CNI International News

အိုမန်ပင်လယ်ကွေ့၊ မတ်လ ၃

အီရန်မှ ထွက်လာကာ ယီမင်ဘက်သို့ သွားဖွယ်ရှိသည့် လှေငယ်တစ်စီးအတွင်း တင့်ဖျက်ဒုံးကျည်များနှင့် ပဲ့ထိန်း ဒုံးကျည် အစိတ်အပိုင်းများစွာကို ဗြိတိန်ရေတပ်က သိမ်းဆည်းနိုင်ခဲ့သည်ဟု Aljazeera သတင်းတွင် ဖော်ပြထားသည်။

အိုမင်ပင်လယ်ကွေ့အတွင်း နောက်တစ်ကြိမ် ထပ်မံသိမ်းဆည်း ရမိမှု ဖြစ်သည်။

ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည့် တော်ဝင်ရေတပ်၏ သိမ်းဆည်းရမိမှု မတိုင်ခင် ပြင်သစ်နှင့် အမေရိကန် တပ်ဖွဲ့များသည်လည်း ထိုသို့ သိမ်းဆည်းရမိမှု ရှိခဲ့သည်။

အီရန်သည် လက်နက်တွင် အသုံးပြု၍ ရလောက်သည်အထိ အနီးစပ်ဆုံး ယူရေနီယမ် သန့်စင်မှုကို လုပ်ဆောင် နိုင်ခဲ့ကြောင်း ကုလသမဂ္ဂမှ တွေ့ရှိခဲ့ပြီးနောက် အီရန်အပေါ် အနောက်အုပ်စု၏ ဖိအားများ မြင့်တက်လာခဲ့သည်။

ထို့အပြင် လက်နက် ဖမ်းဆီးရမိမှုများသည် ဒေသတွင်းနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများက ကာလရှည် ယီမင်စစ်ပွဲ ကို အဆုံးသတ်နိုင်ရေး ကြိုးပမ်းနေချိန်တွင် ပေါ်ပေါက်လာခဲ့သည်။

ရေတပ်က ယီမင်သို့ သွားမည့် လက်နက်မှောင်ခို စက်လှေကို တားဆီးစဉ်

ယခုတစ်ချိန် သိမ်းဆည်းမှုသည် ဖေဖော်ဝေါရီ ၂၃ ရက်နေ့တွင် ဖြစ်ခဲ့သည်။

အီရန်မှ ထွက်ခွာလာသော လှေငယ်တစ်စီးကို အမေရိကန် လေယာဉ်တစ်စီးက သတိပြုမိခဲ့ပြီး တော်ဝင်ရေတပ်၏ HMS Lancaster စစ်သင်္ဘောထံမှ ရဟတ်ယာဉ်တစ်စင်းက လှေနောက်လိုက်ခဲ့သည်ဟု ဗြိတိန်ကာကွယ်ရေးဌာန က ပြောသည်။

လှေသည် အီရန်ပိုင်နက်အတွင်းသို့ ပြန်ဝင်ရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းကို ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

လှေပေါ်တွင် Dehlavieh ဟုခေါ်သော ရုရှားလုပ် 9M133 Kornet တင့်ဖျက် ဒုံးကျည်များကို တွေ့ခဲ့သည်ဟု အမေရိကန်နှင့် ဗြိတိန်ရေတပ်တို့က ပြောသည်။

အီရန်မှ ယီမင်သို့ သွားမည်ဟု သံသယရှိရသော တခြားသော ဖမ်းဆီးမှုများတွင်လည်း ယင်းလက်နက်များကို တွေ့ခဲ့ရဖူးသည်။ ယခုဖမ်းဆီးမှုတွင် တာလတ်ပစ် ပဲ့ထိန်းဒုံး အစိတ်အပိုင်းများလည်း ပါဝင်သည်။

အီရန်သည် ယီမင်ရှိ ဟူသီသူပုန်များအား ဒုံးကျည်များ ထောက်ပံ့ပေးလျက်ရှိသည်။ ဟူသီများသည် ၂၀၁၄ ခုနှစ်တွင် ဆော်ဒီထောက်ခံသည့် အစိုးရထံမှ မြို့တော် ဆာနားကို သိမ်းပိုက်ခဲ့သည်။

ကုလသမဂ္ဂက အီရန်၏ မဟာမိတ် ဟူသီများထံ လက်နက်ရောင်းချခွင့်ကို ပိတ်ပင်ထားသည်။ သက်သေ အခိုင်အမာနှင့် တွေ့ရှိ ခဲ့ရသော်လည်း အီရန်သည် ဟူသီများသို့ လက်နက် ထောက်ပံ့ခြင်းမရှိဟု ငြင်းဆိုထားသည်။

Source: Aljazeera