CNI International News

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၇

ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ယခုအချိန်သည် အချိန်ကောင်းဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို (San Francisco)မြို့တွင် ပြုလုပ်သည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) အစည်းအဝေးတွင် တိုက်တွန်းခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။ 

ဆရီသာသည် နိုဝင်ဘာ ၁၅ ရက်က ဆန်ဖရန်စစ္စကိုမြို့ရှိ မော့စ်ကွန်းစင်တာ (Moscone Centre)တွင် ပြုလုပ် သည့် ၂၀၂၃ ခုနှစ် APEC-CEO ညီလာခံသို့ တက်ရောက်လာသည့် စီးပွားရေးခေါင်းဆောင်များကို မိန့်ခွန်းပြောကြား ရာ၌ အထက်ပါအတိုင်း တိုက်တွန်းခဲ့သည်ဟု  ထိုင်းအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ချိုင် ဝါချာရွန်ကီ (Chai Wacharonke) က ပြောကြားခဲ့သည်။ 

ထိုင်းနိုင်ငံသည် နိုင်ငံရေးတည်ငြိမ်ပြီး အစိုးရအနေနှင့်လည်း ဖွံ့ဖြိုးတိုးတက်မှု၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် စီးပွားရေး ယှဉ်ပြိုင်မှုများအတွက် မူဝါဒများကို အကောင်အထည်ဖော်ခဲ့ကြောင်း ဆရီသာက ပြောကြားခဲ့သည်။ 

ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်ကို တွေ့ရစဉ်

APEC သည် အင်အားကြီးမားသည့် အဖွဲ့ဖြစ်ကြောင်းနှင့် APEC အဖွဲ့ဝင်နိုင်ငံများ၏ စုစုပေါင်း လူဦးရေသည် ကမ္ဘာ့ လူဦးရေ၏ ၃ ပုံ ၁ ပုံရှိကြောင်း၊ ကမ္ဘာ့ကုန်သွယ်မှု ပမာဏစုစုပေါင်း၏ ထက်ဝက်ခန့်ရှိကြောင်း ဆရီသာက ပြော ကြားခဲ့သည်။ 

ထို့ပြင် မကြာသေးမီ နှစ်များအတွင်း APEC သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပွင့်လင်းမှုများမှ တစ်ဆင့် သန်းနှင့်ချီသည့် လူသားများကို ဆင်းရဲတွင်းမှ ဆွဲထုတ်ရာတွင် အောင်မြင်မှု ရရှိခဲ့သည်ဟုလည်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။ 

ရေရှည်တည်တံ့ခိုင်မြဲမှု၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ အဓိက အခန်းကဏ္ဍများ ဖြစ်သည်ဟုလည်း ဆရီသာက အလေးထားပြောခဲ့သည်။ 

ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်ကို တွေ့ရစဉ်

APEC အမျိုးသားစင်တာ အနေနှင့်လည်း ရေရှည်တည်တံ့ခိုင်မြဲသည့် အနာဂါတ် ဖိုရမ် (Sustainable Future Forum) ကို ပထမဆုံးအကြိမ် ကျင်းပနိုင်ရေးအတွက် သဘောတူညီမှုရရှိစေရန် ဆရီသာက တိုက်တွန်းခဲ့သည်။ 

ထိုင်းအစိုးရသည် ရေရှည်တွင် ဒစ်ဂျစ်တယ် အစိုးရအဖြစ်သို့ ကူးပြောင်းနိုင်ရန် ရည်ရွယ်ထားပြီး နည်းပညာ၏ အကူအညီနှင့်အတူ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများတွင် ထိရောက်မှုရှိစေရေးကို မြှင့်တင်ရန်နှင့် ဒစ်ဂျစ်တယ် နည်းပညာကဏ္ဍ၌ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်း ဝန်ကြီးချုပ်ဆရီသာက ပြောကြားခဲ့သည်ဟု ထိုင်း အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။ 

Source: Thai PBS World