- By CNI
- Category: နိုင်ငံရေး
- Hits: 142
CNI International News
ဆိုးလ်၊ ဇွန်လ ၁၆
အမေရိကန်နှင့် အီရန် ယာယီငြိမ်းချမ်းရေး သဘောတူညီချက်ကြောင့် ဟော်မုဇ်ရေလက်ကြား ပြန်ပွင့်လာချိန်တွင် ထိုရေလက်ကြားမှတဆင့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ရရှိစေရန် နိုင်ငံတကာ၏ အစီအမံများထဲတွင် တောင်ကိုရီးယားအနေဖြင့် မည်သည့် အခန်းကဏ္ဍမှ ပါဝင်ရမည်ဆိုသည့် အချက်ကို တောင်ကိုရီးယားအစိုးရက စဉ်းစားသုံးသပ်နေသည်ဟု The Korea Times မှ ဖော်ပြခဲ့သည်။
စစ်ပွဲအလွန် ဟော်မုဇ်ရေလက်ကြား လုံခြုံရေးဆိုင်ရာ အစီအစဉ်များအနက် တစ်ခုကို အမေရိကန်က ဦးဆောင်ပြီး နောက်အစီအစဉ်တစ်ခုကို ဗြိတိန်နှင့် ပြင်သစ်တို့က ဦးဆောင်ထားသည်။
ထို့ကြောင့် တောင်ကိုရီးယားသည် မည်သည့် အစီအစဉ်တွင် ပါဝင်ရမည်ဆိုသည့် အချက်ကို သတိကြီးစွာထားပြီး လက်ရှိတွင် ဒေသတွင်း တင်းမာမှုများ လျော့ကျသွားလိမ့်မည်ဟု မျှော်လင့်ရသဖြင့် ဟော်မုဇ်ရေလက်ကြား အရေး နှင့်ပတ်သက်ပြီး နိုင်ငံအသီးသီး၏ ပါဝင်ပတ်သက်ရမည့် အခန်းကဏ္ဍကို ဆွေးနွေးမှုများ အရှိန်မြင့်တက်လာခဲ့ သည်။
ဇွန်လ ၁၆ ရက်မှ ၁၇ ရက်အထိ ပြင်သစ်နိုင်ငံတွင် ကျင်းပမည့် စက်မှုထိပ်သီး ၇ နိုင်ငံ (G7) ထိပ်သီးအစည်းအဝေး သို့ တက်ရောက်မည့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) သည်လည်း အခြားနိုင်ငံ ခေါင်းဆောင်များနှင့် ထိုအရေးကိစ္စကို ဆွေးနွေးဖွယ်ရှိသည်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကမူ ဟော်မုဇ်ရေလက်ကြားအတွင်း လွတ်လပ်စွာ ရေကြောင်း သွားလာနိုင်ရေး သေချာစေရန် ရည်ရွယ်သည့် ကြိုးပမ်းမှုများတွင် ကူညီပံ့ပိုးပေးနိုင်မည့် နည်းလမ်းများကို ပြန်လည်သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတ လီဂျေမြောင်ကို တွေ့ရစဉ်
“အစိုးရအနေနဲ့ ဒေသတွင်း ခြိမ်းခြောက်မှုတွေ၊ တပ်ဖြန့်ထားဖို့ လိုအပ်ချက်တွေနဲ့ စစ်ဆင်ရေးဆိုင်ရာ စွမ်းဆောင် ရည်တွေကို ဘက်ပေါင်းစုံက သုံးသပ်ပြီးမှသာ တိကျတဲ့ အစီအစဉ်တွေကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချောင်ဘင်နာ (Chung Binna) က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြား ခဲ့သည်။
စစ်ရေးဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များ စေလွှတ်ခြင်း ရှိ/မရှိ သို့မဟုတ် မည်သည့် အင်အားစုများ ပါဝင်နိုင်သည် ဆိုသည့် အချက်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။
အမေရိကန်နှင့် အီရန်ကြား ယာယီငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပြီး ဇွန်ည ၁၉ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၌ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် အစီအစဉ်များကို ကြေညာခဲ့ပြီးနောက် တောင်ကိုရီးယား၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ခြင်းသည် ပထမဆုံးခြေလှမ်း တစ်ခုဖြစ်ပြီး နောက်ထပ်အဆင့်တွင် မိုင်းရှင်းလင်းရေးနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများ က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် (Donald Trump) သည် ယခင်က တောင်ကိုရီးယား အပါအဝင် မဟာမိတ် နိုင်ငံများအနေဖြင့် စစ်သင်္ဘောများ စေလွှတ်ကာ ရေကြောင်း လွတ်လပ်ခွင့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် တွင် ပါဝင်ကြရန် တောင်းဆိုခဲ့ဖူးသည်။
Source: The Korea Times
- By CNI
- Category: နိုင်ငံရေး
- Hits: 188
CNI International News
ဆိုဖီယာ၊ ဇွန်လ ၁၆
ဘူလ်ဂေးရီးယား အစိုးရသစ်သည် ယူကရိန်းနိုင်ငံသို့ နိုင်ငံပိုင် လက်နက် ထောက်ပံ့မှုများကို ပိတ်ပင်လိုက်ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
