CNI International News

မော်စကို၊ မတ်လ ၂၉

ရုရှားနျူကလီးယားလက်နက်ထုတ်သုံးရေးသည် ယူကရိန်းစစ်ကြောင့်မဟုတ်ဘဲ မိမိတို့နိုင်ငံ၏ဖြစ်တည်မှုကို ခြိမ်းခြောက်လာသည့်အခါမှသာ ထုတ်သုံးမည်ဖြစ်ကြောင်း ကရင်မလင်သမ္မတနန်းတော် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စကော့ဗ်က PBS Newshour မီဒီယာနှင့် မတ်လ ၂၈ ရက်၌ ပြုလုပ်သည့်အင်တာဗျူး၌ ပြောကြား ခဲ့သည်ဟု စီအင်န်အင်န်သတင်းတွင် ဖော်ပြထားသည်။

“တကယ်တော့ (ယူကရိန်း) စစ်ဆင်ရေးရဲ့ရလဒ်ကိုကြည့်ရင် နျူကလီးယားလက်နက် ထုတ်သုံးဖို့ အကြောင်း ပြချက် မဟုတ်သေးဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

“နိုင်ငံဖြစ်တည်မှုကို ခြိမ်းခြောက်လာမယ်ဆိုတော့မှ အဲဒီခြိမ်းခြောက်မှုကို ချေမှုန်းဖို့ နျူကလီးယားလက်နက် အမှန်တကယ်ထုတ်သုံးရေးဆိုပြီးတော့ ကျနော်တို့ဆီမှာ တိကျတဲ့လုံခြုံရေးအယူအဆရှိပါတယ်” ဟု ပက်စကော့ဗ် က ပြောကြားခဲ့သည်။

ဗလာဒီမာပူတင်ကို “သားသတ်သမား”လို့ သုံးနှုန်းလိုက်သည့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ မှတ်ချက်နှင့်အတူ ရုရှားသမ္မတ အာဏာဆက်လက်မတည်မြဲရေး ပြောကြားခဲ့မှုအပေါ် ပက်စကော့ဗ်က “ဒါဟာ အင်မတန် ကြောက်စရာကောင်းပါတယ်။ ပုဂ္ဂိုလ်ရေးအရ စော်ကားမှုပါပဲ။ လုံးဝလက်ခံနိုင်စရာမရှိတဲ့စကားပါ။ အမေရိကန်ရဲ့ သမ္မတ ဘယ်သူဖြစ်မလဲ၊ ရုရှားဖက်ဒရေးရှင်းရဲ့သမ္မတ ဘယ်သူဖြစ်မလဲဆိုတာ ဆုံးဖြတ်စရာကိစ္စမဟုတ်ပါဘူး ” ဟု တုံ့ပြန်ခဲ့သည်။

ပိုလန်နိုင်ငံ၌ မတ်လ ၂၆ ရက် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဘိုင်ဒန်က “ဘုရားသခင်ကျေးဇူးတော်ကြောင့် ဒီလူ အာဏာ ဆက်မတည်နိုင်ပါ” ဟူသော မှတ်ချက်ကိုပေးခဲ့ရာ အမေရိကန်နှင့်နိုင်ငံတကာအစိုးရအသီးသီးကို တုန်လှုပ်သွားစေခဲ့ပြီး အိမ်ဖြူတော်က ထပ်မံရှင်းလင်းခဲ့ရသည်။

PBS မီဒီယာနှင့်အင်တာဗျူးတွင် ပက်စကော့ဗ်က “ယူကရိန်းရှိ အရပ်သားများကို တမင်တကာ ပစ်မှတ်ထား တိုက်ခိုက်ခြင်းမျိုးမရှိကြောင်း” ငြင်းဆိုခဲ့သည်။ သို့သော် ရုရှားထိုးစစ်သည် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် အခြားအရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကိုပါ ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက် နေကြောင်း ယူကရိန်းတပ်ဖွဲ့ဝင်များ၊ သတင်းထောက်များနှင့် နိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည်များက ဖွင့်ဟပြောကြားခဲ့ကြသည်။

“သူတို့ (ရုရှားတပ်ဖွဲ့ဝင်)တွေက အိမ်တွေကို မပစ်ပါဘူး။ လူနေတိုက်ခန်းတွေကို မပစ်ဘူး။ အရပ်သားတွေကို ပစ်နေတာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ဦးတည်ပစ်ခတ်တာ ဖြစ်ပါတယ်” ပက်စကော့ဗ်က ပြောကြားသွားခဲ့သည်။

ယူကရိန်းတွင် ရုရှားတပ်များ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း အမေရိကန်က ယခင်သီတင်းပတ်၌ တရားဝင်ကြေညာခဲ့သည်။ သည်ဟိဂ် (The Hague) မြို့ရှိ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) သည် ယခုကျူးကျော်စစ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကိုလည်း စတင်နေပြီဟု စီအင်န်အင်န်သတင်းအရ သိရသည်။

Source: CNN