CNI International News
ဆိုးလ်၊ ဇူလိုင် ၉
တောင်ကိုရီးယားနိုင်ငံ၏ မီဒီယာထိန်းညှိကွပ်ကဲရေးအေဂျင်စီက Google၊ Meta၊ TikTok နှင့် ပြည်တွင်း ပလက်ဖောင်းများဖြစ်သော Naver၊ Kakao အပါအဝင် အွန်လိုင်းပလက်ဖောင်း ၈ ခုကို သတင်းတုအက်ဥပဒေအရ အရေးယူ ထိန်းချုပ်ရမည့် စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း The Korea Times မှ ဖော်ပြခဲ့သည်။
ဇူလိုင် ၇ ရက်က စတင် အာဏာတည်ခဲ့သည့် သတင်းတု အက်ဥပဒေဟု လူသိများသော သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးကွန်ရက် အက်ဥပဒေအရ ထိုကဲ့သို့ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထိုစာရင်းတွင် ထည့်သွင်းခံခဲ့ရသည့် အွန်လိုင်း ပလက်ဖောင်းများထံသို့ အကြောင်းကြားစာ ပေးပို့ထားပြီးဖြစ် ကြောင်း ကိုရီးယား မီဒီယာနှင့် ဆက်သွယ်ရေးကော်မရှင် (KMCC) ၏ စားသုံးသူမူဝါဒဗျူရို ညွှန်ကြားရေးမှူးချုပ် ရှင်းယောင်ကျူး (Shin Young-kyu) က သတင်းစာ ရှင်းလင်းပွဲ တစ်ခုအတွင်း ကြေညာခဲ့သည်။
အဆိုပါ စာရင်း အပြည့်အစုံတွင် တောင်ကိုရီးယား၏ ပြည်တွင်း အွန်လိုင်း ပလက်ဖောင်း ၄ ခုဖြစ်သည့် Naver၊ Kakao၊ Nate နှင့် DC Inside တို့ ပါဝင်ပြီး၊ ပြည်ပအွန်လိုင်းပလက်ဖောင်း ၄ ခုဖြစ်သည့် Google၊ Meta၊ X နှင့် TikTok တို့ ပါဝင်သည်။

ကိုရီးယား မီဒီယာနှင့် ဆက်သွယ်ရေးကော်မရှင် (KMCC)ကို တွေ့ရစဉ်
ယခုအက်ဥပဒေသည် လူမှုမီဒီယာ ပလက်ဖောင်းများပေါ်မှ ပို့စ်များ၊ အွန်လိုင်း အဖွဲ့အစည်းများနှင့် ဗွီဒီယို မျှဝေသည့် ဝန်ဆောင်မှုများ ပါဝင်သည်။
သို့သော် တစ်ဦးချင်း သီးသန့် မက်ဆေ့ချ်ပေးပို့မှုများနှင့် အဖွဲ့ဝင်များသာ ဝင်ရောက်နိုင်သည့် မက်ဆေ့ချ်ပေးပို့မှု ဝန်ဆောင်မှုများကိုမူ ချွင်းချက်အဖြစ် ဖယ်ထုတ်ထားသည်။
အဆိုပါ အွန်လိုင်း ပလက်ဖောင်းများကို စည်းမျဉ်း သတ်မှတ်ချက်များဖြင့် ထိန်းညှိကွပ်ကဲရာတွင် ပြီးခဲ့သည့်နှစ် နောက်ဆုံး ၃ လပတ် ကာလအတွင်း တစ်ရက်လျှင် ပျမ်းမျှ အသုံးပြုသူဦးရေ ၁ သန်း သို့မဟုတ် ၁ သန်းထက် ပိုရှိသည့် သတ်မှတ်ချက်အပေါ် အခြေခံထားသည်။
ထို့ကြောင့် ပြီးခဲ့သည့်နှစ် နောက်ဆုံး ၃ လပတ် ကာလအတွင်း တစ်ရက်လျှင် ပျမ်းမျှ အသုံးပြုသူ ဦးရေ ၁ သန်းနှင့် အထက်ရှိခဲ့သည့် Naver၊ Kakao၊ Nate၊ DC၊ Google၊ Meta၊ X နှင့် TikTok တို့သည် စာရင်းတွင် ထည့်သွင်း ခံခဲ့ရ ခြင်း ဖြစ်သည်။

တောင်ကိုရီးယားက ပိတ်ပင်လိုက်တဲ့ ဆိုရှယ်ပလက်ဖောင်းများကိုတွေ့ရစဉ်
စာရင်းထည့်သွင်း သတ်မှတ်ခြင်းခံရသည့် ပလက်ဖောင်းများသည် ၎င်းတို့၏ ဝန်ဆောင်မှုများပေါ်တွင် တရားမဝင် အကြောင်းအရာများကို စီမံခန့်ခွဲရန်နှင့် ဖယ်ရှားပစ်ရန် တာဝန်ရှိပြီး၊ ပျက်ကွက်ပါက ကြီးလေးသော ဒဏ်ကြေးငွေ များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ယခုအက်ဥပဒေနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ကန့်ကွက်မှု မရှိပါက သတ်မှတ်ချက်များသည် ဇူလိုင် ၈ ရက်မှ စတင်ပြီး သီတင်းတစ်ပတ်အကြာတွင် အပြည့်အဝ အကျူံးဝင် သက်ရောက်မည်ဖြစ်သည်။
အကယ်၍ အွန်လိုင်း ပလက်ဖောင်း တစ်ခုသည် အမုန်းစကားများ သို့မဟုတ် အခြား တရားမဝင် အကြောင်းအရာ များကို ဖယ်ရှားရန် သို့မဟုတ် ပိတ်ပင်ရန် ပျက်ကွက်ခဲ့မည်ဆိုပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။
Source: The Korea Times
