CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄

ဆန်နှင့် ဆန်ကွဲကို ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရန်အတွက် မြန်မာ့ဆန် အပါအဝင် လယ်ယာထွက်ကုန်များကို ဝယ်ယူ နေသည့် ဖိလစ်ပိုင်ကုမ္ပဏီ ၈ ခုနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)တို့ တွေ့ဆုံခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ ကုန် သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံတကာ ကုန်သွယ်ရေး ကော်ပိုရေးရှင်းနှင့် MoU ရေးထိုးခဲ့ ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ဆန်ဈေးနှုန်းသည် နိုင်ငံတကာ ဆန်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်မားနေခြင်း ကြောင့် လတ်တလောတွင် ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့ရန် အဆင်မပြေ သေးကြောင်း၊ နိုင်ငံတကာ ဆန်ဈေးနှုန်းနှင့် မြန်မာ့ဆန်ဈေးနှုန်း ယှဉ်၍ ရောင်းနိုင်သည့် အချိန်မှသာ ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ဆန်ဆိုင်တစ်ခုကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ PITC ပေါ့ Philippines International Trade Cooperation အဲဒါနဲ့တော့ MoU တစ်ခု ထိုးခဲ့ ပါတယ်။ ဈေးကွက်ကတော့ ဈေးကွက်အသစ်တစ်ခု ထပ်ရတာပေါ့ ကျနော်တို့ ရောင်းနိုင်ရင်တော့။ တင်ပို့လို့ရတဲ့ အနေအထားတော့ ရှိပါတယ်။ ဟိုဘက်က Importer တွေနဲ့လည်း ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ အခု ဒီလက်ရှိ ပေါက်ဈေးနဲ့တော့ ရောင်းလို့မရဘူး။ အခုကတော့ ကျနော်တို့ဈေးတွေက ဗီယက်နမ်ဈေးတို့၊ ထိုင်းဈေးတို့ ထက် စာရင် ကျနော်တို့ ရောင်းတဲ့ဈေးတွေက မြင့်နေတော့ သူတို့အနေနဲ့လည်း မဝယ်နိုင်သေးဘူး။ ကျနော်တို့ ပြည်တွင်း ဈေးကလည်း နိုင်ငံတကာဈေးနဲ့ ပြန်ယှဉ်ရောင်းနိုင်တဲ့ အခြေအနေကျရင် ရောင်းလို့ရပါတယ် အဲဒီဘက် ကို” ဟု ပြောသည်။

မြန်မာနိုင်ငံသည် လက်ရှိ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဧပြီလနှင့် မေလတို့တွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ် လမ်း ကြောင်းများမှ ဆန်နှင့်ဆန်ကွဲ တန်ချိန်ပေါင်း ၁၁၀,၀၀၀ ကို တင်ပို့ထားနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ပသို့  ဆန်နှင့်ဆန်ကွဲ လက်ရှိ တင်ပို့နေသည့် တန်ချိန်ထက် ပိုမိုတင်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ အပါအဝင် လုပ်ငန်းရှင်၊ ကုန်သည်များ ပါဝင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံသို့ ဇွန်လ ၆ ရက်မှ ၉ ရက်နေ့အထိ သွားရောက်၍ ကုန်သွယ်မှုကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့် MoU ရေးထိုးနိုင်ခဲ့ခြင်းကြောင့် သွင်းအားစုစရိတ်များ မြင့်တက်နေချိန် ဈေးကွက်အသစ် ရရှိလာခြင်းကို ကြိုဆိုကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။ 

ဆန်သိုလှောင် ဂိုဒေါင်ကို တွေ့ရစဉ်

၎င်းက “သူတို့လည်းပဲ ဟိုမှာ MoU ထိုးပြီးတဲ့အတွက် သူတို့တင်ပို့ဖို့ ဒီမှာ ရှိနေပြီဆိုတော့ အန်ကယ်တို့ဆီကနေ သူတို့ မဖြစ်မနေ ဝယ်ကြမှာပဲလေ။ အဲဒီတော့ ဝယ်လိုအား များလာတဲ့အတွက် အန်ကယ်တို့ အတွက်တော့ အခု သွင်းအားစုတွေ ဈေးကြီးတွေ၊ လယ်ယာလုပ်သားခတွေ အစစအရာရာပေါ့ အားလုံး သွင်းအားစုတွေရော အကုန် လုံး ဈေးကြီးနေတဲ့အချိန်မှာ ဈေးမြင့်တက်လာတဲ့ အချိန်မှာ တစ်ဖက်ကလည်း ဈေးကွက်က ပွင့်လာတယ်ဆိုရင် ထုတ်လုပ်သူတွေအတွက် ပိုပြီးတော့ အဆင်ပြေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အန်ကယ်တို့က ထောက်ခံ တယ်၊ ကြိုဆိုပါတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဆန်ဈေးနှုန်းများ မြင့်မားနေခြင်းကြောင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့ရာ၌ အကျိုးအမြတ် ရရှိမှု မရှိဖြစ်နေကြောင်း၊ ထို့အတွက်ကြောင့် ကုန်သည် အများစုသည် ဆန်နှင့် ဆန်ကွဲ တင်ပို့ မှုများကို ရပ်နားထားကြောင်း၊ ယခင်ရှိထားပြီးသား အမှာစာများကိုသာ တင်ပို့နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များက ပြောသည်။

မြန်မာနိုင်ငံ ဆန်နှင့် ဆန်ကွဲများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းမှတဆင့် တရုတ်၊ မလေးရှား၊ စပိန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ နယ်သာလန်နှင့် ဘူလ်ဂေးရီးယားနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံကို တင်ပို့ လျက်ရှိကြောင်း သိရသည်။