သို့သော်လည်း ထိုကဲ့သို့ ပိတ်ပင်မှုသည် ကုန်သွယ်ရေးဆိုင်ရာ လက်နက် တင်ပို့ရောင်းချမှုများအပေါ် သက်ရောက် မှု မရှိသဖြင့် ထိုလုပ်ဆောင်ချက်သည် ယူကရိန်းအစိုးရကို ပစ်မှတ်ထားခြင်းထက် ဘူလ်ဂေးရီးယား ပြည်တွင်းရှိ လက်နက် ထောက်ပံ့သူများကို ပစ်မှတ်ထား ဦးတည် လုပ်ဆောင်ခဲ့ခြင်းလောဟူသည့် မေးခွန်းများ ထွက်ပေါ်လာ စေခဲ့သည်။
ဘူလ်ဂေးရီးယား ကာကွယ်ရေးဝန်ကြီး ဒီမီတာ စတိုယာနော့ဗ် (Dimitar Stoyanov) က ဘူလ်ဂေးရီးယားနိုင်ငံ အနေဖြင့် ယူကရိန်းကို လက်နက်များ ဆက်လက် ထောက်ပံ့တော့မည် မဟုတ်ကြောင်း ဇွန်လ ၉ ရက်က ပြော ကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း လအနည်းငယ် အတွင်းမှာပင် ဘူလ်ဂေးရီးယား အာဏာပိုင်များက ဘူလ်ဂေးရီးယားနိုင်ငံထုတ် ကျည်ဆံတစ်တောင့်မျှ ယူကရိန်းသို့ ပေးပို့ခြင်း မရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
သို့သော် လက်တွေ့တွင်မူ ဘူလ်ဂေးရီးယား၏ ကာကွယ်ရေး လုပ်ငန်းကဏ္ဍသည် ပိုလန်နှင့် ချက်သမ္မတနိုင်ငံကဲ့သို့ ကြားခံနိုင်ငံများသို့ လက်နက်တင်ပို့မှုကို သိသိသာသာ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ထိုကြားခံနိုင်ငံများမှတဆင့် ယူကရိန်းသို့ လက်နက်များ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

ဘူလ်ဂေးရီးယား သမ္မတဟောင်း ရူမန် ရာဒက်ဗ်ကို တွေ့ရစဉ်
ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ဘူလ်ဂေးရီးယား ညွန့်ပေါင်းအစိုးရသည် ယူကရိန်းသို့ စစ်ရေးဆိုင်ရာ ထောက်ပံ့မှုများ ကို ဆက်လက် လုပ်ဆောင်ပေးနိုင်ခဲ့သလို တစ်ဖက်တွင်လည်း ၎င်းတို့၏ ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ပါဝင်သည့် ရုရှားလိုလားသော ပါတီတစ်ခုကို ဆက်ဆံရေးမပျက်ဘဲ မိတ်ဖက်အဖြစ် ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။
ယခု နောက်ဆုံးထုတ်ပြန်လိုက်သော ပိတ်ပင်မှုသည် နိုင်ငံပိုင် အရန်လက်နက် သိုလှောင်ရုံများမှ ယူကရိန်းသို့ တိုက်ရိုက် ထောက်ပံ့မှုများ အပေါ်တွင်သာ သက်ရောက်မှုရှိပြီး ဘူလ်ဂေးရီးယား၏ လက်နက်လုပ်ငန်းကဏ္ဍမှ ယူကရိန်းသို့ လက်နက်များ သွယ်ဝိုက်တင်ပို့ရောင်းချခြင်းကိုမူ တားဆီးပိတ်ပင်ထားခြင်းမရှိပေ။
ထို့ကြောင့် သမ္မတဟောင်း ရူမန် ရာဒက်ဗ် (Rumen Radev) နှင့် ၎င်း၏ Progressive Bulgaria ပါတီတို့ ဦးဆောင် သော အစိုးရသစ်၏ မူဝါဒ အပြောင်းအလဲသည် ယူကရိန်းအစိုးရထံ သတင်းစကား ပါးလိုခြင်းလော သို့မဟုတ် ရုရှားလိုလားသည့် ဘူလ်ဂေးရီးယား လူ့အဖွဲ့အစည်း၏ လက္ခဏာတစ်ရပ်ကို ရည်ရွယ်ပြသလိုခြင်းလောဟူသည့် မေးခွန်းများ ထွက်ပေါ်လာစေသည်။
ဇွန်လ ၁၀ ရက်က ပြုလုပ်ခဲ့သည့် လွှတ်တော် ကြားနာစစ်ဆေးပွဲ တစ်ခုအတွင်း ကာကွယ်ရေးဝန်ကြီးက ဘူလ်ဂေးရီးယား၏ အရန်လက်နက် သိုလှောင်ထားရှိမှုသည် အနိမ့်ဆုံး လိုအပ်ချက် အဆင့်အောက်သို့ ရောက်ရှိ နေသောကြောင့် ထောက်ပံ့စရာ လက်နက် မရှိတော့ကြောင်း ပြောကြားခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 186
CNI International News
ဝါရှင်တန်၊ ဇွန်လ ၁၆
အမေရိကန်နှင့် အီရန်ကြား ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန်နှင့် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရန် သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ အကြို သဘောတူညီချက် ရရှိကြောင်း ကြေညာချက်ကြောင့် ရေနံဈေးနှုန်းများ ထိုးကျသွားခဲ့သော်လည်း အီရန်၏ နျူကလီးယား စီမံကိန်းနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများကိုမူ နောက်ပိုင်းအဆင့်များတွင် ထားရှိထားသည်။
