့်ကမ်းပေးခဲ့တဲ့ ဒီမြေတွေကို ချစ်မြတ်နိုးပြီး တန်ဖိုးထားရပါမယ်”ဟု ဆင်းက ပြောကြားခဲ့သည်။
ယခင်က ဘားမားဟု လူသိများခဲ့သည့် မြန်မာနိုင်ငံသည် မဏိပူရပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

မဏိပူရပြည်နယ်ဝန်ကြီးချုပ် ဝိုင် ခမ်ချန်း ဆင်းကို တွေ့ရစဉ်
“ကျနော်တို့အားလုံး အတူတကွ ပူးပေါင်း နေထိုင်သွားဖို့ကလွဲလို့ တခြား နည်းလမ်းမရှိတဲ့အတွက် အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့နဲ့ တစ်ဖက်လူရဲ့ အခက်အခဲတွေကို စာနာနားလည်ပေးနိုင်ဖို့ တွေးတော လုပ်ဆောင်ကြရ ပါမယ်။ ဒီနေ့ဆိုရင် ကျနော်တို့ရဲ့ ညီအစ်ကိုမောင်နှမ အများအပြားဟာ ခရီးသွားဖို့အတွက် အင်ဖာ (Imphal) မြို့က လေဆိပ်ကို လာရောက် အသုံးပြုနေကြပြီဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
အင်ဖာတောင်ကြားဒေသသည် ကသည်းလူမျိုးစုများ အဓိကနေထိုင်သည့် အရပ်ဒေသဖြစ်ပြီး ကူကီးနှင့် နာဂ လူမျိုးစုများမှာမူ တောင်ကုန်းဒေသများတွင် နေထိုင်ကြသည်။
ပဋိပက္ခများ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့သည့် အချိန်အတွင်းက တောင်ကုန်းဒေသများပေါ်တွင် နေထိုင်ကြ သူများသည် အင်ဖာလေဆိပ်သို့ သွားရောက်ခြင်းကို ရှောင်ကြဉ်ခဲ့ကြပြီး အိမ်နီးနားချင်း မီဇိုရမ်ပြည်နယ်ရှိ အိုက်ဇောလ် (Aizawl) လေဆိပ်ကိုသာ သွားရောက်အသုံးပြုခဲ့ကြသည်။
တောင်တန်းဒေသများတွင် ပဋိပက္ခအသစ်များ ပြန်လည် ဖြစ်ပွားလာခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကြန့်ကြာခဲ့ရခြင်း ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် ဆင်းက ပြောကြားခဲ့ပြီး မည်သည့် ပြဿနာကိုမျှ လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်း၍မရနိုင်ဘဲ ဆွေးနွေးညှိနှိုင်းမှုများဖြင့်သာ အဆုံးသတ်ရမည်ဖြစ်ကြောင်း ပြည်သူများကို တိုက်တွန်းနှိုးဆော်ခဲ့သည်။
“တစ်အိမ်တည်းနေတဲ့ မိသားစု တစ်စုထဲမှာတောင် ရန်ဖြစ်တာမျိုးတွေ ရှိတတ်ကြတာပဲ။ ဒါပေမဲ့ ကျနော်တို့အနေ နဲ့ အတိတ်က ကိစ္စတွေကို မေ့ပျောက် ခွင့်လွှတ်ကြပြီး နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် တွေးတော လုပ် ဆောင်ကြရပါမယ်” ဟု ဝန်ကြီးချုပ်ဆင်းက ပြောကြားခဲ့သည်။
Source: Daily Hunt
- By CNI
- Category: နိုင်ငံရေး
- Hits: 164
CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၂
ယခုသီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံ၌ ကျင်းပခဲ့သည့် စက်မှုထိပ်သီးခုနှစ်နိုင်ငံ (G7) ထိပ်သီး အစည်းအဝေးတွင် အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni) က မိမိနှင့်အတူ ဓာတ်ပုံတွဲရိုက်ရန် အတင်းအကျပ် တောင်းဆိုခဲ့သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဇွန်လ ၂၂ ရက်တွင် ထပ်မံပြောဆိုခဲ့ သဖြင့် ၎င်းတို့နှစ်ဦးကြား ဖြစ်ပွားနေသော် ပဋိပက္ခသည် ပိုမိုကြီးထွားလာခဲ့သည်ဟု CNN မှ ဖော်ပြခဲ့သည်။
“ပြင်သစ်နိုင်ငံမှာ လုပ်ခဲ့တဲ့ G7 အစည်းအဝေးမှာ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက ကျနော်နဲ့ ဓာတ်ပုံ ရိုက်ဖို့ ထပ်တလဲလဲ တောင်းဆိုခဲ့ပါတယ်” ဟု တစ်ချိန်က ဥရောပမဟာမိတ် တစ်ဦးဖြစ်သည့် မယ်လိုနီနှင့် ပတ်သက်ပြီး ထရမ့်က လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။
