CNI International News

၂၀၂၂ ခုနှစ်၊ မတ်လ ၃၀

ယီမင်နိုင်ငံ၏မြို့တော်ကို သိမ်းပိုက်ထားသော ဟူသီသူပုန်များအား တိုက်ခိုက်နေသည့် ဆော်ဒီအာရေဗျ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့သည် မွတ်ဆလင် ဥပုသ်လမတိုင်မီ မတ်လ ၃၀ ရက် အစောပိုင်းတွင် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲဖို့ ကမ်းလှမ်းမှုကို ဟူသီသူပုန်များက ပယ်ချခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

အဆိုပါ ကမ်းလှမ်းချက်သည် ဆိပ်ကမ်းများကို အပြည့်အဝ ပြန်မဖွင့်ပေးဘဲ ကမ်းလှမ်းလာခြင်း ဖြစ်သည့်အတွက် အဓိပ္ပါယ်မဲ့ သည်ဟု ဟူသီသူပုန်များက ပြောကြား၍ ပယ်ချခဲ့ကြောင်း အေပီက ဆက်လက် ဖော်ပြထားသည်။

ညွန့်ပေါင်းတပ်ဖွဲ့သည် ယီမင်နိုင်ငံ၌ ဟူသီသူပုန်များ သပိတ်မှောက်ခဲ့သော စေ့စပ်ညှိနှိုင်းမှုများ လွယ်ကူချောမွေ့စေရန် မတ်လ ၃၀ ရက်၊ ဒေသစံတော်ချိန် နံနက် ၆ နာရီ (ဂရင်းနစ်စံတော်ချိန် နံနက် ၃ နာရီ)တွင် တဖက်သတ် အပစ်အခတ် ရပ်စဲ ရေး စတင်ဖို့ စီစဉ်ထားသည်။

“အပစ်အခတ်ရပ်စဲ‌ရေး အောင်မြင်ဖို့ ခြေလှမ်းတိုင်း၊ အဆင့်တိုင်းကို အစီအမံချမှတ်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရဖို့နဲ့ အကျပ်အတည်းချုပ်ငြိမ်းဖို့ ရမ်ဇာန်လမြတ်အတွင်း အပြုသဘောဆောင်တဲ့ အခင်းအကျင်းမျိုးကို ဖန်တီး ပေးသွားမှာပါ” ဟု ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့မှ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် တာကီအယ်လ်မာလီကီ (Turki al-Maliki) က မတ်လ ၂၉ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

သို့သော် အီရန်ကျောထောက် နောက်ခံရှိနေသည့် ဟူသီသူပုန်များသည် ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပမည့် ထိပ်သီး အစည်းအဝေးကို ရှောင်လွဲနေကြသဖြင့် ယခုအပစ်အခတ်ရပ်စဲရေး ကြေညာချက် ထွက်ပေါ်လာမှုကို လတ်တလော သံသယ ဝင်ခဲ့ကြသည်။ အကြောင်းမှာ ဆော်ဒီအခြေစိုက် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီက ဟူသီသူပုန်တို့၏ ရန်သူ့ နယ်မြေတွင် စေ့စပ်ညှိနှိုင်းရေး လုပ်နေကြ၍ ဖြစ်သည်။

ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့မှ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် တာကီအယ်လ်မာလီကီကိုတွေ့ရစဉ်

လွန်ခဲ့သည့် ၂ နှစ်ကလည်း အဆိုပါညွန့်ပေါင်းတပ်ဖွဲ့က ကြေညာခဲ့သော တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးမှာလည်း ပျက်ပြားခဲ့ဖူးသည်။

ယခုအခါတွင်လည်း ဆာနာလေဆိပ်ကို ဆက်ပိတ်ထားရန်နှင့် ဆိပ်ကမ်းများ ကန့်သတ်ထားရန် ရှိနေခြင်းကြောင့် အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို မိုဟာမက်အယ်လ် ဘူကိုင်တီ အမည်ရှိ ဟူသီသူပုန်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ညွန့်ပေါင်းတပ်ဖွဲ့၏ ကြေညာချက်ထွက်ပေါ်ပြီး နာရီပိုင်းအတွင်း ပယ်ချခဲ့သည်။

“ပိတ်ဆို့တားဆီးမှုတွေ မရုပ်သိမ်းပေးဘဲနဲ့ စစ်ဆင်ရေးရပ်တန့်ဖို့ ညွန့်ပေါင်းအဖွဲ့က တစ်ဖက်သတ် ရန်လိုပြီး ကြေညာတဲ့ အတွက် အဓိပ္ပါယ်မရှိသလို အခုဆက်ပြီး ပိတ်ဆို့နေတဲ့ ရလဒ်ကနေ ယီမင်စစ်ပွဲ ပိုကြာမယ်၊ ဒုက္ခသည် အကျပ်အတည်း ပိုပြင်းထန်လာမယ်” ဟု ဘူကိုင်တီက တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အကယ်၍ ဟူသီသူပုန်များက အပစ်အခတ်ရပ်စဲရေးကို မလိုက်နာပါက ညွန့်ပေါင်းတပ်ဖွဲ့များ မည်ကဲ့သို့ တုံ့ပြန်မည်ကို လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ကုလသမဂ္ဂနှင့် တခြားနိုင်ငံများကတော့ ယီမင်စစ်၌ နှစ်ဘက်စလုံးကို မွတ်ဆလင် ဥပုသ်လအတွင်း အပစ်အခတ်ရပ်စဲရေးကို အလေးပေး တိုက်တွန်း လျက်ရှိသော်လည်း ယခင်အတိုင်းပင် ပြန်လည် တင်းမာနေဆဲဖြစ်သည်။ အဆိုပါ ရမ်ဇာန်ဥပုသ်လ သည် ယခုသီတင်းပတ် အကုန်ပိုင်းတွင် စတင်ကျရောက်မည် ဖြစ်သည်။

Source: AP