CNI International News

တဲလ်လင်း၊ ဧပြီ ၁

ရုရှား၏ မဟာဗျူဟာမြောက် နျူကလီးယားလက်နက်များကို ဘယ်လာရုစ်မြေတွင် လာရောက် ဖြန့်ကျက်နိုင် သည်ဟု ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို ( Alexander Lukashenko )က သောကြာနေ့၌ ပြောခဲ့သည်ဟု အေပီသတင်းမှာ ဖော်ပြသည်။

ယင်းက ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ အနောက်အုပ်စုနှင့် တင်းမာမှုများ ရှိနေချိန်တွင် ဘယ်လာရုစ် ခေါင်းဆောင်၏ ရန်လိုသော ပြောဆိုမှုများ မြင့်တက်လာခြင်း ဖြစ်သည်။

ဘယ်လာရုစ်တွင် မဟာဗျူမြောက် တာတိုပစ် အသေးစား နျူကလီးယား လက်နက်များ တပ်ဆင်သွားမည့် ရုရှား ၏အစီအစဉ်ကို သမ္မတပူတင်က ပြီးခဲ့သည့် သီတင်းပတ်၌ ထုတ်ပြန် ကြေညာခဲ့သည်။

လူကာရှန်ကို ပြောခဲ့သည့် ဒုံးကျည်ထိပ်ဖူးများကဲ့သို့ မဟာဗျူဟာမြောက် နျူကလီးယား လက်နက်များကို ရုရှား အနေဖြင့် အိမ်နီးချင်းနှင့် မဟာမိတ် နိုင်ငံများသို့ ဖြန့်ကျက်ထားမည်ဆိုလျှင် ယင်းက ပို၍ ကြီးမားသော ခြိမ်း ခြောက်မှုအား ဖြစ်စေမည်။

ဘယ်လာရုစ်သည် ပြီးခဲ့သည့် ၁၃ လက ရုရှားတပ်များ ယူကရိန်းသို့ ကျူးကျော်စစ် ဆင်နွဲစဉ်ကတည်းက ၎င်းတို့ ၏ နယ်မြေကို ရုရှားတပ်များ အသုံးပြုရန် ခွင့်ပြုပေးခဲ့သည့် နိုင်ငံဖြစ်သည်။

ဘယ်လာရုစ်ပြည်သူများကိုတွေ့ရစဉ်

လူကာရှန်ကိုသည် ယူကရိန်းပဋိပက္ခနှင့် ပတ်သက်၍ တင်းမာမှုများ မြင့်တက်နေချိန်တွင် နျူကလီးယား လက်နက်များနှင့် ပတ်သက်၍ နိုင်ငံတော်မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လူကာရှန်ကို၊ ပူတင်တို့ နှစ်ဦးစလုံးက အနောက်အုပ်စုသည် ရုရှားနှင့် ဘယ်လာရုစ်တို့အား ဖျက်ဆီးလိုနေသည်ဟု စွပ်စွဲထားသူများ ဖြစ်သည်။

အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ကာကွယ်ရန်အတွက် နျူကလီးယား လက်နက်များ အပါအဝင် လိုအပ်သော ဆောင်ရွက်ချက်တိုင်းအား လုပ်ဆောင်သွားရန် ပူတင်နှင့် ဆုံးဖြတ်သွားမည်ဟု လူကာရှန်ကိုက ပြောသည်။

ဘယ်လာရုစ်တွင် တပ်စွဲမည့် နျူကလီးယား လက်နက်များအပေါ် ထိန်းချုပ်မှုများ လုပ်ဆောင်သွားမည်ဟု ပူတင် က အလေးအနက်ထား ပြောဆိုထားသော်လည်း နျူကလီးယား လက်နက်များသည် နှစ်နိုင်ငံလုံးနှင့် သက်ဆိုင် ကြောင်း၊ ယင်းတို့သည် အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေး ခိုင်မာရန်အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း လူကာရှန်ကိုက ပြောခဲ့သည်။

ဘယ်လာရုစ်သို့ နျူကလီးယား လက်နက်များ ပို့ဆောင်မည့် ရုရှား၏ အစီအစဉ်သည် ရုရှားအနေဖြင့် တိုက်ပွဲတွင် အခြေမလှသည်နှင့် ယင်းအပေါ် ကမ္ဘာကြီး၏ အရေးယူမှု မြင့်တက်လာသည့် သဘောကို ဖော်ပြနေသည်ဟု ယူက ရိန်းသမ္မတ ဇာလန်းစကီး(Zelensky)က သောကြာနေ့တွင် ဝေဖန်ခဲ့သည်။

လူကာရှန်ကိုကိုတွေ့ရစဉ်

လူကာရှန်ကိုသည် ရုရှား၏ ထိန်းချုပ်မှုအောက် လုံးလုံးလျားလျား ရောက်ရှိနေကာ သူ့တွင် ဆုံးဖြတ်ရန် အခွင့်အရေးပင် ရှိပုံမရဟုလည်း ဇာလန်းစကီးက ဝေဖန်သည်။

ဘယ်လာရုစ်တွင် မဟာဗျူဟာမြောက် လက်နက်များ ချထားရန်အတွက် တည်ဆောက်မှုများကို ဇူလိုင် ၁ ရက် တွင် အပြီးသတ် လုပ်ဆောင်မည်ဖြစ်ကာ ဘယ်လာရုစ်၏ စစ်လေယာဉ်များကိုလည်း နျူကလီးယား လက်နက် သယ်ဆောင်နိုင်ရန် အဆင့်မြှင့်တင် ပေးသွားမည်ဟု ပူတင်က ပြောသည်။

တာတိုပစ် ဒုံးကျည်များကို ဘယ်လာရုစ်မြေတွင် လာရောက်ချထားခြင်းဖြင့် ရုရှားသည် ယူကရိန်းအပြင် ဥရောပ အရှေ့ပိုင်းနှင့် အလယ်ပိုင်းရှိ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ပစ်မှတ်များကို ပိုမိုနီးကပ်စွာ ပစ်မှတ်ထားခွင့် ရရှိမည် ဆိုသော်လည်း ယင်းတွင် တစ်ကမ္ဘာလုံးကို ပစ်နိုင်စွမ်းရှိသည့် တိုက်ချင်းပစ် ဒုံးကျည်များ ချထားနိုင်ခြေတော့ မရှိပေ။

Source: AP