ထို့ပြင် အီရန်နှင့်ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် အမေရိကန်ကို ကူညီရန် မယ်လိုနီက ငြင်းဆန်ခဲ့ခြင်းကြောင့် ၎င်း၏ လူထုထောက်ခံမှုနှုန်းမှာ ကျဆင်းနေသည်ဟုလည်း ထရမ့်က စွပ်စွဲပြောဆိုခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီတလီဝန်ကြီးချုပ် မယ်လိုနီကိုတွေ့ရစဉ်
သို့သော်လည်း အီတလီဝန်ကြီးချုပ် မယ်လိုနီကမူ ထရမ့်၏ ပြောကြားချက်များကို ချက်ချင်းပင် ပြန်လည် တုံ့ပြန် ပယ်ချခဲ့ပြီး ထရမ့်၏ ပြောကြားချက်သည် အဓိပ္ပာယ်မရှိသော စကားသာဖြစ်ကြောင်း၊ ထရမ့် အနေဖြင့် တစ်ပါးသူ ၏ ရေပန်းစားမှုကို လိုက်ကြည့်နေမည့်အစား မိမိကိုယ်တိုင် လူထုထောက်ခံမှုနှုန်းကိုသာ အာရုံစိုက်သင့်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
“သမ္မတ ထရမ့်ရေ။ ဒီလိုမျိုး အမြဲတမ်း ဆင်ခြင်တုံတရားမဲ့ပြီး အခြေအမြစ်မရှိဘဲ တိုက်ခိုက်နေတာတွေဟာ အဓိပ္ပာယ်မရှိပါဘူး”ဟု မယ်လိုနီက ဇွန်လ ၂၀ ရက် နှောင်းပိုင်းတွင် ၎င်း၏ Facebook စာမျက်နှာ၌ ရေးသားခဲ့ သည်။
ထရမ့် စွပ်စွဲပြောဆိုခဲ့သလို ၎င်းတို့ နှစ်ဦး၏ ခင်မင်ရင်းနှီးမှုသည် မိမိ၏ လူထုထောက်ခံမှုကို အထောက်အကူ မပြုခဲ့ကြောင်းလည်း မယ်လိုနီက ထည့်သွင်း ပြောကြားခဲ့သည်။
အီတလီနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် နိုင်စွမ်းကြောင့် မိမိ၏ ဝန်ကြီးချုပ် ရာထူးသည် ယနေ့ ထက်တိုင် တည်တံ့နေခြင်းဖြစ်ကြောင်း၊ ထိုအချက်ကြောင့်ပင် ယခုနှစ် အစောပိုင်းက အီတလီ စစ်အခြေစိုက် စခန်းများကို အမေရိကန်အား အသုံးပြုခွင့် ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း မယ်လိုနီက ပြောကြားခဲ့သည်။

G7 ထိပ်သီး အစည်းအဝေး တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်တွေကို တွေ့ရစဉ်
“ဘာပဲဖြစ်ဖြစ် ရှင်က ကျမရဲ့ ရေပန်းစားမှုအတွက် စိုးရိမ်နေစရာ မလိုပါဘူး။ ရှင့်ရဲ့ ရေပန်းစားမှုကိုပဲ ရှင့်ဘာသာ အာရုံစိုက်ဖို့ ကျမ အကြံပြုချင်ပါတယ်” ဟုလည်း မယ်လိုနီက ဖြည့်စွက်ပြောကြားခဲ့သည်။
ထရမ့်သည် ယခုသီတင်းပတ်အတွင်း အီတလီ၏ La7 TV နှင့်ပြုလုပ်သည့် အင်တာဗျူးတွင်လည်း G7 အစည်း အဝေးအတွင်း မယ်လိုနီသည် မိမိနှင့်ဓာတ်ပုံရိုက်ရန် ခခယယ တောင်းဆိုခဲ့ကြောင်း ပြောဆိုခဲ့သဖြင့် မယ်လိုနီနှင့် ပြဿနာ တက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ ထပ်မံပြောဆိုခဲ့ခြင်းဖြစ်သည်။
ထရမ့်၏ ပထမအကြိမ် ပြောကြားချက်ကြောင့် မယ်လိုနီနှင့် အချေအတင်ဖြစ်ခဲ့ပြီး အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီ (Antonio Tajani) က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) နှင့် တွေ့ဆုံရန် စီစဉ်ထားသည့် အမေရိကန်ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။
Source: CNN
- By CNI
- Category: နိုင်ငံရေး
- Hits: 159
CNI International News
တိုကျို၊ ဇွန်လ ၂၂
