CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီ ဝင်များ ဖြစ်ကြသော ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နှင့် ဦးဝင်းမြင့်အောင်တို့ကို NLD မှ ထုတ်ပယ်လိုက်ကြောင်း ယနေ့ (မတ်လ ၃ ရက်)မှာ NLD ၏ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ၎င်းတို့အား ပါတီမှ ပေးအပ်ထားသော တာဝန်များအားလုံး ရပ်ဆိုင်းသည့်အပြင် ယင်းတို့၏ ပြောဆို ဆောင်ရွက်မှုများသည် NLD နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပါတီ၏ အပတ်စဉ် ပုံမှန်အစည်းအဝေးမှာ တက်ရောက်လာသည့် ဗဟိုကော်မတီဝင်များ၊ တိုင်းနှင့် ပြည်နယ် အလုပ်အမှုဆောင်များ၊ ဗဟိုရေးရာကော်မတီများကလည်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပေါ် မမှန်မကန် သက်သေထွက်ဆိုသူများနှင့် ပြည်သူ့ဆန္ဒကို ကျောခိုင်းပြီး ပါတီ၏မူဝါဒများကို ဆန့်ကျင် လုပ်ဆောင် နေသူများအား အရေးယူပေးရန် တင်ပြလာချက်များအရ ပါတီဝင်အဖြစ်မှပါ အပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်း ဆိုသည်။

 NLD ဗဟိုအလုပ်ကော်မတီ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ဟောင်းတစ်ဦးဖြစ်သူ ဦးဖြိုးမင်းသိန်းသည် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနှင့် ဒေါ်လာများ ပေးခဲ့ကြောင်း အဂတိအမှုမှာ သက်သေထွက်ဆိုခဲ့သည်။

လက်ရှိမှာ နစကအနေဖြင့် အတုအယောင် ရွေးကောက်ပွဲတစ်ခု ဖန်တီး၍ ပြည်သူလူထုနှင့် ကမ္ဘာကို လှည့်စားရန် ကြံဆောင်နေချိန်တွင် NLD ပါတီဝင် အချို့သည် ပြည်သူ့ဆန္ဒ သဘောထားကို လေးစားလိုက်နာမှု မရှိသည့်အပြင် ပါတီ၏ရပ်တည်ချက်တို့ကို ဆန့်ကျင်၍လည်းကောင်း၊ ပါတီအမည်ကို အလွဲသုံးစား လုပ်ဆောင်၍လည်းကောင်း၊ စစ်အာဏာရှင် အလိုကျ လိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင်နေကြကြောင်း ခိုင်လုံသည့် အထောက် အထားများ ရရှိထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်း စုကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်တို့ကို နစက-က ဖမ်းဆီးထိန်းသိမ်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်က NLD ၏ ဗဟိုအလုပ်အမှုဆောင်များ စုံလင်ခြင်းမရှိသည့်အတွက် NLD ပါတီဟုဆိုကာ ထုတ်ပြန်နေခြင်းနှင့် ပြောဆိုနေခြင်းများသည် NLD ပါတီ၏ သဘောထားမဟုတ်ကြောင်း ရှေ့နေများမှတဆင့် သတင်းထုတ်ပြန်ထားခြင်းကြောင့် ယခု NLD ၏ဗဟိုအလုပ်ကော်မတီဆိုသူများ၏ ထုတ်ပြန်ချက်က မေးခွန်းထုတ် စရာဖြစ်နေသည်ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။