CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄

မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် နိုင်ငံကူးလက်မှတ် ပြုလုပ်လုပ်ခြင်းနှင့် ပါမစ် သက်တမ်းကုန်ဆုံး၍ သက်တမ်းတိုး လုပ်ဆောင်ရာတွင် အချိန်ကာလ ကြန့်ကြာမှုများကြောင့် အခက်တွေ့နေကြရ ကြောင်း မလေးရှားတွင် နေထိုင်အလုပ်လုပ် ကိုင်လျက်ရှိသည့် မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မလေးရှားရှိ မြန်မာသံရုံး၌ နိုင်ငံကူးလက်မှတ်အသစ် သွားလျှောက်မည်ဆိုပါက ၇ လ၊ ၈ လခန့် အကြာမှ ထုတ်ပေးကြောင်း၊ ပါမစ် သက်တမ်း ကုန်ဆုံးတော့မည့်သူများ နိုင်ငံကူးလက်မှတ် သက်တမ်းသွားတိုးရာ တွင်လည်း ပါမစ်သက်တမ်းထက် ကျော်လွန်သည့် ရက်ချိန်းများ ပေးနေကြောင်း သိရသည်။

အဆိုပါ အခြေအနေများကြောင့် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် အခက်အခဲ ဖြစ်နေကြကြောင်း မလေးရှားတွင် မြန်မာလုပ်သားများအား ကူညီဆောင်ရွက်ပေးနေသူ မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုတွေ့ရစဉ်

၎င်းက “ပါမစ်ကလည်း ဒီတစ်ပတ်အတွင်း သေတော့မယ်ဆို သွားတိုးရင် အမှန်မှန်က ထုတ်ပေးသင့်တာပေါ့။ ဒါပေမယ့် သူတို့ ဘယ်လို အခက်အခဲကြောင့်လဲတော့ မသိဘူး။ ပါမစ်သက်တမ်းတိုးဖို့ မမီတော့ဘူး တစ်ပတ်ပဲ ပါမစ် သေတော့မယ်ဆိုတော့ နောက် ၂ လလောက် ပြန်ချိန်းတဲ့ ရက်ချိန်းမျိုးတွေ ပြန်ပေးနေတဲ့အတွက် အများစု က Special Pass ယူပြီးနေတဲ့ လူတွေအတွက်ကြတော့ ပိုက်ဆံပိုကုန်မယ်၊ နေထိုင်ခွင့်တော့ ရမယ်။ တချို့တွေ ကြတော့လည်း Overstay ဖြစ်ကုန်ကြတယ်။ ဒါကတော့ သံရုံးအနေအထားနဲ့ ကျနော်တို့ကတော့ မဝေဖန်ချင် ဘူး။ ထုတ်ပေးသင့်တယ်လို့တော့ ကျနော်တို့ထင်တယ်။ ဒီ Work Permit သမားတွေအတွက်။ အမှန်ကနေ ပြီး တော့ Overstay ဖြစ်တယ်ဆိုတော့ အရမ်းဒုက္ခရောက်တာပေါ့။ Overstay ဖြစ်သွားတယ်ဆိုပြီးတော့  ဒီ Work Permit ပြန်ရဖို့ကလည်း မလွယ်ဘူးလေ။ နည်းတဲ့ပိုက်ဆံ မဟုတ်ဘူး အောက်ထစ် ခြောက်ထောင်ကျော် ခုနှစ် ထောင်(ရင်းဂစ်ငွေ) ကုန်မှသာလျှင် ဒီ Work Permit ပြန်ရတာဆိုတော့ သိပ်အဆင်မပြေဘူးပေါ့ နေရထိုင်ရတာ။ ကျနော်တို့ တောင်းဆိုချင်တာကတော့ ကျနော်တို့နိုင်ငံသားတွေ ပါမစ်တွေ လုပ်ခွင့်ရဖို့အတွက် ဒီစာအုပ်တွေကို ပတ်စပို့စ် စာအုပ်တွေကို မြန်မြန်လေး ထုတ်ပေးစေချင်တယ်။ ဥပမာ အခုက ၂၅၀ ရင်းဂစ်နဲ့ ထုတ်ပေးနေရင် ရ တယ် ၁၀၀၀ ရင်းဂစ် တိုးလိုက်လည်း လုပ်မယ့် လူတွေချည်းပဲ။ ဈေးနှုန်းမြင့်ရင် မြင့်ပါစေ ပတ်စပို့စ်တွေကိုတော့ ကျနော်တို့ကို မြန်မြန်နဲ့ လွယ်လွယ်ကူကူလေး ထုတ်ပေးစေချင်တယ်ပေါ့” ဟု ပြောသည်။

