CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅

ပြည်တွင်းရွှေဈေးနှုန်းကို လက်ရှိတွင် အမေရိကန်ဒေါ်လာ ပေါက်ဈေးဖြင့် မတွက်ချက်ဘဲ ထိုင်းပြည်တွင်း ရွှေဈေး နှင့် ထိုင်းဘတ်ငွေတို့ဖြင့် တွက်ချက်ကာ အရောင်းအဝယ် ပြုလုပ်နေကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

ထိုသို့ ဘတ်ငွေဖြင့် ရွှေကို အရောင်းအဝယ် ပြုလုပ်လာရခြင်းမှာ အမေရိကန်ဒေါ်လာ ရောင်းဝယ်သူများနှင့် ကုန်သည်များကို ဖမ်းဆီး အရေးယူမှုများ ရှိနေသော်လည်း ထိုင်းဘတ် ငွေ အရောင်းအဝယ်များကို တင်းကြပ်မှု မရှိခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဘတ်ငွေနှင့် ပတ်သက်၍ တရားဝင် အသုံးပြုခွင့်မူဝါဒ ပြောင်းလဲခြင်းကြောင့်လည်း ပါဝင်ကြောင်း ကုန်သည်များက ပြောသည်။

လက်ရှိတွင် ထိုင်းဘတ်ငွေဖြင့် တွက်ချက်သော်လည်း ထိုင်းဘတ်ငွေသည် အမေရိကန်ဒေါ်လာ ဈေးနှုန်းအပေါ် မူတည်၍ ပြောင်းလဲမှု ရှိနေခြင်းကြောင့် ဒေါ်လာနှင့် သွယ်ဝိုက်၍ ပတ်သက်မှု ရှိနေသေးကြောင်း ဒေါ်လာနှင့် ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေခန့်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “လောလောဆယ် ဒေါ်လာကိုင်ဆောင်ခွင့်ကလည်း သိတဲ့အတိုင်းပဲလေ၊ အဖမ်းအဆီး အရမ်းကြမ်းတယ် ငွေလွှဲတဲ့ဟာတွေမှာ။ ဒေါ်လာနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ ဖမ်းတယ်ပေါ့နော်။ 
ရွှေ၊ ငွေ၊ ဒေါ်လာ၊ အဲဒီမှာ ဘတ် က နည်းနည်း လွတ်တယ်လို့ ပြောလို့ရတာပေါ့လေ။ နောက်တစ်ခုက ပြည်တွင်းက စိန်ကုန်သည်တို့၊ ရွှေတို့ လုပ်တဲ့သူ တော်တော်များများကလည်း ဘတ်နဲ့ အဆက်အဆံ ရှိတယ်လေ။ စိန်ပြပွဲတွေဆိုလည်း ဘန်ကောက် မှာဆို ဒီက စိန်ကုန်သည်တွေ ပေးကြတာပဲ။ ဘတ်ကို ပိုပြီးတော့ ဦးစားပေးတာပေါ့။ အရင်ကတည်းကလည်း ဘတ်နဲ့ ဆက်စပ်မှု ရှိပါတယ်။ မူဝါဒ ပြောင်းလဲလိုက်တာလည်း ပါတယ်။ ဘာလို့လဲဆိုတော့ ဘတ်ကို တိုက်ရိုက် သုံးလို့ရတယ်ဆိုတဲ့ဟာပေါ့။ နောက် ဒေါ်လာအစားထိုး ပုံစံမျိုးလေ။ အဲဒီမူဝါဒနဲ့လည်း ဆိုင်ပါတယ်။ ဘတ်ကို တရားဝင် ဒေါ်လာအစားမျိုး သုံးလိုက်တာပေါ့။ ထိုင်းရွှေဈေးတို့ ဘာတို့ကလည်း ကမ္ဘာ့ရွှေဈေးနဲ့ သက်ဆိုင်နေ တယ်။ ထိုင်းဘတ်ဈေးနဲ့ ရွှေဈေးကလည်း အချိတ်အဆက်ရှိတော့ ဒေါ်လာက သွယ်ဝိုက်ပြီးတော့ ပတ်သက်မှုတော့ ရှိနေသေးတယ်။ တိုက်ရိုက်ကြီးတော့ မပတ်သက်တော့ဘူး။ အရမ်းကြီး မသက်ရောက်နိုင်ဘူးပေါ့။ သူ့ရဲ့ ငွေဈေးနဲ့ ဆိုင်တာ မှန်တယ်။ ဒါပေမယ့် ကျနော်တို့ ပြည်တွင်းက ရောင်းလိုအား၊ ဝယ်လိုအားနဲ့ သက်ဆိုင်တယ်” ဟု ပြော သည်။

