CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၇

နိုင်ငံအတွင်း အစိုးရအရာရှိများ အပါအဝင် အကျင့်ပျက်ခြစားမှုများကို နှိမ်နင်းရန် တင်းကျပ်သည့် အားထုတ် ကြိုးပမ်းမှုများကို လုပ်ဆောင်သွားမည်ဟု ထိုင်းဝန်ကြီးချုပ်သစ် ဆရီသာ သာဗီဆင် (Srettha Thavisin) က စက်တင်ဘာ ၆ ရက်တွင် ကတိပြုခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

အစိုးရအဖွဲ့အတွင်း ရာထူးနေရာများကို ငွေကြေးပေးပြီး ဝယ်ယူခြင်း၊ ရောင်းချခြင်းတို့ကို အဆုံးသတ်သွားမည်ဟု စက်တင်ဘာ ၆ ရက်တွင် ကျရောက်သည့် ထိုင်း၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနေ့၌ ပြုလုပ်သည့် ဖိုရမ်တစ်ခုမှာ ဆရီသာက ပြောကြားခဲ့သည်။

ထိုအခမ်းအနားကို ထိုင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ (ACT)က ဘန်ကောက်မြို့တော်ရှိ Krung Thep Aphiwat Central Terminal ရထားဘူတာရုံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

"အစိုးရအရာရှိတွေ အားလုံးဟာ အစိုးရရဲ့ မူဝါဒတွေကို အကောင်အထည် ဖော်သူတွေအဖြစ် သူတို့ရဲ့ ဂုဏ်သိက္ခာ နဲ့အညီ သာတူညီမျှ ဆက်ဆံခံရဖို့အတွက် စိတ်ချာသေချာမှု ရှိစေအောင် ကျနော်တို့ လုပ်ဆောင်သွားမှာပါ။ အစိုးရ ရာထူးနေရာတွေကို ရရှိဖို့ ငွေနဲ့ ဝယ်ယူတဲ့သူတွေ၊ ရောင်းချတဲ့သူတွေအတွက် ဒီအစိုးရအဖွဲ့ထဲမှာ နေရာ မရှိစေရ ပါဘူး"ဟု ဆရီသာက ပြောကြားခဲ့သည်။

ထိုင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ကို တွေ့ရစဉ်

အစိုးရအဖွဲ့သည် နိုင်ငံကို စီမံခန့်ခွဲရာတွင် တရားဥပဒေ၏ အခြေခံမူဝါဒများကို လေးစားလိုက်နာမည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိစေရန် ခေတ်သစ် နည်းပညာများဖြင့် အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟုလည်း ဆရီသာက ပြည်သူများကို ကတိပေးခဲ့သည်။

ထိုဖိုရမ်အတွင်း ACT ဥက္ကဋ္ဌ ဝီချီအန် ပွန်ဆာသွန် (Wichian Phongsathorn)က အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ပိုမိုခိုင်မာမှုရှိစေရန် အချက် ၅ ချက်အား အစိုးရအဖွဲ့သစ်ကို တောင်းဆိုခဲ့သည်။

ထိုအချက်များအနက် ပထမအချက်မှာ အကျင့်ပျက်ခြစားမှု ပြဿနာများကို တိုက်ဖျက်ရန်  နယ်ပယ်အားလုံးမှ  သက်ဆိုင်သည့် ကိုယ်စားလှယ်များ ပါဝင်သည့် ကော်မတီတစ်ရပ်ကို ဝန်ကြီးချုပ်က ကမကထပြုပြီး ထူထောင်ရန် ဖြစ်သည်။

ဒုတိယအချက်မှာ အမျိုးသား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်၊ စာရင်းစစ်ချုပ်ရုံး၊ ပြည်သူ့ကဏ္ဍ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် အပါအဝင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီများ၏ လွတ်လပ်မှုကို မြှင့်တင်ပေးရန်ဖြစ်သည်။

တတိယအချက်အနေဖြင့် နိုင်ငံတော်၏ ပိုင်ဆောင်မှုအောက်တွင် ပြည်သူလူထုအား သတင်းပြန်ကြားမှုဆိုင်ရာ ဥပဒေနှင့် အကျင့်ပျက်ခြစားမှုဥပဒေများကို ပြဋ္ဌာန်းရန် ဖြစ်သည်။

 

ထိုင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့နဲ့ ထိုင်းဝန်ကြီးချုပ်သစ် ဆရီသာ သာဗီဆင်ကို တွေ့ရစဉ်

စတုတ္ထအချက်မှာ အစိုးရအေဂျင်စီ အားလုံးအနေနှင့် ကန်ထရိုက်ပေးမှုများ၊ ပရောဂျက်များကို ဝယ်ယူမှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များအား နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိသည့် စံချိန်စံနှုန်းများနှင့်အညီ ပြည်သူလူထုအား ထုတ်ပြန်ပေးရန် ဖြစ်သည်။

ပဉ္စမအချက်မှာ အကျင့်ပျက်ခြစားမှုနှင့်ဆက်နွှယ်သည့် သတင်းအချက်အလက်များကို ခြွင်းချက်အနေဖြင့် ထုတ်ပြန်မှု မရှိခဲ့သည့် အတိတ်က ကျင့််သုံးခဲ့သည့် နိုင်ငံ၏စည်းမျဉ်းစည်းကမ်းများကို ပြုပြင်ပြောင်းလဲရန် ဖြစ်သည်။

ထိုင်းသည် ၂၀၂၂ ခုနှစ် နိုင်ငံတကာ အကျင့်ပျက်ခြစားမှုဆိုင်ရာ ပွင့်လင်းမြင်သာမှု ညွှန်းကိန်း (Transparency International Corruption Index) ၏ အမှတ် ၁၀၀ တွင် ၃၆ မှတ် ရရှိခဲ့သည်။

ထို့ပြင် အာဆီယံတွင် စင်ကာပူ၊ မလေးရှားနှင့် ဗီယက်နမ်တို့ပြီးလျှင် စတုတ္ထနေရာ၌ ရပ်တည်ခဲ့ပြီး ကမ္ဘာ့အဆင့်မှာ  ၁၀၁ နေရာတွင် ရပ်တည်ခဲ့သည်။

Source: The Nation