မလေးရှားမှာ ဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်

ယခုကဲ့သို့ သံရုံးဘက်မှ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း ကြန့်ကြာခြင်းသည် လူအင်အား မလောက်ငှခြင်းထက် စာရွက်စာတမ်းကိစ္စများ၊ နိုင်ငံကူးလက်မှတ် မလုံလောက်မှုများကြောင့် မထုတ်ပေးနိုင်ခြင်း ဖြစ်သည်ဟု အကြောင်းပြန်လာကြောင်း သိရသည်။
ထိုသို့ ပါမစ်သက်တမ်းများ မကုန်ခင် နိုင်ငံကူးလက်မှတ်အား မရရှိပါက လက်ရှိတွင် အော်ပရာစီ အဖမ်းအဆီး များမှာ နေ့စဉ်ရှိနေသဖြင့် အဖမ်းခံရပါက မြန်မာနိုင်ငံသားများသာ ထိခိုက်မည်ဖြစ်ကြောင်း မလေးရှားရှိ စက်ရုံ တစ်ရုံတွင် အလုပ်လုပ်ကိုင်နေသူ ခွန်လှကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သက်တမ်းကုန်လို့ သုံးလို့မရရင် ဒီအချိန်မှာ အော်ပရာစီ(အဖမ်းအဆီး) ကလည်း ကြမ်းတယ်ဆိုတော့ နေ့တိုင်း လိုလိုဝင်ဖမ်းတယ်ဆိုတော့  ကိုယ်မိ ကိုယ်ခံပေါ့။ ဒီအချိန်မှာ စက်ရုံတိုင်းလိုလို Overstay သမားတွေ အကုန်လုံး ထုတ်ပစ်တယ်ဆိုတော့ အိုသမားတွေ အလုပ်ရှာရခက်တယ် ဒီအချိန်မှာ စက်ရုံတိုင်းလိုလိုပါပဲ။ သူတို့က ခေါ်တာ အများဆုံးက တခြားနိုင်ငံက ခေါ်တာဆိုတော့ ဒီအချိန်မှာ ကိုယ်တွေ မြန်မာ Overstay သမားတွေ အလုပ် တော်တော် ရှားတယ်။ အမှန်သမား တွေဆိုလည်း နှစ်ပြည့်သမားတွေဆို ဒီအချိန်မှာ OT တွေရှားနေတယ် ဆိုတော့ သူတို့က မလိုတဲ့ လူဆိုရင် အကုန်လုံး ပြန်ပို့တယ်။ ကျနော့် စက်ရုံဆိုရင် အဲဒီလိုပါပဲ။ ပို့ခံရတဲ့လူလည်း မနည်း တော့ဘူး။ OT လည်းမရှိ ပုံမှန် ၈ နာရီဆိုတော့ အဲဒီတစ်ခု ခက်ခဲတာပေါ့။ OT နည်းနည်း ပါးပါးရရင် ကိုယ်တွေ လည်း စားဖို့သောက်ဖို့ နည်းနည်းလောက် ကျန်မှာပေါ့။ အိမ်လည်းပို့လို့ရမှာ” ဟု ပြောသည်။

မလေးရှားမှာ ဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်

မလေးရှားနိုင်ငံတွင် ဒီဇင်ဘာလကုန်အထိ ရီကာလီဘရာစီပါမစ် RTK အား လျှောက်ခွင့် ပြုထားသော်လည်း ၎င်း ပါမစ်အား လျှောက်မည်ဆိုပါက နိုင်ငံကူးလက်မှတ်နှင့် အလုပ်ရှင်သူဌေး ရှိရမည် ဖြစ်သည်။

ထို့ကြောင့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အများစုကို ထိုပါမစ်အား လျှောက်ထား နိုင်ရန် အတွက် နိုင်ငံကူး လက်မှတ် စာအုပ်များနှင့် သက်တမ်းတိုးခြင်းများအား အမြန်ဆုံးရရှိအောင် မြန်မာသံရုံး အနေ ဖြင့် လုပ်ဆောင် ပေးနိုင်မည်ဆိုပါက မြန်မာနိုင်ငံသားများအတွက် အဆင်ပြေမည်ဖြစ်ကြောင်း မလေးရှားတွင် နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာများက တောင်းဆိုကြသည်။ 

မွှားမိုက်ကယ်က “စာအုပ်လုပ်တာကတော့ ဘာမှမခက်ခဲဘူး အဲဒီ မထုတ်ပေးတာလေး တစ်ခုပဲ။ Register ကာလ မှာ မှတ်ပုံတင် မူရင်းယူသွားရတယ်။ အိမ်ထောင်စု အရှေ့အနောက် မိတ္တူလေးနဲ့ Register လုပ်တယ်။ အဲဒါလေး မှန်ကန်တယ်ဆိုရင် ကျနော်တို့ တစ်ပတ်ဆို တစ်ပတ်၊ နှစ်ပတ်ဆို နှစ်ပတ်အတွင်းမှာ ပတ်စပို့စ်လေးကို ထုတ်ပေး စေချင်တာပေါ့။ အဆင်ပြေတာပေါ့ လူတိုင်းမှာ စာအုပ်ရှိရင်။ ဒီလောက် ငွေကြေးလေးနဲ့ လူတိုင်းက စာအုပ်သွား လုပ်မှာပေါ့။ စာအုပ်လေးက လွယ်လွယ်ကူကူလေးနဲ့ တစ်ရက်ပဲဖြစ်ဖြစ်၊ တစ်ပတ်ပဲဖြစ်ဖြစ် ရမယ်ဆိုရင် ကျနော် တို့ Register လေး လုပ်ထားရင် အဖမ်းအဆီးက ကင်းလွတ်တာပေါ့” ဟု ပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ အလုပ်အကိုင် ရှားပါးနေသော်လည်း ရရှိသည့် အလုပ်အကိုင်များအား မလုပ်ကိုင်ချင် ကြသဖြင့် ပို၍ အလုပ်အကိုင် ရှားပါးမှုနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

အထောက်အထားမဲ့များအား ဖမ်းဆီးမှုများသည်လည်း ယခင်ကာလများနှင့်မတူဘဲ ဖမ်းဆီးမှုပုံစံ ပြောင်းလဲကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး နေ့စဉ်နှင့်အမျှ အဖမ်းအဆီး များပြားလျက် ရှိသည့်အတွက် သတိထား နေထိုင်သင့် ကြောင်း မလေးရှားတွင် နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာများက အကြံပြုသည်။