ယခုသဘောတူညီချက်သည် မူဘောင်အဆင့်သာ ရှိသေးသော်လည်း ဖေဖော်ဝါရီလက အမေရိကန်နှင့် အစ္စရေး ပူးပေါင်းပြီး အီရန်အပေါ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာမှ လူပေါင်းထောင်ချီ သေဆုံးကာ စွမ်းအင်စျေးကွက်ကို ကမောက်ကမ ဖြစ်စေခဲ့သည့် စစ်ပွဲကို ဖြေရှင်းနိုင်ရေးအတွက် အကြီးမားဆုံး အလှည့်အပြောင်းတစ်ရပ် ဖြစ်လာခဲ့သည်။

အီရန်အလံကို ကိုင်ထားသူတစ်ဦးကို တွေ့ရစဉ်
“အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံနဲ့ သဘောတူညီချက်ဟာ အခုအခါမှာ အပြီးသတ် ရရှိသွားပါပြီ”ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဝါရှင်တန်စံတော်ချိန် ဇွန်လ ၁၄ ရက် ညနေ ၅ နာရီခွဲတွင် ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားခဲ့သည်။
အီရန်နှင့် အမေရိကန်ကြား ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက်ပေးခဲ့သည့် ပါကစ္စတန်နိုင်ငံ၏ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ် (Shehbaz Sharif) က ဒေသစံတော်ချိန် ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ထရမ့်၏ လူမှုမီဒီယာပို့စ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထိုနားလည်မှု စာချွန်လွှာကို ဇွန်လ ၁၉ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၌ တရားဝင် လက်မှတ်ရေးထိုးရန် စီစဉ်ထားပြီး အသေးစိတ် အချက်အလက်များကိုမူ ချက်ချင်း မသိရှိရသေးပေ။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာရစ်ဖ်၏ X လူမှုမီဒိယာပို့စ် တစ်ခုတွင် အီရန်နှင့် အမေရိကန်ကြား သဘောတူညီချက်၌ လက်ဘနွန် အပါအဝင် စစ်မျက်နှာအားလုံးရှိ စစ်ဆင်ရေးများကို ချက်ချင်း အပြီးသတ်ရပ်စဲရန် သတ်မှတ်ချက် ပါဝင်ကြောင်း ရေးသားဖော်ပြထားသည်။

စစ်ပွဲဖြစ်ပွားနေသော နေရာတစ်ခုကိုတွေ့ရစဉ်
လက်ဘနွန်နိုင်ငံသည် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့သည် အီရန်အစိုးရကို ထောက်ခံကြောင်း ပြသသည့် အနေဖြင့် မတ်လ ၂ ရက်က အစ္စရေးကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လက်ဘနွန်တွင် ဟစ်ဇ်ဘိုလာနှင့် အစ္စရေးကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ပြီး လူပေါင်း ၁ ဒသမ ၂ သန်းခန့် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရသည်။
ထို့ကြောင့် အမေရိကန်နှင့် အီရန်ကြား ဆွေးနွေးမှုများအတွင်း လက်ဘနွန်နိုင်ငံတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ သည် အဓိက ငြင်းခုံရသည့် အရေးကိစ္စဖြစ်ခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီ (Abbas Araqchi) ကမူ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက် မှုများကို လုံးဝရပ်တန့် ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မူဘောင် သဘောတူညီချက်ကို အကောင်အထည် ဖော်ရန် အတွက် အမေရိကန်တွင် တာဝန်ရှိကြောင်း ၎င်း၏ Telegram စာမျက်နှာ၌ ရေးသားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 168
CNI International News
တိုကျို၊ ဇွန်လ ၁၅
အရှေ့တီမောနိုင်ငံနှင့် သြစတြေးလျနိုင်ငံအကြား ကြီးမားသည့် သဘာဝဓာတ်ငွေ့ သိုလှောင်ကန်များကို တည်ဆောက်ရန် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးရန် နီးကပ်နေပြီဖြစ်ကြောင်း အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟော်တာ (Jose Ramos-Horta) က ပြောကြားခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုစီမံကိန်းသည် ၂၀၂၅ ခုနှစ်တွင် နောက်ဆုံး ကျန်ရှိနေသော ဓာတ်ငွေ့ ထုတ်လုပ်ရေး၌ လုပ်ငန်းများ ရပ်ဆိုင်း သွားခဲ့သည့် အရှေ့တီမောနိုင်ငံအတွက် အားတက်စရာ တွန်းအားတစ်ခု ဖြစ်လာခဲ့သည်။
