CNI International News

မင့်ခ်၊ မေလ ၃၀

အနောက်အုပ်စုကြောင့် ဘယ်လာရုစ်သည် ရုရှား၏ နျူကလီးယားလက်နက်များကို လက်ခံရုံမှလွဲပြီး တခြား ရွေးချယ်စရာမရှိခဲ့ကြောင်း၊ မဟာဗျူဟာအရ အရေးပါသောကိစ္စရပ်များတွင် စည်းမကျော်စေရန် သတိထားသင့် ကြောင်း ဘယ်လာရုစ်ထိပ်တန်းအရာရှိတစ်ဦး၏ ပြောစကားကိုကိုးကား၍ ရိုက်တာသတင်းတွင် မေ ၂၈ ရက်နေ့ က ဖော်ပြသည်။

အမေရိကန်ဘက်က လုံခြုံရေးဆိုင်ရာ အာမခံချက်ပေးကာ ပိတ်ဆို့အရေးယူမှုများ မလုပ်ဆောင်ခဲ့ခြင်းကြောင့် ၁၉၉၁ ခုနှစ် ဆိုဗီယက် ပြိုကွဲခဲ့ပြီးနောက် နျူကလီးယားလက်နက်များကို ဖယ်ရှားရန်ကိစ္စမှာ လက်တွေ့ကျခဲ့ သည်ဟု ဘယ်လာရုစ်လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူးဖြစ်သူ အလက်ဇန်းဒါး ဗိုဖိုဗစ်ချ် (Alexander Volfovich) က ပြောသည်။

ယနေ့အချိန်တွင်တော့ အရာအားလုံး ပြောင်းလဲသွားကာ ပေးထားသောကတိများသည်လည်း ထာဝရ ပျောက်ကွယ်သွားခဲ့ပြီဟု နိုင်ငံပိုင်သတင်းနှင့် အင်တာဗျူးတစ်ခုတွင် ဗိုဖိုဗစ်ချ်က ပြောသည်။ ဘယ်လာရုစ်သည် ဆိုဗီယက်နိုင်ငံဟောင်းများမှ ရုရှားနှင့် နီးကပ်မှုအရှိဆုံးနိုင်ငံဖြစ်ကာ ယူကရိန်းစစ်ပွဲအတွက် ရုရှားတပ်များအား ၎င်းတို့မြေကို အသုံးပြုခွင့်ပေးခဲ့သည်။

နျူကလီးယားလက်နက်ကို စမ်းသပ်တပ်ဆင်နေစဉ်

ဘယ်လာရုစ်တွင် နျူကလီးယားလက်နက်များ ဖြန့်ကျက်မည့် ရုရှား၏အစီအစဉ်သည်လည်း ယူကရိန်းစစ်မြေပြင် တွင် အသာစီးရရှိရန် ရည်ရွယ်ခြင်းဖြစ်သည်။ ရုရှားအား ကြားခံစစ်ပွဲဆင်နွှဲကာ နှိမ်နင်းလိုနေသည့် အနောက်အုပ်စု စုပေါင်းအင်အားကြောင့် ယူကရိန်းတွင် အထူးစစ်ဆင်ရေးဆင်နွဲရခြင်းဖြစ်သည်ဟု ရုရှားဘက်က ပြောသည်။

ယင်းကြောင့် ဘယ်လာရုစ်မြေတွင် နျူကလီးယားလက်နက်များ တပ်ဆင်ရခြင်းသည် မဟာဗျူဟာမြောက် ပိတ်ဆို့မှု၏ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ အနောက်အုပ်စုနိုင်ငံရေးသမားများထံတွင် တခြားသော အကြောင်း ပြချက်များ ဆက်ရှိနေဦးမည်ဆိုပါက ၎င်းတို့အနေဖြင့် သတ်မှတ်ထားသောစည်းကို မကျော်သင့်ကြောင်းလည်း ဗိုဖိုဗစ်ချ်က ပြောသည်။

နျူကလီးယားလက်နက်များကို အသုံးပြုခြင်းသည် မူလအခြေအနေသို့ လုံးဝပြန်မရောက်နိုင်သည့် အကျိုးဆက် များကို ဖြစ်စေလိမ့်မည်ဟုလည်း ၎င်းကပြောသည်။ နျူကလီးယားလက်နက်များတပ်ဆင်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သော်ငြားလည်း မည်သည့်အချိန်တွင် တပ်ဆင်မည်ကို ကွဲကွဲပြားပြားမသိရသေးကြောင်း ဘယ်လာရုစ်သမ္မတ လူကာရှန်ကို (Lukashenko) က ပြောသည်။

ဘယ်လာရုစ်တွင် ရုရှား၏ နျူကလီးယားလက်နက်များ တပ်ဆင်ရေးနှင့်ပတ်သက်၍ အမေရိကန်ဘက်က ပြစ်တင် ရှုတ်ချခဲ့သော်လည်း အဆိုပါလက်နက်များကို အသုံးပြုခြင်းနှင့်ပတ်သက်သည့် ၎င်းတို့၏ ရပ်တည်ချက်မှာ ပြောင်းလဲလာသည်ကို တွေ့ရသည်။

အနောက်အုပ်စုနိုင်ငံများသည် ရုရှား၏ ယူကရိန်းကျူးကျော်စစ် မတိုင်ခင်ကတည်းက ဘယ်လာရုစ်အပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။ လူကာရှန်ကို၏ လူ့အခွင့်အရေးဆိုင်ရာ ဆိုးဝါးသည့် မှတ်တမ်း များကြောင့် ဖြစ်သည်။

ဆိုဗီယက်အုပ်ချုပ်မှုထံမှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက်တွင် ဘယ်လာရုစ်၊ ယူကရိန်းနှင့် ကာဇက်စတန်တို့သည် နျူကလီးယားလက်နက်တိုးပွားမှု ထိန်းချုပ်ရေးနိုင်ငံတကာကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ၎င်းတို့မြေ ပေါ်ရှိ လက်နက်များကို ဖယ်ရှားကာ ရုရှားသို့ပြန်ပို့ရေးအတွက် သဘောတူခဲ့ကြသည်။

Source:Reuters