CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့် အမိန့်များကို လိုက်နာမှု မရှိခြင်းကြောင့် နိုင်ငံခြားငွေ ရောင်းချလဲလှယ်နေသည့် ကုမ္ပဏီ ၁၀၀ ကျော်ကို လိုင်စင်ရုပ်သိမ်းပြီးနောက် နိုင်ငံခြားငွေဈေးနှုန်း တည်ငြိမ်လာ၍ အိမ်ခြံမြေနှင့်ကားဈေးနှုန်းများ ကျဆင်းလာနေသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများထံမှ သိရသည်။

နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ဈေးနှုန်းနှင့် ပတ်သက်ပြီး ရောင်းချသူများနှင့် ကုန်သည်များက အလွန်အကျွံ ဈေးကစားနေမှုများ ရှိနေခြင်းကြောင့် စုံစမ်းစစ်ဆေးရေး အဖွဲ့များက အရေးယူမှုများ ပြုလုပ်လာကြောင်း၊ လက်ရှိ တွင် အမေရိကန်ဒေါ်လာနှင့် ပတ်သက်၍ မည်သူမျှ ထင်ထင်ပေါ်ပေါ် လုပ်ဆောင်မှု မပြုလုပ်ကြတော့ကြောင်း သိရသည်။

ထိုသို့ စုံးစမ်းစစ်ဆေး အရေးယူခြင်းများကြောင့် လတ်တလောတွင် ဒေါ်လာဈေးကွက်အတွင်း တည်ငြိမ်နေပြီး အိမ်ခြံမြေနှင့် မော်တော်ကား ဈေးနှုန်းများလည်း ကျဆင်းလာနေကြောင်း၊ သို့သော်လည်း ယာယီမျှသာ ထိရောက် နိုင်သည်ဟု ဒေါ်လာနှင့် ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေခန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဈေးကွက်ပေါက်ဈေးကတော့ အဲဒီအတိုင်းပဲ။ ဒါပေမယ့် ကုန်သည်၊ ပွဲစားတွေကလည်း သိတဲ့အတိုင်းပဲ သူတို့လည်း သူတို့လောဘနဲ့ သူတို့ လုပ်တာဆိုတော့ သူတို့အတွက် မကျန်ရင် မလုပ်ဘူး။ ဒါပေမယ့် အဲဒီမှာ လွန်တာလေးတွေတော့ ရှိတာပေါ့လေ။ အဲဒါကြောင့်မို့လို့ အစိုးရက ဝင်ထိန်းတယ်။ ဒါပေမယ့် ထိန်းတာလည်း နည်းနည်း ကြမ်းတာပေါ့။ တောက်လျောက် ဖမ်းတာ။ အခုက စသုံးလုံး စုံစမ်းတဲ့ပုံစံက ဟိုးအထက်ပိုင်းကလူတွေ မချန်ဘူး။ တော်ရုံတန်ရုံဆို လက်ဝင် မလျှိုချင်တော့ဘူး။ ဘယ်သူ့ကိုမှလည်း မကူညီရဲတော့ဘူး အဲဒီလို အနေ အထားမျိုး ဖြစ်ကုန်တယ်။ မလွယ်ဘူးပေါ့လေ အခုခေတ်ကာလကတော့။ တော်ရုံတန်ရုံ ငြိမ်နေကြတယ်။ နာမည် ကြီး ခရိုနီတို့၊ လက်ကြီးသမားတွေတို့၊ တကယ့်သူဋ္ဌေးတွေဆိုလို့ရှိရင် မြန်မာပြည်မှာ မနေတော့ဘဲနဲ့ ခရီးထွက်နေ တာတို့၊ များသောအားဖြင့် ဘန်ကောက် ရှောင်ကြတာပေါ့လေ အဲဒီလိုမျိုးတွေပဲ လုပ်ကြတော့တာ။ သူတို့က အစည်းဝေး အစည်းဝေးလို့ ခေါ်ခေါ်ပြီး တစ်ခါတည်း ကုတ်ကုတ်သွားတော့ တော်ရုံတန်ရုံလူလည်း မလုပ်ရဲကြ တော့ဘူး။ ရဲရဲတင်းတင်းပေါ့လေ ထင်ထင်ပေါ်ပေါ် မလုပ်ရဲကြတော့ဘူး။ သူတို့ကတော့ ဈေးကျအောင် ဖမ်းတယ်၊ ဒါပေမယ့် မကျတဲ့အပြင် ငြိမ်တော့ ငြိမ်သွားတယ်ပေါ့လေ။ လတ်တလော ဘာတွေထူးခြားလာလဲဆိုတော့ အိမ် ဈေးတွေ၊ မြေဈေးတွေတော့ အနည်းငယ် ကျသွားတယ်။ ကားဈေးဆိုလည်း သိသိသာသာ ကျလာတယ်။ ဒါလည်း ရလဒ်တစ်ခုလို့ ပြောလို့ရတယ်။ ဒါပေမယ့် အဲဒါတွေက ဘယ်လောက်ကြာထိ ခံမလဲ၊ ဘယ်လောက်ပဲကြာကြာ ဝယ်မယ့်လူက ပြန်စောင့်မှာပဲလေ။ ကျလေကြိုက်လေ ကျတာကို စောင့်ပြီးတော့ ပြန်ဝယ်။ အဲဒီအခါကျတော့ ဘာမှ မထူးဘူး။ ဒီပုံစံက နည်းနည်းလွဲနေတယ်လို့ ပြောလို့ရတာပေါ့။ ယာယီတော့ အလုပ်ဖြစ်လိမ့်မယ်” ဟု ပြောသည်။