ဂျပန်ကာကွယ်ရေးတပ်ဖွဲ့(SDF)နှင့် အမေရိကန်စစ်တပ်တို့သည် ကျူရှူး (Kyushu) ကျွန်းနှင့် အိုကီနာဝါစီရင်စု (Okinawa Prefecture) တို့တွင် ပူးတွဲစစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို စနေနေ့က စတင်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်း ချဲ့ထွင်မှု အပါအဝင် အခြား အရေးကိစ္စများကြောင့် လုံခြုံရေး အခြေအနေ ပိုမို တင်းမာနေသည့် အချိန်တွင် Resolute Dragon ဟု အမည်ပေးထားသည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် ဂျပန်နှင့် အမေရိကန်ကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် အပြင် ဂျပန်၏ကျွန်းစုများကို ကာကွယ် ရန် တန်ပြန် တိုက်ခိုက်နိုင်စွမ်းနှင့် သယ်ယူပို့ဆောင်ရေး စွမ်းရည်များကို မြှင့်တင်ရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။
ဇွန်လ ၃၀ ရက်အထိ ပြုလုပ်သွားမည့် Resolute Dragon ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ၂၀၂၁ ဘဏ္ဍာရေးနှစ် စတင်ခဲ့ချိန်ကတည်းက နှစ်စဉ် ကျင်းပလာခဲ့ခြင်း ဖြစ်သည်။

အမေရိကန်-ဂျပန် ပူးတွဲစစ်ရေး လေ့ကျင့်မှုမှာ ပါဝင်တဲ့ လက်နက်ကိုတွေ့ရစဉ်
နှစ်နိုင်ငံလုံးမှ စစ်သားအင်အား ၉၆၀၀ ခန့် ပါဝင်မည့် ထိုစစ်ရေး လေ့ကျင့်မှုတွင် SDF ၏ ကြည်းတပ် (GSDF) တပ်စခန်းများနှင့် လေ့ကျင့်ရေးကွင်းများ အပါအဝင် ကျည်အစစ်များဖြင့် ပစ်ခတ်မှု လေ့ကျင့်ခန်းများ၊ တိုက်ပွဲဝင် လေ့ကျင့်ခန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေး သင်တန်းများ ပါဝင်မည်ဖြစ်သည်။
အဝေးပစ် ဒုံးကျည်များ ကိုင်တွယ် အသုံးပြုသည့် SDF ၏ ကြည်းတပ်မှ တပ်ဖွဲ့တစ်ဖွဲ့ အနေဖြင့် ယခုကဲ့သို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် ပါဝင်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။
ထိုတပ်ဖွဲ့ကို ကူမာမိုတိုမြို့ (Kumamoto)၊ ဟီဂါရှီ(Higashi) ရပ်ကွက်ရှိ ကန်ဂွန်စစ်စခန်း (Camp Kengun) တွင် ပြီးခဲ့သည့် မတ်လက ဖြန့်ကြက်ချထားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် SDF ၏ သယ်ယူပို့ဆောင်ရေး သင်္ဘောများဖြစ်သည့် နီဟွန်ဘာရီ (Nihonbare) နှင့် ယိုကို (Yoko) သင်္ဘော များကို ထောက်ပံ့ပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေး လေ့ကျင့်ခန်းများတွင် အသုံးပြုခြင်းသည်လည်း ယခုအကြိမ် သည် ပထမဆုံးဖြစ်သည်။

အမေရိကန်-ဂျပန် ပူးတွဲစစ်ရေး လေ့ကျင့်မှုမှာ ပါဝင်တဲ့ လက်နက်ကိုတွေ့ရစဉ်
“ဂျပန်နဲ့ အမေရိကန်တို့ အနေနဲ့ ဘယ်အချိန်မှာမဆို ဖြစ်ပေါ်လာနိုင်တဲ့ ဘယ်လို အခြေအနေမျိုးကိုမဆို ပူးတွဲ တုံ့ပြန်နိုင်ဖို့အတွက် ကျနော်တို့ရဲ့ စွမ်းဆောင်ရည်တွေကို ဆက်လက် မြှင့်တင်သွားဖို့ အရေးကြီးပါတယ်” ဟု GSDF အနောက်ပိုင်းစစ်ဌာနချုပ် တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ဆေဂျီ တိုရီယူမီ (Seiji Toriumi) က ဇွန်လ ၂၀ ရက်တွင် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုဖွင့်ပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။
အမေရိကန်၏ တတိယမြောက် မရိန်းတပ်ဖွဲ့ စစ်ဆင်ရေးတပ်မဟာ၏ ဒုတိယတပ်မှူး ဗိုလ်မှူးချုပ် ရိုင်ယန် ဟွိုင်းလ် (Ryan Hoyle) ကလည်း ယခုစစ်ရေး လေ့ကျင့်မှုမှတဆင့် လေ့လာသိရှိရမည့် အရာများသည် ဂျပန် နိုင်ငံ၏ ကာကွယ်ရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုအတွက် အထောက်အကူ ပြုလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: Nikki Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 153