ထိုင်းဘတ်ငွေနဲ့ အမေရိကန် ဒေါ်လာကို တွေ့ရစဉ်

နိုင်ငံတကာ ငွေပေးချေခြင်းကို ထိုင်းဘတ်ငွေနှင့် ရှင်းလင်းခွင့်ပြုကြောင်း ဩဂုတ်လ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ တော် ဗဟိုဘဏ်က  ကြေညာခဲ့သည်။

ပြည်တွင်း ရွှေဈေးနှုန်းကို ထိုင်းနိုင်ငံ ရွှေဈေးနှင့် ဘတ်ငွေကို အခြေခံ၍ တွက်ချက်ခြင်းကြောင့် ထိုင်းဘတ်ငွေဈေး ပြောင်းလဲမှု ဖြစ်ပေါ်သည့်အခါတွင် ထိုင်းနိုင်ငံမှတဆင့် သွင်းနေရသည့် ကုန်စည်များလည်း ဈေးနှုန်းပြောင်းလဲမှု ဖြစ်ပေါ်လာနိုင်ကြောင်း၊ ထို့အပြင် ထိုင်းငွေကြေးသည်လည်း တည်ငြိမ်သည့် အနေအထားတွင် မရှိကြောင်း၊ ထိုင်း နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂ ဆခန့် ရှိနေသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဖြစ်နိုင်ခြေတော့ များတာပေါ့။ ဒါကတော့ ရှင်းရှင်းပြောရင်တော့။ အခြေခံအပေါ်မှာ တွက်တယ် မူတည်ပြီး တော့ ရွှေကတော့ ရွှေပေါ့။ ကုန်စည်ကတော့ ကုန်စည်ပေါ့။ ဒါပေမယ့် ငွေလဲနှုန်းပေါ်မှာ မူတည်ပြီး သွားတာ။ ငွေလဲနှုန်း ပြောင်းလဲရင်တော့ ပြဿနာ ရှိနိုင်တာပေါ့နော်။ ဒါကတော့ ဒေါ်လာ အဖမ်းအဆီးကြောင့် အစားထိုး တွက်တာပေါ့နော်။ အစားထိုး တွက်တဲ့အခါကျတော့ ထိုင်းဘတ်ဈေး အပြောင်းအလဲ ဖြစ်ရင်တော့ ရွှေဈေးပေါ်မှာ ရော၊ ကုန်စည်ဈေးနှုန်းပေါ်မှာရော ထိခိုက်မှုတွေတော့ များလာနိုင်တာပေါ့နော်။ ထိုင်းဘတ်ကလည်း Stability ဖြစ်တဲ့ အထဲမှာတော့ မပါပါဘူး။ သူလည်း Inflation တော်တော်ဖြစ်နေတာကိုး သူ့နိုင်ငံမှာလည်း Inflation နှစ်ဆ လောက် ဖြစ်နေတာ သူ့ဆီမှာလည်း” ဟု ပြောသည်။

ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေကို တွေ့ရစဉ်

ရွှေလုပ်ငန်းရှင်များနှင့် ရွှေကုန်သည်များက ဒေါ်လာအစား ထိုင်းဘတ်ငွေကို ပြောင်းလဲအသုံးပြုခြင်းသည် ရွှေဈေး နှုန်း တည်ငြိမ်စေရေးအတွက် မဟုတ်ဘဲ ဒေါ်လာနှင့် ပတ်သက်၍ ဖမ်းဆီးအရေးယူမှုများ ရှိနေခြင်းကြောင့် ဘတ် ငွေကို အသုံးပြုခြင်း ဖြစ်သည်ဟု လုပ်ငန်းရှင်များက ထောက်ပြကြသည်။

ထို့နောက် ဘတ်ငွေနှင့် ပတ်သက်၍ ဒေါ်လာကဲ့သို့ ဈေးကစားမှုများ ပြုလုပ်နေခြင်းကို စောင့်ကြည့်ရန် လိုအပ် ကြောင်း၊ ဘတ်ငွေဈေးနှုန်းများ မြင့်တက်လာပါက ထိုင်းနိုင်ငံမှတဆင့် တင်သွင်းနေရသည့် ကုန်စည်များ ဈေးနှုန်း ကြီးမြင့်မှု ဖြစ်ပေါ်သွားမည်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များက ပြောသည်။