ယခုဖော်ဆောင်မည့် Greater Sunrise သဘာဝဓာတ်ငွေ့ စီမံကိန်းသည် တီမောပင်လယ် (Timor Sea) အတွင်း တည်ရှိပြီး အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီပြီး တန်ဖိုးရှိသည့် ကမ်းလွန်စီမံကိန်းကြီးတစ်ခု ဖြစ်သည်။
ထိုစီမံကိန်းသည် အရှေ့တီမောနိုင်ငံ၏ ကမ်းခြေမှ ရေမိုင် ၉၀ ခန့်နှင့် သြစတြေးလျနိုင်ငံ မြောက်ပိုင်း ဒါဝင် (Darwin) မြို့မှ ရေမိုင် ၂၈၀ ခန့်အကွာတွင် တည်ရှိသည်။
စီမံကိန်းတွင် သဘာဝဓာတ်ငွေ့ ကုဗပေ ၅ ဒသမ ၁ ထရီလျံခန့်နှင့် အရည်အသွေးမြင့် Condensate အဆီအနှစ် စည်ပေါင်း သန်း ၂၂၀ ကျော် ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြသည်။
သဘာဝဓာတ်ငွေ့များကို ပိုက်လိုင်း သွယ်တန်းပြီး အရည်အသွေး မြှင့်တင်ရန်နှင့် စက်ရုံတည်ဆောက်ရန် အချက်များနှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြား ကာလရှည်ကြာ သဘောထားကွဲလွဲခဲ့ကြသည်။
အရှေ့တီမောအစိုးရက ၎င်းတို့နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဓာတ်ငွေ့ပိုက်လိုင်းကို ၎င်းတို့ကမ်းခြေသို့သာ သွယ်တန်းလိုသည်။

သဘာဝဓာတ်ငွေ့ သင်္ဘောကို တွေ့ရစဉ်
သြစတြေးလျဘက်ကမူ နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများကို အကြောင်းပြ၍ ပိုက်လိုင်းကို ဒါဝင်မြို့ရှိ လက်ရှိ လည်ပတ်နေသော စက်ရုံများဆီသို့သာ သွယ်တန်းရန် ကနဦးတွင် တွန်းအားပေးခဲ့သည်။
သို့သော်လည်း အရှေ့တီမောနိုင်ငံ၏ နောက်ဆုံးကျန်ရှိသည့် Bayu-Undan ဓာတ်ငွေ့တွင်းသည် ၂၀၂၅ ခုနှစ်တွင် လုံးဝ ခမ်းခြောက်သွားခဲ့သဖြင့် နိုင်ငံ့စီးပွားရေးအတွက် ယခုစီမံကိန်းသည် အရေးတကြီး လိုအပ်လာခဲ့သည်။
နိုင်ငံတော် ဘတ်ဂျက်၏ ၈၀ ရာခိုင်နှုန်းကျော်ကို ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍအပေါ် မှီခိုနေရသော အရှေ့တီမောအတွက် ယခုသဘောတူညီချက်သည် နိုင်ငံ့စီးပွားရေး ပြိုလဲမည့်အန္တရာယ်မှ ကယ်တင်မည့် မျှော်လင့်ချက်ဖြစ်သည်။
လက်ရှိတွင် စီမံကိန်း၏ အဓိကရှယ်ယာရှင်ဖြစ်သော Woodside Energy ကုမ္ပဏီနှင့် နှစ်နိုင်ငံအစိုးရများကြား အကျိုးအမြတ် ခွဲဝေမှုနှင့် နည်းပညာပိုင်းဆိုင်ရာ သဘောတူညီချက် အပြီးသတ်နိုင်ရန် အနီးကပ် ဆွေးနွေးနေကြပြီ ဖြစ်သည်။
အကယ်၍ ယခု သဘောတူညီချက်ကို အောင်မြင်စွာ လက်မှတ် ရေးထိုးနိုင်ခဲ့ပါက အရှေ့တီမောနိုင်ငံ၏ စွမ်းအင် ကဏ္ဍသစ်ကို ပြန်လည် အသက်သွင်းနိုင်မည်ဖြစ်ပြီး ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆွဲဆောင်နိုင်မည် ဖြစ်သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 168
CNI International News
နယူးဒေလီ၊ ဇွန်လ ၁၅
အွန်လိုင်းပေါ်မှ ကန့်ကွက်ဆန္ဒပြမှုများကို နိုင်ငံရေးလှုပ်ရှားမှုအဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေသော အိန္ဒိယ၏ လှောင်ပြောင်သရော်သည့် လှုပ်ရှားမှုတစ်ခုဖြစ်သော ပိုးဟပ်ပြည်သူ့ပါတီ (Cockroach Janta Party - CJP) သည် လူမှုမီဒီယာများပေါ်တွင် ရုတ်တရက် အကြီးအကျယ် ရေပန်းစားလာခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုဖြစ်စဉ်ကြောင့် CJP ပါတီ၏ လှုပ်ရှားမှုသည် သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံတို့ကို တုန်လှုပ်စေခဲ့သည့် လူငယ်များ ဦးဆောင်သော လူထုအုံကြွမှုကြီးများကဲ့သို့ တောင်အာရှတွင် လူငယ်ထု၏အုံကြွမှုကြီး နောက် တစ်ကြိမ် ဖြစ်လာနိုင်ခြေ ရှိ/မရှိ သုံးသပ်ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့သည်။
နိုင်ငံရေးလေ့လာ ဆန်းစစ်သူများကမူ CJP ပါတီသည် အိန္ဒိယလူငယ်များကြား ခံစားနေရသည့် နက်ရှိုင်းသော မကျေနပ်ချက်နှင့် ဒေါသများကို ထင်ဟပ်နေသော်လည်း လက်ရှိတွင် အုံကြွမှုကဲ့သို့ ကြီးမားသော လူထုလှုပ်ရှားမှု ကြီးတစ်ခု ဖြစ်လာရန် မဖြစ်နိုင်သေးကြောင်း ထောက်ပြကြသည်။