CNI International News
လာပက်ဇ်၊ ဇွန်လ ၂၂
ဘိုလီးဗီးယားနိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် အစိုးရဆန့်ကျင်သည့် ဆန္ဒ ပြပွဲများ လနှင့်ချီ ဖြစ်ပွားခဲ့ပြီးနောက် အခြေအနေသည် ပိုမိုဆိုးရွားလာသော နိုင်ငံရေးအကျပ်အတည်း တစ်ခု အဖြစ်သို့ ပြောင်းလဲလာခဲ့သဖြင့် သမ္မတ ရိုဒရီဂို ပက်ဇ် (Rodrigo Paz) က ဇွန်လ ၂၀ ရက်၌ အရေးပေါ်အခြေအနေ ကြေညာခဲ့ကြောင်း CNN မှ ဖော်ပြခဲ့သည်။
အလုပ်သမားသမဂ္ဂများ၊ လယ်သမားများနှင့် သမ္မတဟောင်း အီဗို မိုရာလက်စ် (Evo Morales) ကို ထောက်ခံ သူများက ဦးဆောင် ပြုလုပ်နေသည့် ထိုဆန္ဒပြပွဲများတွင် ပက်ဇ်အား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုနေကြ သည်။
လွန်ခဲ့သည့် ရက်ပေါင်း ၅၀ ကျော်အတွင်း လမ်းပိတ်ဆို့မှုများကြောင့် နိုင်ငံ၏ အချို့ဒေသများတွင် စားနပ်ရိက္ခာ၊ စက်သုံးဆီနှင့် ဆေးဝါးများ ပြတ်လပ်မှုများ ဖြစ်ပွားခဲ့ပြီး စီးပွားရေးလုပ်ငန်းများလည်း ရပ်ဆိုင်းသွားခဲ့ရသည်။

ဘိုလီးဗီးယားမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ ထိပ်တိုက်တွေ့ကြစဉ်
ဘိုလီးဗီးယားနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အကျိုးဆောင်ရုံး၏ ထုတ်ပြန်ချက်အရ မေလ ၁ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့ကြား အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
“နိုင်ငံအတွင်းက လမ်းတွေကို ပြန်ဖွင့်ပေးနိုင်ဖို့အတွက် အရေးပေါ် အခြေအနေကြေညာဖို့ ကျနော် စီစဉ်ညွှန်ကြား ထားပါတယ်။ ဘိုလီးဗီးယား ပြည်သူတွေအနေနဲ့ အလုပ်လုပ်တာ၊ ပညာသင်ကြားတာ၊ ဆေးကုသမှုခံယူတာ၊ ကုန် ပစ္စည်း ရိက္ခာတွေ ဝယ်ယူတာနဲ့ မိသားစုအတွက် စားနပ်ရိက္ခာ ရှာဖွေတာတွေကို အဟန့်အတား ဖြစ်စေတဲ့ လမ်း ပိတ်ဆို့မှုတွေရဲ့ ဓားစာခံအဖြစ် ဆက်ပြီး ပိတ်လှောင် မခံနိုင်တော့ပါဘူး” ဟု ပက်ဇ်က နိုင်ငံတော်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
ယခုလုပ်ဆောင်ချက်သည် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့အား တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထိန်းသိမ်းရန် လမ်းခင်း ပေးလိုက်ခြင်းဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။

ဘိုလီးဗီးယားမှာ ဆန္ဒပြသူတွေက လမ်းပိတ်ထားစဉ်
“စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေက နိုင်ငံတော်အုပ်ချုပ်မှုစနစ် ရပ်ဆိုင်းသွားစေဖို့ အကြမ်းဖက်မှု တွေကို ဆက်လက် အသုံးပြုနေကြတယ်”ဟု ပတ်ဇ်က ပြောကြားခဲ့ပြီး ယခုအရေးပေါ် အခြေအနေ ကြေညာ ခြင်းသည် ဘိုလီးဗီးယားနိုင်ငံတွင် ပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်အောင် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဆန္ဒပြသူများကမူ ပက်ဇ် အနေဖြင့် လစ်ဘရယ်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို စွန့်လွှတ်ရန်နှင့် သမ္မတ သက်တမ်း တစ်နှစ်မပြည့်မီမှာပင် ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုနေကြသည်။
