CNI International News

ဒူဘိုင်း၊ ဇန်နဝါရီ ၁၁

အိုမန်ပင်လယ်ကွေ့ရှိ သင်္ဘောတစ်စင်းပေါ်မှ ချေမှုန်းရေးရိုင်ဖယ် ၂၁၀၀ ကျော်ကို အမေရိကန်ရေတပ်က သိမ်းဆီး ရမိခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ထိုလက်နက်များသည် အီရန်မှ ရောက်ရှိလာကာ ယီမင်ရှိ ဟူသီသူပုန်များကို ထောက်ပံ့ပေးရန်ဟု ယူဆရကြောင်း လည်း ရေတပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ သိမ်းဆည်းရမိမှုသည် သောကြာနေ့တွင် ဖြစ်သည်။ အမေရိကန်ရေတပ်၏ USS Chinook ကမ်းရိုးတန် သင်္ဘောမှ အဖွဲ့တစ်ခုသည် သစ်သားရွက်သင်္ဘောတစ်စီးကို ရှာဖွေမှုပြုလုပ်စဉ် ထိုသို့သိမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

လှေပေါ်တွင် အစိမ်းရောင်တိပ်ဖြင့် သီးသန့်ထုပ်ပိုးထားသော ကလာရှီနော့ဗ် ပုံစံရိုင်ဖယ်များကို ရှာတွေ့ခဲ့သည်ဟု အမေရိကန်ရေတပ် ပြောခွင့်ရပုဂ္ဂိုလ် တင်မိုသီဟော့ကင်းစ် (Timothy Kawkins) က ပြောသည်။

Chinook သင်္ဘောသည် နောက်ထပ် ကမ်းရိုးတန်း ကင်းလှည့် သင်္ဘောတစ်စင်းဖြစ်သော USS Monsoon၊ ပဲ့ထိန်း ဒုံးကျည်ပါ ဖျက်သင်္ဘော USS The Sullivans တို့နှင့်အတူ လက်နက်များကို သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

လက်နက်တွေ သယ်လာတဲ့ သင်္ဘောကိုတွေ့ရစဉ် (AP)

ထိုလက်နက်များသည် အီရန်မှ ယီမင်သို့ ပေးပို့သည်ဟု သံသယရှိသော ယခင်က သိမ်းဆည်းရမိသည့် သေနတ် များနှင့်လည်း ဆင်သည်။ ရွက်သင်္ဘောကို ယီမင်ရှိ ဟူသီများအတွက် တရားမဝင် ကုန်စည်များ ပေးပို့ရာ လမ်း ကြောင်းကို အသုံးပြုခဲ့ကြောင်း၊ သင်္ဘောပေါ်တွင် ရှိနေသော ယီမင်နိုင်ငံသားများကို ယီမင်ရှိ အစိုးရထိန်းချုပ်ရာ ဘက်သို့ ပြန်လည် လွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်းလည်း ဟော့ကင်းစ်က ပြောသည်။

ယီမင်ပြည်တွင်းစစ် စတင်ရာ ၂၀၁၄ ခုနှစ်ကတည်းက ကုလသမဂ္ဂသည် ဟူသီများသို့ လက်နက်လွှဲပြောင်းပေး ခြင်းကို ပိတ်ပင်ထားသည်။ အီရန်သည် ယီမင်လက်နက်ကိုင်များသို့ လက်နက်များကို ရေကြောင်းလမ်းမှ ပေးပို့ ခြင်း ပြုလုပ်နေသည့်တိုင် ဟူသီများကို လက်နက် ထောက်ပံ့ပေးခြင်း မရှိဟု ငြင်းဆိုထားသည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ကုလသမဂ္ဂရှိ အီရန်ကိုယ်စားလှယ်အဖွဲ့က မှတ်ချက်ပေးရန် တောင်းဆိုမှုကို ပြန်လည် ဖြေဆိုခြင်း မရှိသေးပေ။ ဟူသီသူပုန်များသည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် ယီမင်မြို့တော် ဆာနား (Sanaa) ကို သိမ်းပိုက်ခဲ့ပြီးနောက် နိုင်ငံတကာမှ အသိအမှတ်ပြုထားသော အစိုးရကို တိုင်းပြည်ကနေ ထွက်ပြေးရအောင် ဖိအားပေးခဲ့သည်။

ထို့နောက် ၂၀၁၅ ခုနှစ်၊ မတ်လတွင် အမေရိကန်ထုတ် လက်နက်များကို အသုံးပြုသည့် ဆော်ဒီဦးဆောင်သော မဟာမိတ် ညွှန့်ပေါင်းအဖွဲ့က ထွက်ပြေးနေရသော အစိုးရဘက်မှ ဝင်ရောက် တိုက်ခိုက်ပေးခဲ့သည်။

ကာလရှည် တိုက်ပွဲများကြောင့် အာရပ်ကမ္ဘာ၏ အဆင်းရဲဆုံး ယီမင်နိုင်ငံမှာ အငတ်ဘေးနှင့် ကြုံတွေ့လုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီလည်း ဖြစ်သည်။

Source: AP