အဘယ်ကြောင့်ဆိုသော် CJP ပါတီ အနေဖြင့် အွန်လိုင်းပေါ်မှ ရရှိထားသော ထောက်ခံမှု အရှိန်အဟုန်ကို လမ်းပေါ် ထွက် ဆန္ဒပြလှုပ်ရှားမှုများအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိ/မရှိကို သက်သေ မပြနိုင်သေးသောကြောင့် ဖြစ်သည်။

အိန္ဒိယက လူငယ်တွေကို တွေ့ရစဉ်
ပြီးခဲ့သည့်လက တရားသူကြီးချုပ် ဆူရီယာ ကန့် (Surya Kant) က အလုပ်လက်မဲ့ လူငယ်အချို့နှင့် တက်ကြွ လှုပ်ရှားသူအချို့ကို "ပိုးဟပ်များ"၊ "ကပ်ပါးကောင်များ" ဟု ပြောဆိုခဲ့ရာမှ လူထုကြား အငြင်းပွားမှုများ ပြင်းထန် စွာ ထွက်ပေါ်လာခဲ့ပြီးနောက် CJP လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယလူငယ်များသည် အာဏာပိုင်များနှင့် နိုင်ငံရေးစနစ်ကို အန်တုသည့်အနေဖြင့် ပိုးဟပ်ဆိုသည့် စကားလုံးကို ၎င်းတို့၏ ကြံ့ကြံ့ခံနိုင်စွမ်းအား ဖော်ညွှန်းသည့် သင်္ကေတတစ်ခုအဖြစ် ပြန်လည် အသုံးပြုခဲ့ကြပြီး လက်ရှိအာဏာရ BJP ကို သရော်လှောင်ပြောင်သည့် အနေဖြင့် CJP ပါတီကို ဖွဲ့စည်းခဲ့ကြသည်။
AI ဖြင့် ဖန်တီးထားသော ဟာသများ၊ သရော်စာများနှင့် ညစ်ညမ်းဟာသများအဖြစ် စတင်ခဲ့ရာမှ ထိုလှုပ်ရှားမှုသည် အွန်လိုင်း အဖွဲ့အစည်း တစ်ခုအဖြစ် လျင်မြန်စွာ ဖြစ်တည်လာခဲ့ပြီး စတင်တည်ထောင်၍ သီတင်းပတ် အနည်း ငယ် အတွင်းမှာပင် Instagram ၌ ဖော်လိုဝါ ၂၂ သန်းကျော်အထိ ရရှိလာခဲ့သည်။
ထို့နောက် ဇွန်လ ၆ ရက်နေ့တွင် CJP ပါတီကို ထောက်ခံသူများသည် နယူးဒေလီမြို့ရှိ Jantar Mantar ရင်ပြင်၌ စုဝေးခဲ့ကြပြီး အဂတိလိုက်စားမှုများကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 188
CNI International News
ဝါရှင်တန်၊ ဇွန်လ ၁၅
အမေရိကန်နှင့် အီရန်ကြား တိုက်ပွဲများကို အဆုံးသတ်ရန် ကာလရှည်ကြာ ခက်ခဲစွာ ညှိနှိုင်းခဲ့ရသည့် သဘောတူ ညီချက်ကို လက်မှတ်ရေးထိုးရန် နီးကပ်လာပြီဟု အမေရိကန်နှင့် ပါကစ္စတန် ခေါင်းဆောင်များက ခန့်မှန်းပြော ကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အီရန်အစိုးရကမူ ထိုအချိန် သတ်မှတ်ချက်အပေါ် သံသယရှိကြောင်း ပြောဆိုခဲ့ပြီး အီရန်ရှိ သဘောထား တင်းမာသည့် ဆန္ဒပြသူများကလည်း ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
အီရန်နှင့် အမေရိကန်ကြား သဘောတူညီချက်ကို ၎င်း၏ အသက် ၈၀ ပြည့် မွေးနေ့ဖြစ်သော ဇွန်လ ၁၄ ရက်တွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က လူမှုမီဒီယာ၌ ရေးသားခဲ့သည်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ် (Shehbaz Sharif ) ကလည်း ပါကစ္စတန်အစိုးရ အနေဖြင့် အီလက်ထရောနစ်စနစ်ဖြင့် လက်မှတ်ရေးထိုးရန် ပြင်ဆင်နေပြီး လာမည့် သီတင်းပတ်အတွင်း နည်းပညာ ပိုင်းဆိုင်ရာ ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီရန်ခေါင်းဆောင်ကို တွေ့ရစဉ်
သို့သော် ထိုသဘောတူညီချက်ကို ဇွန်လ ၁၄ ရက်တွင် လက်မှတ် ရေးထိုးမည် မဟုတ်ဘဲ လာမည့် ရက်ပိုင်းအတွင်း လက်မှတ် ရေးထိုးနိုင်ခြေရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီ (Esmaeil Baghaei)က ဇွန်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ထိုသဘောတူညီချက်တွင် နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှုထောင့်များကို ပြန်လည် သုံးသပ် မှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သဖြင့် အီရန်အနေဖြင့် လက်မှတ်ရေးထိုးရန် နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးကြောင်း အီရန်၏ Fars သတင်းဌာနက ဖော်ပြခဲ့သည်။
