CNI International News

မင့်ခ်၊ ဇွန်လ ၁၅

ရုရှား၏ နျူကလီးယား လက်နက်များ ဘယ်လာရုစ်နိုင်ငံသို့ စတင်ရောက်ရှိနေပြီဟု ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko) က ပြောခဲ့ကြောင်း Reuters မှ ဖော်ပြခဲ့သည်။

ရောက်ရှိလာသော လက်နက်တချို့သည် ၁၉၄၅ ခုနှစ်တွင် အမေရိကန်ဘက်က ဟီရိုရှီးမားနှင့် နာဂါစာကီ (Hiroshima နှင့် Nagasaki) သို့ ကြဲသော ဗုံးများထက် သုံးဆ ပို၍အင်အား ပြင်းသည်ဟုလည်း ၎င်းက ပြောသည်။ 

ရုရှားမှ ပို့ဆောင်ခဲ့သော နျူကလီးယား လက်နက်များသည် တာတိုပစ်၊ အားပျော့သော လက်နက်များ ဖြစ်ကာ ယင်းတို့ကို တိုက်ပွဲတွင် အသုံးပြုသွား နိုင်ဖွယ်ရှိသည်။ 

ထိုကဲ့သို့ ရုရှားနိုင်ငံပြင်ပသို့ နျူကလီးယား ထိပ်ဖူးများ ပို့ဆောင် တပ်ဆင်ခြင်းသည် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲ ခဲ့ပြီးနောက်ပိုင်း ပထမဆုံးလည်း ဖြစ်သည်။

ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနဲ့ Rossiya – 1 သတင်းထောက် တွေ့ဆုံစဉ်

ရုရှား ပို့ဆောင်ထားသော ဒုံးကျည်နှင့် ဗုံးများ ရှိထားပြီဟု လူကာရှန်ကိုက Rossiya – 1 သတင်းဌာနနှင့် အင်တာ ဗျူးတွင် ပြောသည်။ 

လူကာရှန်ကိုသည် စစ်ယာဉ်များ၊ စစ်ဘက်ဆိုင်ရာ သိုလှောင်ရာ အဆောက်အဦများကို နောက်ခံထားကာ ပြောခဲ့ ခြင်း ဖြစ်သည်။

ရုရှားသမ္မတ ပူတင် (Vladimir Putin)က ထိုလက်နက်များကို ရုရှားဘက်က ထိန်းချုပ်သွားမည်ဖြစ်ပြီး ဘယ်လာရုစ်တွင် လက်နက်များကို သိုလှောင်ရန် လိုအပ်သော အဆောက်အဦများ တည်ဆောက် ပြီးစီးချိန်၌ လက်နက်များအား ပို့ဆောင်သွားမည်ဟု ဇွန်လ ၉ ရက်နေ့က ပြောခဲ့သည်။ 

ဘယ်လာရုစ်တွင် နျူကလီးယား လက်နက်များ ဖြန့်ကျက်ရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ရုရှားခေါင်းဆောင်က မတ်လတွင် ပြောခဲ့သည်။ 

အမေရိကန်က ဥရောပနိုင်ငံတချို့တွင် ဆယ်စုနှစ်ပေါင်းများစွာ နျူကလီးယား လက်နက်များ ဖြန့်ကျက်ထားခြင်း ကို ထောက်ပြ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

ရုရှားသမ္မတ၏ ဆုံးဖြတ်ချက်ကို အမေရိကန်ဘက်က ဝေဖန်ပြောဆိုခဲ့သော်လည်း မဟာဗျူဟာမြောက် နျူကလီး ယား လက်နက်များနှင့် ပတ်သက်သည့် ၎င်းတို့၏ ရပ်တည်ချက်ကို ပြောင်းလဲသွားမည် မဟုတ်ကြောင်း၊ ရုရှား သည် နျူကလီးယား လက်နက်များကို အသုံးပြုရန် ပြင်ဆင်နေသည့် အရိပ်အယောင်မျိုးကိုလည်း မတွေ့ရ ကြောင်း ပြောသည်။ 

ပူတင်နဲ့ လူကာရှန်ကို အားတွေ့ရစဉ်

ရုရှား၏ လုပ်ဆောင်ချက်ကို အမေရိကန်နှင့် ယင်း၏ မဟာမိတ်များအပြင် တရုတ်နိုင်ငံကလည်း အနီးကပ် စေင့်ကြည့်လျက် ရှိသည်။ 

တရုတ်သည် ယူကရိန်းစစ်ပွဲတွင် နျူကလီးယား လက်နက် အသုံးပြုမှုနှင့် ပတ်သက်၍ မကြာခဏ ဆိုသလို သတိပေးမှု လုပ်ဆောင်ထားသည့် နိုင်ငံတစ်ခုလည်း ဖြစ်သည်။ 

ဘယ်လာရုစ်တွင် ဆိုဗီယက်ခေတ် လက်နက် နျူကလီးယား သိုလှောင်ရုံ ပေါင်းများစွာ ရှိကြောင်း၊ ယင်းတို့မှ ငါးခု၊ ခြောက်ခုကို ပြန်လည် အဆင့်မြှင့်တင်ခဲ့ကြောင်း လူကာရှန်ကိုက ပြောသည်။

ဘယ်လာရုစ်တွင် ဖြန့်ကျက်ထားမည့် လက်နက်များ၏ ထိန်းချုပ်ခွင့်ကို ရုရှားဘက်က ရယူထားခြင်းသည် လူကာရှန်ကို အနေဖြင့် ယင်းတို့ကို အသုံးပြုရန် လိုအပ်ချိန်တွင် အလွယ်တကူ မသုံးနိုင်ရန် ပိတ်ပင်မှု ဟူသော ပြောစကားကိုလည်း ဘယ်လာရုစ်သမ္မတက ပယ်ချခဲ့သည်။

ထို့နောက်  မိမိနှင့် ပူတင်တို့သည် နီးကပ်သော ဆက်ဆံရေးရှိကာ အချိန်မရွေး ဖုန်းဖြင့် ဆက်သွယ် ပြောဆိုနိုင် သည်ဟု တုံ့ပြန်ခဲ့သည်။

Source: Reuters