CNI International News

ဂျစ်ဒါ၊ မတ်လ ၂၆

ဖော်မြူလာဝမ်းပြိုင်ပွဲ စီစဉ်ထားသည့် ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျစ်ဒါမြို့ရှိ ရေနံသိုလှောင်ရုံတစ်ခုကို ပစ်မှတ်ထား၍ ယီမင်မှ ဟူသီသူပုန်များ မတ်လ ၂၅ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

ဆော်ဒီအာဏာပိုင်များက လာမည့် Grand Prix ပြိုင်ပွဲကို စီစဉ်ထားသည့်အတိုင်း ဆက်လက် ကျင်းပသွားမည်ဟု ပြောကြား ခဲ့သော်လည်း ယခုတိုက်ခိုက်မှုမှာ ဟူသီသူပုန်များ၏အမြင့်ဆုံး တိုက်ခိုက်နိုင်စွမ်းကို ပြသလျက်ရှိသည်။

မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း ဟူသီသူပုန်များသည် အလားတူ လောင်စာဆီ သိုလှောင်ရုံတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ ယင်းနေရာသည်လည်း ဂျစ်ဒါမြို့ နိုင်ငံတကာလေဆိပ်၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး မက္ကာသို့ သွားကြမည့် မွတ်ဆလင်ဘုရားဖူးများအတွက် အရေးကြီးသော အချက်အချာနေရာဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုတွင်တော့ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အထူးထင်ရှားသော ဆော်ဒီအာရမ်ကို (Saudi Aramco) ရေနံကုမ္ပဏီထံသို့ အေပီသတင်းဌာနက သဘောထားမှတ်ချက် တောင်းခံခဲ့သော်လည်း တုံ့ပြန်ခြင်း မရှိပေ။

ယခု ရေနံနှင့်လောင်စာဆီ သိုလှောင်ရုံကို ဟူသီသူပုန်များ ဒုံးကျည်ဖြင့် ပစ်မှတ်ထားသော တိုက်ခိုက်ခြင်းအား “ရန်လိုသော စစ်ဆင်ရေး” ဟု ဆော်ဒီအာဏာပိုင်များက ပြောသည်။

ယီမင်နိုင်ငံတွင် ဆော်ဒီအာရေဗျ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့သည် လက်ရှိကာလတွင် အီရန်ကျောထောက် နောက်ခံ ပေးထားသည့် ဟူသီသူပုန်တပ်ဖွဲ့များနှင့် တိုက်ခိုက်မှုများ ရှိနေသည်။

ဟူသီတပ်ဖွဲ့များသည် ၂၀၀၄ ခုနှစ်၊ စက်တင်ဘာလတွင် ယီမင်နိုင်ငံ၏မြို့တော် ဆာနာကို သိမ်းပိုက်နိုင်ခဲ့ကြသည်။ ဆော်ဒီ သည် ၂၀၁၅ ခုနှစ်တွင် ယီမင်စစ်ပွဲ၌ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အရပ်သားများ သေဆုံးခဲ့သော လေကြောင်း တိုက်ခိုက်မှုများ ကြောင့် နိုင်ငံတကာက အပြစ်တင်ဝေဖန်ခဲ့သည်။

ဟူသီသူပုန် တပ်ဖွဲ့များကလည်း ဆော်ဒီအာရေဗျ နိုင်ငံအတွင်းသို့ မောင်းသူမဲ့ လေယာဉ်(ဒရုန်း)များ၊ ဒုံးကျည်များနှင့် မော်တာကျည်များ ပစ်လွှတ်နေခဲ့ကြောင်း ဆော်ဒီဘက်မှ အကြောင်းပြခဲ့သည်။

ဂျစ်ဒါမြို့သို့ ဟူသီများ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ တင့်ကားနှစ်စီး ပျက်စီးခဲ့ပြီး ထိခိုက် ဒဏ်ရာ ရသူမရှိဘဲ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့မှ ဗိုလ်မှူးချုပ် အဆင့်ရှိသူ တာကီ အယ်လ် မာကီ (Turki al-Malki) က ပြောကြားခဲ့သည်။

“ဒီလို ရန်လိုတဲ့လုပ်ရပ်တွေ တိုးမြှင့်လုပ်ဆောင်လာပြီး ရေနံသိုလှောင်ရုံ၊ စက်ရုံတွေကို ပစ်မှတ်ထားလာတာမို့ စွမ်းအင်ဆိုင်ရာ လုံခြုံရေးနဲ့ ကမ္ဘာ့စီးပွားရေးရဲ့ ကျောရိုးဖြစ်တဲ့ ရေနံလုပ်ငန်းကို ထိခိုက်စေဖို့ ရည်ရွယ်တာ ထင်ရှားပါတယ်” ဟု ဆော်ဒီအစိုးရ အာဘော် သတင်းဌာနမှနေ၍ အယ်လ်မာကီက ပြောကြားခဲ့သည်။

Source: AP