သဘောတူညီချက် အပြီးသတ်နိုင်ရေး ကြိုးပမ်းမှု၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် ကာတာနိုင်ငံမှ ညှိနှိုင်းရေးမှူး များသည် ဇွန်လ ၁၄ ရက် နံနက်ပိုင်းတွင် အီရန်မြို့သို့ သွားရောက်ခဲ့ကြောင်း ထိုအကြောင်းအရာကို သိရှိသည့် သတင်းရင်းမြစ်တစ်ခုက ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။
မူဘောင် သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီးသည်နှင့် တစ်ပြိုင်နက် အီရန်က ပိတ်ဆို့ထားသည့် ကမ္ဘာ့ ရေနံထောက်ပံ့မှုအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ချက်ချင်း ဖွင့်ပေးသွားမည်ဖြစ်ကြောင်း ထရမ့် က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
ထိုရေလက်ကြား ပြန်ဖွင့်ပြီးပါက အမေရိကန်အနေဖြင့် အီရန်ဆိပ်ကမ်းများကို ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ပြန်လည် ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ထို့နောက် အီရန်၏ နျူကလီးယား စီမံကိန်းနှင့်ပတ်သက်ပြီးသည့် အကြောင်းအရာများကို နောက်ပိုင်းမှ ဆက်လက် ဆွေးနွေးသွားမည်ဟု ဆိုသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 288
CNI International News
ဘေဂျင်း၊ ဇွန်လ ၁၂
တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ မြောက်ကိုရီးယား ခရီးစဉ်အတွင်း စစ်ရေးပူးပေါင်း ဆောင်ရွက်မှုကို ပေါ်ပေါ်ထင်ထင် အလေးပေးလာခြင်းသည် အာရှ-ပစိဖိတ်ဒေသတွင် အမေရိကန်၏ စစ်ရေးအင်အား ချဲ့ထွင်မှုကို တန်ပြန်ရန် ပထဝီနိုင်ငံရေးအရ အကွက်ချလိုက်ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုခရီးစဉ်အတွင်း ရှီနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) တို့၏ ထိပ်သီး အစည်းအဝေးပွဲတွင် နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများပါ တက်ရောက်စေခဲ့ခြင်းသည် တရုတ်အနေဖြင့် မြောက်ကိုရီးယားအပေါ် သြဇာလွှမ်းမိုးမှု ရှိနေဆဲဖြစ်သည်ဆိုသည့် အချက်ကို အမေရိကန်နှင့် ရုရှားအား သတင်းစကားပေးပို့ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက် ရုရှားနှင့် မြောက်ကိုရီးယားကြား စစ်ရေးအရ အလွန်နီးကပ်လာမှုကို တရုတ် ဘက်က စိုးရိမ်ပူပန်နေပြီး ရှီ၏ ယခုခရီးစဉ်သည် မြောက်ကိုရီးယားအား ရုရှားဘက်သို့ လုံးလုံးလျားလျား ပါမသွားစေရန် ထိန်းကျောင်းသည့် သဘောလည်း သက်ရောက်နေသည်။

ကင်မ်ဂျုံအန်၊ ရှီကျင့်ဖျင်၊ ပူတင်တို့ကို တွေ့ရစဉ်
သို့သော် မြောက်ကိုရီးယားအစိုးရသည် တရုတ်တစ်နိုင်ငံတည်းအပေါ် စီးပွားရေးနှင့် စစ်ရေးအရ အလုံးစုံ မှီခိုနေရ သည့် အခြေအနေကို လျှော့ချလိုသဖြင့် ပေကျင်းနှင့် စစ်ရေးမဟာမိတ် ပိုမိုနက်ရှိုင်းလာမည့်ကိစ္စကို အတိုင်းအတာ တစ်ခုအထိ ရှောင်ကြဉ်နိုင်ခြေ ရှိသည်ဟုလည်း လေ့လာသူများက ပြောသည်။
ထို့အပြင် ယခင်ထိပ်သီး အစည်းအဝေးများနှင့်မတူဘဲ "ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး" ဆိုသည့် အသုံးအနှုန်းကို ထုတ်ပြန်ချက်များတွင် လုံးဝ ဖျောက်ဖျက်ထားခြင်းသည် အမေရိကန် အပါအဝင် အနောက်အုပ်စု ၏ ဖိအားပေးမှုများကို နှစ်နိုင်ငံစလုံးက ဂရုမစိုက်တော့ကြောင်း ပြသရာရောက်သည်။
တရုတ်နိုင်ငံအဖို့ အမေရိကန်ဦးဆောင်သည့် သုံးပွင့်ဆိုင်မဟာမိတ် (အမေရိကန်-ဂျပန်-တောင်ကိုရီးယား) ၏ ဖိအားပေးမှုများကို တန်ပြန်ရန် မြောက်ကိုရီးယား၏ မဟာဗျူဟာမြောက် အသုံးဝင်မှုမှာ ယခင်ကထက် ပိုမို မြင့်တက်လာခဲ့သည်။

ကင်မ်ဂျုံအန်နဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
သို့သော် မြောက်ကိုရီးယားသည် တရုတ်၏ လိုလားချက်အတိုင်း လိုက်ပါဆောင်ရွက်မည့်အစား ရုရှားနှင့် တရုတ် ဟူသည့် အင်အားကြီး နှစ်နိုင်ငံကြားတွင် ၎င်း၏ အမျိုးသားအကျိုးစီးပွားအတွက် အပြန်အလှန် ကစားကွက် ရွှေ့နိုင်ခြေရှိကြောင်း လေ့လာဆန်းစစ်သူများက သုံးသပ်ထားသည်။
