CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၂ 

ထိုင်းအစိုးရသစ်သည် ကျမ်းသစ္စာကျိန်ဆိုပြီးပါက စီးပွားရေးလှုံ့ဆော်ရေး၊ လျှပ်စစ်ရထား စီးနင်းခကို ဘတ် ၂၀ အထိ ဈေးနှုန်းလျှော့ချခြင်း အပါအဝင် ကုန်ကျစရိတ်များ လျှော့ချဖြတ်တောက်ရေးတို့ကို ဦးစားပေး လုပ်ဆောင် သွားမည်ဟု ဝန်ကြီးချုပ်သစ် ဆရီသာ သာဗီဆင် (Srettha Thavisin) က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့ ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ဖြူးထိုင်းပါတီသည် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ကတိကဝတ်များ၏ တစ်စိတ်တစ်ပိုင်း အနေနှင့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ဆွေးနွေးမှုများ ပြုလုပ် သွားရန် လိုအပ်သည်ဟုလည်း မစ္စတာ ဆရီသာက ပြောသည်။

မီးရထားသယ်ယူပို့ဆောင်ရေးဌာနသည် ဘန်ကောက်မြို့တော်၏ လျှပ်စစ်ရထားလမ်း ကွန်ရက်တစ်လျှောက် ရထားစီးနင်းခကို ဘတ် ၂၀ အထိ လျှော့ချမည့် ဖြူးထိုင်းပါတီ၏ ကတိကဝတ်ကို အကောင်အထည်ဖော်ရန် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ခဲ့ပြီးဖြစ်သည်ဟု ထိုမီးရထားဌာနမှ သတင်းရင်းမြစ်တစ်ခုက ပြောသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ညွန့်ပေါင်းအဖွဲ့ထဲတွင် ပါဝင်သည့် ပါတီအားလုံး၏ ထင်မြင်ချက်များကို မေးမြန်းရန် အရေးကြီးကြောင်းနှင့် အဆိုပါ ရထားစီးနင်းခ ဘတ် ၂၀ အစီအစဉ်ကို ဝင်ငွေနည်းပါးသည့် ပြည်သူများနှင့် ပထမဆုံး စမ်းသပ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆရီသာက ပြောသည်။

ထိုင်းအမျိုးသမီး တစ်ဦး ဈေးရောင်းနေစဉ်

ဆရီသာ၏ အစိုးရအဖွဲ့သစ်သည် စွမ်းအင်ဈေးနှုန်းများ လျှော့ချသွားမည့် အစီအစဉ်ကို ယခင်ကတည်းက ကြေညာခဲ့ပြီး စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း လျှော့ဈေးများရရှိရန် လျှောက်ထားနိုင်သည်ဟု ပြောကြား ခဲ့သည်။

လျှပ်စစ်ဓာတ်အားခအတွက် တစ်ယူနစ်ကို ၄ ဒသမ ၂၅ ဘတ် အထိ လျှော့ချပေးရန် စက်ရုံများက တောင်းဆိုထား ပြီး ထိုနှုန်းထားအထိ လျှော့ချပေးမည် ဟုတ်/မဟုတ်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဆရီသာက ပြောသည်။

လက်ရှိ ထိုင်းတွင် လျှပ်စစ်ဓာတ်အားခများသည် တစ်ယူနစ်လျှင် ၄ ဒသမ ၇၀ ဘတ်ဖြစ်ပြီး လျှော့ဈေးပေးသည့် နှုန်းထားသည် တစ်ယူနစ်လျှင် ၄ ဒသမ ၄၅ ဘတ်ထက် မများသင့်ကြောင်းလည်း ၎င်းက ဆိုသည်။

ထိုင်းပြည်သူ တစ်ဦးချင်းစီကို ဒစ်ဂျစ်တယ် ငွေကြေးအဖြစ် ဘတ် ၁၀၀၀၀ စီ ထောက်ပံ့မည့် မူဝါဒကို ကြေညာခဲ့ သည့် ဖြူးထိုင်းပါတီသည် ကာလတို စီးပွားရေးလှုံ့ဆော်မှုအတွက် အစိုးရ အေဂျင်စီများနှင့် ဆွေးနွေး ညှိနှိုင်းနေ သည်ဟုလည်း ထိုင်းဝန်ကြီးချုပ်သစ်က ပြောသည်။

ဘတ် ၁၀၀၀၀ စီ ထောက်ပံ့မည့် မူဝါဒကို လာမည့်နှစ် ပထမသုံးလပတ် ကာလထက် နောက်မကျစေဘဲ အကောင်အထည် ဖော်သွားဖွယ်ရှိသည်ဟု ဆရီသာက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်