ပတ်ဇ်သည် အမေရိကန်နှင့် သံတမန်ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းခဲ့ပြီး စက်တင်ဘာလတွင် စက်သုံးဆီ ပံ့ပိုးမှု သေချာစေရေးအတွက် အမေရိကန်အရာရှိများနှင့် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် ပြုလုပ်ရန် အစီအစဉ်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။
Source: CNN
- By CNI
- Category: နိုင်ငံရေး
- Hits: 145
CNI International News
ကာဘူးလ်၊ ဇွန်လ ၂၀
ပါကစ္စတန်နိုင်ငံအတွင်းရှိ ပြည်နယ်နှစ်ခုတွင် ရှိနေသော အစ္စလာမ်မစ် စစ်သွေးကြွများ ပုန်းအောင်နေသည့် စခန်း များကို လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ တာလီဘန်အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်တွင် ပြောကြားခဲ့ဟု CNA မှ ဖော်ပြခဲ့သည်။
ထိုလုပ်ရပ်သည် နှစ်နိုင်ငံကြား နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လအနည်းငယ် အကြာတွင် တင်းမာမှုများကို ထပ်မံမြင့်တက်စေခဲ့သည်။
အာဖဂန်နစ္စတန်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ပါကစ္စတန်နိုင်ငံ၏ ဘာလိုချီစတန် (Balochistan) နှင့် ခိုင်ဘာ ပက်ထန်ခါဝါ (Khyber Pakhtunkhwa) ပြည်နယ်များရှိ စစ်သွေးကြွများ ပုန်းအောင်းနေသည့် နေရာများကို ဇွန်လ ၁၈ ရက်ညပိုင်းက လေတပ်ဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
တိုက်ခိုက်မှုကို မည်သည့်နည်းလမ်းဖြင့် လုပ်ဆောင်ခဲ့သည်ဆိုခြင်းကိုမူ အသေးစိတ် ဖော်ပြထားခြင်းမရှိဘဲ ထိုတိုက်ခိုက်မှုသည် လပေါင်းများစွာအတွင်း ပါကစ္စတန်နယ်နိမိတ်ပေါ်တွင် အာဖဂန်အစိုးရ၏ ပထမဆုံး အဓိက ထိုးစစ်ဆင်မှု ဖြစ်သည်။
လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးအင်စတီကျု (IISS) ၏ အချက်အလက်များအရ အာဖဂန်နစ္စတန်နိုင်ငံတွင် တိုက်လေယာဉ်များ မရှိသော်လည်း အနည်းဆုံး စစ်လေယာဉ် ၆ စင်းနှင့် ရဟတ်ယာဉ် ၂၃ စင်း ပိုင်ဆိုင်ကြောင်း ဖော်ပြထားသည်။

တာလီဘန်တစ်ဦးကို တွေ့ရစဉ်
အာဖဂန်နစ္စတန်ဘက်မှ ယခုတိုက်ခိုက်မှုကို မည်သို့လုပ်ဆောင်ခဲ့သည်ကို အသေးစိတ် မသိရသော်လည်း တာလီဘန်တပ်ဖွဲ့များသည် ပါကစ္စတန်နှင့် တိုက်ပွဲများအတွင်း ဒရုန်းများကို အသုံးပြုခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။
“အခုတိုက်ခိုက်ခဲ့တဲ့ စခန်းတွေဟာ အာဖဂန်နစ္စတန်ကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ရန်သူ့ထောက်လှမ်းရေး အသိုင်း အဝိုင်းအချို့နဲ့ ပူးပေါင်းကြံစည် ပြင်ဆင်ရာမှာ အသုံးပြုနေတယ်လို့ စွပ်စွဲခံထားရတဲ့ စခန်းတွေ ဖြစ်ပါတယ်။ ဒီစစ် စခန်းတွေဟာ အရင်ကလည်း တိုက်ခိုက်မှု အများအပြားကို စတင်ဖော်ဆောင်ခဲ့တဲ့ နေရာတွေ ဖြစ်ပါတယ်” ဟု အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကနဦး ရရှိထားသည့် အချက်အလက်များအရ ထိုစစ်ဆင်ရေးအတွင်း ကြိုတင် သတ်မှတ်ထားသည့် အဓိက ပစ်မှတ်များကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ကြာင်း ဖော်ပြထားသော်လည်း ထိခိုက်၊ သေဆုံးမှု အသေးစိတ်ကိုမူ ထည့်သွင်း ဖော်ပြခဲ့ခြင်း မရှိပေ။
အာဖဂန်၏ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ပါကစ္စတန်စစ်တပ်နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ကမူ မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။