တရုတ်နိုင်ငံ အနေဖြင့်လည်း မြောက်ကိုရီးယားနှင့် စစ်ရေးအရ အလွန်နီးကပ်စွာ ဆက်ဆံခြင်းသည် အမေရိကန် အား ဒေသတွင်း၌ စစ်ရေးအင်အား ပိုမိုဖြည့်တင်းရန် အကြောင်းပြချက်ကောင်း ပေးလိုက်သလို ဖြစ်စေနိုင်သဖြင့် ဂရုတစိုက် ကိုင်တွယ်နေရသည်။
အချုပ်အားဖြင့်ဆိုရသော် ရှီသည် အမေရိကန်၏ ဖိအားများကို တန်ပြန်ရန်နှင့် ရုရှား၏ ဒေသတွင်း သြဇာ ချဲ့ထွင်မှုကို ထိန်းညှိရန်အတွက် မြောက်ကိုရီးယားခရီးစဉ်ကို လိမ်မာပါးနပ်စွဲ အသုံးချလိုက်ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 267
CNI International News
တိုင်ပေ၊ ဇွန်လ ၁၂
ထိုင်ဝမ်စစ်တပ်သည် ဇွန်လ ၁၀ ရက်နေ့က တရုတ်နိုင်ငံဘက်သို့ ဦးတည်ပြီး ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့ သည်ဟု CNN မှ ဖော်ပြခဲ့သည်။
အကယ်၍ တရုတ်က တိုက်ခိုက် လာခဲ့မည်ဆိုပါက ထိုင်ဝမ်ဘက်က ဒုံးကျည်များကို ပစ်ခတ်ပြီး လျှင်မြန်စွာ နေရာ ရွှေ့ပြောင်းနိုင်သည့် စွမ်းဆောင်ရည်အား ပြသရန်အတွက် ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုင်ဝမ်သည် အမေရိကန်က ထောက်ပံ့ပေးထားသည့် HIMARS ဒုံးပျံစနစ်ကို ယခင်က စမ်းသပ်ဖူးသော်လည်း ယခုနောက်ဆုံး ပြုလုပ်သည့် ပစ်ခတ်မှု လေ့ကျင့်ခန်းသည် ထိုင်ဝမ်နှင့် တရုတ်နိုင်ငံတို့ကို ပိုင်းခြားထားသော ထိုင်ဝမ်ရေလက်ကြား အတွင်းသို့ ပထမဆုံးအကြိမ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုင်ဝမ်က ဒုံးကျည် ပစ်လွှတ် စမ်းသပ်နေစဉ်
“လက်ရှိ ရန်သူ့ဘက်က ခြိမ်းခြောက်မှုတွေကြောင့် ကျနော်တို့အနေနဲ့ ထိုင်ဝမ်ကို ကာကွယ်ဖို့အတွက် နိုင်ငံရဲ့ အင်အားအကောင်းဆုံး တပ်ဖွဲ့တစ်ခုအဖြစ် ပြတ်ပြတ်သားသား သန္နိဋ္ဌာန်ချပြီး HIMARS လေ့ကျင့်မှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု ထိုင်ဝမ်စစ်တပ်၏ တပ်ကြပ်ကြီး ဝမ်မင်းဟွေး (Wang Ming-hui) က ပြောကြားခဲ့သည်။
ထိုင်ဝမ်စစ်တပ်၏ ထုတ်ပြန်ချက်အရ ယခုလေ့ကျင့်မှုတွင် အကွာအဝေး လျှော့ချထားသည့် လေ့ကျင့်ရေး ဒုံးကျည် များကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ပြီး ကမ်းခြေနှင့် သိပ်မဝေးလှသော ရေပြင်အတွင်းသို့သာ ကျရောက်ခဲ့ကြောင်း သိရသည်။
ထိုဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုနှင့်ပတ်သက်ပြီး CNN သတင်းဌာနမှ သတင်းတင်ဆက်သူ ဂျင်မ် ရှုတို (Jim Sciutto) က အမေရိကန်ဆိုင်ရာ ထိုင်ဝမ်သံတမန် အလက်ဇန္ဒား ယွီ (Alexander Yui) ကို မေးမြန်းရာတွင် ယွီက ထိုင်ဝမ် စစ်တပ်အနေဖြင့် အသစ်ဝယ်ယူရရှိထားသည့် HIMARS စနစ်များကို အသုံးချကာ လေ့ကျင့်နေခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
“ထိုင်ဝမ်ဟာ ကျွန်းတစ်ခုပါ။ အရှေ့ဘက်နဲ့ အနောက်ဘက်ကိုပဲ ပစ်လို့ရတဲ့အတွက် အနောက်ဘက်ကို ရွေးချယ် ပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်” ဟု CNN ကို ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံးပြီး ထိန်းချုပ်သွားမည်ဟု ခြိမ်းခြောက်ထားသည်။
ထို့ပြင် တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးရှိ ရေပြင်နှင့် ဝေဟင်ပိုင်နက်များအတွင်းသို့ စစ်သင်္ဘောများနှင့် စစ် လေယာဉ်များကို နေ့စဉ်နီးပါး စေလွှတ်ခဲ့ပြီး မကြာသေးမီ နှစ်များအတွင်းကလည်း ထိုင်ဝမ်ကျွန်းအနီး တစ်ဝိုက် တွင် အကြီးစား စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။