ဗဟိုဘဏ်က လိုင်စင်ပိတ်သိမ်းလိုက်သည့် ကုမ္ပဏီများစာရင်းကို တွေ့ရစဉ်

နိုင်ငံခြားငွေ လဲလှယ်ရောင်းချသည့် ကုမ္ပဏီများ လိုင်စင်ပိတ်သိမ်းခံရမှုသည် ယခု ၂၀၂၃ ခုနှစ်အတွင်းတွင် ၁၆၇ ခု ရှိပြီဖြစ်ကြောင်း၊ ဇန်နဝါရီလတွင် ၁ ခု၊ မတ်လတွင် ၂၀ ခု၊ ဇူလိုင်လတွင် ၁၀ ခု၊ ဩဂုတ်လတွင် ၁၃ ခုနှင့် ယခု စက်တင်ဘာလတွင် ၁၂၃ ခု ပိတ်သိမ်းခံရခြင်း ဖြစ်သည်။

ရုပ်သိမ်းခံခဲ့ရတဲ့ ကုမ္ပဏီများတွင် ခရီးသွား ကုမ္ပဏီများ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ဆောက်လုပ်ရေး ကုမ္ပဏီများ၊ ကျောက်မျက်ရတနာ ကုမ္ပဏီများနှင့် ကုန်သွယ်ရေး ကုမ္ပဏီများ ပါဝင်ပြီး ရန်ကုန်မြို့ရှိ နာမည်ကြီး ဆီဒိုးနားဟိုတယ်လည်း ပါဝင်နေသည်ကို ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။

လက်ရှိတွင် ကုမ္ပဏီအသစ်အပြင် ကုမ္ပဏီအဟောင်းများကို စိစစ်နေခြင်းဖြစ်ပြီး ထပ်မံ၍လည်း ယခုကဲ့သို့ အရေးယူ ဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်လာနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်လာ လဲလှယ်မှုကိုတွေ့ရစဉ်

၎င်းက “အချက်အလက်တွေ ပြည့်ပြည့်စုံစုံ မတင်ပြတာတို့ ဘာတို့ ရှိမှာပေါ့ ဗဟိုဘဏ်ကို အမြဲတမ်း စာတမ်းတွေ ဘာတွေ တင်ပြရတယ်ပေါ့နော်။ အဲဒါတွေ မပြည့်စုံတာတွေ ပါကောင်းပါလိမ့်မယ်။ နောက် black အရောင်းအဝယ် လုပ်တဲ့ဟာတွေ ပိတ်တယ်လို့ ထင်ပါတယ်။ အဟောင်းတွေကိုတော့ စိစစ်နေတာပေါ့နော်။ အဲဒါ အချို့ကတော့ ရုပ်သိမ်းသင့်ပါတယ်။ နဂိုကတည်းကလည်း မရှိတော့ စာရွက်စာတမ်း မတင်ပြနိုင်တဲ့ ကုမ္ပဏီတွေ အများကြီး ရှိပါ သေးတယ်။ အဲဒါတွေလည်း ပါသွားမှာပေါ့နော်။ ကြားထဲမှာတော့ စိစစ်အုံးမှာပဲ။ ဘယ်အချိန် အတိုင်းအတာထိ လုပ်မလဲတော့ မပြောတတ်ဘူးပေါ့နော်။ အခုကတော့ ရှင်းရှင်းပြောရင်တော့ အကုန်လုံးကို သူက တစ်စဆွဲပြီး တော့ အစဆွဲထုတ်လိုက်လို့ ရလို့ အဲဒီအစတိုင်းကို ဆွဲတယ်လို့ မြင်တယ်လေ။ ဘာပဲပြောပြော အခု case တစ်ခု တက်လာရင် နောက် case တွေက ထပ်ထွက်လာတာကိုး။ ပတ်သက် စပ်ဆက်တာလည်း ဘယ်လို ဘယ်လို ပတ်သက် စပ်ဆက်တာတွေ ရှိလာတဲ့အခါကျတော့ ဒါတွေကတော့ အရေးယူဆောင်ရွက်မှုတွေကတော့ ဆက်ရှိ နေမယ်လို့တော့ မြင်နေပါသေးတယ်” ဟု ပြောသည်။

ပြီးခဲ့တဲ့နှစ် ဧပြီလတွင် ဗဟိုဘဏ်၏ ရည်ညွှန်းဈေး အမေရိကန် တစ်ဒေါ်လာကို ကျပ် ၂၁၀၀ ဖြင့် ရောင်းချ လဲလှယ်ရန် ထုတ်ပြန်ခဲ့သော်လည်း ပြင်ပဈေးကွက်၌ အမေရိကန် တစ်ဒေါ်လာကို ၃၃၀၀ ကျပ်မှ ၃၅၀၀ ကျပ် ကြား ရောင်းဝယ်နေကြကြောင်း၊ ထို့နောက် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို မလိုက်နာခြင်းကြောင့် ယခုကဲ့သို့ လိုင်စင်ပိတ်သိမ်းခြင်းဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်၏ နိုင်ငံခြားငွေ သတ်မှတ်ဈေးသည် ပြင်ပပေါက်ဈေးနှင့် ကွာဟနေခြင်းကြောင့် ကုမ္ပဏီအများစုက ရောင်းဝယ်ခြင်းကို ရပ်နားထား၍ ပိတ်သိမ်းခြင်း ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များကြား ပြောနေကြသည်။