မဟာမိတ်အဖြစ်မှ ရန်သူဖြစ်လာခဲ့ကြသည့် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့ကြား ဖြစ်ပွားနေသော ပဋိပက္ခကြောင့် ယခုနှစ်အတွင်း လူပေါင်းရာချီ သေဆုံးခဲ့ရပြီး၊ တင်းမာမှုများ လျှော့ချရန် တရုတ်နိုင်ငံက ကြားဝင် စေ့စပ်ပေးခဲ့သည့် ကြိုးပမ်းမှုများသည်လည်း ယခုအချိန်အထိ ရလဒ်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 144
CNI International News
နယူးဒေလီ၊ ဇွန်လ ၂၀
အိန္ဒိယနိုင်ငံတွင် စာမေးပွဲမေးခွန်းများ ပေါက်ကြားမှု ပြဿနာကြောင့် Telegram အသုံးပြုခွင့် ယာယီ ပိတ်ပင်ထားသည့် အမိန့်အား ပယ်ဖျက်ပေးရန် Telegram ကုမ္ပဏီဘက်က လျှောက်လှဲချက်ကို နယူးဒေလီ တရားရုံးက ဇွန်လ ၁၉ ရက်၌ ပယ်ချခဲ့ကြောင်း CNA ဖော်ပြခဲ့သည်။
အိန္ဒိယတွင် ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ရည်ရွယ်သည့် အစိုးရ၏ လုပ်ဆောင်ချက်သည် တရားဥပဒေနှင့် ညီညွတ်ပြီး ကျိုးကြောင်းဆီလျော်မှုရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။
ဇွန်လ ၁၆ ရက်မှ ဇွန်လ ၂၂ ရက်အထိ Telegram အက်ပလီကေးရှင်းကို ပိတ်ပင်ထားမှုသည် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံဖြစ်သော အိန္ဒိယတွင် ပြင်းထန်သည့် အငြင်းပွားမှုများ ဖြစ်ပေါ်စေခဲ့သည်။
လွတ်လပ်စွာ ပြောဆိုခွင့်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများကမူ ယခုလုပ်ရပ်သည် အစိုးရအနေဖြင့် လူမှုမီဒီယာများ အသုံးပြုခွင့်အား အချိန်မရွေး ကန့်သတ်ပိတ်ပင်နိုင်သည့် အာဏာကို ခိုင်မာစေပြီး ဆိုးရွားသော စံနမူနာတစ်ခု ဖြစ်လာစေကြောင်း ပြောသည်။

တရားရုံးအမှု မှတ်တမ်းကို တွေ့ရစဉ်
ပြီးခဲ့သည့်လက ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ (NEET ) ဖြေဆိုမည့် ကျောင်းသားများအတွက် ကျင်းပခဲ့သော နိုင်ငံလုံးဆိုင်ရာ စာမေးပွဲ မေးခွန်းများ ပေါက်ကြားခဲ့သည်ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်လာပြီး စာမေးပွဲ ရလဒ်များကို ဖျက်သိမ်းခဲ့သည်။
Telegram တွင် NEET PAPER LEAKED နှင့် Paper Leaked NEET အမည်ရှိ ချန်နယ်များနှင့် အချို့ ချန်နယ်များ သည် NEET စာမေးပွဲ မေးခွန်းများကို အခကြေးငွေများဖြင့် ရောင်းချခဲ့ကာ Telegram တာဝန်ရှိသူများဘက်က ထိုချန်နယ်များကို အရေးယူပိတ်ပင်ရန် ပျက်ကွက်ခဲ့ကြောင်း အိန္ဒိယအစိုးရက စွပ်စွဲပြီး Telegram အသုံးပြုခွင့်ကို ယာယီပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ပိတ်ပင်ချက်ကို ပယ်ဖျက်ပေးရန် Telegram ကုမ္ပဏီ၏ အယူခံဝင်မှုကို တရားရုံးက ပယ်ချခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်ပြီး Telegram နှင့် အိန္ဒိယအစိုးရတို့က ချက်ချင်း မှတ်ချက်မပေးခဲ့ပေ။
ယခုကဲ့သို့ ပိတ်ပင်ခံထားရသည့် ကာလအတွင်း အိန္ဒိယတွင် Telegram ကို အသုံးမပြုနိုင်တော့ဘဲ အိန္ဒိယ ဆက်သွယ်ရေးကုမ္ပဏီများသည် Google နှင့် Apple ကဲ့သို့ နည်းပညာကုမ္ပဏီကြီးများနှင့် ပူးပေါင်းဆောင်ရွက်ပြီး App Store များတွင် Telegram အက်ပလီကေးရှင်းကို ဖယ်ရှားခဲ့သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 130
CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၀