အမေရိကန်သည် ထိုင်ဝမ်ကို သီးခြားနိုင်ငံတစ်ခုအဖြစ် တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသော်လည်း ထိုင်ဝမ်၏ လက်ရှိ အခြေအနေကို အင်အားသုံးပြီး ပြောင်းလဲရန် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်ပြီး ထိုင်ဝမ်၏ ကာကွယ်ရေးအတွက် လက်နက်ပံ့ပိုးပေးနေသည့် နိုင်ငံဖြစ်သည်။
Source: CNN
- By CNI
- Category: နိုင်ငံရေး
- Hits: 305
CNI International News
ဘေရွတ်၊ ဇွန်လ ၁၂
လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့သည် အီရန်နိုင်ငံအတွက် အရေးပါသည့် အင်အားစုတစ်ခု အဖြစ် ဆက်ရှိနေဆဲဖြစ်ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
အီရန်သည် မည်သည့် သဘောတူညီချက်တွင်မဆို ဟစ်ဇ်ဘိုလာအဖွဲ့ ပါဝင်ခွင့် ရရှိစေလိုကြောင်း ပြောသည်။
အီရန်သည် အမေရိကန်နှင့် သဘောတူညီချက် မရယူမီ အပစ်အခတ်ရပ်စဲရေးကို လက်ဘနွန်နိုင်ငံတွင်ပါ အကျုံး ဝင် သက်ရောက်စေရန် ထပ်တလဲလဲ တောင်းဆိုခဲ့ကြောင်း အမေရိကန်နိုင်ငံ တောင်ဖလော်ရီဒါတက္ကသိုလ်မှ အရှေ့အလယ်ပိုင်းရေးရာ ကျွမ်းကျင်သူ အာမန် မာမွတ်ဒီယန် (Arman Mahmoudian) က ပြောကြားခဲ့သည်။

အီရန်အလံနဲ့ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ရဲ့ ပုံကိုတွေ့ရစဉ်
“အီရန်ရဲ့ အမြင်ကကြည့်ရင် လက်ရှိအချိန်မှာ အဓိက ဦးစားပေး ဆောင်ရွက်နေတာကတော့ ဖြစ်လာနိုင်ခြေရှိတဲ့ နိုင်ငံရေး သဘောတူညီချက်တွေ ဒါမှမဟုတ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဟစ်ဇ်ဘိုလာအဖွဲ့ ပါဝင်ခွင့်ရရှိရေးကို သေချာစေဖို့ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
သို့သော် အီရန်အစိုးရအတွက် ဟစ်ဇ်ဘိုလာအဖွဲ့သည် အီရန်၏ အသုံးချခံ ပစ္စည်းတစ်ခု အဖြစ်သို့ ရောက်ရှိမသွား ရန် အလွန်အရေးကြီးသည်။
အဘယ်ကြောင့်ဆိုသော် အီရန်အတွက် ယခုကိစ္စသည် ၎င်းတို့၏ ဒေသတွင်း သြဇာအာဏာ တည်မြဲရေးနှင့် တိုက်ရိုက် သက်ဆိုင်နေသောကြောင့် ဖြစ်သည်ဟု မာမွတ်ဒီယန်က ဆိုသည်။
အကယ်၍ ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက် ခံစားနေရပြီး တစ်ချိန်တည်း မှာပင် အီရန်က ၎င်းတို့ကို စွန့်ပစ်ထားလိုက်ပြီဆိုသည့် အထင်အမြင်မျိုး ရှောက်ရှိသွားပါက ထိုအခြေအနေသည် အီရန်အတွက် ကြီးမားသော နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းက ထောက်ပြသည်။
ထို့အပြင် ယီမင်ရှိ ဟူရ်သီသူပုန်များ သို့မဟုတ် အီရတ်ရှိ ရှီးအိုက်ပြည်သူ့စစ်များကဲ့သို့ အီရန်နှင့် မဟာမိတ် ပြုထား သည့် ဒေသတွင်းရှိ အခြားသော အဖွဲ့အစည်းများ၏ ယုံကြည်မှုကိုပါ ပျက်ပြားသွားစေနိုင်သည်ဟု မာမွတ်ဒီယန်က ပြောသည်။

ဟစ်ဇ်ဘိုလာအဖွဲ့ကို တွေ့ရစဉ်
ဟစ်ဇ်ဘိုလာအဖွဲ့သည် ဆယ်စုနှစ် များစွာကြာအောင် အီရန်နိုင်ငံ၏ ဒေသတွင်း မဟာဗျူဟာတွင် အဓိကမဏ္ဍိုင် တစ်ခု ဖြစ်ခဲ့သည်။
အီရန်၏ ချဉ်းကပ်ပုံသည် ဟစ်ဇ်ဘိုလာအဖွဲ့ အပါအဝင် မဟာမိတ်အဖွဲ့များကို ရှေ့တန်းခံစစ်အဖြစ် မဟာဗျူဟာ ချမှတ်ပြီး ပုံဖော်ခဲ့ခြင်းဖြစ်သည်ဟု အီရန်အရေး ကျွမ်းကျင်သူ အာရတ်ရှ် အာဇီဇီ (Arash Azizi) က ပြောကြား ခဲ့သည်။
ထိုဗျူဟာအရ အီရန်သည် ဒေသတွင်း နိုင်ငံများရှိ မဟာမိတ် လက်နက်ကိုင်အဖွဲ့များကို ခံစစ်အဖြစ် အသုံးပြုပြီး ခြိမ်းခြောက်မှုများကို တားဆီးနှိမ်နင်းရန် ကြိုးပမ်းခြင်းဖြစ်သည်။
လက်ရှိ အီရန်ခေါင်းဆောင်ပိုင်း အသစ်သည် အမျိုးသားလုံခြုံရေး အကျိုးစီးပွားအပေါ်တွင် အခြေခံပြီး ဟစ်ဇ်ဘိုလာအဖွဲ့အပေါ် ပံ့ပိုးကူညီမှုများကို လျှော့ချရန် ကြိုးပမ်းလာသည်ဟု အာဇီဇီက ပြောကြားခဲ့သည်။
“ဒါပေမဲ့လည်း အစ္စရေးနဲ့ ပဋိပက္ခ ဖြစ်ပွားနေတဲ့ အီရန်နိုင်ငံ အနေနဲ့ သူ့ရဲ့ ဒေသတွင်း မဟာမိတ်တွေကို ဒီအတိုင်း လွယ်လွယ်နဲ့ စွန့်ပစ်လိုက်လို့ မရဘူးဆိုတဲ့ အချက်ကတော့ ရှိနေဆဲပါပဲ” ဟု ၎င်းက DW သတင်းဌာနကို ပြောကြား ခဲ့သည်။
Source: DW
