CNI International

တယ်လ်လင်း၊ မေလ ၂၆

ရုရှားနှင့် ဘယ်လာရုစ်တို့သည် ဘယ်လာရုစ်မြေပေါ်တွင် ရုရှား၏ တာတိုပစ် နျူကလီးယား လက်နက်များ တပ် ဆင်ရေးကို အတည်ပြုသည့် သဘောတူညီချက်ကို မေလ ၂၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အဆိုပါ လက်နက်များကို ရုရှားဘက်ကသာ ထိန်းချုုပ်သွားမည် ဖြစ်သည်။

ဘယ်လာရုစ်တွင် နျူကလီးယား လက်နက်များ တပ်ဆင်မည့်ကိစ္စကို ရုရှားသမ္မတ ပူတင် (Putin) က ယခုနှစ် အစပိုင်းမှာ ကြေညာခဲ့သည်။

အနောက်အုပ်စု၏ ယူကရိန်းအပေါ် စစ်ရေးထောက်ပံ့မှုများ တိုးမြှင့်လာခြင်းအပေါ် သတိပေးချက်ဟု အားလုံးက ရှုမြင်ကြသည်။

ဘယ်လာရုစ်မြေတွင် နျူကလီးယား လက်နက်များ တပ်ဆင်ခြင်းနှင့် ပတ်သက်၍ ရက်အတိအကျကို ထုတ်ပြန် ထားခြင်း မရှိသေးသော်လည်း ယင်းတို့ကို ထိန်းသိမ်းထားရန် လိုအပ်သော အဆောက်အဦများ တည်ဆောက် ခြင်းကို ဇူလိုင် ၁ ရက်တွင် အပြီးသတ်မည်ဟု ပူတင်က ပြောခဲ့သည်။

ဘယ်လာရုစ်တွင် နျူကလီးယား လက်နက် မည်မျှထားမည်ကိုလည်း အခုထိ မသိရသေးပေ။

ပူတင်နဲ့ လူကာရှန်ကို ကိုတွေ့ရစဉ်

လေယာဉ်တွင် တပ်ဆင်နိုင်သည့် ဗုံးများ၊ တာတိုပစ် ဒုံးကျည်များအတွက် ထိပ်ဖူးများနှင့် အမြောက်ဆံများ အပါအဝင် ရုရှား၌ တာတိုပစ် နျူကလီးယား လက်နက် ၂၀၀၀ နီးပါးရှိသည်ဟု အမေရိကန်က ခန့်မှန်းထားသည်။

တာတိုပစ် နျူကလီးယား လက်နက်များကို စစ်မြေပြင်ရှိ ရန်သူ့တပ်များနှင့် လက်နက်များကို ဖျက်ဆီးရန် အသုံး ပြုသည်။

ယင်းတို့သည် ပျံသန်းနိုင်သည့် ပမာဏနည်းရုံမက တာဝေးပစ် ဒုံးကျည်များထက်လည်း အားပျော့သည်။

နျူကလီးယား လက်နက် တပ်ဆင်ရေးကို စတင်နေပြီ ဖြစ်သော်လည်း ဘယ်လာရုစ်သို့ မည်သည့် အချိန်တွင် လက်နက်များ ရောက်ရှိမလဲဆိုသည်ကိုတော့ မသိရသေးဘူးဟု ဘယ်လာရုစ်သမ္မတ လူကာရှန်ကို (Lukashenko) က မော်စကိုတွင် ပြောခဲ့သည်။

ရုရှားရဲ့ နျူကလီးယားထိပ်ဖူးကိုတွေ့ရစဉ်

၎င်းသည် ကာလရှည် လူမြင်ကွင်းမှ ပျောက်ကွယ်နေမှုကြောင့် ပြင်းပြင်းထန်ထန် နာမကျန်း ဖြစ်နေသည်ဟု အထင်ခံခဲ့ရသူ ဖြစ်သော်လည်း မေလ ၁၅ ရက်တွင် လူမြင်ကွင်းသို့ ပြန်လည် ရောက်ရှိလာသည်။

မဟာမိတ် နှစ်နိုင်ငံအကြား နျူကလီးယား သဘောတူညီချက်သည် ယူကရိန်း၏ တန်ပြန် ထိုးစစ်အတွက် ရုရှားတို့ ဘက်က ပြင်ဆင်မှုများ ပြုလုပ်နေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယခုကဲ့သို့ နျူကလီးယား လက်နက်များ ဖြန့်ကျက်ထားရခြင်းသည်လည်း အနောက်အုပ်စု၏ ရန်လိုမှုများကြောင့် ဖြစ်သည်ဟု ရုရှား၊ ဘယ်လာရုစ် နှစ်နိုင်ငံစလုံးက တစ်လေသံတည်း ပြောသည်။

ဘယ်လာရုစ်သို့ နျူကလီးယား လက်နက်များ ဖြန့်ကျက်ခြင်းသည် အမေရိကန်တို့၏ လမ်းစဉ်အတိုင်း လိုက်ပါ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပူတင်က ပြောသည်။

အမေရိကန်သည် ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်နှင့် တူရကီတို့တွင် ၎င်းတို့၏ နျူကလီးယား လက်နက်များကို ဖြန့်ကျက်ထားသည်ဟုလည်း ပူတင်က ထောက်ပြသည်။

Source: AP