အရှေ့အလယ်ပိုင်းပဋိပက္ခကို အဆုံးသတ်ရန် သဘောတူညီချက်တစ်ရပ် ရရှိရေးအတွက် အမေရိကန်နှင့် အီရန် ကြား ဆွေးနွေးပွဲများကို ဇွန်လ ၁၉ ရက်တွင် ကျင်းပဖြစ်တော့မည် မဟုတ်ကြောင်း ဆွစ်ဇာလန်နိုင်ငံက ပြောကြား ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ပြင် အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) ကလည်း ဆွစ်ဇာလန်သို့ သွားရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ရေရှည်တည်တံ့မည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဖော်ဆောင်နိုင် မည် ဟုတ်/မဟုတ် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
“ဒီလို ညှိနှိုင်းဆွေးနွေးမှုတွေရဲ့ နောက်ကွယ်က စီစဉ်ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်တွေဟာ ရိုးရိုးရှင်းရှင်း မဟုတ်ဘဲ ကြိုတင်ခန့်မှန်းရလည်း ခက်ခဲပါတယ်”ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇွန်လ ၁၈ ရက်က ပြော ကြားခဲ့သည်။

အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်ကို တွေ့ရစဉ်
ဗန့်စ်နှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံရှိ ဘာဂန်စတော့ခ် (Burgenstock) တောင်ပေါ် အပန်းဖြေစခန်းတွင် အီရန်နှင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် စီစဉ်ခဲ့ပြီးနောက် ယခုအခါတွင် ထိုခရီးစဉ်ကို ရွှေ့ဆိုင်း လိုက်ခြင်းဖြစ်သည်။
ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အဆိုပါ ဆွေးနွေးပွဲများကို ရွှေ့ဆိုင်းလိုက်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဆွစ်ဇာလန်အနေဖြင့် ဆွေးနွေးပွဲများ ဖြစ်မြောက်စေရန် ဆက်လက် ကူညီပံ့ပိုးပေးသွားရန် အသင့်ရှိနေပြီး၊ ဘာဂန်စတော့ခ်တွင် လုပ်ဆောင်ရမည့် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကိုလည်း ဆက်လက် လုပ်ဆောင်နေ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဇွန်လ ၁၇ ရက်က အီရန်နှင့်အမေရိကန်ကြားက ရရှိခဲ့သော အချက် ၁၄ ချက်ပါ သဘောတူညီချက်အရ အပစ် အခတ်ရပ်စဲရေးကို ရက်ပေါင်း ၆၀ ခန့် သက်တမ်းတိုးခဲ့ပြီးနောက် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဆွေးနွေးမှုများ စတင်ရန် အသင့်ရှိကြောင်း ပြောကြားထားသည့် အီရန်နိုင်ငံဘက်မှမူ ယခုဆွေးနွေးပွဲ ရွှေ့ဆိုင်းမှုနှင့်ပတ်သက်ပြီး ချက်ချင်း တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။

ဆွစ်ဇာလန်နိုင်ငံကို တွေ့ရစဉ်
အီရန်ညှိနှိုင်းရေးမှူးများအနေဖြင့် အမေရိကန်ဘက်မှ ယာယီသဘောတူညီချက်ကို စတင် အကောင်အထည် ဖော်သည့် အရိပ်အယောင်များကို ဦးစွာမြင်တွေ့ရန် လိုအပ်နေပြီး၊ အီရန်ကိုယ်စားလှယ်အဖွဲ့သည် ဆွစ်ဇာလန်သို့ သွားရောက်မည့် အတည်ပြုချက်လည်း မရှိသေးကြောင်း အီရန်၏ Tasnim သတင်းအေဂျင်စီက ဇွန်လ ၁၈ ရက် တွင် ဖော်ပြခဲ့သည်။
အမေရိကန် တာဝန်ရှိသူများက သဘောတူညီချက်အတွက် တရားဝင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပမည်ဟု ပြောကြားခဲ့ဖူးသော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ နှစ်နိုင်ငံ စလုံးမှ သမ္မတများက သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီးဖြစ်သောကြောင့် ထိုအခမ်းအနားပြုလုပ်ရန် မလိုအပ်ကြောင်း ပြောဆိုခဲ့သည်။
