CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၅ 

ယခုလအတွင်း ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) တွင် အမေရိကန်နှင့် သီးသန့်တွေ့ဆုံပြီး လုံခြုံရေး အခြေအနေများကို ဆွေးနွေးသွားမည်ဟု ထိုင်းဝန်ကြီးချုပ်သစ် ဆရီသာ သာဗီဆင် (Srettha Thavisin) က ပြောကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

သြဂုတ်လအတွင်းက ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရသည့် မစ္စတာဆရီသာက ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်သည် စက်တင်ဘာလ၏ တတိယသီတင်းပတ်တွင် ကျင်းပမည့် UNGA ကို တက်ရောက်ရန် အမေရိကန်သို့ သွားရောက်သည့်ခရီးစဉ် ဖြစ်လာလိမ့်မည်ဟု စက်တင်ဘာ ၄ ရက်က ပြောသည်။

စက်တင်ဘာ ၅ ရက်တွင် ထိုင်းဘုရင်ရှေ့မှောက်၌ ကျမ်းသစ္စာ ကျိန်ဆိုမည့်် မစ္စတာဆရီသာသည် လာမည့် ရက်ပိုင်းအတွင်း လွှတ်တော်၌ အစိုးရအဖွဲ့၏ မူဝါဒများကို တင်ပြရန် လုပ်ငန်းစဉ်ကို အပြီးသတ် ရေးဆွဲနေသဖြင့် အလုပ်များနေသည်။ 

ဆရီသာက သူသည် ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်မည်ဟု ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပြောကြားခဲ့သည်။

အလွန်များပြားသည့် အလုပ်တာဝန်များကြောင့် သူသည် ယခုသီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ တွင် ပြုလုပ်မည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးကို တက်ရောက်မည် မဟုတ် ကြောင်း ဆီရီသာက ပြောသည်။

ကုလညီလာခံ ကျင်းပနေစဉ်

UNGA ခရီးစဉ်တွင်မူ ထိုင်းကာကွယ်ရေး တပ်ဖွဲ့များ၏ အကြီးအကဲသည် အမေရိကန်နှင့် လုံခြုံရေး အကြောင်း အရာများကို ဆွေးနွေးမည်ဖြစ်ပြီး ထိုဆွေးနွေးပွဲသို့ သူလည်း တက်ရောက်မည်ဖြစ်သည်ဟု ဆီရီသာက ဘန်ကောက်မြို့တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

သို့သော်လည်း အသေးစိတ် အချက်အလက်များကို ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပေ။

လွန်ခဲ့သည့် ဆယ်စုနှစ် တစ်စုနီးပါးအတွင်း စစ်တပ်က ကျောထောက်နောက်ခံ ပြုထားသည့် အုပ်ချုပ်သူများ ကြောင့် စစ်တပ်နှင့် ပြည်သူများအကြား သဘောထား ကွဲလွဲနေမှုကို ပေါင်းကူးတံတားအဖြစ် ထိုးပေးရန် ရည်ရွယ် သည့်အနေဖြင့် စစ်တပ်၏ သဘောထားများအား နားထောင်ရန် စက်တင်ဘာ ၃ ရက်က စစ်တပ် ခေါင်းဆောင်များ နှင့် တွေ့ဆုံခဲ့သည်ဟု ဆရီသာက ပြောသည်။

ထိုင်းဝန်ကြီးချုပ်သစ် ဆရီသာ သာဗီဆင်ကို တွေ့ရစဉ်

စစ်တပ်ကို ပြည်သူနှင့် နီးစပ်စေရန်နှင့် ဆက်ဆံရေးများ တိုးမြှင့်ရာတွင် ကူညီပေးရန် ဆန္ဒရှိကြောင်း၊ စစ်တပ်သည် ကောင်းမွန်သည့် အရာများကို လုပ်ဆောင်ခဲ့ကြောင်း၊ သို့သော် အချို့အရေးကိစ္စများတွင် ရှင်းလင်းပြတ်သားသည့် အသေးစိတ်ထုတ်ပြန်မှုများ မလုပ်ခဲ့ကြောင်း ဆရီသာက ပြောကြားခဲ့သည်။

၎င်း၏ မှတ်ချက် စကားများသည် ကွန်ဆာဗေးတစ် နိုင်ငံရေးအင်အားစုနှင့် မဟာမိတ်ဖွဲ့ခဲ့သည့်် အာဏာရ ဖြူးထိုင်းပါတီအတွင်း လျင်မြန်သည့် သဘောထား ပြောင်းလဲမှုကို ဖော်ပြရာ ရောက်ခဲ့သည်။

ထို့ပြင် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) က စစ်တပ်၏ ထိပ်သီးခေါင်းဆောင် နေရာများကို ပြောင်းလဲခန့်အပ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဆရီသာက စစ်တပ်၏ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ ခြင်းလည်း ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်