CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၂၃

ထိုင်းနှင့် အမေရိကန်အကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ်ပေါင်း ၁၉၀ ပြည့် နှစ်ပတ်လည်တွင် ထိုင်းသည် အမေရိကန်နှင့် ကုန်သွယ်မှုဆက်ဆံရေးများကို ထပ်မံတိုးမြှင့််သွားမည်ဟု ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) က ပြောကြာခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။ 

စက်တင်ဘာ ၂၀ ရက်က အမေရိကန် ကုန်သည်ကြီးများအသင်း (US Chamber of Commerce - USCC) နှင့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (US-Asean Business Council - USABC) တို့က တည်ခင်းဧည့်ခံသည့် ညစာစားပွဲတွင် ဆရီသာသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မစ္စတာဆရီသာ ဦးဆောင်သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် စက်တင်ဘာ ၂၄ ရက်အထိ ပြလုပ်မည့် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက် နေသည်။

ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်နဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်

ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သည့် ဆရီသာက ၎င်း၏ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်မှုကို ဘိုင်ဒန်က ဂုဏ်ပြု ခဲ့ကြောင်းနှင့် ထိုင်းသည် အမေရိကန်၏ တည်ငြိမ်သည့် ကုန်သွယ်ဘက် နိုင်ငံအဖြစ် ဆက်ရှိနေမည့် အကြောင်းကို ဘိုင်ဒန်အား စိတ်ချသေချာစေရန် ပြောကြားခဲ့သည်ဟု ဆိုသည်။

အမေရိကန်နှင့် ထိုင်းသည် ယခုနှစ် နိုဝင်ဘာလတွင် ဆန်ဖရန်စစ္စကို (San Francisco) မြို့တွင် ပြုလုပ်မည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်များ အစည်းအဝေး (Asia-Pacific Economic Cooperation (Apec) Leaders' Meeting) တွင်လည်း သီးသန့်တွေ့ဆုံပြီး ဆွေးနွေးမှုများ ပြုလုပ်မည်ဟု ဆရီသာ က ပြောသည်။

ထိုင်းစီးပွားရေးလုပ်ငန်းတစ်ခုကိုတွေ့ရစဉ်

မစ္စတာ ဆရီသာသည် အရှေ့ဥရောပမှ ခေတ်မီသော e-government စနစ်ကို ကျင့်သုံးနေသည့် အက်စတိုးနီးယား ဝန်ကြီးချုပ် အပါအဝင် အခြားပြည်ပ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။ 
အက်စတိုးနီးယား ဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုတွင် e-government စနစ်ကို ထိုင်းပြည်သူများအတွက် အကျိုးရှိ စေရန် မည်သို့ ပြောင်းလဲကျင့်သုံး ရမည်ဆိုသည့်အချက်အား မေးမြန်းခဲ့သည်ဟု ဆရီသာက ပြောကြားခဲ့သည်။

အနာဂတ်တွင် ကာဗွန်ထုတ်လွှတ်မှု ကင်းစင်ရေး ရည်မှန်းချက်ကို ပြည့်ဝစေရန်နှင့် ထိုင်းပြည်သူများအတွက် လေကောင်းလေသန့် ရရှိစေရန် စီမံကိန်း အများအပြား လုပ်ဆောင်နေကြောင်း ထိုင်း၏ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဂျက်ကာပွန် ဆန်မာနီ (Jakkapong Sangmanee) က ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်သည် ထိုင်းတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံစာရင်း၌ နံပါတ် ၃ နေရာမှာရှိနေသည်။ အမေရိကန်တွင် ထိုင်း၏ ရင်းနှီးမြှုပ်နှံမှုများသည်လည်း မြင့်တက်ခဲ့ကာ ၁၃ ဘီလျံအထိ ရှိခဲ့သည်။

Source: ဘန်ကောက်ပို့စ်