ထို့ပြင် အမေရိကန်နှင့် အီရန်ကြား ဆွေးနွေးပွဲကို မည်သည့်နေ့ရက်အထိ ရွှေ့ဆိုင်းသည်ဆိုခြင်းကိုမူ ရှင်းလင်းစွာ မသိရသေးပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 143
CNI International News
ကိယက်ဗ်၊ ဇွန်လ ၁၉
ယူကရိန်းက ရုရှားနိုင်ငံ မော်စကို (Moscow) မြို့တော်ကို ပြီးခဲ့သည့် ၂ နှစ်အတွင်း အကြီးမားဆုံး ဒရုန်း စစ်ဆင် ရေးကို ဆင်နွှဲခဲ့သဖြင့် အဓိက ရေနံချက်စက်ရုံတစ်ရုံ ပျက်စီးခဲ့ရပြီး၊ မီးလောင်မှုများ ဖြစ်ပွားခဲ့ကာ ဒေသအနှံ့တွင် ပျက်စီးနေသော ဒရုန်းအစိတ်အပိုင်းများ ပြုတ်ကျခဲ့ကြောင်း CNN မှ ဖော်ပြခဲ့သည်။
ဇွန်လ ၁၇ ရက် ညသန်းခေါင်မှ ဇွန်လ ၁၈ ရက်နေ့သို့ ကူးပြောင်းချိန်တွင် မော်စကိုမြို့တော်သို့ ဦးတည်လာသည့် ဒရုန်း ၁၉၄ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့ကြောင်း မော်စကိုမြို့တော်ဝန် ဆာဂေး ဆိုဗျာနင် (Sergei Sobyanin) က ပြောကြားခဲ့သည်။
ထိုဒရုန်း အရေအတွက်သည် မကြာသေးမီ လများအတွင်းက ယူကရိန်းဘက်မှ ဒရုန်းအစင်းရေ ဆယ်ဂဏန်းခန့် ဖြင့် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ပိုမိုများပြားလာခြင်း ဖြစ်သည်။
ထိုဒရုန်းများဖြင့် အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုသည် ရုရှားနိုင်ငံ၏ ကျယ်ပြန့်သော နယ်မြေဒေသများအပေါ် ယူကရိန်းက ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုတစ်ခု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

မော်စကိုမြို့ တိုက်ခိုက်ခံရစဉ်
ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ အဇော့ဗ်ပင်လယ် (Sea of Azov) ပေါ်တွင် ပျံသန်းလာသည့် ဒရုန်း များ အပါအဝင် ဒရုန်း စုစုပေါင်း ၅၅၅ စီးကို လေကြောင်းရန်ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားနိုင်ခဲ့ ကြောင်း သိရသည်။
ဇွန်လ ၁၈ ရက်တွင် မော်စကိုမြို့တော်ရှိ အဓိက လေဆိပ်အားလုံးတွင် လေကြောင်းခရီးစဉ်များကို ယာယီဆိုင်းငံ့ ထားခဲ့ရကြောင်း ရုရှားလေကြောင်းဦးစီးဌာနကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
စစ်ပွဲအဆုံးသတ်ရေးအတွက် ဖိအားပေးရန် အဓိက မဟာဗျူဟာ တစ်ရပ်အဖြစ် ရုရှား၏ စွမ်းအင်အခြေခံ အဆောက်အအုံများကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများကို ယူကရိန်းဘက်က မကြာသေးမီ သီတင်းပတ်များအတွင်း တိုးမြှင့်လုပ်ဆောင်လာခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelensky) က ပြောကြားခဲ့သည်။

မော်စကိုမြို့ တိုက်ခိုက်ခံရစဉ်
ဇွန်လ ၁၇ ရက် ညသန်းခေါင်ကျော်အချိန်က တိုက်ခိုက်မှုများသည် မိမိတို့၏ မြို့ပြများနှင့် လူထုအခြေပြု အဖွဲ့ အစည်းများအပေါ် ရုရှား၏ တိုက်ခိုက်မှုများအတွက် တုံ့ပြန်ခြင်းဖြစ်ကြောင်း နေတိုးခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးရန် ဘရပ်ဆဲလ်(Brussels) မြို့သို့ ရောက်ရှိနေသည့် ဇာလန်းစကီးက Telegram မှတဆင့် ပြောကြား ခဲ့သည်။
ယူကရိန်း၏ ပစ်မှတ်များထဲတွင် မော်စကို အရှေ့တောင်ဘက် Kapotnya ခရိုင်ရှိ မော်စကို ရေနံချက်စက်ရုံလည်း ပါဝင်ခဲ့ပြီး ရော့စတော့ဗ် (Rostov) ဒေသရှိ အခြား ရေနံသိုလှောင်ရုံတစ်ခုလည်း တိုက်ခိုက်ခံခဲ့ရကြောင်း ယူကရိန်း စစ်ဦးစီးချုပ်ရုံးက ပြောကြားခဲ့သည်။
Source: CNN
