CNI International News

ဒူဘိုင်း၊ ဖေဖော်ဝါရီ ၄

ပြင်သစ်ရေတပ်သည် ဇန်နဝါရီလ အိုမန်ပင်လယ်ကွေ့အတွင်း ချေမှုန်းရေးရိုင်ဖယ်၊ စက်သေနတ်နှင့် တင့်ဖျက် ဒုံးကျည် ထောင်ပေါင်းများစွာကို ဖမ်းဆီးရမိခဲ့သည်ဟု အာဏာပိုင်များက ကြာသပတေးနေ့တွင် ပြောကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

ထိုလက်နက်များသည် အီရန်နိုင်ငံမှ ထွက်ခွာလာပြီး ယီမင်ရှိ ဟူသီသူပုန်များထံ ဦးတည် သယ်ဆောင်နေခြင်း ဖြစ်သည်။

အီရန်ကတော့ ယခုဖမ်းမိသည့် လက်နက်များနှင့် ၎င်းတို့ကြား ဆက်စပ်မှုမရှိဟု ငြင်းသော်လည်း အမေရိကန် စစ်တပ်မှ ထုတ်ပြန်သော ဓာတ်ပုံများအရ သိမ်းဆည်းရမိသော လက်နက်များသည် အီရန်နှင့်ပတ်သက်နေသည့် ယခင်က ဖမ်းမိခဲ့သော လက်နက်များနှင့် တူညီနေသည်ကို တွေ့ရသည်။

ယခု ထုတ်ပြန်ချက်သည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားသို့ ဒရုန်းများ ပေးပို့မှု၊ ဆန္ဒပြသူများအပေါ် ကာလရှည်ကြာ အကြမ်းဖက် ဖြိုခွင်းမှုများကြောင့် အီရန်အပေါ် အနောက်အုပ်စု၏ ဖိအားများ မြင့်တက်နေချိန်တွင် ပေါ်ထွက်လာ သည်။

 ယီမင်ပို့မယ် လက်နက်တွေကို ဖမ်းမိစဉ်(AP)

အီရန်နိုင်ငံ အစ်ဖာဟန် (Isfahan)မြို့ အလယ်ရှိ စစ်တပ်အလုပ်ရုံ တစ်ခုသို့ အစ္စရေးဘက်မှဟု သံသယရှိသော ဒရုန်း တိုက်ခိုက်တစ်ခုကြောင့် ဒေသတွင်း တင်းမာမှုများမှာ မြင့်တက်နေသည်။

အီရန်သည် အင်အားကြီး နိုင်ငံများနှင့် နျူကလီးယား သဘောတူညီချက် ပျက်ပြားသွားခဲ့ပြီးနောက် ပင်လယ် အတွင်း လက်တုန့်ပြန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရသည်။

ယခု လက်နက်များကို ဇန်နဝါရီ ၁၅ ရက်က အိုမန်ပင်လယ်ကွေ့တွင် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကာ သိမ်းမိသော နေရသည် အီရန်မှ ယီမင်သို့ တရားမဝင် လက်နက်များ ပို့ဆောင်ရန်သုံးသော လမ်းကြောင်းဖြစ်သည်ဟု အမေရိကန်က ပြောသည်။

ယီမင်နိုင်ငံအတွင်းရှိ အီရန်မှ ထောက်ပံ့ပေးထားသော ဟူသီသူပုန်များကို လက်နက်ထောက်ပံ့ခြင်း မပြုလုပ်ရန် ကုလသမဂ္ဂက ပိတ်ပင်ထားသည်။

ဟူသီများသည် ၂၀၁၄ ခုနှစ်နှောင်းပိုင်းတွင် ယီမင်မြို့တော်ကို ထိန်းချုပ်ခဲ့ပြီး ၂၀၁၅ မတ်လမှ စတင်ကာ ဆော်ဒီ ဦးဆောင်သည့် မဟာမိတ်အဖွဲ့မှ ထောက်ခံသော နိုင်ငံတကာအသိအမှတ်ပြု အစိုးရနှင့် စစ်ပွဲဆင်နွှဲလျက် ရှိသည်။

ယခုဖမ်းဆီးမှုကို ပြင်သစ်အထူးတပ်ဖွဲ့များ ပါဝင်သော အဖွဲ့က ပြုလုပ်ခဲ့သည်ဟု The Wall Street က ဦးစွာဖော်ပြ ခဲ့သည်။

ပြင်သစ်ရေတပ်ကိုတွေ့ရစဉ်(GETTY IMAGE)

သိမ်းဆည်းမှုနှင့် နီးစပ်သည့် အရာရှိနှစ်ဦးကလည်း ယခုသိမ်းဆည်းမှုကို ပြင်သစ်တပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။ သို့သော် ယခုကိစ္စနှင့်ပတ်သက်၍ ပြင်သစ်စစ်တပ်ကို ဆက်သွယ်မေးမြန်ရန် ကြိုးပမ်း ခဲ့သော်လည်း ပြန်လည် တုန့်ပြန်မှု မရှိသေးပေ။

ထို့နောက် သိမ်းဆည်းရမိသော လက်နက်များသည် ၎င်းတို့နှင့် ဆက်စပ်မှု ရှိနေသည်ဆိုခြင်းကို အီရန်ဘက် ငြင်းဆိုခဲ့ကာ ယခုစွပ်စွဲချက်များသည် နိုင်ငံရေးအရ လှုံ့ဆော်မှုကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

အဘူဒါဘီတွင် ရေတပ်စခန်း ဖွင့်လှစ်ထားသော်လည်း ပြင်သစ်စစ်တပ်သည် ဒေသတွင်း ချဉ်းကပ်မှုများကို တိတ်တဆိတ် လုပ်ဆောင်လေ့ရှိကာ အီရန်နှင့်လည်း သံတမန် ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။

Source: AP